အီရန်၏ "Vahdat" (ဝါးဒတ်) မှသည် "Mostebed" (မိုစတီးဘဒ်) သို့ (၂)
အီရန်၏ "Vahdat" (ဝါးဒတ်) မှသည် "Mostebed" (မိုစတီးဘဒ်) သို့ (၂)
အီရန်လူထုရဲ့ နိုင်ငံရေးအာသီသကို နားလည်နိုင်ဖို့ဆိုရင်တော့ အီရန်ရဲ့ လူမှုအဆောက်အအုံ ယဉ်ကျေးမှုကို နားလည်ဖို့လိုပါတယ်။
ဥပမာ- အီရန်မှာ ဘာကြောင့် ဘာသာရေးအလွှာက ဩဇာကြီးရတာလဲ။ ဘာသာရေးဩဇာကြီးတ့ဲ ယဉ်ကျေးမှုကို လက်္ခံထားတ့ဲ လူ့အဖွဲ့အစည်းတစ်ခုဟာ ဒီမိုကရက်တန်ဖိုးနဲ့ လွတ်လပ်မှုကို လိုချင္လာတ့ဲအခါ ဘယ်လိုခါးသီးစရာ အချိုးအကွေ့တွေကို ရင်ဆိုင်ရသလဲ စတ့ဲမေးခွန်းတွေကို နားလည်ဖို့ဆိုရင် အီရန် လူမှုအဆောက်အအုံရဲ့ သမိုင်းတွေကို နားလည်ဖို့လိုပါတယ်။ အနည်းဆုံးတော့ ၂၀ ရာစုအစပိုင်းကာလ အခြေအနေတွေကို တီးမိခေါက္မိဖို့ကလိုလာပါတယ်။ ဖော္ပြခ့ဲပြီးတ့ဲ ဆောင်းပါးအပိုင်း (၁) က နားလည်နိုင်ဖို့ အထောက်အကူဖြစ်ပါလိမ့်မယ်။
၁၈၉၀ ခုနှစ်မှာ ကာဂျာစ်ဘုရင်က ဗြိတိန်လူမျိုးတစ်ယောက်ကို ဆေးရွက်ကြီးလုပ်ပိုင်ခွင့်တွေကို ပေးလိုက္တဲ့အခါ ဆေးရွက်ကြီးလုပ်ငန်းကို မှီခိုနေရတ့ဲ သာမန်ပြည်သူတွေ ပိုပြီး ဆင်းရဲကြပ်တည်းကုန်ပါတယ်။ ၁၈၉၁ ခုနှစ်မှာ အီရန်ဘာသာရေးအဆောက်အအုံက ဆေးရွက်ကြီးကိစ္စနဲ့ ပတ်သက်ပြီး ဘုရင်နဲ့ ဗြိတိန်တို့ကို စတင္အာခံခ့ဲပါတယ်။ ဆေးရွက်ကြီးကို သုံးတာဟာ နောက်ဆုံး အီမန် (Hidden Imam) ကို ဆန့်ကျင်တာလို့ အီရန်ရဲ့ ဘာသာရေးခေါင်းဆောင်က ဆိုလာတ့ဲအခါ နဂိုကပင် ကာဂျာစ်ဘုရင်၊ ဗြိတိန်၊ရုရှားကို မကြေနပ်ချက်တွေ များနေ တ့ဲ အီရန်လူထုဟာ ဘာသာရေးအမိန့်ရဲ့ အကာအကွယ်ကိုယူပြီး စတင်အာခံပါတော့တယ်။ နောက်ဆုံး ဘုရင်ရဲ့ နန်းတွင်းအမျိုးသမီးတွေနေ တ့ဲ အဆောင် (Shah's harem) အထိဘာသာရေးအမိန့်က ရိုက်ခတ်သွားပါတယ်။
ဘာသာရေးထဲက နိုင်ငံရေးရည်ရွယ်ချက်
အမှန်က ဘာသာရေးခေါင်းဆောင်ရဲ့ ဆေးရွက်ကြီးကို တားမြစ်တ့ဲ ဖတ်သဝါ (Fatwa) အမိန့်က ကာဂျာစ်ဘုရင်နဲ့ ဗြိတိန်တို့ရဲ့ ဆေးရွက်ကြီးလုပ်ပိုင့်ခွင့်တွေကို ဂုတ်သွေးစုတ်အမြတ်ထုတ်နေတာကို မကြေနပ်လို့ အီရန်လူထုကို ဆေးရွက်ကြီး မထုတ်လှုပ်တ့ဲနည်းနဲ့ ဆန္ဒပြ သပိတ်မှောက် ခိုင်းလိုက်တာပါ။ ဒါပေမယ့် ရှိအိုက် (Shia) အစ္စလမ်ဘာသာရေး ယဉ်ကျေးမှု အမြစ်တွယ်နေ တ့ဲ သာမန် တောင်မသိ မြောက္မသိတ့ဲသူတွေ အဖို့တော့ ဘာသာရေးခေါင်းဆောင် ပြောရင် ယုံလိုက်တာပါပဲ။
ဝီလာယတ် အဲလ် ဖာကီ ("Wilayat al-Faqih" အယူအဆ)
