လက်နက်ကိုင်တပ်ဖွဲ့၏ တာဝန်နှင့် သစ္စာခံမှု- နိဂုံး

 လက်နက်ကိုင်တပ်ဖွဲ့၏ တာဝန်နှင့် သစ္စာခံမှု-  နိဂုံး


လက်နက်ကိုင်တပ်ဖွဲ့ဝင်များ၏ ကိုယ်ကျင့်တရား ဖြောင့်မတ်တည်ကြည်မှု (INTEGRITY) နှင့် ကိုယ်ကျိုးစွန့် အနစ်နာခံ၍ အလုပ်အကျွေးပြုခြင်း (SELFLESS SERVICE)


နိုင်ငံတော်၊ ပြည်သူလူထု၊ မိမိအဖွဲ့အစည်းနှင့်လက်အောက်ငယ်သားများ၏ သာယာဝပြောရေးကို မိမိအကျိုးထက် ဦးစားပေးရမည် ဖြစ်သည်။ ယနေ့ခေတ် နိုင်ငံတော်သည် မိမိအပေါ် နိုင်ငံ နှင့် ပြည်သူလူထုက မည်သို့ကျေးဇူးတင်ရှိရမည်ဟု တွေးတောနေသူများထက် နိုင်ငံတော်နှင့္ ပြည်သူလူထုအတွက် မည်သို့အလုပ်အကျွေးပြုရမည်ဟူသော စိတ်ဓာတ်ရှိသည့် အမျိုးသား၊ အမျိုးသမီးများကို လိုအပ်နေပါသည်။


လက်နက်ကိုင်တပ်ဖွဲ့ဝင်များသည် ဥပဒေကြောင်းအရရော ကိုယ်ကျင့်တရားအရပါ မှန်ကန်သောအရာကို လုပ်ဆောင်ရန် လိုအပ်သည်။  ပြည်သူလူထုက စစ်ဘက်ခေါင်းဆောင်များအား စစ်ပညာကျွမ်းကျင်ရုံသာမက ကိုယ်ကျင့်တရား ဖြောင့်မတ်တည်ကြည်သည့် တပ်ဖွဲ့ဝင် အမျိုးသား၊ အမျိုးသမီးများ အဖြစ်ပါ မြင်လိုသည်။ 


စစ်တပ်ကို "အလုပ်အကျွေးပြုခြင်း" (The Service) ဟု ခေါ်ဝေါ်ကြသည်ကို သင်ခဏခဏ ကြားဖူးပါလိမ့်မည်။ စစ်တပ်၏ အဖွဲ့ဝင်တစ်ဦးအနေဖြင့် သင်သည် နိုင်ငံတော်ကို အလုပ်အကျွေးပြုနေသူဖြစ်သည်။ ကိုယ်ကျိုးစွန့် အနစ်နာခံခြင်းဆိုသည်မှာ နိုင်ငံတော်၊ စစ်တပ်၊ မိမိအဖွဲ့အစည်းနှင့် လုပ်ဖော်ကိုင်ဖက္များအတွက် မှန်ကန်သောအရာကို လုပ်ဆောင်ခြင်းနှင့် ယင်းတာဝန်များကို မိမိ၏ ကိုယ်ပိုင်အကျိုးစီးပွားထက် အမြဲထိပ်တန်းတွင် ထားရှိခြင်းပင် ဖြစ်သည်။


မိမိအဖွဲ့အစည်း၊ နိုင်ငံတော်နှင့် ပြည်သူလူထု လိုအပ်ချက္များက  ပထမဦးစားပေး ဖ​ြစ်သည်။ သို့သော် ယင်းမှာ မိမိ၏ မိသားစု သို့မဟုတ် မိမိကိုယ်ကိုယ် လျစ်လျူရှုရမည်ဟု ဆိုလိုခြင်းမဟုတ်ပါ။ အမှန်စင်စစ် ထိုသို့လျစ်လျူရှုခြင်းသည် စစ်သည်တစ်ဦးကို အားနည်းစေပြီး စစ်တပ်အတွက် အကျိုးထက် အဆိုးကိုသာ ပိုမိုဖြစ်ထွန်းစေနိုင်သည်။ ကိုယ်ကျိုးစွန့် အနစ်နာခံခြင်းဆိုသည်မှာ မိမိကိုယ်ကိုယ် ယုံကြည်မှုရှိခြင်း၊ မိမိကိုယ်ကိုယ် တန်ဖိုးထားခြင်း၊ မိမိအတွက် ရုပ်ပိုင်း၊ စိတ်ပိုင်း ကျန်းမာသော ရည်မှန်းချက်ရှိခြင်းတို့ကို မရှိရဟု တားမြစ်ထားခြင်း မဟုတ်ပါ။


