သီဟိုဠ် နှင့် ရာဂျာပတ်ဆာ ဒဏ်ရာ- ၂
သီဟိုဠ် နှင့် ရာဂျာပတ်ဆာ ဒဏ်ရာ- ၂
၂၀၂၂ ခုနှစ် သီဟိုဠ် စီးပွားရေးပြိုလဲကာ ဒေဝါလီခံရမှုမှာ ငွေကြေးဖောင်းပွမှု (Inflation) မှလာသော ရိုက်ခတ်မှုကြောင့် ဖြစ်သည်။ ထိုငွေကြေးဖောင်းပွမှု ဘာကြောင့် ဖြစ်လာရသနည်း ဆိုသော် ထိုအချိန်က လုပ်ပိုင်ခွင့်နှင့် အာဏာကို ယူထားသော ရာဂျာပတ်ဆာ (Rajapaksa) မိသားစု၏ ဆွေမျိုးကောင်းစားရေး အယူအဆ (Nepotism) ကြောင့် ဖြစ်သည်။
သီဟိုဠ်အား ဒေဝါလီခံရအောင် လုပ္ခ့ဲသော ရာဂျာပတ်ဆာ မိသားစု ဟူသည် မည်သူများဖြစ်ကြသနည်း။
ရာဂျာပတ်ဆာ မိသားစုဟူသည် သီဟိုဠ်နိုင်ငံရေးလောက၌ ခေသူများမဟုတ်ပေ။ သီဟိုဠ်နိုင်ငံရေးလောကတွင် ဆယ်စုနှစ်တစ်ခုကျော်ထိ ရွှေထီးဆောင္းခ့ဲသူများ ဖြစ္သည္။
ရာဂျာပတ်ဆာ မိသားစုအကြောင်းပြောရမည်ဆိုပါက တမီးလ်ကျား သူပုန် (LTTE) အကြောင်းကို မပြာ၍ မရပေ။ ရာဂျာပတ်ဆာ မိသားစု၏ သီဟိုဠ်နိုင်ငံရေးထဲ ရွှေရောင်လွမ်းမှုက ၂၀၀၅ ခုနှစ်တွင် စတင်လာသည်။ ထိုအချိန်က မဟင်ဒါ ရာဂျာပတ်ဆာ (Mahinda Rajapaksa) က သမ္မတဖြစ်လာသည်။ မဟင်ဒါ က ၂၀၁၅ခု နှစ် အထိ သမ္မတလုပ္ခ့ဲသည္။ မဟင်ဒါ သမ္မတ ဖြစ်နေချိန် သီဟိုဠ်ကို ဒေဝါလီခံရအောင် လက္စွမ္းပြခ့ဲသူ ဂိုတာဘာယ ရာဂျာပတ်ဆာ (Gatabaya Rajapaksa) မှာ ကာကွယ်ရေးဝန်ကြီး နေရာကို ယူထားသည်။
စစ်ပွဲသူရဲကောင်း" ပုံရိပ် (The War Hero Image)
၂၀၀၉ ခုနှစ်တွင် သီရိလင်္ကာအစိုးရက (၂၅) နှစ်ကျော်ကြာသက်တမ်းရှိနေသော LTTE (တမီးလ်ကျား) သူပုန်များကို အပြတ်အသတ် နှိမ်နင်းနိုင်ခဲ့သည်။ ထိုအချိန်က ကာကွယ်ရေးဝန်ကြီး ဂိုတာဘာယ အပေါ် သီဟိုဠ်၏ လူများစု ဆင်ဟာလာဗုဒ္ဓဘာသာဝင်များက နိုင်ငံ အပေါ် ကယ်တင်ခဲ့သော "သံမဏိလူသား" ၊ "သူရဲကောင်း" အဖြစ် သတ်မှတ်ကာ အရမ်းအားကိုးခဲ့ကြသည်။ အမှန်တကယ် ဂိုတာဘာယ အတွက် နိုင်ငံရေးစန်းပွင့်သွားချိန်က ၂၀၁၉ ဧပြီလ တွင် ဖြစ္သည်။ သီဟိုဠ်တွင် လူပေါင်း ၂၅၀ ကျော် သေဆုံးခဲ့သော အီစတာ တနင်္ဂနွေဗုံးခွဲ (Easter Sunday Bombings) က သီဟိုဠ်အတွက် အကြမ်းဖက်သမားများကို ပြင်းပြင်းထန်ထန် ကိုင်တွယ်မည့် ခေါင်းဆောင်တစ်ယောက်ကို လိုအပ်လာသည်။ ထိုအခါ ဂိုတာဘာယ မှလွဲ၍ အခြားသူမှာ ထိုနေရာနှင့် ထိုက်တန်မည်ဟု မမြင်သောအခါ သီဟိုဠ်လူထုက သူအား သမ္မတ နေရာ ပို့လိုက်ကြတော့သည်။ ၂၀၁၉ ခုနှစ် နိုဝင်ဘာ သမ္မတရွေးကောက်ပွဲတွင် ၅၂% ကျော်ဖြင့် ဂိုတာဘာယ အနိုင်ရခဲ့သည်။