ရှိအိုက် အစ္စလမ်မှာ ဝီလာယတ် အဲလ် ဖာကီ "Wilayat al-Faqih" အယူအဆ ဆိုတာရှိပါတယ်။ ဘာသာရေးခေါင်းဆောင် တွေ ကို မာရ်ဂျီ (marji) လို့ခေါ်ပါတယ်။ အဲဒီ မာရာဂျီ တွေကို ထည်ဝါခန့္ညားတ့ဲ ဂုဏ်ထူးဆောင်ဘွဲ့ အယာတိုလာ ( ayatollah) ဆိုပြီးပေးပါတယ်။ အဲဒီမာရ္ဂျီ တွေက မာဂျာ (သို့မဟုတ်) မာဂျာ အီ တာလဒ် (marja'-e taqlid) လို့ခေါ်တ့ဲ အကြီးအကဲတစ်ယောက်ကို ရွေးရပါတယ်။ မာဂျာ အီ တာလဒ် ဆိုတာ အယာတိုလာတွေထဲမှာ အကြီးအမြတ်ဆုံးသောသူ ဥသျှောင် အယာတိုလာ (Grand Ayatollah) ဆိုတ့ဲ အဓိပ္ပါယ္ပါ။ ရှီအိုက် အစ္စလမ် ကိုယုံကြည္တ့ဲ လူ့အဖွဲ့အစည်းတစ်ခုထဲမှာ အခြေခံ အာဏာတည်ဆောက္မှု ပြယုဂ်တစ်ခုရှိပါတယ်။ အဲဒီပြယုဂ်က တမန်တော်ရဲ့ အရိုက်အရာကို ဆက်ခံမယ့် စစ်မှန်တဲ့ခေါင်းဆောင် အီမန် (Imam) ပျောက်ကွယ်နေတဲ့အချိန်မှာ ထိပ်တန်းဥသျှောင်ဘာသာရေးပညာရှင် (Grand Ayatollah) ကသာ လူ့အဖွဲ့အစည်းနဲ့ နိုင်ငံကို ဦးဆောင်လမ်းပြပေးရမယ်လို့ ယုံကြည်ချက္ပါ။ အဲဒီအယူအဆကို ပါရှန်းစကားနဲ့ ဝီလာယတ် အဲလ် ဖာကီ ("Wilayat al-Faqih" ) အယူအဆ လို့ခေါ်ပါတယ်။ ဝီလာယတ် အဲလ် ဖာကီ ("Wilayat al-Faqih" ) ရဲ့ အဓိပ္ပါယ္ က တည်ကြည်ဖြောင့်မတ်သော သူတော်စင်၏ စောင့်ရှောက်လမ်းညွှန်မှု အောက်တွင် နေခြင်း (Guardian of the Jurist) ပါပဲ။
ဒီအယူအဆကြောင့်ပဲ ရှိအိုက် (Shia) အစ္စလာမ်ဘာသာမှာ ဘာသာရေးခေါင်းဆောင်တွေနဲ့ ကျောင်းတော်တွေဟာ နိုင်ငံရေးနဲ့ အလွန်နီးစပ်တဲ့ ဆက်နွယ်မှု ရှိလာပါတော့တယ်။ ဘာကြောင့်ဆို လူဆိုတ့ဲအမျိုး နေရင်းထိုင်ရင်း စားဝတ်နေရေးအပေါ်မှာ ပြဿနာတတ်ကြတ့ဲ အမျိုးပါ။ အပြန်အလှန်စကားများ ရန္ဖြစ်ကြတ့ဲအခါ အချင်းချင်း ညှိ့နှိုင်းမှုထက် ဘာသာရေးဆရာဆီမှာ အဆုံးအဖြတ်ခံဖို့ကိုပဲ အားသန်လာကြပါတယ်။ ဒါက ဘာသာရေးဆရာကို ပြဿနာတွေအပေါ် ဆုံးဖြတ်ချက် ချပိုင်ခွင့် ပေးလိုက်တာပါပဲ။ ဒီတော့ များပြားလွန္းတ့ဲ ပြဿနာပေါင်းသောင်းခြောက်ထောင်ဟာ ဘာသာရေးဆရာဆီကို ရောက်လာပါတယ်။ ပြဿနာသောင်းခြောက်ထောင်ကို ဖြေရှင်းဖို့အတွက်လည်း လုပ်ပိုင်ခွင့်အာဏာ သောင်းခြောက်ထောင်ကို ဘာသာရေးဆရာဆီပေးထားသလို ဖြစ်လာပါတယ်။ ဒီလိုနဲ့ ဘာသာရေးဆရာဟာ " ဘာသာရေးအဆုံးအမ တွေအောက်က ပြဿနာများကို ဖြေရှင်းပေးရသူ သို့မဟုတ် အချုပ်အခြာအာဏာကို ကျင့်သုံးခွင့် ရှိသူ" ဖြစ်လာပါတော့တယ်။ ဆွန်နီ (Sunni) အယူအဆနဲ့ ယှဉ်ရင် ရှီအိုက်စနစ်မှာ ဘာသာရေးပညာရှင်တွေရဲ့ ဩဇာဟာ နိုင်ငံရေးအထိ ပိုမိုသက်ရောက္မှုရှိပါတယ်။
