
 စစ်ရာဇဝတ်မှုနှင့် ULA/AA


ရခိုင်ပြည်အတွင်း ဖြစ်ပွားသော စစ်ရာဇဝတ်မှုများကို ULA/AA သည် တကိုယ်တည်းကိုင်တွယ်နိုင်ပါမည်လော။ မိမိ၏ အမြင်တွင်တော့ အားလုံးသော စစ်ရာဇဝတ်မှုများကို ULA/AA သည် တကိုယ်တည်းကိုင်တွယ်နိုင်မည်မထင်ပါ။ ULA/AA အဖွဲ့ဝင်များကိုယ်တိုင် ကျူးလွန်ခ့ဲသည့် ရာဇဝတ်မှုများကိုတော့ ULA/AA သည်ကိုင်တွယ်နိုင်ပါလိမ့်မည်။ သို့ရာတွင် ဥပဒေကြောင်းအရ အထူးသဖြင့် ULA/AA ၏ ထိမ်းချုပ်မှုနှင့် နယ်မြေ၏ အပြင်ဘက်တွင်ရှိနေသော မြန်မာ့စစ်တပ်၏ လက်နက်ကိုင်တပ်ဖွဲ့များမှ ကျူးလွန်ခ့ဲသော ဖြစ်ရပ်များနှင့် မူဆလင်အကြမ်းဖက်များ ကျူးလွန်ခ့ဲသော ဖြစ်ရပ်များကိုတော့ ULA/AA သည် နိုင်ငံတကာ အကူအညီ မပါဘဲ တစ်ကိုယ်တည်းကိုင်တွယ်နိုင်ရန်ကား ဖြစ်နိုင်ရန်မရှိပါ။ 


ရခိုင်ပြည်အတွင်း စစ်ရာဇဝတ်မှုများအား တားဆီးကာကွယ်ရန် ကိစ္စနှင့်ပတ်သက်၍ ULA/AA အပေါ် မိမိတို့အနေဖြင့် မျှော်လင့်ချက်ထားပါသည်။ ULA/AA ၏ စစ်ရာဇဝတ်မှုကို တားဆီးကာကွယ်မှုသည် ရခိုင်ပြည်ထဲရှိ ပြည်သူအတွက်သာမက တောင်အာရှနှင့် အရှေ့တောင်အာရှ ဒေသဆိုင်ရာပြည်သူများအတွက်ပါ အကျိုးရှိသည်။


အပြုသဘောဘက်မှ ချဉ်းကပ်ပါက ရခိုင်ဒေသအတွင်းရှိ မည်သူကိုမဆို စစ်ရာဇဝတ်မှုမှ ကာကွယ်ပေးရန် ULA/AA တွင်တာဝန်ရှိပါသည်။ အဘယ်ကြောင့်ဆိုသော ULA/AA သည် ရခိုင်ဒေသအတွင်းရှိ လူသားတိုင်းကို စစ်ရာဇဝတ်မှုမှ ကာကွယ်ရန် အခြေခံစိတ်နေစိတ်ထားရှိသော အဖွဲ့အစည်းဖြစ်သည်ဟု လူသိရှင်ကြား ထုတ်ဖေါ်ထားသော အဖွဲ့အစည်းဖြစ်နေသောကြောင့်ဖြစ်သည်။ 


ULA/AA သည် ထိုသို့ စိတ်နေစိတ်ထားရှိကြောင်းကို ၎င်းတို့တစ်ဦးတစ်ဖွဲ့ချင်း ထုတ်ဖေါ်ခ့ဲသလို ၎င်း၏မဟာမိတ်များနှင့် ပူးတြဲ၍ ထုတ်ဖေါ်ထားခ့ဲခြင်းများရှိထားခ့ဲသည်။ 


တဖွဲ့ချင်း ထုတ်ပြန်ချက်များ


"ULA/AA အနေဖြင့် မြန်မာ့တပ်မတော်၏ စစ်ရာဇဝတ်မှုကျူးလွန်သည့်မှတ်တမ်းများ၊ အထောက်အထား သက်သေခံပစ္စည်းများ နိုင်ငံတကာအဖွဲ့အစည်းများသို့ ပေးပို့သွားမည်ဖြစ်ကြောင်း၊ မိမိတို့အား စာနာနားလည်သော လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းများနှင့် လက်တွဲပြီး တရားမျှတမှုရရှိသည်အထိ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း" ကို (24-6-2019)ရက်နေ့ ULA/AA ကြေငြာချက်အမှတ် 14/2019 တွင်လည်းကောင်း၊