Meritocratic Nepotism (အရည်အချင်းရှိသော ဆွေမျိုးများကိုအားပေးဝါဒ)
နိုင်ငံရေးတွင် အရေးပါသောနေရာကို တာဝန်ယူလာရသော ဘယ်သူမဆို သူယုံကြည်စိတ်ချသူများဖြင့် ရှေ့ဆက်ခရီးနှင်ချင်သော စိတ်ဆန္ဒက လူသားပီပီ ရှိကြသည်။ သို့သော် ပေါ်ပြူလစ်ဇင် (Populism) လူကြိုက်များဝါဒနောက် ဘာမှန်းမသိ ညာမှန်းမသိ လိုက်သွားတတ်သော လူ့ဘောင် (Bandwagoned Society) တစ်ခု၏ နိုင်ငံရေးတွင် တာဝန်ယူလာရသောအခါ လုပ်ပိုင်ခွင့်ရှိသူမှာ သူယုံကြည်စိတ်ချရမည့်သူကို ရှာဖွေရမှုများတွင္ အရည်အချင်းပိုင်း အတူတူ ဆိုပါက မိမိ၏ ဆွေမျိုးများ၊ နီးစပ်သူများကိုသာ ဟင်းဖတ်ပါတတ်ကြသည်မှာလည်း အထူးအဆန်းတော့ မဟုတ်ပေ။ လွတ်လပ်ပွင့်လင်းသော လူ့ဘောင် (Open Society) တစ်ခုတွင်တော့ Meritocratic Nepotism (အရည်အချင်းရှိသော ဆွေမျိုးအားပေးဝါဒ) မှာ ပွင့်လင်းမြင်သာခြင်း၊ တိုက်ရိုက်ဝေဖန်ထောက်ပြခြင်း၊ အတိုက်အခံ ယဉ်ကျေးမှု အားကောင်းခြင်း တို့ကြောင့် ရုပ်ထွက္သိပ်မပျက်ပေ။ သို့သော် လူကြိုက္များဝါဒနောက် ဘာမှန်းမသိ ညာမှန်းမသိ လိုက်သွားတတ်သော လူ့ဘောင် (Bandwagoned Society) တွင်တော့ Meritocratic Nepotism (အရည်အချင်းရှိသော ဆွေမျိုးအားပေးဝါဒ) သည်လည်း ဖောက်ပြန် လာဘ်စား အခွင့်အရေးယူရန် အခွင့်သာတတ်သည်ပင်။
ဤသည်က သီဟိုဠ်၏ အာဏာ မောင်းနှင်မှု (Steering) ၏ သရုပ်သကန် ဖြစ်သည်။ ထိုသရုပ်သကန်အောက်တွင် နိုင်ငံခြားမှ ရင်းနှီးမြုပ်နှံ့မှုများ ဝင်လာသော အခါ အိပ်ကပ်လည်းဖောင်းဖောင်း၊ ပါးလည်းဖောင်းဖောင်းဖြင့္ စားကောင်းသောက်ကောင်း အခြေအနေဘက်ကို ရောက်သွားသည်ကလည်း သိပ်မထူးဆန်းပေ။
"ချေးငွေဟူသည်လည်း ငွေထုတ်ဖြစ်သည်"
