(Moral Duty ကိုယ်ကျင့်တရားအရတာဝန်လား?) (Blood Tax သွေးခွန်လား ?)
(Moral Duty ကိုယ်ကျင့်တရားအရတာဝန်လား?)
(Blood Tax သွေးခွန်လား ?)
(Moral Duty) အား ကိုယ်ကျင့်တရားအရ လုပ်သင့်လုပ်ထိုက်သော၊ မငြင်းဆန်ထိုက်သော တာဝန်ဟု အဓိပ္ပါယ်ဖွင့်ရမည်ဖြစ်သည်။ ဥပမာ- မိခင်တစ်ယောက်သည် ညအချိန်ပင်ပန်းစွာ အိပ်ပျော်နေချိန်၌ ကလေးငယ်၏ ငိုသံကိုကြားရသောအခါ ထချင်သည်ဖြစ်စေ၊ မထချင်သည်ဖြစ်စေ ထရမည်။ ကေလးအား ဂရုစိုက်ရမည်ဖြစ်သည်။ အဘယ်ကြောင့် မိခင်သည် ထရပါသနည်းဆိုသော် သူ့၏ ကိုယ့်ကျင့်တရားအရ လုပ်သင့်လုပ်ထိုက်သော တာဝန် (Moral Duty) အျဖစ္ခံစားနေ၍ ဖြစ်သည်။ ထိုကိစ္စမျိုးအတွက် မိခင်ဖြစ်သူအား မည်သူကမျှပြဌာန်းပေးစရာမလို၊ သူ့ဖာသာသူ Moral Duty အရလုပ်ကိုလုပ်ရမည့်အရာဖြစ်သည်။ Moral Duty နှင့်ပတ်သက်၍ ဤဥပမာသည် ရိုးရှင်းပါ၏။ သို့သော် လူ့ဘောင်လောကတွင် Moral Duty နှင့်ပတ်သက်၍ နယ်ပါယ်အလိုက် အပြန်အလှန်ဆက်နွယ်မှုသည် ဤဥပမာထက် ရှုပ်ထွေးလှသည်။ မိခင်၏ ကလေးငယ်အား စောင့်ရှောက်မှုဝတ္တရားသည် မိခင်ဆိုသောလူသားနှင့် ကလေးဆိုသည့်လူသားကြားတွင် ရှိနေသည့်အရာဖြစ်သည်။ ထိုလူသားနှစ်ဦးသည် မိသားစုသွေးသားရင်းဆိုသည့် နယ်ပါယ်ထဲမှသတ်မှတ်ချက်ဖြစ်သည်။ လူ့ဘောင်တစ်ခု၏ ကိစ္စရပ်များ၌ မိသားစုသွေးသားရင်း နယ်ပါယ်အပြင် (ဥပမာ- နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး အစရှိသဖြင့်) ကျန်သောနယ်ပါယ်များတွင်လည်း ဆိုင်ရာဆိုင်ရာ Moral Duty များရှိနေပါသေးသည်။ ထို Moral Duty များသည် (နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး အစရှိသဖြင့်) နယ်ပါယ်များတွင် လူအချင်းချင်းကြား"ပိုမိုဖွံ့ဖြိုးတိုးတက်ရန်၊ တရားမျှတမှုရှိရန်၊ လွတ်လပ်မှုရှိရန်၊ တန်းတူညီမျှမှုရှိရန်" အတွက် စောင့်ထိန်းအပ်သော ပဋိညာဉ် (Contract) အပေါ်တွင် အခြေခံကြသည်။ သို့ဖြစ်၍ ကိုယ်ကျင့်တရားအရတာဝန် (Moral Duty) နှင့် ပဋိညာဉ် (Contract) ဆိုသည်မှာ အတူတူယဉ်တွဲနေတတ်သည်။