ခွမ်းစ် (Khums) စနစ်
ရှီအိုက် လူ့အဖွဲ့အစည်းတစ်ခုမှာ ဘာသာရေးအဆောက်အအုံက အုပ်ချုပ်ရေးအာဏာကို ရဲရဲတင္းတင္းစိန်ခေါ်နိုင္တ့ဲ အချက်တွေထဲမှာ ဝီလာယတ် အဲလ် ဖာကီ ("Wilayat al-Faqih" အယူအဆ) လိုပဲ အရေးကြီးတ့ဲ အချက်တစ်ခုက ခွမ်းစ် (Khums) ဘာသာရေး ရံပုံငွေစနစ်ပါ။ ရှီအိုက်ဘာသာရေးကျောင်းတွေ (ဥပမာ- အီရန်က ကိုမ် ( Qom) နဲ့ အီရတ်က နာဂျဖ် ( Najaf) ကျောင်းတွေ ဟာ အစိုးရဆီက ထောက်ပံ့ကြေးကို မယူဘဲ ဘာသာဝင်တွေဆီကရတဲ့ "Khums" (ဝင်ငွေရဲ့ ၅ ပုံ ၁ ပုံကို လှူဒါန်းခြင်း) နဲ့ ရပ်တည်ပါတယ်။ ခွမ်းစ် စနစ်က ရှီအိုက် ဘာသာရေးကျောင်းများကို အုပ်ချုပ်သူအစိုးရရဲ့ ထောက်ပံမှုက လွတ်ကင်းပြီး အမှီအခိုမ့ဲတ့ဲ ဘဏ္ဍာရေးလွတ်လပ်မှုကို ဖြစ်စေပါတယ်။
ဒီ ခွမ်းစ် စနစ်ဟာ ကျမ်းမြတ်ကုရ်အာန်လာ အခြေခံမှု (The Quranic Origin) ဖြစ်ပါတယ်။ ကျမ်းမြတ်ကုရ်အာန် အခန်း (၈)၊ အာယသ်တော် (၄၁) (Surah Al-Anfal, 8:41) မှာ "စစ်သုံ့ပန်းပစ္စည်း ဂါနီမ (Ghanimah) တွေရဲ့ ၅ ပုံ ၁ ပုံဟာ အလ္လာဟ်အရှင်မြတ်၊ တမန်တော်မြတ်၊ တမန်တော်မြတ်၏ အနွယ်တော်များ၊ မိဘမဲ့များ၊ ဆင်းရဲသားများနှင့် ခရီးသွားများအတွက် ဖြစ်သည်" လို့ ဖော်ပြထားပါတယ်။ "ဘယ်အရာတွေအပေါ် ၅ ပုံ ၁ ပုံ ပေးရမလဲ" ဆိုတဲ့အချက္မှာတော့ ဆွန်နီနှင့် ရှီအိုက် အနက်ဖွင့်ဆိုချက် ကွာခြားသွားပါတယ်။
ဆွန်နီ (Sunni) တွေက ဂါနီမ "Ghanimah" ဆိုတာကို "စစ်ပွဲကရတဲ့ လက်ရပစ္စည်း" လို့ပဲ အဓိပ္ပာယ်ဖွင့်ပါတယ်။ ဒါကြောင့် စစ်ပွဲမရှိရင် ခွမ်းစ် ပေးစရာ မလိုဘူးလို့ ယူဆကြပါတယ်။
ရှီအိုက် (Shia)တွေက ဂါနီမ "Ghanimah" ဆိုတာကို စစ်ပွဲလက်ရပစ္စည်းတင်မကဘဲ "အမြတ်အစွန်း သို့မဟုတ် ပိုလျှံသောဝင်ငွေ" (Net Profit) အားလုံးကို ဆိုလိုတယ်လို့ အနက်ဖွင့်ပါတယ်။ ဒါကြောင့် စီးပွားရေးလုပ်လို့ရတဲ့ အမြတ်ထဲကနေ နေ့စဉ်သုံးစရိတ်တွေ နုတ်ပြီး ပိုလျှံတာမှန်သမျှရဲ့ ၂၀% ကို ပေးဆောင်ရတာ ဖြစ်ပါတယ်။
ဇကားသ် (Zakat) နဲ့ ခွမ်းစ် (Khums) ပုံစံ
မွတ်စလင်ဘာသာဝင်တွေအတွက် ဇကားသ် (Zakat) နဲ့ ခွမ်းစ် (Khums) ဟာ ဒါနပြုခြင်း (Almsgiving) ရဲ့ အဓိက တာဝန်နှစ်ရပ်ပါ။ ဒါပေမယ့် ဇကားသ် ပေးရပုံနဲ့ ခွမ်းစ် ပေးရပုံက မတူပါဘူး။ ရည်ရွယ်ချက်၊ ပမာဏနဲ့ ဘယ်သူတွေက ပေးဆောင်ရသလဲဆိုတဲ့ အချက်တွေမှာ အတော်လေး ကွာခြားပါတယ်။ ပမာဏ ွ(Percentage) အရ ဇကားသ် (Zakat)ဟာ ပုံမှန်အားဖြင့် ပိုလျှံသော ပိုင်ဆိုင်မှုရဲ့ ၂.၅% (၄၀ ပုံ ၁ ပုံ) ကို ပေးဆောင်ရတာပါ။ခွမ်းစ် (Khums)က တစ်နှစ်တာ ကုန်ကျစရိတ်တွေ နုတ်ပြီးနောက် ပိုလျှံတဲ့ အမြတ်အစွန်းရဲ့ ၂၀% (၅ ပုံ ၁ ပုံ) ကို ပေးဆောင်ရတာပါ။
ဇကားသ်ကို ဆွန်နီရော ရှီအိုက်ပါ အဓိကအားဖြင့် ရွှေ၊ ငွေ၊ ငွေကြေး၊ ကျွဲနွားတိရစ္ဆာန်နဲ့ စိုက်ပျိုးရေးထွက်ကုန် ၉ မျိုးအပေါ်မှာ အခြေခံပြီး တွက်ချက်ပါတယ်။ခွမ်းစ်ကို ရှီအိုက်အယူအဆအရ လစာ၊ စီးပွားရေးအမြတ်၊ ငှားရမ်းခ စတဲ့ ဝင်ငွေအားလုံး (Income) အပေါ်မှာ တွက်ချက်ပါတယ်။ (ဥပမာ- လူတစ်ယောက်မှာ တစ်နှစ်စာ သုံးပြီးလို့ ပိုနေတဲ့ ငွေအိတ်ရှိရင် အဲဒီထဲက ၂၀% ကို ခွမ်းစ် ပေးရမှာပါ)။
ဇကားသ်ကို မွတ်စလင် အားလုံး (ဆွန်နီရော ရှီအိုက်ပါ) ကျင့်သုံးရပါတယ်။ အစ္စလာမ်ရဲ့ မဏ္ဍိုင် ၅ ပါးထဲမှာ ဇကားသ်ဟာ တစ်ခုအပါအဝင် ဖြစ်ပါတယ်။ ခွမ်းစ် ကိုတော့ အဓိကအားဖြင့် ရှီအိုက် (Shia) ဘာသာဝင်တွေပဲ ကျင့်သုံးကြပါတယ်။ ဆွန်နီတွေကတော့ ခွမ်းစ်ကို စစ်ပွဲလက်ရပစ္စည်း ရတဲ့အခါမှပဲ ပေးဆောင်ရမယ်လို့ ယူဆပါတယ်။
ဇကားသ်ကို ဆင်းရဲသားများ၊ မိဘမဲ့များ၊ လမ်းသွားလမ်းလာများနဲ့ နွမ်းပါးသူ စတ့ဲ အမျိုးအစား ၈ မျိုးက သူတွေကို တိုက်ရိုက်ပေးဆောင်နိုင်ပါတယ်။
ခွမ်းစ်က ထိပ်တန်းဘာသာရေးခေါင်းဆောင် (Marja) တွေဆီ ပေးအပ်ရပါတယ်။ အဲဒီကမှတစ်ဆင့် တစ်ဝက်ကို ဘာသာရေးကျောင်းတွေအတွက်သုံးပြီး၊ ကျန်တစ်ဝက်ကို ဆင်းရဲနွမ်းပါးတဲ့ တမန်တော်မြတ်ရဲ့ အနွယ်တော် (Sayyids) တွေအတွက် ခွဲဝေပေးပါတယ်။
ဇကားသ်က ဆွန်နီရော ရှီအိုက်ပါ လူမှုရေးအရ ဆင်းရဲချမ်းသာ ကွာဟမှုကို လျှော့ချဖို့နဲ့ နွမ်းပါးသူတွေကို ကူညီဖို့ ရည်ရွယ်တာဖြစ်ပါတယ်။ ဒါပေမယ့် ရှှီအိုက်တွေက ခွမ်းစ်ကို ဘာသာရေးကျောင်းတော်တွေရဲ့ လွတ်လပ်မှုကို ထိန်းသိမ်းဖို့နဲ့ တမန်တော်မြတ်ရဲ့ မျိုးနွယ်စုကို ဂုဏ်သိက္ခာရှိရှိ ထောက်ပံ့ဖို့ ရည်ရွယ်ပါတယ်။
ရှီအိုက်တွေ ဒီစနစ်ကို တင်းတင်းကျပ်ကျပ် ကျင့်သုံးရတဲ့ အကြောင်းရင်းတွေထဲမှာ အစ္စလာမ်ဥပဒေအရ တမန်တော်မြတ်ရဲ့ မျိုးဆက် ဆေယဒ်စ် (Sayyids) တွေဟာ အခြားသူတွေဆီက ဇကားသ် (Zakat - ဆင်းရဲသားဒါန) ကို လက်ခံခွင့် မရှိပါဘူး။ ဒါကြောင့် ဆေယဒ်စ်တွေထဲက ဆင်းရဲနွမ်းပါးသူတွေကို ထောက်ပံ့ဖို့ ဒီ "ခွမ်းစ်" စနစ်ကို သုံးပါတယ်။ အမှန်က ရှီအိုက်တွေ ခွမ်းစ် စနစ်ကို ကျင့်သုံးတာက ဒီထက္မက လေးနက္တ့ဲ ရည်ရွယ်ချက်တွေက ပါပါတယ်။ ရှီအိုက်တွေဟာ သမိုင်းတစ်လျှောက်မှာ ဆွန်နီအုပ်ချုပ်သူတွေရဲ့ ဖိနှိပ်မှုကို ခံခဲ့ရပါတယ်။ ဒီလိုဖိနှိပ်မှုကြောင့် ရှီအိုက် လူ့အဖွဲ့အစည်းဟာ ရပ်တည်နိုင်ဖို့အတွက် ကိုယ့်ဖာသာကို ငွေရှာရပါတော့တယ်။ ဇကားသ် စနစ်လောက်နဲ့က မလုံလောက်တော့ပါဘူး။ အကောင်းဆုံးက ခွမ်းစ် စနစ်ပဲဖြစ်ပါတယ်။ ခွမ်းစ်စနစ်အရ ပေးတ့ဲ ငွေတွေကို ထိပ်တန်းဘာသာရေးခေါင်းဆောင် (Marja) တွေဆီ ပေးအပ်ရပါတယ်။ အဲဒီငွေနဲ့ ဘာသာရေးကျောင်းတွေ တည်ထောင်ခြင်း၊ ပညာတော်သင်ဆုပေးခြင်းနဲ့ လူမှုရေးလုပ်ငန်းတွေ လုပ္ဆောင္ခြင်းစတ့ဲ ဘာသာရေးနဲ့ လူမှုရေးလုပ်ငန်းကို လုပ်လာပါတယ်။ ဘာကြောင့် ရှီအိုက်ကျောင်းတွေ လူမှုရေးလုပ်ငန်းတွေ လုပ်သလဲ ဆိုရင် ဆွန်နီအုပ်ချုပ်သူတွေရဲ့ ဖိနှိပ်မှုကို အာခံပြီးရပ်တည်နိုင်ဖို့အတွက် စည်းရုံးရေးလုပ်တာပါပဲ။
ရှီအိုက်တွေက ခွမ်းစ်က ရတ့ဲငွေကို နှစ်ပိုင်း ခွဲလိုက်ပါတယ်။ တစ်စုက ရှမ် အဲလ် အီမန် (Sihm al-Imam) သို့မဟုတ် အီမန် အတွက် ဝေစု) ဖြစ်ပြီး ကျောင်းတော်တွေ တည်ဆောက်ဖို့နဲ့ ဘာသာရေး ပြန့်ပွားဖို့ သုံးပါတယ်။ နောက်တစ်စုက ရှမ် အဲလ် ဆာဒတ် (Sihm al-Sadat) သို့မဟုတ် အနွယ်တော်များအတွက် ဝေစု)ပါ။ အဲဒီ ဝေစုကိုပဲ ဆင်းရဲနွမ်းပါးတဲ့ တမန်တော်မြတ်ရဲ့ မျိုးဆက်တွေအတွက် သုံးပါတယ်။
ဒီစနစ်ကြောင့်ပဲ ရှီအိုက်ကျောင်းတော်တွေဟာ ကမ္ဘာပေါ်မှာ သြဇာအကြီးဆုံးနဲ့ ဘဏ္ဍာရေး အတောင့်တင်းဆုံး ဘာသာရေးအဖွဲ့အစည်းတွေ ဖြစ်လာခဲ့တာပါ။အစိုးရဆီက ဘဏ္ဍာငွေမယူဘဲ ကိုယ့်ဘာသာရပ်တည်နိုင်တဲ့ ဒီစနစ်ကြောင့် ဘာသာရေးကျောင်းတွေဟာ အစိုးရကို ကြောက်စရာမလိုဘဲ အမှန်တရားဘက်က ရပ်တည်နိုင်ခဲ့တာ ဖြစ်ပါတယ်။
ရှီအိုက်ဘာသာရေးကျောင်းတွေ (ဥပမာ- အီရန်က Qom နဲ့ အီရတ်က Najaf) ဟာ အစိုးရဆီက ထောက်ပံ့ကြေးကို မယူဘဲ ဘာသာဝင်တွေဆီကရတဲ့ ခွမ်းစ် "Khums" (ဝင်ငွေရဲ့ ၅ ပုံ ၁ ပုံကို လှူဒါန်းခြင်း) နဲ့ ရပ်တည်တာပါ။
ဘဏ္ဍာရေးအရ အစိုးရကို အားကိုးစရာမလိုတဲ့အတွက် သူတို့ဟာ အစိုးရရဲ့ လုပ်ရပ်တွေကို ဝေဖန်ဖို့ ဒါမှမဟုတ် နိုင်ငံရေးလှုပ်ရှားမှုတွေမှာ ပါဝင်ဖို့ ပိုပြီး ရဲတင်းကြပါတယ်။
ဒီအနေအထားမှာ မေးခွန်းတစ်ခုက ပေါ်လာပါတယ်။ ဘာကြောင့် ဆွန်နီအုပ်ချုပ်သူများဟာ ရှီအိုက်တွေရဲ့ ခွမ်းစ် စနစ်ကို မတားဆီးနိုင်ရတာလဲ ဆိုတ့ဲ အချက်ကိုပါ။ ရှီအိုက်တွေဟာ အုပ်ချုပ်သူများရဲ့ ဖိနှိပ်မှုက ဘယ်လိုရှောင်ထွက်ပြီး ခွမ်းစ် ငွေကြေးတွေကို စုဆောင္းခ့ဲတာလဲ။