အခြားသူတစ်ဦးမှ မိမိအား ငွေချေးလိုက္သောအခါ ပစ္စုပ္ပန် အခြေအနေတွင် မည်သို့ပင်ဆိုဆို မိမိလက်ထဲ ငွေသား ရောက်လာသည်က အမှန်တရားတစ်ခုဖြစ်သည်။ ဂိုတာဘာယ သမ္မတဖြစ်လာချိန် အမေရိကန်နှင့် တရုတ်ကြား ပြိုင်ဆိုင်မှုကလည်း မြင့်နေချိန်ဖြစ်သည်။ သီဟိုဠ်သည် အိန္ဒိယ သမုဒ္ဒရာ၏ နိုင်ငံတကာ ရေကြောင်းလမ်းပေါ်တွင်တည်ရှိသည်။ ထိုပထဝီဝင်ဗျူဟာက တရုတ်၊ အိန္ဒိယ၊ အမေရိကန် တို့၏ အားပြိုင်မှုများကို လက်ယပ်ခေါ်နေသည်။
တရုတ်၊ အိန္ဒိယ၊ အမေရိကန်တို့၏ ရင်းနှီးမြုပ်နှံမှုများနှင့် ရာဂျာပတ်ဆာ အစိုးရ၏ လာဘ်ပေးလာဘ်ယူ မှုကို ချိန်ထိုးခြင်း
သီဟိုဠ်တွင် အိန္ဒိယနှင့် အမေရိကန်တို့၏ ရင်းနှီးမြုပ်နှံသည် အစိုးရချင်း ဆက်ဆံမှု (G2G) ပုံစံမျိုးမဟုတ်ဘဲ ပုဂ္ဂလိက ဂဏ္ဍကို အလေးထားခ့ဲသည္။ ဆိုလိုချင်သည်က သီဟိုဠ် လူထု၏ လက်သို့ အိန္ဒိယနှင့် အမေရိကန်က သီဟိုဠ်အစိုးရကို ကြားခံမထားဘဲ တိုက်ရိုက်ပေးသည့် သဘောဖြစ်သည်။ တရုတ်၏ ရင်းနှီးမြုပ်နှံမှုက အခြေခံအဆောက်အအုံပိုင်းကို ပစ်မှတ်ထားပြီး အစိုးရချင်း ဆက်ဆံမှု (G2G) ဘက်ကိုပိုရောက်သည်။ နှစ်ခုစလုံးတွင် ကောင်းခြင်း၊ ဆိုးခြင်းက ဒွန်တွဲနေသည်။ အိန္ဒိယနှင့် အမေရိကန်တို့၏ ရင်းနှီးမြုပ်နှံမှုများကို လူထုအပေါ် တိုက်ရိုက်ပေးခြင်းနှင့် ပုဂ္ဂလိက ဂဏ္ဍတွင်ရင်းနှီးမြုပ်နှံမှုများက သီဟိုဠ်အတွက် ရေရှည်တွင် လူလတ်တန်းစားများကို ပေါ်ထွက်လာစေပြီး လူမှုတည်ငြိမ်ရေးကို ရှေ့ရှူစေသည်။ လူထုလက်ထဲ တိုက်ရိုက်ပေးမှုက သီဟိုဠ်အာဏာပိုင်များ၏ လက်တွင်မထားသဖြင့် လာဘ်ပေးလာဘ်ယူ အဂတိမှုများက မဖြစ်လာတော့ပေ။ ဆိုးကျိုးက လူထု၏ ပကတိအနေအထားနှင့် ဒေသန္တရလိုအပ်ချက်အား နိုင်ငံခြားအစိုးရများက ပြည်တွင်းစီမံခန့်ခွဲသူများလောက္မသိနိုင်သဖြင့် အကူအညီမှာ ခုတ်ရာတခြား ရှရာတခြားဖြစ်တတ်သည်။ တရုတ်၏ ဗျူဟာက အစိုးရချင် ခြိတ်ဆက္မှု (G2G) ပုံစံဖြစ်၍ သီဟိုဠ်အာဏာပိုင်လက်တွင်းသို့ ငွေကိုထည့်ပေးလိုက်ရသည့် သဘောဖြစ်သည်။ ထိုအခါ သီဟိုဠ် အာဏာပိုင်များအတွက် လာဘ်ပေးလာဘ်ယူ အဂတိမှုများလုပ်ရန် အခွင့်အလမ်းဖြစ်လာသည်။ တရုတ်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုများ၏ ကောင်းကျိုးမှာ သီဟိုဠ်၏ အခြေခံအဆောက်အအုံများကို တိုးတက်စေခဲ့သည်။ ဆိုးကျိုးမှာ အဂတိတရားများနှင့် "အကြွေးထောင်ချောက်" (Debt Trap) ဖြစ်စေကာ သီဟိုဠ် ပြိုလဲခ့ဲရသည်။