လူ့ဘောင်တစ်ခု၏ ပဋိညာဉ်များထဲတွင် အင်းအားအကြီးဆုံးပဋိညာဉ်မှာ ဖွဲ့စည်းပုံအခြေခံဥပဒေဖြစ်သည်။ ဖွဲ့စည်းပုံအခြေခံဥပဒေသည် လူမှုပဋိညာဉ် (Social Contract) လည်းဖြစ်သည်။ လူ့ဘောင်တစ်ခု၏ ဖွဲ့စည်းပုံအခြေခံဥပဒေ လူမှုပဋိညာဉ် (Social Contract)ဟူသည် ထိုလူ့ဘောင်၏ လူသားအချင်းချင်းကြားတွင် "ပိုမိုဖွံ့ဖြိုးတိုးတက်ရန်၊ တရားမျှတမှုရှိရန်၊ လွတ်လပ်မှုရှိရန်၊ တန်းတူညီမျှမှုရှိရန်"အတွက် အပြန်အလှန်သတ်မှတ်ကြခြင်းဖြစ်သည်။ ထိုသို့ အပြန်အလှန်သတ်မှတ်ချက်က ထိုလူ့ဘောင်၏ အင်စတီကျူးရှင်းများကြား၊လူသားများကြား၊ အင်စတီကျူးရှင်းနှင့် လူသားများကြားတွင် အပြန်အလှန်ကတိကဝတ်များအဖြစ် တည်ရှိခြင်းဖြစ်သည်။ လူသားတိုင်းတွင် "ပိုမိုဖွံ့ဖြိုးတိုးတက်မှု၊ တရားမျှတမှု၊ လွတ်လပ်မှုနှင့် တန်းတူညီမျှမှု" တို့ကိုခံစားလိုသည်။ "အဆိုပါ အခွင့်အရေးများကို ကိုယ်တိုင်ပါဝင်၍အပြန်အလှန်အာမခံချက် ပေးထားသော "လူမှုပဋိညာဉ်" တရပ်ရှိနေပါက လူသားများအဖို့ ထိုပဋိညာဉ်သည် မိမိနှင့်သက်ဆိုင်သည့်အရာဟု ခံစားနိုင်လာမည်ဖြစ်သည်။" ထိုသို့ခံစားနိုင်မှုကြောင့် မိမိတို့၏ ရပိုင်ခွင့်နှင့် လူ့ဂုဏ်သိက္ခာအတွက် ထိုပဋိညာဉ်အား မလြဲမေသြ စောင့်ထိန်းလိုက်နာကြမည်ဖြစ်သည်။ "ပဋိညာဉ်တစ်ရပ်၏ အခွင့်အရေးနှင့် အကျိုးအမြတ်ကို ခံစားခြင်း" နှင့် "ပဋိညာဉ်အပေါ်တွင် ကာကွယ်ခြင်း၊ စောင့်ရှောက်ခြင်း၊ ထိန်းသိမ်းခြင်း" တို့သည် ဆက်စပ်ဒွန်တွဲနေသည်။
ပဋိညာဉ်ဖြစ်စဉ်၏ တရားမျှတမှုသဘောသဘာဝများ
ပဋိညာဉ်တစ်ရပ်၏ အခွင့်အရေးနှင့် အကျိုးအမြတ်ကို ခံစားခြင်းနှင့် ပဋိညာဉ်အပေါ်တွင် ကာကွယ်ခြင်းအတွက် ပီပြင်မှုရှိခြင်း၊ မရှိခြင်းမှာ "ပဋိညာဉ်ပြုရာတွင် ကိုယ်တိုင်ပါဝင်ခွင့်ရှိခြင်း၊မရှိခြင်း" နှင့်ဆက်စပ်သည်။
A- မည်သူပင်မဆို မိမိနှင့်သက်ဆိုင်သော ပဋိညာဉ်တစ်ရပ်ပေါ်တွင် "ပိုမိုဖွံ့ဖြိုးတိုးတက်မှု၊ တရားမျှတမှု၊ လွတ်လပ်မှုနှင့် တန်းတူညီမျှမှု" များရှိရန်အတွက်
1- မည်သည့်အချက်အလက်ကို ချမှတ်မည်/ ငြင်းပယ်မည် ကို ကိုယ်တိုင်ပါဝင်ပတ်သက်ခွင့်ရှိသည်။