ယင်းအစား ကိုယ်ကျိုးစွန့် အနစ်နာခံခြင်းဆိုသည်မှာ အခြားသူများကို ထိခိုက်စေမည့် သို့မဟုတ် တာဝန်ကို ပျက်ပြားစေမည့်၊ မိမိ၏ပုံရိပ်နှင့် ရာထူးတိုးတက်ရေးအတွက်သာ ဦးတည်သည့် ဆုံးဖြတ်ချက္များ သို့မဟုတ် လုပ်ရပ်များကို မလုပ်ဆောင်ခြင်းကို ဆိုလိုသည်။ အဖွဲ့အစည်းတစ်ခုအနေဖြင့် လုပ်ဆောင်ကြရမည်ဖြစ်ပြီး အဖွဲ့တစ်ခု အောင်မြင်ရန်အတွက် တစ်ဦးတစ်ယောက်ချင်းစီသည် အများကောင်းကျိုးအတွက် မိမိ၏ ကိုယ်ပိုင်အကျိုးစီးပွားကို စွန့်လွှတ်နိုင်ရမည် ဖြစ်သည်။


ကိုယ်ကျင့်တရား ဖြောင့်မတ်သူများအတွက် အခြေအနေတစ်ခု၊ ပြဿနာ တစ်ခုကို ယာယီဖြေရှင်းနိုင်ရုံမျှဖြင့် မလုပ်ဆောင်ကြပေ။ အခြေခံမူဝါဒများအပေါ် အစဉ်တစိုက် အခြေခံ၍ လုပ်ဆောင်ကြသည်။ ထိုသို့သော တပ်ဖွဲ့ဝင်များသည် မိမိတို့၏ မူဝါဒ၊ စံတန်ဖိုးများကို ရှင်းလင်းစွာ ဖော်ပြလေ့ရှိသည်။ ထိုဖော်ပြထားသော မူဝါဒများနှင့်အညီ အမြဲမပြတ် ကျင့်ကြံနေထိုင်ကြသည်။


လက်နက်ကိုင်တပ်ဖွဲ့တစ်ခုသည်  မြင့်မားသော ကိုယ်ကျင့်တရား စံနှုန်းများရှိသော၊  ပြောဆိုလုပ်ကိုင်သမျှတွင် ရိုးသားဖြောင့်မတ်သော ခေါင်းဆောင်များကို လိုအပ်သည်။ ရိုးသားခြင်းဆိုသည်မှာ မည်သို့သော ဖိအားများရှိနေပါစေ အချိန်တိုင်း သစ္စာရှိပြီး ဖြောင့်မတ်နေခြင်းကို ဆိုလိုသည်။ ကိုယ်ကျင့်တရား ဖြောင့်မတ်တည်ကြည်ခြင်းဆိုသည်မှာ ကိုယ်ကျင့်သိက္ခာ ပြည့်စုံမှုရှိခြင်းနှင့် မိမိကိုယ်ကိုယ် သစ္စာရှိခြင်းပင် ဖြစ်သည်။


တပ်ဖွဲ့ဝင် တစ်ဦးအနေဖြင့် စစ်သည်တော်ကျင့်ဝတ်တန်ဖိုးများကို အစဉ်တစိုက် စောင့်ထိန်းနေထိုင်ခြင်းဖြင့် မိမိကိုယ်ကိုယ် ရိုးသားမှုရှိနိုင်သကဲ့သို့၊ မိမိ၏ လုပ်ရပ်များနှင့် မိမိ၏ မူလသဘာဝကို အရှိကို အရှိအတိုင်း ဟန်ဆောင်မှုမရှိဘဲ ဖော်ပြခြင်းဖြင့် သူတစ်ပါးအပေါ် ရိုးသားမှုကို ပြသနိုင်သည်။


တပ်ဖွဲ့ဝင်များသည် ပြောသည့်အတိုင်း လုပ်ဆောင်သင့်ပြီး လုပ်ဆောင်သည့်အတိုင်းလည်း ပြောဆိုသင့်သည်။ 


အကယ်၍ တပ်ဖွဲ့ဝင်တစ်ယောက်သည် တာဝန်တစ်ခုကို မထမ်းဆောင်နိုင်ပါက အထက်အမိန့်ပေး စဉ်ဆက် (Chain of Command) ကို အသိပေးရမည်ဖြစ်သည်။