"ရက္ခိုင့်တပ်တော်Arakan Army သည် တော်လှန်ရေး လက်နက်ကိုင်အဖွဲ့အစည်းတစ်ရပ်ဖြစ်သော်လည်း စစ်ပွဲများအတွင်းလိုက်နာကျင့်သုံးရမည့် နိုင်ငံတကာစစ်ဥပဒေ၊ နိုင်ငံတကာစစ်သုံးပန်းဥပဒေ၊ ဂျီနီဗာသဘောတူညီချက်များကို အတိကျဆုံးနှင့် အတတ်နိုင်ဆုံးလိုက်နာဆောင်ရွက်လျက်ရှိကြောင်း၊ ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ်၊ ရက္ခိုင့်တပ်တော်သည် အကြမ်းဖက်ဝါဒကို ဆန့်ကျင်ကြောင်း၊ အကြမ်းဖက်နှိမ်နှင်းရေးကိစ္စရပ်များတွင် မည်သည့်နိုင်ငံ၊မည်သည့်အဖွဲ႔အစည်းနှင့်မဆို ပူးပေါင်းဆောင်ရွက်ရန်အသင့်ရှိကြောင်း၊ ထိုအတူ မည်သည့်အကြမ်းဖက်သမားမ်ားနှင့်မဆို မည်သည့်အချိန်တွင်မှ ပူးပေါင်းမည်မဟုတ်ကြောင်းကို ရဲဝံစြာ အသိေပေးလိုကြောင်း" (18-7-2019)ရက်နေ့ ULA/AA ကြေငြာချက်အမှတ် 17/2019 တွင်လည်းကောင်း၊


"လူထုအနေဖြင့် ထိခိုက်နစ်နာမှုများ၊ တရားမမျှတသည့် ကိစ္စများရှိပါက တိုင်ကြားနိုင်ရန် ယန္တယားများကို ULA/AA ဘက်မှ ထူထောင်ထားကြောင်း၊ တရားမမျှတသည့် ကိစ္စရပ်အပေါ် ဒေသနေလူထုအဖြေင့် ဖေါ်ထုတ်ပြောကြားရန် အခွင့်အရေးကို အလေးထားကြောင်း၊ စစ်ပွဲဖြစ်နေသော ကာလတွင်ပင် ULA/AA ဘက်မှ စစ်ဘက်သူလျိုများကို ဥပဒေနှင့်အညီ စစ်ဆေးဖေါ်ထုတ်နေကြောင်း၊ နိုင်ငံတကာလူ့အခွင့်အရေးဆိုင်ရာ ဥေပဒ၊ နိုင်ငံတကာလူသားချင်စာနထောက်ထားမှု ဥပဒေနှင့်  ဂျီနီဗာကွန်ဗင့်ရှင်း တို့သည် မိမိတို့၏ လိုက်နာသောစစ်ဘက် ဆိုင်ရာ ကျင့်ဝတ်များဖြစ်ကြောင်း"  Aljazeera သတင်းဌာန၏ (4-10-2024) ရက်နေ့ (like we are trapped minorities suffer amid conflict in myanmars rakhine) သတင်းဖေါ်ပြချက်တွင်လည်းကောင်း တွေ့ရှိရသည်။


မဟာမိတ်များနှင့် ပူးတွဲထုတ်ပြန်ချက်များ


စစ်ရာဇဝတ်မှုများအား ဖြေရှင်းရန် နိုင်ငံတကာ၏ အကူအညီကို ရယူရန်လိုအပ်ချက်ကိုလည်း ULA/AA သည် သဘောပေါက်ပုံရသည်။ ရခိုင်ပြည်အတွင်းဖြစ်ပွားခ့ဲသော စစ်ရာဇဝတ်မှုများနှင့် ပတ်သက်၍ နိုင်ငံတကာ ယန္တယားများနှင့် ပူးပေါင်းဆောင်ရွက်လိုသည့် စိတ်ဆန္ဒရှိကြောင်းကိုလည်း