2- အဘယ်ကြောင့် ချမှတ်မည်/ ငြင်းပယ်မည် ကိုလည်း အကြောင်းပြချက်ပေးခွင့်ရှိသည်။
B- ပဋိညာဉ်တစ်ရပ်သည် အခြေအနေနှင့် အချိန်အခါအရ "ပိုမိုဖွံ့ဖြိုးတိုးတက်မှု၊ တရားမျှတမှု၊ လွတ်လပ်မှုနှင့် တန်းတူညီမျှမှု" တို့ကို ထိခိုက်လာလျှင်
1- ပဋိညာဉ်အား ပြောင်းလဲပြင်ဆင်ခွင့်ရှိသည်။
2- ပဋိညာဉ်အား ဖျက်သိမ်းရန် တင်ပြခွင့်လည်းရှိသည်။
C- ပဋိညာဉ်တစ်ရပ်သည် အခြေအနေနှင့် အချိန်အခါအရ "ပိုမိုဖွံ့ဖြိုးတိုးတက်မှု၊ တရားမျှတမှု၊ လွတ်လပ်မှုနှင့် တန်းတူညီမျှမှု" တို့ကို လက်ရှိတွင် အကျိုးခံစားခွင့်ပေးနေလျှင်
1- ပဋိညာဉ်အား တည်မြဲရန် ဆောင်ရွက်ခွင့်ရှိသည်။
2- ပဋိညာဉ်အား မပျက်စီးစေရန် ကာကွယ်ခွင့်လည်းရှိသည်။
လူ့ဘောင်တစ်ခု၏ ဖွဲ့စည်းပုံအခြေခံဥပဒေသည် ထိုလူ့ဘောင်၏ ပဋိညာဉ်တစ်ရပ်လည်းဖြစ်သည်။ တရားမ်ွတေသာ ပဋိညာဉ်ဖြစ်ပါက ထိုပဋိညာဉ်မှာ ထိုလူ့ဘောင်တွင် ခိုင်မြဲနေမည်ဖြစ်သည်။ ထိုလူ့ဘောင်၏ လူ့သားများထဲတွင်လည်း ၎င်းပဋိညာဉ်အား ကာကွယ်ရန်၊ စောင့်ရှောက်ရန် အတွက်လည်း "ကိုယ်ကျင့်တရားအရတာဝန် (Moral Duty)" ရှိသည်ဟု ခံစားနေရမည်ဖြစ်သည်။ အကယ်၍ ပဋိညာဉ်မှာ တရားမျှတမှုမရှိဟု ခံစားနေရပါက ထိုလူ့ဘောင်သည် ထိုပဋိညာဉ်အား ပြောင်းလဲရန်၊ ပြင်ဆင်ရန်၊ ဖျက်သိမ်းရန် ကြိုးစားနေမည်ဖြစ်သည်။ ဥပဒေတိုင်း၊ အမိန့်အာဏာတိုင်းသည်လည်း လူ့ဘောင်တစ်ရပ်အတွက် ပဋိညာဉ်များပင်ဖြစ်သည်။ လိုက်နာရန် ကိုယ်ကျင့်တရားအရ တာဝန် ရှိသည်ဆိုလျှင် အခြားတဖက်၌ ထိုလိုက်နာရန်တာဝန်ရှိသူများထံတွင်လည်း ပဋိညာဉ်၏ တရားမျှတမှု ရှိခြင်း၊မရှိခြင်းအပေါ် ဆန်းစစ်ခွင့်၊ ပါဝင်ပတ်သက်ခွင့်၊ ပြုပြင်ပြောင်းလဲခွင့်၊ ဖျက်သိမ်းခွင့် ဆိုသည့်အခွင့်အရေးကရှိနေသည်။
မြန်မာ့လူ့ဘောင်နှင့် ပဋိညာဉ်
