အီရန်၏ "Vahdat" (ဝါးဒတ်) မှသည် "Mostebed" (မိုစတီးဘဒ်) သို့ (၆)
အီရန်၏ "Vahdat" (ဝါးဒတ်) မှသည် "Mostebed" (မိုစတီးဘဒ်) သို့ (၆)
အီရန် ဖွဲ့စည်းပုံအခြေခံဥပဒေတော်လှန်းရေး ဖြစ်ပွားခ့ဲတ့ဲ ၁၉၀၅ ခုနှစ်မှာ စဉ်ပြိုင်ဖြစ်နေ တ့ဲ တော်လှန်ရေးတစ်ခုက ၁၉၀၅ ခုနှစ် ရုရှားတော်လှန်ရေး (Russian Revolution of 1905) ပါပဲ။ ၁၉၀၅ ခုနှစ် ရုရှားတော်လှန်ရေးက ၁၉၀၅ ခုနှစ်၊ ဇန်နဝါရီလ ၂၂ ရက်၊ စိန့်ပီတာစဘတ်မြို့မှာ ငြိမ်းချမ်းစွာ ဆန္ဒပြနေတဲ့ လူအုပ်ကြီးကို ဇာဘုရင်ရဲ့ စစ်တပ်က ပစ်ခတ်ခဲ့တဲ့ "သွေးစွန်းသော တနင်္ဂနွေနေ့" (Bloody Sunday) ဖြစ်ရပ်ကနေ တော်လှန်ရေး စတင္ခ့ဲတာပါ။ အီရန် ရဲ့ ၁၉၀၅ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေတော်လှန်ရေးက ၁၉၀၅ ခုနှစ်၊ ဒီဇင်ဘာလ မှာ စတင်တာဖြစ်လို့ ရုရှားတော်လှန်းရေးက အီရန်တော်လှန်ရေးထက် ၁၁ လ လောက်စောပါတယ်။ ဒီတော်လှန်ရေးနှစ်ခုလုံးတူတာက အာရှ ရပ်ဝန်းနဲ့ ဥရောပတိုက်ရပ်ဝန်းထဲက ပဒေသရာဇ်စနစ်တွေကို ခြိမ်းခြောက်နိုင်ခဲ့တဲ့ ခေတ်သစ်နိုင်ငံရေး အလှည့်အပြောင်းတွေပဲ ဖြစ်ပါတယ်။
ရုရှားဟာ အီရန်အပေါ်မှာ ကြိုးကိုင်ချယ်လှဲမှုရှိလို့ အီရန်လူထုက ရုရှားကို အမြင်မကြည်ပါဘူး။ ဒါပေမယ့် ရုရှားရဲ့ နိုင်ငံရေးအတွေးအခေါ် အပြောင်းအလဲက အီရန်အပေါ်မှာ ရိုက်ခတ်ပါတယ်။ အီရန်ရဲ့ ပညာတတ်လူလတ်တန်းစားအလွှာရဲ့ နိုင်ငံရေးဟာ ရုရှား လက်ဝဲယိမ်းအုပ်စုတွေနဲ့ နီးကပ်မှုရှိပါတယ်။ အဲဒီကာလ ရုရှားမှာ ဖြစ်ပေါ်နေ တ့ဲ လူမှုစီးပွား ပြုပြင်ပြောင်းလဲရေး ဖြစ်စဉ်တွေဟာ အီရန်ပညာတတ် လူလတ်တန်းစား အလွှာကို သက်ရောက္မှုကြီးကြီးမားမားရှိပါတယ်။ ၁၉၀၅ ခုနှစ်ကာလ ရုရှားနိုင်ငံရဲ့ အခြေအနေကို ပြောရရင် "စက္မှုနိုင်ငံအဆင့်ကို အရှိန်အဟုန်နဲ့ ကူးပြောင်းနေတဲ့ ကာလ" လို့ ပြောလို့ရပါတယ်။ ဒါပေမဲ့ အနောက်ဥရောပနိုင်ငံတွေ (ဥပမာ- ဗြိတိန်၊ ဂျာမနီ) နဲ့ ယှဉ်ရင်တော့ အဘက်ဘက်က နောက်ကျနေသေးသလို၊ နိုင်ငံရဲ့ အခြေခံတည်ဆောက်ပုံကလည်း စိုက်ပျိုးရေး အပေါ်မှာပဲ အဓိက မှီခိုနေရဆဲပါ။ ၁၈၉၀ ပြည့်လွန်နှစ်တွေကစပြီး ဘဏ္ဍာရေးဝန်ကြီး ဆာရ်ဂီ ဝီတ် ( Sergei Witte ) ရဲ့ ဦးဆောင်မှုနဲ့ ရုရှားဟာစက္မှုတော်လှန်ရေးကို အကြီးအကျယ် ဖော်ဆောင်ခဲ့ပါတယ်။ ဒါကြောင့် စက္မှုလုပ်ငန်းက အရှိန်အဟုန်နဲ့ တိုးတက်လာပါတယ်။ ကမ္ဘာ့အရှည်ဆုံး ထရန် ဆိုက္ဘေးရီးယား မီးရထားလမ္း (Trans-Siberian Railway) ကို အဲဒီကာလမှာ ဖောက်လုပ်ခဲ့ပြီး ကုန်စည်ပို့ဆောင်ရေးကို မြှင့်တင်ခဲ့ပါတယ်။ ပြင်သစ်နဲ့ ဗြိတိန်နိုင်ငံတွေဆီက ချေးငွေတွေ၊ ရင်းနှီးမြှုပ်နှံမှုတွေနဲ့ သံမဏိ၊ ကျောက္မီးသွေးနဲ့ ရေနံလုပ်ငန်းတွေကို အကြီးအကျယ် တိုးချဲ့ခဲ့ပါတယ်။ စက္မှုလုပ်ငန်းတွေ တိုးတက်လာပေမဲ့ နိုင်ငံလူဦးရေရဲ့ ၈၀% မှ ၈၅% ခန့် ဟာ ကျေးလက်တောရွာတွေမှာ နေထိုင်ကြတဲ့ လယ်သမား (Peasants) တွေ ဖြစ်ပါတယ်။ ဒီလို စိုက်ပျိုးရေးအခြေခံ လူ့အဖွဲ့အစည်း က စက္မှုလုပ်ငန်းဖွံ့ဖြိုးဖို့အတွက်အဓိက အဟန့်အတား ဖြစ်နေပါတယ်။ စက္မှုထွန်းကားတဲ့ မြို့ကြီးတွေ (ဥပမာ- စိန့်ပီတာစဘတ်၊ မော်စကို) ဟာ ကျွန်းကလေးတွေလို သီးခြားစီ ဖြစ်နေပြီး ကျန်တဲ့ ဧရိယာအကျယ်ကြီးကတော့ ရှေးရိုးစွဲ စိုက်ပျိုးရေးစနစ်နဲ့ပဲ ကျန်ရစ်နေခဲ့တာပါ။
အဲဒီလို စက္မှုလုပ်ငန်းတွေ ရုတ်တရက် အရှိန်မြှင့်လုပ်ဆောင်ခဲ့တာကြောင့် ၁၉၀၅ ခုနှစ် ရုရှား တော်လှန်ရေးကို ဖြစ်စေ ခ့ဲပါတယ္။
၁၈၆၁ ခုနှစ်မှာ ရုရှားက ကျွန်စနစ် (Serfdom) ကို ဖျက်သိမ်းခဲ့ပေမဲ့ လယ်သမားတွေဟာ တကယ်တမ်း လွတ်လပ်မလာခဲ့ပါဘူး။ ပြည်သူတွေအပေါ် မြေယာခွဲဝေမှုကလည်း မျှတခြင်းမရှိခ့ဲပါဘူး။ လယ်သမားတွေဟာ မြေကွက်သေးသေးလေးတွေပဲ ရကြပြီး အဲဒီအတွက် အစိုးရကို နှစ်ရှည် (၄၉ နှစ်ကြာ) ပြန်ဆပ်ရမယ့် ရွေးနှုတ်ခ လျှော်ကြေးစနစ် (Redemption Payments) ကြောင့် အကြွေးတင်ခဲ့ကြပါတယ်။ ကျေးလက္မှာ လူဦးရေ အရမ်းတိုးလာတော့ ရှိတဲ့ မြေကွက်လေးတွေက မိသားစုအားလုံးကို မကျွေးနိုင်တော့ဘဲ ဆင်းရဲ ငတ်မွတ်ခေါင်းပါးမှုတွေ ကြုံလာရပါတယ်။