ဤသို့ဆိုပါလျှင် သီဟိုဠ်၏ ဒေဝါလီခံရမှုမှာ တရုတ်၏ ရင်းနှီးမြုပ်နှံ့မှုများ၏ အကျိုးဆက် ဖြစ်သည်ဟု ပြောဆိုနေကြမှုကို အနည်းငယ် သဘောပေါက်လာနိုင်မည်ဖြစ်သည်။
သီဟိုဠ်၏ ရာဂျာပတ်ဆာ အာဏာရ အုပ်စုတွင် တရုတ်ရင်းနှီးမြုပ်နှံမှုများ၊ Bandwagoned ပတ်ဝန်းကျင်နှင့် ဆွေမျိုးကောင္းစားရေး (Nepotism) ဆုံသွားသောအခါ ကိုယ်ကျိုးစီးပွားကိုသာ ကြည့်မှုက ခေါင်းထောင်လာတော့သည်။
ရာဂျာပတ္ဆာအုပ်စုတွင္ မည်သို့မည်ပုံ အဂတိနှင့် ကိုယ်ကျိုးရှာမှုဖြစ်ထွန္းလာသနည်း။
အဓိက အချက္မှာ အာဏာရှိသူ ရာဂျာပတ်ဆာ အုပ်စု၏ အတ္တဗဟိုပြုမှု ကြောင့်ဖြစ်သည်။ အခြေခံ အဆောက်အအုံ တည်ဆောက်ရေးများကို ဆောင်ရွက်လာသောအခါ လူထု၏ အကျိုးရလဒ်အပေါ် ရှေ့ရှူမှုထက် မိမိတို့အပေါ် နိုင်ငံရေးထောက်ခံမှု၊ မိမိတို့ အကျိုးအမြတ်ရမှုဖြင့်သာ ချဉ်းကပ်လာ၍ ဖြစ်သည်။ ဥပမာ- ကျေးရွာလမ်းခင်းပေးရမည်၊ တံတားထိုးပေးရမည် ဆိုလျှင် လူဦးရေများသော ကျေးရွာဒေသများကို ဦးစားမပေး၊ လူဦးရေ နည်းချင်သလောက် နေပါစေ မိမိကိုထောက်ခံသော၊ မိမိ ဆွေမျိုးများကြီးစိုးသော၊ မိမိအတွက် နိုင်ငံရေး အကျိုးဖြစ်မည့် နေရာတွင်သာ တည်ဆောက်တော့သည်။ တည်ဆောက်သည့်အခါတွင်လည်း ကန်ထရိုက် တင်ဒါ လုပ်ပိုင်ခွင့်များအား မိမိတို့အုပ်စုကိုသာ ချပေးသည်။ အဓိက ထင်သာမြင်သာ အဖြစ်ဆုံးကိစ္စတစ်ခုမှာ မာတာလာ ရာဂျာပတ်ဆာ အပြည်ပြည်ဆိုင်ရာ လေဆိပ် (Mattala Rajapaksa International Airport) ဖြစ်သည်။ မိမိတို့ ဆွေမျိုးများရှိသော ကျေးရွာအနီးတွင် ထိုအပြည်ပြည်ဆိုင်ရာ လေဆိပ်ကို ဆောက်သည်။ ကိုယ့်ကို ထောက်ခံသည်ဖြစ်စေ မထောက်ခံသည် ဖြစ်စေ အချက်အခြာကျသော ပိုသင့်လျှော်သော နေရာ မျိုးတွင် ဆောက္မည်ကို မစဉ်းစား၊ ထိုသို့ဖြင့် လူသွား လူလာ မရှိသော "ကမ္ဘာ့အခြောက်သွေ့ဆုံး လေဆိပ်" ဟု အခေါ်ခံရတော့သည်။ ဤသို့ဖြင့် အဟောသုကံ ဖြစ်အောင် လုပ္သွားခ့ဲပြီး မိမိအိပ်ကပ်ထဲထည့်သွားခ့ဲသော စီမံကိန်းများ များစွာရှိလာသည်။
ရိုက်ခတ်မှုများ