မြန်မာ့လူ့ဘောင်၏ ပြဿနာအား ဖွဲ့စည်းပုံအခြေခံဥပဒေ လူမှုပဋိညာဉ် ဟန်ချက်မညီသောကြောင့် ဖြစ်လာသောပြဿနာဟု ဆိုကြသည်။ မြန်မာနိုင်ငံ၏ လူမှုပဋိညာဉ်အပေါ် တရားမျှတမှုမရှိ၊ တန်းတူညီမျှမှုမရှိဟု ခံစားနေရသောအုပ်စုများရှိသည်။ ပဋိညာဉ်ဟန်ချက်မညီမှုကြောင့် အကျိုးအမြတ်ကိုခံစားနေရသောအုပ်စုလည်းရှိသည်။ မြန်မာလူ့ဘောင်၏ နိုင်ငံရေးပြဿနာသည် ပဋိညာဉ်အား လေးစားလိုက်နာရမည့် ပြည်သူလူထုအား ပဋိညာဉ်အားပြောင်းလဲပြင်ဆင်ခွင့်အပေါ် ပိတ်ပင်ခံထားရသော ပြဿနာလည်းဖြစ်သည်။ မည်သည့်ဥပဒေ၊ အမိန့်အာဏာကိုမဆို ပြည်သူလူထုက ရေးဆွဲချမှတ်ရာတွင် ပါဝင်ခွင့်နှင့် ပြောင်းလဲပြင်ဆင်ခွင့်တို့အတွက် ဘောင်ကျဉ်းသည်။ မြန်မာ့လူ့ဘောင်၏ ပြည်သူလူထုအဖို့ လူမှုပဋိညာဉ်သည် တန်းတူညီမျှမှု ၊ တရားမျှတမှု ကင်းမ့ဲနေပြီး ထိုပဋိညာဉ်များအတွက် ကိုယ်ကျင့်တရားအရတာဝန် (Moral Duty) အဖြစ်မခံယူနိုင်သည်မှာ ကြာပြီဖြစ်သည်။ ပဋိညာဉ်၏ ဟန်ချက်မညီမှုကြောင့် အခွင့်အရေးကိုခံစားခွင့်ရနေသောအုပ်စုများကတော့ လူထုအား ပဋိညာဉ်အပေါ်တွင် ကိုယ်ကျင့်တရားအရတာဝန် (Moral Duty) ရှိသည်ဟု ဆိုနေကြမည်ဖြစ်သည်။
ပဋိညာဉ်နှင့် ကင်းကွာမှု
အချုပ်အခြာအာဏာနှင့်သက်ဆိုင်သော ပဋိညာဉ်အပေါ်တွင် မည်သို့မည်ပုံ ချမှတ်မည်ဟုလည်းပါဝင်ပတ်သက်ခွင့်မရ၊ ပဋိညာဉ်ကြောင့် ထိခိုက်နစ်နာမှုအပေါ်တွင်လည်း ဥပဒေကြောင်းအရသို့မဟုတ် လူ့ဂုဏ်သိက္ခာရှိရှိ ဖော်ပြခွင့်လည်းမရသော ဘယ္သူမဆို ထိုပဋိညာဉ်အပေါ်တွင် ကိုယ်ကျင့်တရားအရတာဝန် (Moral Duty) ဆိုသော ခံယူချက် ခံစားချက်ရှိမည်လည်းမဟုတ်ပေ။
ရခိုင်လူ့ဘောင်နှင့် ပဋိညာဉ်
ရခိုင်လူ့ဘောင်သည်လည်း မြန်မာ့လူ့ဘောင်နည်းတူ မိမိလေးစားလိုက်နာကာကွယ်ရမည့် ပဋိညာဉ်အပေါ်တွင် "ချမှတ်ရာတွင်ပါဝင်ခွင့်"၊ "နစ်နာမှုရှိပါက ပြောင်းလဲပြင်ဆင်ခွင့်" တို့အား ဥပဒေကြောင်းအရလည်းကောင်း၊ လူဂုဏ်သိက္ခာရှိစွာ ဖော်ပြခွင့်အရလည်းကောင်း ထွက်ပေါက်မရှိဖြစ်နေခ့ဲသည်မှာ ကြာခ့ဲပြီဖြစ်သည်။ ULA/AA ပေါ်ပေါက်လာခြင်းသည်ပင်လျှင် ထိုက့ဲသို့ ထွက်ပေါက်မရှိဖြစ်နေ၍ ပေါ်ထွက်လာခြင်းဖြစ်သည်။ မြန်မာလူ့ဘောင်၏ အချုပ်အခြာအာဏာဆိုင်ရာ ပဋိညာဉ်သည် ရခိုင်လူမျိုးများအပေါ်တွင်လည်း တရားမျှတမှုမရှိ၊ မိမိတို့၏နစ်နာမှုများကိုလည်း ပြောင်းလဲပြင်ဆင်ရန် ဥပဒေကြောင်းအရ လူ့ဂုဏ်သိက္ခာရှိရှိ ဖော်ပြနိုင်သော ထွက်ပေါက်လည်းမရှိသောကြောင့် ULA/AA ပေါ်ထွက်လာခြင်းဖြစ်သည်။