 မှားယွင်းသော သတင်းအချက်အလက်ကို မရည်ရွယ်ဘဲ လက်ဆင့်ကမ်းမိပါက မှားယွင်းကြောင်း သိရှိသည်နှင့်တစ်ပြိုင်နက် ချက်ချင်း ပြုပြင်ရန်လိုအပ်သည်။


ကိုယ်ကျင့်တရား ဖြောင့်မတ်သူတို့သည် အဆင်ပြေရုံသက်သက်ဖြစ်စေ၊ ရွေးချယ်စရာမရှိ၍ဖြစ်စေ မှန်ကန်မှုကို လုပ်ဆောင်ကြခြင်း မဟုတ်ပါ။ ၎င်းတို့၏ စရိုက်လက္ခဏာက မှားယွင်းမှုကို လက္မခံနိုင်သောကြောင့် မှန်ကန်သောလမ်းစဉ်ကိုသာ ရွေးချယ်ကြခြင်း ဖြစ်သည်။ ကိုယ်ကျင့်တရား ဖြောင့်မတ်တည်ကြည်စွာ နေထိုင်ခြင်းတွင် အပိုင်း ၃ ပိုင်း ပါဝင်သည် -

အမှားနှင့် အမှန်ကို ခွဲခြားသိမြင်မှု၊

မိမိအတွက် ထိခိုက်နစ်နာမှု ရှိနိုင်သည့်တိုင်အောင် မိမိမှန်သည်ဟု သိရှိထားသည့်အတိုင်း အမြဲမပြတ် ရပ်တည် လုပ်ဆောင်မှု၊

မိမိသည် အမှားအမှန် ခွဲခြားသိမြင်မှုအပေါ် အခြေခံ၍ လုပ်ဆောင်နေခြင်းဖြစ်ကြောင်း ပွင့်လင်းစွာ ပြောဆိုမှု တို့ဖြစ်သည်။


လက္နက္တပ်ဖွဲ့တစ်ခုတွင် တပ်ဖွဲ့ဝင်တိုင်းအတွက္ အင်စတီးကျူရှင်းအရပင် အဆိုပါ ကိုယ်ကျင့်တရား ဖြောင့်မတ်တည္ကြည်မှုအတွက် လမ်းဖွင့် ထားရန်လည်းလိုအပ္သည္။ 

အရပ်ဘက်- စစ်ဘက် ဆက်ဆံရေးနယ်ပါယ်တွင် စစ္ဘက်၏ ရပ်တည်ချက် သဘောထားအထိုင်တွင် အထက်ပါ စံတန်ဖိုးရပ်တည်ချက္များသည်ပါဝင်ရသည်။ စံချိန်မှှီ လက်နက်ကိုင် တပ်ဖွဲ့ တစ်ရပ်ဖြစ်ရန် အဆိုပါ ကျင့်ဝတ် စံတန်ဖိုးများကို အမြဲတန်း ထိတွေ့နှလုံးသွင်း နိုင်သော အခင်းအကျင်းများမှာ အမြဲလိုအပ်နေသည်။ 


လူ့ဘောင်တစ်ခု၌ အရပ်ဘက်- စစ်ဘက် ဆိုင်ရာ လူထုပဋိညာဉ် တရပ်မည်မျှ အားကောင်း၊ အားမကောင်းဆိုသည်မှာ ထို စစ်ဘက် ကျင့်ဝတ်ဆိုင်ရာ တန်ဖိုးများက လက်နက်ကိုင်တပ်ဖွဲ့များတွင် မည်မျှကျင့်သုံးသည်နှင့်လည်း သက်ဆိုင်နေမည် ဖြစ်သည်။


ပြီး။


အပိုင်း- ၁


https://burmese.bnanews.net/articles/16546/


အပိုင်း -၂


https://burmese.bnanews.net/news/16991/


အပိုင်း -၃ 


https://burmese.bnanews.net/articles/18026/


အပိုင်း -၄


https://burmese.bnanews.net/articles/18108/


အပိုင်း-၅


https://burmese.bnanews.net/articles/26402/


အပိုင်း -၆


https://burmese.bnanews.net/articles/26931/


အပိုင်း- ၇

https://burmese.bnanews.net/news/27984/


အပိုင်း- ၈



ကိုးကား


https://www.jbsa.mil/News/News/Article/1838051/commentary-from-one-leader-to-another-the-army-values/


Comments