အခြေခံအဆောက်အအုံတည်ဆောက်ရေး စီမံကိန်းများသည် တရုတ်ထံမှ ချေးငွေများဖြစ်သည်။ "ချေးငွေဟူသည်လည်း ငွေထုတ်ဖြစ်သည်၊ သို့သော် အချိန်ကျလာလျှင် အတိုးပါ ပြန်ပေးရမည့် အရာလည်း ဖြစ်သည်"။ အခြေခံအဆောက်အအုံ တည်ဆောက်ရေး စီမံကိန်းများတွင် ထိုအခြေခံအဆောက်အအုံမှ ပြန်လည်ငွေရှာရသော စီမံကိန်းများရှိသည်။ ပြန်လည်ငွေရှာ၍ မရဘဲ ငွေကုန်ပေးရမည့် စီမံကိန်းများလည်း ရှိသည်။ ဥပမာ လျှပ်စစ် သွယ်တန်းခြင်းသည် ဓာတ်အားသုံးစွဲမှုအတွက် လူထုထံမှ မီတာခကောက်ကာ ငွေပြန်ရှာ၍ ရသော စီမံကိန်းဖြစ်သည်။ စာသင်ကျောင်းတည်ဆောက်ရေးသည် ငွေပြန်ရှာ၍မရ။ ကျောင်းတက်သူများထံမှ ကျောင်းတက်ခ တောင်း၍မရ။ ထိုက့ဲသို့ သဘောဖြစ်သည်။
သီဟိုဠ်၏ ပြဿနာမှာ အခြေခံ အဆောက်အအုံ တည်ဆောက်ရေး များအား "အဖြူရောင် ဆင်ဖြူတော်" စီမံကိန်းများ (White Elephant Projects) အဖြစ် လုပ်ပစ်လိုက်ခြင်းဖြစ်သည်။ ဆင်ဖြူတော်ဟူသည် ဘာမှ အသုံးချ ခိုင်းစား၍မရ၊ အလှကြည့်ယုံ လူအထင်ကြီးယုံကလွဲ၍ ကိုယ်ကသာ ထိန်းသိမ်းစောင့်ရှောက်ခ အစာဖိုး ကုန်နေရသေးသည်။ အခြေခံအဆောက်အအုံ တည်ဆောက်ရေးတွင် ယေဘူယျအားဖြင့် အကျိုးသက်ရောက္မှု နှစ်ခုက ပေါ်လွင်ရသည်။ ထိုနှစ်ခုမှာ ထိုအခြေခံအဆောက်အအုံက ပေးသော ဝန်ဆောင်မှုကို ခံစားခွင့်ရှိခြင်းနှင့် ထိုအခြေခံအဆောက်အအုံ တည်ဆောက်ရေးမှ ကုန်ကျရင်းနှီးလိုက်သော ငွေသားများ လူထုထံသို့ စီးဆင်းသွားခြင်း ဆိုသည့် ရလဒ် နှစ်ခုဖြစ်သည်။
ချေးငွေဟူသည် ပြန်ဆပ်ရမည့် အရာဖြစ်သည်။ ချေးငွေဖြင့် အရင်းအနှီးပြုလျှင် ထိုအရင်းအနှီးပြုထားသော လုပ်ငန်းက ငွေပြန်ဝင်ဖို့လိုသည်။ သီဟိုဠ်၏ ရာဂျာပတ်ဆာ အုပ်စုက ထိုသို့မဟုတ် ချေးငွေကို အလွဲသုံးစားလုပ်သည်။ သူတို့အတွက် လူထုထောက်ခံနေလျှင် ရပြီ။ အကြွေးတင်ချင်သလောက်တင်၊ ထိုအကြွေးမှာ သူတို့တင်သော အကြွေးမဟုတ်၊ လူထုပေးရမည့် အကြွေးဖြစ်သည်၊ သူတို့မိသားစုအား လူထုထောက်ခံနေဖို့သာလိုသည်။ သို့ဖြစ်၍ ၂၀၁၉ ခုနှစ်တွင် လူကြိုက္များရန် အခွန်နှုန်းထားများကို အကြီးအကျယ် လျှော့ချကာ အခွန်လျော့ပေါ့ပေးမှု (Tax Cuts) ကို မှားယွင်းစွာ ကျင့်သုံးတော့သည်။ လူထုအတွက် ခက်သည်က အခြေခံအဆောက်အအုံများက ရှိလာသည်။ လိုအပ်သော နေရာတွင်ရှိနေခြင်းမဟုတ်၍ အသုံးက မဝင်၊ အသုံးမဝင်သော