"မြန်မာ့တပ်မတော်မှ ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ ဘင်္ဂလီလူမျိုးများအပေါ် ကျူးလွန်ခ့ဲသော လူမျိုးတုံးသတ်ဖြတ်မှုနှင့် စစ်ရာဇဝတ်မှုများကို ဂမ်ဘီယာနိုင်ငံမှ ICJ-အပြည်ပြည်ဆိုင်ရာတရားရုံး၌လည်းကောင်း၊ ဘင်္ဂလားဒေရှ်နိုင်ငံမှ ICC- နိုင်ငံတကာရာဇဝတ်မှု တရားရုံး၌လည်းကောင်း၊ International Jurisdiction နိုင်ငံတကာတရားစီရင်ပိုင်ခွင့်မူအရ အာဂျင်တီးနားနိုင်ငံတရားရုံး၌လည်းကောင်း အမှုဖွင့်တိုင်ကြားပြီး ကျူးလွန်ခ့ဲသော မြန်မာတပ်မတော်အား အရေးယူနိုင်ရန် စတင်ကြိုးပမ်းနေသည်ကို မိမိတို့ MNTJP/MNDAA၊ PSLF/TNLA၊ ULA/AA အနေဖြင့် အပြည့်အဝ ထောက်ခံကြောင်း၊ 

အပြည်ပြည်ဆိုင်ရာတရားရုံးတို့မှ အတိဒုက္ခရောက်နေရသော မြန်မာပြည်တိုင်းရင်းသား ပြည်သူလူထုများအတွက် သမာသမတ်ရှိစွာ ကျူးလွန်သူကို အပြစ်ပေးအရေးယူနိုင်လိမ့်မည်ဟု မိမိတို့မှ မျှော်လင့်ကြောင်း၊ ကိုးကန်၊ တအောင်း၊ရခိုင်ဒေသအတွင်း ဒေသခံတိုင်းရင်းသားပြည်သူများအား 2009 ခုနှစ်မှ 2019 ခုနှစ်ကာလအတွင်း ကျူးလွန်ခ့ဲသော မြန်မာစစ်တပ်၏ စစ်ရာဇဝတ်မှုများကို အပြစ်ပေးအရေးယူရန်ကြိုးပမ်းမည့်သူများ၊ အဖွဲ့ွဲ့အစည်းများအား မဟာမိတ်သုံးဖွဲ့ဖြစ်သည့် MNTJP/MNDAA၊ PSLF/TNLA၊ULA/AA တို့မှ ရရှိထားသောသတင်းအချက်အလက်နှင့်အတူ ပူးပေါင်းဆောင်ရွက်ရန်အသင့်ရှိကြောင်း စသဖြင့် (28-11-2019) ရက်နေ့ ညီနောင်မဟာမိတ်(3) ဖွဲ့၏ ကြေငြာချက်တွင် ဖေါ်ပြထားသည်။


ULA/AA အဖွဲ့ဝင်အချို့၏ စစ်ရာဇဝတ်မှုများကို တာဝန်ခံမှု


ULA/AA အဖွဲ့ဝင်အချို့၏ ကျင့်ဝတ် စည်းကမ်းချိုးဖောက်သော အပြုအမှုများကိုကြည့်၍ ULA/AA အနေဖြင့် စစ်ရာဇဝတ်မှုများကို စနစ္တက် အသုံးချကျူးလွန်နေသော အဖွဲ့အစည်းဟု တံဆိပ်ကပ်ခံရမည်ကို ခေါင်းဆောင်ပိုင်းမှ စိုးရိမ်ပုံရသည်။ ကမ်ဘာပေါ်ရှိ အခြားသော လက်နက်ကိုင်အဖွဲ့အစည်းများက့ဲသို့ပင် ULA/AA အဖွဲ့ဝင်အချို့၏  အသေးစားကျင့်ဝတ်ချိုးဖောက်မှုများရှိသည်ကိုတော့ ခေါင်းဆောင်ပိုင်းမှ ဝန်ခံသည်ကိုတွေ့ရသည်။