ဝန်ကြီး Sergei Witte ရဲ့ စက္မှုလုပ်ငန်း တိုးချဲ့မှုတွေကြောင့် မြို့ကြီးတွေမှာ စက်ရုံအသစ်တွေ အများကြီး ပေါ်လာပါတယ်။စက်ရုံပိုင်ရှင်တွေက လုပ်အားခ အနည်းငယ်ပေးရုံနဲ့ ခိုင်းလို့ရတဲ့ အလုပ်သမားတွေကို အမြောက်အမြား လိုအပ်လာပါတယ်။ကျေးလက္မှာ ငတ်နေတဲ့ လယ်သမားတွေအတွက်တော့ မြို့ပြက စက်ရုံအလုပ်ဟာ "ဝင်ငွေရနိုင်တဲ့ တစ်ခုတည်းသော မျှော်လင့်ချက်" ဖြစ်လာခဲ့ပါတယ်။ လယ်သမားတွေဟာ မြို့ပြကို ပြောင်းရွှေ့လာကြတဲ့အခါ မြို့တွေက ဒီလောက်လူအများကြီးကို လက်ခံဖို့ အဆင်သင့် မဖြစ်သေးပါဘူး။မြို့လူဦးရေဟာ ဆယ်စုနှစ် ၂ ခုအတွင်း ၂ ဆ၊ ၃ ဆ လောက် ထိုးတက်သွားပါတယ်။အစိုးရက လူနေအိမ်ခြေနဲ့ သန့်ရှင်းရေးစနစ်တွေကို ကြိုတင်မပြင်ဆင်ထားတော့ လူတွေဟာ စက်ရုံအနီးက ကျဉ်းမြောင်းတဲ့ အဆောင်တွေမှာ ပြည့်သိပ်ပြီး နေခဲ့ရပါတယ်။ အလုပ်သမားတွေဟာ လူနေမှုအဆင့်အတန်း နိမ့်ကျပြီး အလုပ်ချိန် ရှည်လျားလွန်းလှပါတယ်။ မြို့ပြတွေမှာ လူဦးရေ အရမ်းတိုးလာပြီး နောက်မှာ နဂိုမြို့ခံတွေနဲ့ ဝင်ရောက်လာသူတွေကြားမှာ ကျန်းမာရေးနဲ့ လူမှုရေး ပြဿနာတွေ ဖြစ်လာပါတယ်။
၁၉၀၅ ခုနှစ် ကာလမှာ ရုရှားတနိုင်ငံလုံး အတိုင်းအတာနဲ့ကြည့်ရင် "ကျေးလက်နိုင်ငံ" အဆင့်မှာပဲ ရှိသေးပေမဲ့၊ အဓိကမြို့ကြီးတွေမှာတော့ "လူဦးရေ အဆမတန် ထူထပ်တဲ့ စက္မှုဗဟိုချက်" တွေ ဖြစ်နေပါတယ်။ ဒီလို ကျေးလက်ကနေ မြို့ကို ပြောင်းလာတဲ့ အလုပ်သမားတွေဟာ သူတို့ခံစားရတဲ့ ဆင်းရဲဒုက္ခတွေကို စုပေါင်းပြီး အစိုးရကို တော်လှန်ဖို့ အင်အားစုကြီး ဖြစ်လာခဲ့တာပါ။
၁၉၀၅ ခုနှစ်မှာ ရုရှားဟာ "စက္မှုအင်အားကြီးနိုင်ငံ" စာရင်းထဲ ဝင်ဖို့ ကြိုးစားနေတဲ့ အဆင့် (Emerging Industrial Power) ပဲ ရှိပါသေးတယ်။ အဲဒီ စက္မှုဖွံ့ဖြိုးမှု အပြောင်းအလဲနဲ့ ခေတ်မမီတော့တဲ့ ပဒေသရာဇ် အုပ်ချုပ်ရေးစနစ်တို့ကြားက ပဋိပက္ခကပဲ ၁၉၀၅ တော်လှန်ရေးကို ဖြစ်ပေါ်စေခဲ့တာ ဖြစ်ပါတယ်။ အဲဒီလို အခြေအနေတွေက အီရန်က ပညာတတ်လူလတ်တန်းစား အလွှာအပေါ်မှာလည်း ရိုက်ခတ်ပါတော့။ ဘာကြောင့်ဆို အီရန် ပညာတတ်လူတန်းစားကလည်း အီရန်ရဲ့ ပဒေသရာဇ် အုပ်ချုပ်ရေးစနစ် ကို ပြဿနာလို့မြင်နေပြီး အဲဒီစနစ်ကြောင့်ပဲ အီရန်ဟာ ဖွံ့ဖြိုးတိုးတက္တ့ဲ လူ့အဖွဲ့အစည်းဘက်ကို