အဆောက်အအုံများအတွက် ငွေချေးထားသည္။။ ချေးထားသော ငွေက ရာဂျာပတ်ဆာ အုပ်စုအိပ်ကပ်ထဲ ရောက်ကုန်သည်။ လူထုထံသို့ မစီးဆင်း၊ မရောက်။ ဘာမှ လည်ပတ်မှုမရှိ။ ရာဂျာပတ်ဆာ အုပ်စု ၂၀၁၉ ခုနှစ်တွင် လုပ်လိုက်သော အခွန်လျော့ပေါ့ပေးမှု (Tax Cuts) က လူထု၏ စီးပွားရေးကို ပိုမိုလည်ပတ်ကာ ကုန်ထုတ်လုပ်မှုကို တိုးတက်သွားစေသလားဆိုပါက ထိုသို့မဟုတ်သည့် အပြင် အဆက်ပါ ပြတ်ကာ ပြိုလဲသည့်အထိ သက်ရောက်လာတော့သည်။ အခွန်လျော့လိုက်သဖြင့် အစိုးရတွင် ငွေပြတ်သွားသည်။ နိုင်ငံ အနေဖြင့်သာ ပြတ်ခြင်းဖြစ်ပြီး ရာဂျာပတ်ဆာ အုပ်စုအိပ်ကပ်ထဲတွင် နိုင်ငံခြားငွေများ ရှိနေသည္။ မိမိအိပ်ကပ်ထဲက ငွေများကို မထုတ်။ ရာဂျာပတ်ဆာ အုပ်စုလုပ်ပုံက ငွေကို ရိုက်ထုတ်တော့သည်။
ငွေကိုရိုက်ထုတ်သော္လည်း သီဟိုဠ်လူ့အဖွဲ့အစည်း၌ ကုန်ထုတ်လုပ်မှုက တိုးမလာ။ ကုန်ပစ္စည်း ထုတ်လုပ်မှုက နဂို အနေအထားသာဖြစ်နေသည်။ ဤသို့ဖြင့် ကုန်ပစ္စည်းက နည်း၍ ငွေသားက များလာသောအခါ ဘောဂဗေဒ သဘောအရ ကုန်စျေးနှုန်းတက်၍ ငွေကြေးဖောင်းပွမှု ဖြစ်လာတော့သည်။ ကုန်စျေးနှုန်းတက်၍ ငွေကြေးဖောင်းပွမှုက ငွေတန်ဖိုးကျဆင်းမှု လက္ခဏာဖြစ်သည်။ သီဟိုဠ်မှာ ဆေးဝါး၊ လောင်စာဆီနှင့် ချက်ပြုတ်ဂတ်စ်များကို နိုင်ငံခြားမှ တင်သွင်းရသည်။ ငွေတန်ဖိုးကျဆင်းသွားသော အခါ ဒေါ်လာစျေးကို လိုက်မမှီတော့ချေ။ ထိုအခါ ဒေါ်လာနှင့် ဝယ်ရသော ဆေးဝါး၊ လောင်စာဆီနှင့် ချက်ပြုတ်ဂတ်စ်များ ပြတ်တောက်ကုန်တော့သည်။ ဤသို့ဖြင့် လူထုအတွက် စားဝတ်နေရေးကြပ်တည်းလာတော့သည်။
ငွေကြေးဖောင်းပွမှု၊ ငွေတန်ဖိုးကျဆင်းမှုတို့က ဒေါ်လာစျေးကိုထိုးတက်လာစေတော့သည်။ ပြည်တွင်း ဒေါ်လာပြတ်တောက္မှုကို ကာကွယ်ရန် နိုင်ငံခြားမှ ဝယ်နေရသော ကုန်ပစ္စည်းများအချို့ကို မတင်သွင်းပဲ ထားလိုက်တော့သည်။ ထိုအခါမှ ပြည်တွင်းစျေးကွက်တွင် ကုန်ပစ္စည်းပြတ်ကာ ပို၍ ပြဿနာကြီးလာတော့သည်။ ထိုသို့ ကုန်စည်ပြတ်မှုကြောင့် အထိနာဆုံးက နိုင်ငံ၏ အခြေခံ စိုက်ပျိုးရေးလုပ်ငန်းကို သွားထိခိုက်တော့သည်။ အဘယ်ကြောင့်ဆိုသော် ရာဂျာပတ်ဆာ အုပ်စုက ဓာတ်မြေဩဇာကို ဒေါ်လာဖြင့်ပေးဝယ်နေရသည်။ နိုင်ငံခြားငွေ သုံးစွဲမှုကို