"အာဏာပိုင်တစ်ရပ်သည် ပြည်သူများကို အကာအကွယ်ပေးရမည် ဖြစ်ကြောင်း၊ ULA အနေဖြင့် ထိန်းချုပ်နယ်မြေအတွင်း အကာအကြယ္ကို လူမျိုးဘာသာမရွေး လူ့အသိုက်အဝန်းအားလုံးကို ပေးနေကြောင်း၊ အကယ်၍ ULA ဘက် မတရားဖိနှိပ်မှုတွေလုပ်နေလျှင် အထောက်အထားတွေနဲ့ မိမိတို့ကို ပေးဖို့လိုကြောင်း၊  အကယ်၍ ULA ဘက် မတရားပြုနေပါက ကျေးဇူးပြု၍ အချိန်မဆိုင်းဘဲ မိမိတို့ကို အကြောင်းကြားစေလိုကြောင်း"

"အာရကန်ပြည်အတွင်း မူဆလင်ဘာသာဝင်များကိုလည်းကောင်း၊ အခြားလူမှုအသိုင်းအဝန်းများကိုလည်းကောင်း ဆိုးဝါးပြင်းထန်သည့် ရာဇဝတ်မှု ကျူးလွန်မှုများ AA အနေဖြင့် ပြုလုပ်ခြင်းမရှိသည်မှာ သေချာကြောင်း၊ သို့ရာတွင် ကမ်ဘာကြီးရှိ အ်ခား ပရိုဖက်ရှင်နယ်လက်နက်ကိုင် တပ်ဖွဲ့များတွင်ပင်လျှင် အေသးစား ကျင့်ဝတ်ချိုးဖောက်စည်းကမ်းပျက်မှုများ ရှိကြောင်း၊ AA တွင်လည်း ထိုက့ဲသို့ အသေးစားကျင့်ဝတ် ချိုးဖောက်မှုများရှိကြောင်း၊ ရှိလာပါက ပြင်းပြင်းထန်ထန် အရေးယူကြောင်း၊ မိမိတို့အဖွဲ့ဝင်များ၏ ချိုးဖောက်မှုများကို အထောက်အထား ခိုင်ခိုင်လုံလုံဖြင့် ပေးပို့မှုကို လှိုက်လှဲစွာ ကြိုဆိုကြောင်း၊ ထိုက့ဲသို့ဖြစ်စဉ်များကို မိမိတို့ အဖွဲ့အစည်း၏ စည်းမျဉ်း ဥပဒေများနဲ့အညီ အရေးယူသွားမည်ဖြစ်ကြောင်း"

ဗိုလ်ချုပ်ထွန်းမြတ်နိုင်၏ အင်တာဗျူး၊ 6-9-2024 ရက်နေ့ The Diplomat ၏ (arakan army commander in chief twan mrat naing on the future of rakhine state) တွင် ဖော်ပြထားသည်။


သတင်းအမှောင်ချခြင်းနှင့် ကျူးလွန်မှုများကို ဖုံးကွယ်ခြင်း


2024 ခုနှစ် နိုဝင်ဘာလ လောက်မှစတင်ကာ 2025ခုနှစ် ဖေဖေါ်ဝါရီလ အထိ ရခိုင်ဒေသ၏ ဖုန်း၊အင်တာနက်ဆက်သွယ်ရေးများကို ULA/AA ဘက်မှ ဖြတ်တောက်ထားသည်။ ယခင်ကာလများက မြန်မာစစ်တပ်မှ ရခိုင်ဒေသ၏ ဖုန်း၊ အင်တာနက် ဆက်သွယ်ရေးကို ဖြတ်တောက်ခ့ဲသည်။ မြန်မာစစ်တပ်ဘက်မှ ဖုန်း၊ အင်တာနက်များကို ဖြတ်တောက်ထားချိန်တွင် သတင်းအမှောင်ချခြင်းနှင့် ကျူးလွန်မှုများကို ဖုံးကွယ်ခြင်းတို့သည် စစ်ရာဇဝတ်မှုများ ကျူးလွန်ရန် အထောက်အပံများဖြစ်သည်ကိုလည်း ULA/AA ဘက္က နားလည်ပုံရသည်။ သို့ဖြစ်၍ 2019 ခုနှစ်ကာလများတွင် 