ရခိုင်လူထု၏ အချုပ်အခြာအာဏာအား ရခိုင်လူထုလက်ထဲသို့ပြန်လည်ရောက်ရှိစေရေးဆိုသည်မှာ တဖက်တွင် ရခိုင်လူထုအချင်းချင်းကြားထဲတွင် "ပိုမိုဖွံ့ဖြိုးတိုးတက်မှု၊ တရားမျှတမှု၊ လွတ်လပ်မှုနှင့် တန်းတူညီမျှမှု" ရှိရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ လူမှုပဋိညာဉ်တရပ်အား လွတ်လပ်စွာရေးဆွဲပြဌာန်းမည့်လုပ်ငန်းစဉ်လည်းဖြစ်သည်။ ULA/AA ဘက်မှ ထိုလုပ်ငန်းစဉ်အတွက် ရခိုင်ဒေသထဲရှိ လူမျိုးတိုင်းတွင် ကိုယ်ကျင့်တရားအရ တာဝန် (Moral Duty)ရှိသည် ရှူမြင်ထားသည်။ ထိုအမြင်နှင့် ပတ်သက်၍လည်း ရခိုင်ဒေသထဲရှိ လူမျိုးစုများ၊ ဒေသန္တရလေယူလေသိမ်းကွဲပြားသူများကြားတွင် ကွာဟမှုမဖြစ်ကြသေးပေ။
သို့ရာတွင် ULA/AA ဘက်မှ လူမျိုးစုများ၊ မတူညီသောဘာသာရေးအသိုင်းအဝန်းများ၊ ဒေသန္တရလေယူလေသိမ်းကွဲပြားသူများ စသည့်လူမှုအသိုက်အမြုံများအား အချုပ်အခြာအာဏာဆိုင်ရာ ဖြစ်စဉ်အပေါ် (Moral Duty) ပိုမို၍အားစိုက်ပြင်းပြရန်လိုသည်ဟု ရှူမြင်ပါက
1-ပဋိညာဉ်တစ်ရပ်၏ အခွင့်အရေး၊အကျိုးအမြတ်ကို ခံစားခြင်းနှင့် ပဋိညာဉ်အပေါ်တွင် ကာကွယ်ခြင်းတို့ပီပြင်မှုရှိခြင်း၊ မရှိခြင်းမှာ "ပဋိညာဉ်ပြုရာတွင် ကိုယ်တိုင်ပါဝင်ခွင့်ရှိခြင်း၊မရှိခြင်း" နှင့်ဆက်စပ်သည်
2-တနည်းအားဖြင့် "ပဋိညာဉ်ဖြစ်စဉ်၏ တရားမျှတမှု အခြေအနေ" မျိုးကို မည်မျှထိ ဖန်တီးပေးထားသည်နှင့်လည်း သက်ဆိုင်လာသည်
3-လူသားတိုင်းတွင် "ပိုမိုဖွံ့ဖြိုးတိုးတက်မှု၊ တရားမျှတမှု၊ လွတ်လပ်မှုနှင့် တန်းတူညီမျှမှု" တို့ကိုခံစားလိုသည်။ အဆိုပါ အခွင့်အရေးများကို ကိုယ်တိုင်ပါဝင်၍အပြန်အလှန်အာမခံချက် ပေးထားသော "လူမှုပဋိညာဉ်" တရပ်ရှိနေပါက လူသားများအဖို့ ထိုပဋိညာဉ်သည် မိမိနှင့်သက်ဆိုင်သည့်အရာဟု ခံစားနိုင်လာမည်ဖြစ်သည်
ဆိုသော အချက်သုံးချက်ကို ပြန်၍ဆန်းစစ်သင့်သည်။
