လက်နက်ကိုင်တပ်ဖွဲ့၏ တာဝန်နှင့် သစ္စာခံမှု- ၈

 လက်နက်ကိုင်တပ်ဖွဲ့၏ တာဝန်နှင့် သစ္စာခံမှု- ၈


လက်နက်ကိုင်တပ်ဖွဲ့တစ်ခု၏ဂုဏ်သိက္ခာ (HONOR) နှင့် ပုဂ္ဂိုလ်ရေးဆိုင်ရာ သတ္တိ (PERSONAL COURAGE)



 လက်နက်ကိုင်ရခြင်းသည် လူသားဂုဏ်သိက္ခာကို လေးစားမှုကြောင့် လက်နက်ကိုင်ခြင်းဖြစ်သည်။ လက်နက်ကိုင် တပ်ဖွဲ့တစ်ခု၏ အာဏာအား ပိုင်ဆိုင်သူမှာ ပြည်သူလူထုဖြစ်သည်။ စစ်ဘက်- အရပ်ဘက် ဆက်ဆံရေး၏ အဓိကအကျဆုံး အချက္မှာ အရပ်ဘက် ပြည်သူလူထု၏ အာဏာကို စစ်ဘက္မှ နာခံခြင်းဖြစ်သည်။ ဤအချက္များက လက်နက်ကိုင် တပ်ဖွဲ့တစ်ခုအတွက် အမြဲနှလုံးသွင်းနေရမည့် အချက္များ ဖြစ်စေသက့ဲသို့ စောင့်စည်းရမည့် ကျင့်ဝတ်တန်ဖိုးများလည်း ဖြစ်သည်။ 


လက်နက်ကိုင်တပ်ဖွဲ့တစ်ခု၏ ဂုဏ်သိက္ခာဟူသည် မိမိ၏ တပ်ဖွဲ့ဝင်များ၏ ကျင့်ဝတ်တန်ဖိုးများကို လိုက်နာမှုတွင် မူတည်နေသည်။ 


ဤနေရာတွင် တပ်ဖွဲ့ဝင်များဟူသည် အောက်ခြေအဆင့်တပ်ဖွဲ့ဝင်များကိုပင် ဆိုလိုခြင်းမဟုတ်ပေ။ ထိပ်ဆုံးအဆင့်မှ အဆင့်အသီးသီးသည်လည်း တပ်ဖွဲ့ဝင်များသာဖြစ်သည်။ လက်နက်ကိုင်တပ်ဖွဲ့တစ်ခုတွင် တပ်ဖွဲ့ဝင်တိုင်းသည် "စစ်သည်တော်ကျင့်ဝတ်တန်ဖိုးများ"ကို လိုက်နာစောင့်ထိန်းရန်လိုအပ်သည်။ 


တပ်ဖွဲ့ဝင်တစ်ယောက်အတွက် 

(က) တပ်ဖွဲ့အတွင်းတွင် ဖြစ်စေ၊ 

(ခ) မြေပြင် အခြေအနေတွင် ဖြစ်စေ၊ 

(ဂ) တိုက်ပွဲ အတွင်းတွင် ဖြစ် စေ 

ကျင့်ဝတ် တန်ဖိုးများနှင့် ပတ်သက်၍ စိန်ခေါ်မှုများကို အချိန်မရွေးရင်ဆိုင်နေရနိုင်သည်။ 


ထိုအခြေအနေများတွင် ရုပ်ပိုင်းဆိုင်ရာအရလည်းကောင်း၊ စိတ်ပိုင်းဆိုင်ရာအရလည်းကောင်း ကျင့်ဝတ်တန်ဖိုးများနှင့် ပတ်သက်၍ လွဲချော်သော အမိန့်များ၊ စေခိုင်းမှုများကို ကြုံတွေ့ရနိုင်သည်။ အမိန့်အာဏာ၏ နောက်တွင် မိမိအတွက် ကြောက်ရွံ့မှု၊ အန္တရာယ် သို့မဟုတ် အခက်အခဲများက ရှိနေနိုင်သည်။ 


ပုဂ္ဂိုလ်ရေးဆိုင်ရာ သတ္တိ (PERSONAL COURAGE)ဆိုသည်မှာ အခါခပ်သိမ်း ကြောက်ရွံ့စိတ် ကင်းမဲ့နေခြင်းကို ဆိုလိုသည်မဟုတ်ပေ။  ကြောက်ရွံ့စိတ်ရှိနေသည့် အနေအထားမှပင်လုပ်ဆောင်ရန် လိုအပ်သည်များကို လုပ်ဆောင်နိုင်စွမ်းရှိခြင်းကို ဆိုလိုသည်။ ထို အခြေအနေတွင် ရုပ်ပိုင်းဆိုင်ရာသတ္တိနှင့် စိတ်ပိုင်းဆိုင်ရာသတ္တိဟူ၍ နှစ်မျိုးရှိပြီး စစ်သည်ကောင်းများတွင် ထိုသတ္တိနှစ်မျိုးလုံး ရှိကြသည်။


ရုပ်ပိုင်းဆိုင်ရာသတ္တိ (Physical courage) ဆိုသည်မှာ ကိုယ်ခန္ဓာထိခိုက်နာကျင်မည်ကို ကြောက်ရွံ့သောစိတ်ကို အောင်နိုင်ပြီး မိမိ၏တာဝန်ကို ထမ်းဆောင်ခြင်းဖြစ်သည်။ ၎င်းသည် စစ်သည်တစ်ဦးအား ဒဏ်ရာရရှိခြင်း သို့မဟုတ် သေဆုံးခြင်းကို ကြောက်ရွံ့သော်လည်း တိုက်ပွဲအတွင်း စွန့်စားလုပ်ဆောင်နိုင်စေသည့် ရဲစွမ်းသတ္တိမျိုး ဖြစ်သည်။

ထိုအရာနှင့် ဆန့်ကျင်ဘက်ဖြစ်သော စိတ်ပိုင်းဆိုင်ရာသတ္တိ (Moral courage) ဆိုသည်မှာ ခြိမ်းခြောက္မှုများ ရှိနေသည့်တိုင်အောင် မိမိ၏ တန်ဖိုးထားမှုများ၊ မူဝါဒများနှင့် ယုံကြည်ချက္များအပေါ် ခိုင်ခိုင်မာမာ ရပ်တည်လိုသော စိတ်ဆန္ဒဖြစ်သည်။ ယင်းက စစ်သည်များအား အကျိုးဆက်သည် မည်သို့ပင်ဖြစ်စေကာမူ မိမိတို့မှန်ကန်သည်ဟု ယုံကြည်သည့်အရာအတွက် ရပ်တည်ပြောဆိုနိုင်စေသည်။

မိမိတို့၏ ဆုံးဖြတ်ချက်နှင့် လုပ်ရပ်များ မှားယွင်းသွားသည့်တိုင်အောင် ယင်းအတွက် တာဝန်ယူသူများသည် စိတ်ပိုင်းဆိုင်ရာသတ္တိကို ပြသရာရောက်သည်။ သတ္တိရှိသော စစ်သည်များသည် မိမိကိုယ်ကိုယ် ဝေဖန်ပိုင်းခြားသုံးသပ်ရန်၊ အကြံသစ်များကို စဉ်းစားရန်နှင့် ပြောင်းလဲရန်လိုအပ်သည်များကို ပြောင်းလဲရန် အမြဲအသင့်ရှိကြသည်။


ဂုဏ်သိက္ခာကင်းမဲ့သော ဘဝဟူသည် အဓိပ္ပါယ္မရှိပေ။ အရှက်တကွဲ အကျိုးနည်းဖြစ်ရခြင်းမှာ သေခြင်းတရားထက်ပင် ပို၍ဆိုးရွားလှသည်။ ဂုဏ်သိက္ခာဟူသည် စစ်တပ်အတွင်းရှိ စစ်သည်များ၏ စရိုက်လက္ခဏာနှင့် ကိုယ်ကျင့်တရားအတွက် "ကိုယ်ကျင့်တရားဆိုင်ရာ သံလိုက်အိမ်မြှောင်" တစ်ခုသဖွယ် လမ်းညွှန်ပေးနိုင်သည်။ 


လူအများစုက  ဂုဏ်သိက္ခာဟူသော စကားလုံးကို အဓိပ္ပာယ်ဖွင့်ဆိုရန် ခက်ခဲတတ်ကြသည်။ သို့သော် အမှားနှင့်အမှန်ကို ပြတ်ပြတ်သားသား ခွဲခြားသိမြင်သူများ၊ ပြောဆိုလုပ်ကိုင်သမျှ အပြစ်ပြောစရာမရှိအောင် နေထိုင်သူများအတွက္မူ ဂုဏ်သိက္ခာဆိုသည့်အရာကို  အလိုလိုသိရှိခံစားနိုင်ကြသည်။ ထို့ကြောင့် "ဂုဏ်သိက္ခာရှိသူ" ဟူသော အသုံးအနှုန်းသည် တစ်ဦးတစ်ယောက်တွင် အမှန်တကယ်ရှိနေသည့် စရိုက်လက္ခဏာများပေါ်လွင်နေခြင်းသာမက ထိုသို့ပေါ်လွင်နေခြင်းကြောင့် ၎င်းအား လူ့အသိုင်းအဝိုင်းက အသိအမှတ်ပြု လေးစားခြင်းကိုပါ ဆိုလိုခြင်းဖြစ်သည်။


ဂုဏ်သိက္ခာဟူသည် စစ်သည်တော်ကျင့်ဝတ်တန်ဖိုးအားလုံးကို တစ်ခုနှင့်တစ်ခု ခိုင်မြဲအောင် ပေါင်းစည်းပေးထားသောအရာဖြစ်သည်။ ထိုပြင် ဂုဏ်သိက္ခာ ဟူသောအရာတွင်လည်း သီးခြားဂုဏ်ဒြပ်ရှိသည်။ 


ဂုဏ်သိက္ခာရှိခြင်းဆိုသည်မှာ မည်သည့်အရာသည် အမှန်တရားဖြစ်သည်ကို  နားလည်ခြင်းနှင့် သက်သေပြနိုင်ခြင်းလည်း ဖြစ်သည်။ ထိုဂုဏ်သိက္ခာကြောင့်  မိမိ၏ဂုဏ်သတင်းအပေါ် လူ့အသိုင်းအဝိုင်း၏ အသိအမှတ်ပြုမှုကို ဂုဏ်ယူဝင့်ကြွားနိုင်ခြင်းလည်း ဖြစ်သည်။


ဆက်ရန်


ကိုးကား

https://www.jbsa.mil/News/News/Article/1838051/commentary-from-one-leader-to-another-the-army-values/


Comments