"......တိုက်ပွဲဖြစ်ပွားရာမြို့နယ်များ၌ ဆက်သွယ်ရေးဆိုင်ရာ (Data)၊ အင်တာနက်များကို 2019ခုနှစ်၊ဇွန် (21) ရက်နေ့မှ ဆက်သွယ်ရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်အရ ဖြတ်တောက်ထားကြောင်း၊...................တိုက်ပွဲဧရိယာအတွင်းရှိ ပြည်သူလူထု၏ အသက်အန္တရယ်အတွက် စိုးရိမ်ပူပန်ကြောင်း၊ မြန်ဆန်စွာစီးဆင်းနေသော သတင်းမီဒီယာခေတ်တွင် မြန်မာ့တပ်မတော်အနေဖြင့် ရခိုင်ပြည်အတွင်းဖြစ်ပျက်နေသော ပကတိဖြစ်ရမှန်များကို သတင်းအမှောင်ချရရန်နှင့် ၎င်းတို့ကျူးလွန်မည့် စစ်ရာဇဝတ်မှုများကို ဖုံးကွယ်ရန်အတွက် ရည်ရွယ်ချက်ရှိရှိဖြင့် ကြိုတင်ပြုလုပ်ထားခြင်း ဖြစ်သည်ဟု မိမိတို့မှယုံကြည်ကြောင်း" စသဖြင့် (24-6-2019)ရက်နေ့ ULA/AA ကြေငြာချက်အမှတ် 14/2019 ဖြင့် ထုတ်ပြန်ခ့ဲသည်ကိုတွေ့ရသည်။


စစ်ရာဇဝတ်မှုများကြောင့် နစ်နာခ့ဲသူများအတွက် အမှန်တရားကိုရှာဖွေရာတွင် ULA/AA အနေဖြင့် အသိအမှတ်ပြုခံရသော လုပ်ရပ်များရှိခ့ဲပါသည်။ ဥပမာ 2019ခုနှစ်ကာလများတွင် ICC သို့ သက်သေနှစ်ဦးအား ပေးပို့ခြင်းမျိုးသည် နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်သည်။ ဤသို့သော နမူနာကောင်းများ ULA/AA တွင်ရှိသည်။ စစ်ရာဇဝတ်မှုများကို ကာကွယ်တားဆီးလိုသော အခြေခံစိတ်နေစိတ်ထားသည် ULA/AA တွင်ရှိသည်။ ထိုစိတ္္ထားမ်ားကို ဆက်လက်ကိုင်စွဲသွားရန်လည်း မျှော်လင့်မိပါသည်။ အထူးသဖြင့် ရခိုင်ဒေသ၏ ဖုန်း၊ အင်တာနက်များကို ULA/AA၏ စီမံခန့်ခွဲမှုအာဏာအောက်တွင် ဖြတ်တောက်ထားသော အခြေအနေ၌ ထိုသို့ပို၍ မျှော်လင့်ပါသည်။ 


မတရားမှုများအား ထုတ်ဖေါ်ပြောကြားခွင့်


ဖုန်း၊ အင်တာနက်များကို ဖြတ်တောက်ခံထားရသော အခြေအနေအောက်တွင် ULA/AA အနေဖြင့် မတရားမှုများကို တိုင်ကြားနိုင်သော ယန္တယားများထူထောင်ထားစေကာမူ လူထု၏ ပြောရေးဆိုခွင့်သည် ULA/AA အဖွဲ့အချို့၏ အာဏာပြမှုအောက်တွင် အသံတိုးတိတ်နေသည်။ လူထု၏ အသံတိုးတိတ်နေမှုသည် မတရားမှုများ ဖြစ်ပေါ်စေရန်အတွက် ရေခံမြေခံကိုလည်း ဖြစ်စေနိုင်သည်။ ကျင့်ဝတ်စည်းကမ်းချိုးဖောက်သူ၊ ဩဇာအာဏာကို လက်လွန်ခြေလွန်သုံးသူ များအတွက်လည်း အကာအကွယ်ဖြစ်စေသည်။ " ရခိုင်ဒေသ လူထု၏ တရားမမျှတသည့် ကိစ္စရပ်အပေါ် ဒေသနေလူထုအဖြေင့် ဖေါ်ထုတ်ပြောကြားရန် အခွင့်အရေးကို ULA/AA သည် အလေးထားကြောင်း"ကို Aljazeera သတင်းဌာနမှ အထက်တွင်ဖေါ်ပြထားပြီးဖြစ်သည်။ ထိုပြင် "အမွန္တရားကို ရဲဝံစွာနှင့် ပွင့်လင်းစွာ ပြောဆိုခြင်း၊ ထုတ်ပြန်ခြင်းဖြင့် အခြေအနေမှန်များကို တည့်မတ်နိုင်မည့်အပြင် မိမိတို့အချင်းချင်းကြားတွင်ရှိကြသော ယုံကြည်မှု၊နားလည်မှုများလည်း ပိုမိုမြင့်တက်လာမည်ဖြစ်ကြောင်း" (24-5-2024) ရက်စွဲဖြင့် ULA ထုတ်ပြန်ချက် တွင်လည်း ဖေါ်ပြထားသည်။ ULA/AA အနေဖြင့် ထိုထုတ်ပြန်ချက်များနှင့် လုပ်ရပ်ကိုက်ညီမှုကို မိမိအနေဖြင့် သက်တောင့်သက်သာမရှိသော ဖြစ်ရပ်များကို ကြုံတွေ့နေရသည့်တိုင်အောင်မျှော်လင့်ချက်တော့ ထားပါသည်။