လက်ရှိ နိုင်ငံရေးအနေအထားအရ ဖွဲ့စည်းပုံအခြေခံဥပဒေ လူမှုပဋိညာဉ်တရပ်အတွက် "အပြီးသတ်ဆောင်ရွက်ရန် မဖြစ်နိုင်သေး" ဆိုသည်ကိုတော့ နားလည်ပေး၍ရနိုင်သည်။ သို့ရာတွင် "အပြီးသတ်ဆောင်ရွက်ရန် မဖြစ်နိုင်သေး" ဆိုသည့်အခြေအနေအောက်တွင်ပင် "အရေးကြီးသော အသေးစိတ်အချက်အချို့အတွက်" တော့ "လက်ရှိအချိန်တွင် စိတ်ဆန္ဒရှိမှု" ကိုပြနိုင်ပါသည်။ အရေးကြီးသော အသေးစိတ်အချက်အချို့ဆိုသည်မှာ - ပေါ်ပေါက်လာမည့် အနာဂတ်ဖွဲ့စည်းပုံအခြေခံဥပဒေ၏ အုပ်ချုပ်ရေးပုံစံများ၊ ရည်ရွယ်ထားသော သက်ဆိုင်ရာလူမျိုးစုဆိုင်ရာ ဒေသန္တရအုပ်ချုပ်ရေးပုံစံများ၊ ဥပဒေပြုရေးမဏ္႑ိုင်အားတည်ဆောက်မည့်ပုံစံများ စသည့်တို့အပေါ်တွင် မည်သို့မည်ပုံမျှော်မှန်းသည်ကိုတော့ မူကြမ်းသဘော ချပြထားနိုင်ပါသည်။ ရခိုင်ဒေသ၏ အချုပ်အခြာအာဏာအတွက် ရခိုင်ဒေသရှိ ပြည်သူအားလုံးတွင် "ကိုယ်ကျင့်တရားအရ တာဝန် (Moral Duty)" ရှိသည်ဆိုပါလျှင် ပြည်သူများတွင်လည်း ၎င်းတို့တာဝန်ရှိသော ပဋိညာဉ်တွင် မည်သည့်အာမခံချက်များပါရှိသည်ကို ဆန်းစစ်ခွင့်က မူလအခွင့်အရေးအဖြစ်ရှိသည်ကိုလည်း သတိပြုသင့်သည်။ ပဋိညာဉ်ဆိုင်ရာ တရားမျှတမှုသဘောသဘာဝ ကို မျက်ကွယ်ပြု၍ အချုပ်အခြာအာဏာအတွက် "Moral Duty" ရှိရမည်ဟုသာ ပြောနေပါကလည်း တဖက်သတ်ဆန်နေပါလိမ့်မည်။ အောက်ခြေပိုင်းမှ ဆောင်ရွက်နေသူများအနေဖြင့် ထိုက့ဲသို့ "အရေးကြီးသော အသေးစိတ်အချက်များ"ကို (Moral Duty) နည်းနေသည်ဟုရှူမြင်ထားသော လူထုကိုမည်မျှထိ ချပြချဉ်းကပ်စည်းရုံးနေပါသနည်း။ ပီပြင်သော နိုင်ငံရေး အာမခံချက်နှင့် မူဝါဒသည် စည်းရုံးရေးလက်နက်ဖြစ်သည်။ အာဏာပြဟိန်းဟောက်မှုသည် လူထုနှင့်ကင်းကွာမှုဖြစ်သည်။ ULA/AA သည်မြန်မာ့နိုင်ငံရေးဖြစ်စဉ်တွင် ၎င်းကိုယ်တိုင်လည်း ပီပြင်သော နိုင်ငံရေးအာမခံချက်ကို ရှာဖွေနေရသည်။ တပြိုင်နက်တည်းတွင် ရခိုင်ဒေသရှိ ပြည်သူများအား ပီပြင်သော နိုင်ငံရေးအာခံချက်ကိုပေးရမည့် ဦးဆောင်အဖွဲ့လည်းဖြစ်သည်။