မရောက်နိုင်တာလို့ ရှူမြင်ကြပါတယ်။ ဒီကြားထဲ ရုရှားရဲ့ ဖိနှိပ်သူအစိုးရ ဇာဘုရင်ဟာ ဂျပန်နဲ့ စစ်ဖြစ်နေပါတယ်။ ရုရှား-ဂျပန်စစ်ပွဲ (Russo-Japanese War) ဟာ ၁၉၀၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၈ ရက်နေ့ကနေ ၁၉၀၅ ခုနှစ်၊ စက်တင်ဘာလ ၅ ရက်နေ့အထိ ဖြစ်ပွားခဲ့တာပါ။ ဇာဘုရင်ကို ရုရှားသာမန်အလုပ်သမား၊ လယ်သမားလူထုကလည်း အမြင်မကြည်ပါဘူး။ နဂိုကပင် ကြပ်တည်းနေရတဲဲ့ကြားထဲ ဂျပန်နဲ့ စစ်ဖြစ်တော့ သာမန်လူထုဟာ အခွန်ပိုတိုးကောက်တာကို ခံရပါတယ်။ ဇာဘုရင်အစိုးရက ဂျပန်ကိုလည်း စစ်ရှုံးသွားတော့ ရုရှားသာမန်လူထုကလည်း ဇာဘုရင် အင်အားနည်းချိန်မှာ ပိုပြီး ဆန့်ကျင်လာတော့တယ်။ ဒီလိုပဲ ဇာဘုရင်ရဲ့ အရှုံးဟာ အီရန်အတွက်တော့ ဥရောပသားရုရှားကို အာရှသားဂျပန်က နိုင္လိုက္တ့ဲ ကိစ္စအဖြစ် ဇာတိမာန်စိတ်နိုးထစရာဖြစ်လာကာတော်လှန်ရေးအတွက် ပိုပြီး အားတက္စရာ ဖြစ်လာပါတော့တယ်။
ဒါက ရုရှားနိုင်ငံရေးအခြေအနေနဲ့ အီရန်နိုင်ငံရေး အခြေအနေကြားက လူမှုစီးပွားဘဝ အပြန်အလှန်အကျိုးသက်ရောက္မှုပါပဲ။ တကယ်တော့ အီရန်ရဲ့ ၁၉၀၅ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ တော်လှန်ရေးဟာ ၁၉၀၅ ခုနှစ် ရုရှားတော်လှန်ရေးထက် အနည်းငယ် နောက်ကျပေမယ့် အစ္စလမ်ကမ္ဘာမှာတော့ ပဒေသရာဇ်အာဏာကို ကန့္သတ္ဖို့ကြိုးစားတ့ဲ အစောဆုံးတော်လှန်ရေးလည်း ဖြစ်ပါတယ်။ ဒီတော်လှန်ရေးနှစ်ခုက တဖက္မှာ တူရကီအတွက် ၁၉၀၈ ခုနှစ် လူငယ်တာခ့် တော်လှန်ရေး (Young Turk Revolution) ကို ဖြစ်စေ ခ့ဲပါတယ္။
အစ္စလမ်ယဉ်ကျေးမှုနဲ့ သမိုင်းအစဉ်အလာ ထွန္းကားတ့ဲ အီရန်နဲ့ တူရကီမှာ ခေတ်ပြောင်းတော်လှန်ရေးတွေဟာ မရှေ့မနှောင်း ဖြစ်ပေါ်ခ့ဲပြီး ဘာကြောင့် တူရကီက ဖွံ့ဖြိုးတိုးတက်သွားကာ၊ အီရန်က ကျဉ်းထဲ ကြပ်ထဲက ရုန်းမထွက်နိုင်ရတာလဲ ဆိုတာကလည်း စိတ်ဝင်စားဖို့ကောင်းပါတယ်။
ဆက်ရန်
ကိုးကား
https://en.wikipedia.org/wiki/Russian_Revolution_of_1905
https://en.wikipedia.org/wiki/Persian_Constitutional_Revolution
Comments
Post a Comment