ဒီလိုဖိနှိပ်မှုတွေက ရှောင်ထွက်ဖို့အတွက် အကာအကွယ်တစ်ခုက ကျမ်းမြတ်ကိုရမ် အခန်း (၈)၊ အာယသ်တော် (၄၁) (Surah Al-Anfal, 8:41) ပါပြဌာန်းချက်ပါပဲ။ ဒါကို ရှီအိုက်ဘာသာရေးကျောင်းတွေ လိမ္မာပါးနပ်စွာ သုံးသွားပါတယ်။ နောက်ပြီး ရှှီအိုက်တွေမှာ "ဝကီးလ်" (Wakil) ခေါ် ကိုယ်စားလှယ် ကွန်ရက်တွေရှိပါတယ်။ ၈ ပါးမြောက် အီမန်ကနေ ၁၂ ပါးမြောက် အီမန်အထိ ကာလတွေမှာ ဝီကာလတ် ("Vikalat") လို့ခေါ်တဲ့ ကိုယ်စားလှယ်စနစ်ကို တည်ထောင်ခဲ့ပါတယ်။ အီမန် (ခေါင်းဆောင်) ကနေ ဒေသအလိုက် ယုံကြည်ရတဲ့ ကိုယ်စားလှယ်တွေကို ခန့်အပ်ပါတယ်။ အဲဒီကိုယ်စားလှယ်တွေကမှတစ်ဆင့် ရပ်ကွက်အလိုက် ခေါင်းဆောင်တွေကို ထပ်ခွဲပါတယ်။လူအများက မိမိတို့ရဲ့ "ခွမ်းစ်" ငွေတွေကို ဒေသခံကိုယ်စားလှယ်ဆီ လျှို့ဝှက်အပ်နှံပါတယ်။ အဲဒီကိုယ်စားလှယ်ကမှတစ်ဆင့် ကုန်သည်တွေ၊ ခရီးသွားတွေအသွင်ဆောင်ပြီး ဗဟိုကျောင်းတော်တွေဆီကို အဆင့်ဆင့် ပို့ဆောင်ကြတာပါ။
"သကီယာ" (Taqiyya) - ဘေးကင်းရန် ဖုံးကွယ်ခြင်း မူဝါဒ
ရှီအိုက်အယူအဆမှာ သကီယာ (Taqiyya ) ဆိုတဲ့ ပါးနပ္တ့ဲ မူဝါဒတစ်ခုရှိပါတယ်။ ဒါကတော့ အသက်အန္တရာယ်ရှိလာရင် ဒါမှမဟုတ် ကြီးမားတဲ့ ဖိနှိပ်မှုကြုံရင် မိမိရဲ့ ရှီအိုက်ဘာသာဝင်ဖြစ်မှုကို ဖုံးကွယ်ထားခွင့် (သို့မဟုတ်) သာမန်အတိုင်း နေထိုင်ခွင့် ရှိခြင်းပါ။ အဲဒီလိုနေထိုင်ပြီး သူတို့ဟာ စီးပွားရေးလုပ်ငန်းရှင်တွေ၊ လယ်သမားတွေအဖြစ် သာမန်အတိုင်း နေထိုင်ကြပြီး အစိုးရကို ပေးဆောင်ရမယ့် အခွန်ကိုတော့ ပေးဆောင်ပါတယ်။ အစိုးရကို အခွန်ပေးပြီးနောက် ကျန်ရှိတဲ့ အမြတ်ကိုတော့ ဘာသာရေးဝတ္တရားအရ လျှို့ဝှက်စွာ ခွဲဝေလှူဒါန်းကြတာ ဖြစ်ပါတယ်။
ရှီအိုက်ကုန်သည်တွေဟာ အရှေ့အလယ်ပိုင်း တစ်ခွင်မှာ ကုန်သွယ်မှုလုပ်ရင်း ခွမ်းစ် ဘဏ္ဍာငွေတွေကို သယ်ဆောင်ပေးခဲ့ကြပါတယ်။ငွေသားအတိုင်း သယ်ရင် အစိုးရစစ်ဆေးရေးဂိတ်တွေမှာ မိသွားနိုင်တဲ့အတွက် "ကုန်ပစ္စည်း" အသွင်နဲ့ ပြောင်းလဲသယ်ဆောင်ပြီး သတ်မှတ်ထားတဲ့ မြို့တွေ (ဥပမာ- နာဂျဖ် ( Najaf) သို့မဟုတ် ကိုမ် ( Qom) ရောက္မှ ပြန်လည်ရောင်းချကာ ငွေအဖြစ် ကျောင်းတော်တွေကို လှူဒါန်းတဲ့ နည်းလမ်းကိုလည်း သုံးခဲ့ကြပါတယ်။
ဒီအလေ့အထက လူထုအခြေပြုဖြစ်လာတ့ဲအခါ ဖိနှိပ်သူတွေကလည်း မျက်စိလျမ်းပြီး မောပန်းလာပါတော့တယ်။ ငွေကြေးဟာ အဖွဲ့အစည်းတစ်ခုတည်းဆီမှာ စုပုံမနေဘဲ လူထုကြားမှာ ပျံ့နှံ့နေပြီးမှ လျှို့ဝှက်စီးဆင်းတာကြောင့် အမြစ်ပြတ်အောင် ချေမှုန်းဖို့ ခက်ခဲပါတယ်။ ဒီငွေကို ပေးဆောင်သူရော၊ သယ်ဆောင်ပေးသူပါ မိသွားရင် အသတ်ခံရနိုင်မှန်း သိလျက်နဲ့ ဘာသာရေးယုံကြည်ချက်ကြောင့် အသက်စွန့် လုပ်ကိုင်ကြတာပါ။