လျှော့ရန် ဓာတ်မြေဩဇာကို မဝယ်ဘဲ ထားလိုက္မည်။ ဓာတ်မြေဩဇာနေရာတွင် ရိုးရာလက်လုပ် မြေဩဇာ ကိုသုံးမည် ဆိုသော (Organic Farming Policy) မူဝါဒကို ဆောင်ရွက်တော့သည်။ ပြဿနာက စိုက်ပျိုးမြေအားလုံးတွင် ပြည့်မှှီသော အော်ဂင်နစ် မြေဩဇာက မထွက်လာ။ ရာဂျာပတ်ဆာ အုပ်စုကလည်း ထုတ်လုပ်ပေးသည်မဟုတ်။ ၎င်းတို့လုပ်ပုံက စိုက်ပျိုးရေးလုပ်သူများ ကိုယ့်ဟာကိုယ် အော်ဂင်နစ်မြေဩဇာ လုပ်ပြီးသုံးကြ၊ ဒေါ်လာကို ခြွေတာရမည်ဟုသော အပြောသာရှိသည်။ မြေဩဇာမလောက်ငှတော့ စိုက်ပျိုးရေးထုတ်ကုန်များ လျော့နည်းသွားသော ရလဒ်က ရိုးရှင်းစွာထွက်လာသည်။ စိုက်ပျိုးရေးထုတ်ကုန်များလျော့နည်းမှုက အစားအသောက် ကုန်စျေးနှုန်းကို တက်စေသည်။ စျေးကွက်တွင် အစားအစာပြတ်တောက်ကုန်သည်။ ထိုအခါ ရာဂျာပတ်ဆာ အုပ်စုက ဓာတ်မြေဩဇာကို ပြန်လည်တင်သွင်းလာပြန်သည်။ တင်သွင်းပုံက မိမိ မိသားစုများကို မြေဩဇာနှင့် ကုန်ပစ္စည်းဝယ်ယူခွင့်ကိုပေးကာ လက်ဝါးကြီးအုပ်လျှက္ အဂတိလိုက်စားကာ တင္သွင္းခြင်းဖြစ်သည္။
ထိုသို့ အဂတိ လိုက္မှုများကို ရာဂျာပတ်ဆာ အုပ်စုက အကြောင်းပြပုံမှာ ကုန်စည်လည်ပတ်စေနိုင်ရန်အတွက် ကုန်သည်များကို ကျားကန်ပေးထားယုံသာ ဖြစ်ကြောင်း မျက်နှာလိုက်ခြင်းမရှိကြောင်း ဖြေရှင်းပြန်၏။ ၎င်းတို့ကျားကန်ပုံကလည်း ၎င်းတို့ဆွေမျိုး၊ နီးစပ်သူ စီပွားရေးသမားကြီးများကိုသာ ငွေလဲလှယ်ခွင့်၊ ကုန်စည်တင်သွင်းခွင့် ပေးသည်။ အခြားသူ ဝင်တိုးလို့မရ။ ရာဂျာပတ်ဆာ အုပ်စုပြောသည်က မှန်ပါ၏။ ၎င်းတို့နှင့် နီးကပ်သူ ဆွေမျိုး ကုန်သည် စီးပွားရေးသမားကြီးများကို မျှက်နှာလိုက်ခြင်းမရှိ၊ အထူးအခွင့်အရေးနှင့် အခွင့်ထူးခံအနေအထားသာ ပေးထားခြင်းသာ ဖြစ်လေပြီတကား။
ရာဂျာပတ်ဆာ အုပ်စု၏ အဂတိလိုက်စားမှုက တိုက်ရိုက်လာဘ်စားမှုမျိုးတင် မဟုတ်ဘဲ "မိသားစု အကျိုးစီးပွားအတွက် နိုင်ငံရေးအရ ဆုံးဖြတ်ချက်အမှားများ ချမှတ်ခြင်း" ပုံစံဖြင့် အင်စတီကျူးရှင်ဆန်ဆန် လုပ်ဆောင်ခဲ့ခြင်းမျိုးဖြစ်သည်။ နောက်တော့ လူထုက ကြပ်တည်းသထက်ကြပ်တည်းလာကာ သည်းမခံနိုင်တော့ပြီ။ ၂၀၂၂ ခုနှစ် ဆန္ဒပြပွဲများတွင် ပြည်သူများ ဟစ်ကြွေးခဲ့သော အဓိက ဆောင်ပုဒ်တစ်ခုမှာ "ခိုးယူထားသော ငွေတွေ ပြန်ပေးကြ" ဆိုသည့် အချက်ဖြစ်သည်။ ဤတွင် ရာဂျာပတ်ဆာ အုပ်စု၏ မာနကိုထိခိုက်တော့သည်။ ငါတို့ကား တမီလ်ကျားသူပုန်များလက်ထဲက နိုင်ငံကိုကယ်တင်ထားသူများ ဖြစ်ရာ ဤသို့စော်ကားမှုကို လက္မခံဟုဆိုကာ အကြမ်းနည်းကို သုံးတော့သည်။ ခက်သည်က အောက်ခြေလုံခြုံရေး၊ ကာကွယ်ရေးတပ်သားများလည်း ကြပ်တည်းနေကြပြီ။ ရာဂျာပတ်ဆာအုပ်စုပြောသည္ကို နားမထောင္လိုကြတော့။
၂၀၂၂ခု နှစ် မေ ၉ ရက် တွင် အကြမ်းဖက္မှုများ ဖြစ်ပွားပြီးနောက် ယခင်သမ္မတဟောင်း ဝန်ကြီးချုပ် မဟင်ဒါ ရာဂျာပက်ဆာ (Mahinda Rajapaksa) ရာထူးက နုတ္ ထွက္ ခ့ဲရတော့သည္။၂၀၂၂ခု နှစ် ဇူလိုင် ၉ ရက် တွင် ဆန္ဒပြသူ ထောင်ပေါင်းများစွာက သမ္မတအိမ်တော်ထဲကို စီးနင်းဝင်ရောက်ကြတော့သည်။
၂၀၂၂ခု နှစ် ဇူလိုင် ၁၃ရက် - ၁၄ရက် တွင် သမ္မတ ဂိုတာဘာယာ ရာဂျာပက်ဆာ နိုင်ငံကနေ ငွေထုတ်ပိုက်ကာ ထွက်ပြေးသွားပြီး သူ ရာထူးမှ နုတ်ထွက်ကြောင်း E mail တစ်စောင်ပို့လိုက်သည်ဟု ဆို၏။
ဤသို့ဖြင့် ရာဂျာပတ်ဆာ အုပ်စု သီဟိုဠ်နိုင်ငံရေးတွင် လောလောဆယ် ဇာတ်သိမ်း ခန်းရောက်သွားသည်။ ရာဂျာပတ်ဆာ အုပ်စုကား သီဟိုဠ်၏ "သူရဲကောင်း" အဖြစ် တက်လာခဲ့သည်။ ဆွေမျိုးကောင်းစားရေးနှင့် မူဝါဒအမှားများကြောင့် နိုင်ငံစီးပွားရေး ပျက္စီးသွားခ့ဲရသည္။ ပြည်သူ ဒေါသ တားမရ ဖြစ်လာသောအခါ စစ်လေယာဉ်ဖြင့် နိုင်ငံပြင်ပကို လစ်သွားကာ အီးမေးလ် တစ္ စောင္ထားရစ္ခ့ဲသည္။
ဤသည်ကား အာဏာအရှိန်အဝါ အကြီးဆုံး ခေါင်းဆောင်တစ်ယောက်အနေဖြင့် ပြည်သူ့အသံကို နားမထောင်ဘဲ မူဝါဒများ မှားယွင်း ပွင့္လင်းမြင်သာမှုကို ဂရုမစိုက္သောအခါ နိဂုံး မည်သို့ချုပ်တတ်သည်ကို ပြသနေသော မဝေးလှသည့် သမိုင်းဝင် သင်ခန်းစာ ဖြစ်သည်။
ရာဂျာပတ်ဆာ အုပ်စုကတော့ အကျိုးအမြတ်တွေကို အိပ်ထဲကောက်ထည့်ကာ လစ္ထွက္သွားခ့ဲသည္။ သီဟိုဠ်၌ ကား ရာဂျာပတ်ဆာ အုပ်စုပေးခ့ဲသော ဒဏ်ရာများ ဖြင့္ စုတ္ပြတ်သတ္လျှက် ကျန္ရစ္ခ့ဲသည်။
သီဟိုဠ်ကား ယခုအခါ နာလန်ပြန်ထူရန် ခါးသက်လွန်းလှသော ဆေးခါးများကို သောက်နေရသည်။ သီဟိုဠ် သောက်နေရသော ဆေးခါးများကို ထပ်မံဖော်ပြပါမည်။
ဆက်ရန်
Comments
Post a Comment