2020 ခုနှစ် ဂူတာပြင်ကိစ္စ နှင့် 2025 ခုနှစ် စစ်သုံးပန်းနှစ်ဦးကိစ္စ 


တရားစီရင်မှုယန္တယား၏ ပွင့်လင်းမြင်သာမှု


ရခိုင်ဒေသအတွင်း ဖြစ်ပျက်ခ့ဲသော စစ်ရာဇဝတ်မှုများနှင့် ပတ်သက်၍ တရားစီရင်မှုယန္တယား၏ ပွင့်လင်းမြင်သာမှုသည် အားနည်းခ့ဲသော ဖြစ်စဉ်များရှိခ့ဲသည်။ အထူးသဖြင့် မြန်မာစစ်တပ်၏ 2017 ခုနှစ် ဩဂုတ္လ အတွင်း ရိုဟင်ဂျာ 19 ဦးအားသတ်ဖြတ်ခ့ဲသည့် တပ်ဖွဲ့ဝင် (3) ဦးအား စစ်ခုံရုံးယန္တယားဖြင့် အရေးယူမှုသည် ပွင့်လင်းမြင်သာမှုမရှိကြောင်း ဝေဖန်ခံခ့ဲရသည်။ ပွင့်လင်းမြင်သာမှုမရှိမှုကြောင့်ပင် စစ်ခုံရုံးယန္တယားဖြင့် ကိုင်တွယ်ပြမှုသည် မြန်မာစစ်တပ်အပေါ် နိုင်ငံတကာမှ ယုံကြည်မှုရှိရန်လည်းခက်ခဲသွားခ့ဲသည်။ 2025 ခုနှစ်အစပိုင်းတွင်လည်း ULA/AA တပ်ဖွဲ့ဝင်များမှ စစ်သုံးပန်းနှစ်ဦးအား စစ်ရာဇဝတ်မှုကျူးလွန်ခ့ဲမှု ကို ULA/AA ဘက်မှ ဝန်ခံခ့ဲပြီး ကျူးလွန်သူများကို အရေးယူထားသည်ဟု ဆိုသည်။ ULA/AA ၏ အရေးယူမှုတွင်လည်း ပွင့်လင်းမြင်သာမှုမရှိဟု ဝေဖန်ချက်များ ထွက်ရှိလာသည်။ 