နောက်တစ်ခုက ရှီအိုက်တွေရဲ့ အားကောင္းတ့ဲ ဆက်သွယ်ရေးကွင်းဆက်စနစ်ပါ။ ဖိနှိပ်မှုတွေကြားမှာ ရှီအိုက် (Shia) အသိုင်းအဝိုင်းဟာ သူတို့ရဲ့ ဘဏ္ဍာရေးနဲ့ သတင်းအချက်အလက်တွေကို လျှို့ဝှက်စီးဆင်းစေဖို့ "စာပေးစာယူစနစ်" ကို အလွန်ပါးနပ်စွာ အသုံးပြုခဲ့ကြပါတယ်။ အစိုးရစစ်ဆေးရေးဂိတ်တွေကို ကျော်ဖြတ်ဖို့ အတွက် သူတို့ဟာ စာဝှက်စနစ်နှင့် သင်္ကေတများ (Codes and Ciphers) တွေကို သုံးပါတယ်။ တမန်တော်မြတ်ရဲ့ မျိုးဆက် (Imams) တွေနဲ့ သူတို့ရဲ့ ကိုယ်စားလှယ်တွေကြား ပေးစာတွေမှာ တိုက်ရိုက်စကားလုံးတွေကို ရှောင်ကြပါတယ်။ အီမန်ရဲ့ နာမည်ရင်းကို မသုံးဘဲ "အဖိုးကြီး"၊ "အရောင်းအဝယ်သမား" သို့မဟုတ် "ခရီးသည်" စတဲ့ အမည်ဝှက်တွေကို သုံးပါတယ်။ "ကုန်ပစ္စည်း ၅ ခု ပို့လိုက်ပြီ" ဆိုရင် "ခွမ်းစ်ငွေ (၅ ပုံ ၁ ပုံ) ပို့လိုက်ပြီ" လို့ အဓိပ္ပာယ်ရတာမျိုး၊ သို့မဟုတ် ဘာသာရေးဆိုင်ရာ အမေးအဖြေတွေကြားထဲမှာ ဘဏ္ဍာရေးကိစ္စတွေကို ညှပ်ပြီး ရေးသားတာမျိုး လုပ်ကြပါတယ်။
အထူးသဖြင့် ကုန်သည်များနှင့် ဘုရားဖူးများ (Merchant and Pilgrim Covers) တွေဟာ မက္ကာသို့ ဘုရားဖူးသွားကြတ့ဲအခါ ဝှက်စာတွေကို ဖိနပ်အောက်ခံ၊ အဝတ်အစားရဲ့ အထပ်ကြားတွေမှာ ချုပ်ပြီး သယ်ဆောင်ကြပါတယ်။အရေးကြီးတဲ့ သတင်းစကားတွေကို စာနဲ့မရေးဘဲ အလွတ်ကျက္မှတ်ပြီး သယ်ဆောင်သူ (Messenger) က တစ်ဆင့်ပြန်ပြောပြပါတယ်။ ဒီလိုလူမျိုးတွေကို "ယုံကြည်ရသူ" အဖြစ် အထူးရွေးချယ်ထားတာပါ။ ငွေစာရင်းတွေကို သာမန်ကုန်သွယ်မှုစာရင်းတွေကြားထဲမှာ ရောနှောရေးသားထားတဲ့အတွက် အစိုးရစစ်ဆေးသူတွေအနေနဲ့ ဘာသာရေးဘဏ္ဍာငွေမှန်း ခွဲခြားဖို့ ခက်ခဲပါတယ်။ နောက်ပြီး အဆင့်ဆင့် လက်ဆင့်ကမ်းခြင်း (Relay System) ကိုသုံးကြပါတယ်။သတင်းစကား သို့မဟုတ် ငွေကြေးကို လူတစ်ယောက်တည်းက အစဆုံး မသယ်ပါဘူး။ မြို့တစ်မြို့ကနေ နောက်တစ်မြို့ကို သယ်ပေးမယ့်သူတွေ အဆင့်ဆင့်ရှိပါတယ်။ အဲဒီလူတွေဟာ တစ်ယောက်နဲ့တစ်ယောက်လည်း အကုန်လုံး မသိကြပါဘူး။ ဒါကြောင့် တစ်ယောက္မိသွားရင်တောင် တစ်ကွန်ရက်လုံး ပေါက်ကြားမသွားအောင် ကာကွယ်ထားတာပါ။ "မုဟတ္ထစ်" (Muhaddith) ဆိုတ့ဲ ပုံပြင်ပြောသူတွေက တချို့သော သတင်းစကားတွေကို ဘာသာရေးပုံပြင်တွေ၊ ကဗျာတွေအနေနဲ့ ပြောင်းလဲပြီး လူအများကြားမှာ ရွတ်ဆိုပြပါတယ်။ ရှီအိုက်ဘာသာဝင်အချင်းချင်းကသာ ဒါဟာ ဘယ်လိုနိုင်ငံရေး သို့မဟုတ် ဘာသာရေး ညွှန်ကြားချက်လဲဆိုတာကို နားလည်ကြတာမျိုးပါ။