မြန်မာ့လူ့ဘောင်တွင် နိုင်ငံရေးဖြစ်စဉ်ပဋိပက္ခများနှင့်ပတ်သက်၍ လူထုမွာ အရေးပါသောအချက်များကို ရှူဒေါင့်စုံမှ သိခွင့်ရမှုသည် အားနည်းခဲ့သည်။ မြန်မာ့လူ့ဘောင်အတွက်ကြုံတွေ့ခ့ဲရသည်မှာ "ဝါဒဖြန့်ချီရေး"သက်သက်သာဖြစ်သည်။ ပဋိပက္ခ၏ ဇစ်မြစ်အပေါ် ခွဲခြမ်းစိတ်ဖြာသုံးသပ်ထားသည့် အချက်အလက်များကို ပြည်သူလူထုသည် ရှူဒေါင့်စုံမှ သိခွင့်လည်းမရခ့ဲပေ။ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ လူမှုပဋိညာဉ်နှင့် ပတ်သက်၍လည်း ထိုနည်းလည်းကောင်းဖြစ်သည်။ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ လူမှုပဋိညာဉ်ထဲတွင် မည်သည့်အချက်က ဟန်ချက်မညီမှုကိုဖြစ်စေသည်၊ ထိုအချက်များအပေါ်တွင် သက်ဆိုင်ရာအင်အားစုများဘက်က မည်သို့သောအမြင်ရှိကြသည်ဆိုသည်အပိုင်းတွင် ပြည်သူလူထုသည် ရှူဒေါင့်စုံမသိနိုင်ခ့ဲပေ။ ရခိုင်လူ့ဘောင်၏ လူထုမှာလည်း မြန်မာ့လူ့ဘောင်အတိုင်းဖြစ်သည်။ လက်ရှိ ပဋိပက္ခရေချိန်တက်နေသော ကာလတလျောက်တွင် ဆိုင်ရာအင်အားစုအသီးသီးသည် ၎င်းတို့၏ နိုင်ငံရေးအာဂျင်တာအသီးသီးအတွက် လူထုအား (Moral Duty) ရှိသည်ဟုဆိုကြသည်။ သို့ရာတွင် ၎င်းတို့၏ နိုင်ငံရေးအာဂျင်တာများအပေါ် မည်သည့် အသေးစိတ်အာမခံချက်များပါရှိသည်ကိုလည်း ပြည်သူလူထုဘက်က ဆန်းစစ်နိုင်အောင်ချပြမှုသည် နည်းပါးလှသည်။ ထိုသို့ ချပြနိုင်မှုအားနည်းခြင်းကြောင့် ပြည်သူလူထုအတွက်လည်း (Moral Duty)ပိုင်းတွင် အားနည်းမှုကို ဖြစ်စေသည်။ ထိုအခါ အချို့သော အင်အားစုများသည် မိမိတို့၏ အားနည်းချက်ကို မျက်ကွယ်ပြုကာ လူထုအား (Moral Duty) အားနည်းရကောင်းလားဟုအပြစ်မြင်ပြီး အမိန့်အာဏာအမျိုးမျိုးဖြင့် တုတ်နှောင်ရန်ကြိုးစားကာ ပြည်သူလူထုကို ၎င်းတို့၏ နိုင်ငံရေးအာဂျင်တာအတွက် ချည်နှောင်ကာ သွေးခွန် (Blood Tax) ဆောင်ခိုင်းတော့သည်။
နိုင်ငံရေးအာဂျင်တာများတွင် ပဋိညာဉ်ဆိုင်ရာ တရားမျှတမှုနှင့် ဂတိဂဝတ် သေဘာသဘာဝ ကို မျက်ကွယ်ပြု၍ ပြည်သူလူထုအား အချုပ်အခြာအာဏာအတွက် "Moral Duty" ရှိရမည်ဟုသာ ပြောနေပါကလည်း ဟန်ချက်မညီ တဖက်သတ်ဆန်သည် ဝန်ထုတ်ဝန်ပိုးကိုသာ ထမ်းနေရအုံးမည်သာဖြစ်သည်။
Comments
Post a Comment