လက်နက်ကိုင်အုပ်စုတိုင်းသည် စစ်ဘက်ဆိုင်ရာစံနှုန်းများကို လိုက်နာရန်တာဝန်ရှိသည်။ စစ်ရာဇဝတ်မှုများကို အရေးယူရာတွင် လက်နက်ကိုင်အုပ်စုတစ်ခုတွင် ကိုယ်ပိုင်တရားစီရင်ရေးယန္တယားကို အျခားအကူအညီမလိုဘဲ တည်ထောင်နိုင်ပါသည်။ နောက်ထပ်ထိုသို့ ထပ်မဖြစ်စေရန်လည်း မိမိအစီအစဉ်ဖြင့် ဆောင်ရွက်နိုင်ပါသည်။ သို့သော် စစ်ရာဇဝတ်မှုများအား ကိုင်တွယ်သည့် ယန္တယား၏ ရည်ရွယ်ချက်မှာ လူ့အဖွဲ့အစည်းအတွင်း စစ်ရာဇဝတ်မှုများနောက်ထပ်ပေါ်ပေါက်မလာစေရန် ဆောင်ရွက်ရခြင်းဖြစ်သောကြောင့် မည်သို့မည်ပုံ အရေးယူဆောင်ရွက်သည်ဟူသော ပွင့်လင်းမြင်သာမှုသည် အရေးကြီးသည်။ မြန်မာစစ်တပ်၏ ဂူတာပြင်ဖြစ်ရပ်လိုမျိုး ခြေရာထပ်နေ၍ မရေပ။ မြန်မာစစ်တပ်နှင့် ရုပ်ပျက်စွာ နှိုင်းယှဉ်ခံရမှုမျိုးကိုတော့  ULA/AA ခေါင်းဆောင်ပိုင်းများက လိုချင်မည်မဟုတ်ပေ။ နိုင်ငံတကာ၏ စာနာနားလည်မှုကို လိုအပ်နေသည့်အချိန်တွင် မိမိတို့အား မြန်မာစစ်တပ်နှင့် အတူတူဆိုသည့် ပြယုဒ်မျိုးကို ULA/AA ဘက်ကလည်း လိုလားမည်တော့မဟုတ်။


ULA/AA အနေဖြင့် ရခိုင်ဒေသအတွင်း ဖြစ်ပေါ်ခ့ဲသော စစ်ရာဇဝတ်မှုများနှင့် ပတ်သက်၍ တရားမျှတမှုပေါ်လာစေရန် နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်းသွားမည်ဟု ကြေငြာချက်များ ထုတ်ထားပြီးဖြစ်သည်။ ထိုစစ်ရာဇဝတ်မှုအားလုံးကို ULA/AA အနေဖြင့် မိမိ၏ တရားစီရင်ရေးယန္တယားတစ်ခုအောက်တွင်ထား၍ မဖြေရှင်းနိုင်ပါ။ စစ်ရာဇဝတ်မှုများကို အရေးယူနိုင်ရန် နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်းမှုသည် အနာဂတ်ရခိုင်ဒေသ၏ ခိုင်မာအားကောင်းသော တရားစီရင်ရေးနှင့် နိုင်ငံရေးဆိုင်ရာ မျှော်မှန်းချက်ကိုလည်း အထောက်အပံဖြစ်နိုင်သည်ကို ULA/AA ခေါင်းဆောင်ပိုင်းမှ သဘောပေါက်ထားမည်ဖြစ်သည်။ ရခိုင်ဒေသထဲတွင် ဖြစ်ပွားခ့ဲပြီး ရခိုင်ဒေသအပြင်ဘက်နယ်နိမိတ်များထိ သက်ရောက်နေသော စစ်ရာဇဝတ်မှုများကို ဖြေရှင်းရန် နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်ရန်လိုပါသည်။


သို့ဖြစ်၍ စစ်ရာဇဝတ်မှုများအတွက် တရားမျှတမှုကို ဖော်ဆောင်လိုသော အခြေခံစိတ်နေစိတ်ထားရှိသည့် ULA/AA အနေဖြင့် ရခိုင်ဒေသ လူထု၏ ရပိုင်ခွင့်တစ်ခုဖြစ်သော "မတရားမှုများအပေါ် ဖော်ထုတ်ပြောကြားရန် အခွင့်အရေးကို" ပိုမိုမြှင့်တင်ပေးနိုင်ရန်နှင့် မိမိယန္တယားဖြင့် ကိုင်တွယ်သော စစ်ရာဇဝတ်မှုများကို အရေးယူရာတွင် ပိုမိုပွင့်လင်းမြင်သာမှုရှိရန် ဆန္ဒပြု မျှော်လင့်ပါသည်။








Comments

Popular posts from this blog

ရခိုင်လူ့ဘောင်နှင့် လီဗီးယားသန်(Leviathan)

Can ULA/AA give back justice for war crimes in Arakan (Rakhine) State by themself lonely?