ဒီလို လျှို့ဝှက်တဲ့ ဆက်သွယ်ရေးနဲ့ ဘဏ္ဍာရေးစနစ်ကြောင့် ရှီအိုက်တွေအတွက် အကျဉ်းထောင်ထဲ ရောက်နေတဲ့ အီမန်တွေဆီကနေ လမ်းညွှန်ချက်တွေကို ရယူနိုင်ခဲ့ပါတယ်။အစိုးရရဲ့ သိမ်းပိုက်ခြင်း မခံရဘဲ ဘာသာရေးကျောင်းတွေကို ရာစုနှစ်ပေါင်းများစွာ ထိန်းသိမ်းနိုင်ခဲ့ပါတယ်။ဒီလိုနဲ့ပဲ လျှို့ဝှက်တဲ့ သမိုင်းကြောင်းတွေဟာ နောက်ပိုင်းမှာ ရှီအိုက်တို့ရဲ့ "ဘာသာရေးအရ စည်းလုံးမှု" ကို ပိုမိုခိုင်မာစေခဲ့ပါတယ်။
ဒါကြောင့်လည်း ရှီအိုက်ကျောင်းတော်တွေဟာ သမိုင်းတစ်လျှောက် အစိုးရအဆက်ဆက် ပြောင်းလဲသွားပေမဲ့ ဆက်သွယ်ရေးနဲ့ ဘဏ္ဍာရေးအရ မပြိုလဲဘဲ ဒီနေ့အထိ ခိုင်ခိုင်မာမာ ရပ်တည်နိုင်ခဲ့တာ ဖြစ်ပါတယ်။
ဆိုလိုချင်တာက ရှီအိုက္လူမှုအဆောက္အအုံဖြစ်တ့ဲ အီရန်လူ့အဖွဲ့အစည်းမှာ ဘာသာရေးအလွှာရဲ့ ဩဇာလွမ်းမိုးမှု ပကတိ အနေအထားနဲ့ သူတို့ရဲ့ အင်စတီကျူးရှင်း တည်ဆောက်ပုံကို ဖော်ပြလိုတာပါ။ ဒီတည်ဆောက်ပုံကိုနားလည်ရင် လွန္ခ့ဲတ့ဲ နှစ်ပေါင်း ၁၃၅ နှစ်အကြာ ၁၈၉၁ ခုနှစ်က ဘာသာရေးခေါင်းဆောင်ရဲ့ ကာဂျာစ်ဘုရင်နဲ့ ဗြိတိန်ကို အာခံတ့ဲ ဆေးရွက်ကြီးဆန့်ကျင့်ရေး ဘာသာရေးအမိန့်ဟာ ကာဂျာစ်ဘုရင်ရဲ့ နန်းတွင်းထဲက မိဖုရား၊ ကြင်ယာတော်၊ ကိုယ်လုပ်တော်တွေအထိ ရိုက်ခတ်ခ့ဲပြီး နန်းတွင်းက မိန်းမတွေဟာ ဘုရင်ကိုလည်းအာခံရဲတယ် ဆိုတ့ဲအချက္ဟာ အံဩစရာမဟုတ်သလို ယခုအချိန်ထိ အီရန်မှာ ဘာကြောင့် ဘာသာရေးခေါင်းဆောင်တွေ ဩဇာညောင်းသလဲဆိုတာကလည်း မထူးဆန်းတော့ပါဘူး။
ဘယ်လိုပဲပြောပြော အီရန်ဘာသာရေးအလွှာက စတင်အာခံလိုက္တ့ဲ၁၈၉၁ ခုနှစ် ဆေးရွက်ကြီးတော်လှန်ရေးက နောက်ပိုင်းမှာ ဆိုရှယ္ဒီမိုကရက္အုပ္စုတွေ ပါဝင်လာတ့ဲ ၁၉၀၅ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ တော်လှန်ရေးအတွက် ရှေ့ဆောင္လမ်းပြအင်အားကို ဖြစ်စေ ခ့ဲပါတယ္။
ဆက်ရန်
ကိုးကား
https://en.wikipedia.org/wiki/Shia%E2%80%93Sunni_relations#:~:text=The%20succession%20to%20Muhammad%20in,about%20their%20Sunni%E2%80%93Arab%20hegemony.
https://en.wikipedia.org/wiki/Shia_Islam
https://en.wikipedia.org/wiki/Sunni_Islam
https://en.wikipedia.org/wiki/Khums
Comments
Post a Comment