တရုတ်၏ နိုင်ငံတကာဆိုင်ရာ ရပ်တည်ချက်တချို့
တရုတ်၏ နိုင်ငံတကာဆိုင်ရာ ရပ်တည်ချက်တချို့
နိုင်ငံတကာအခင်းအကျင်းတွင် တရုတ်သည် အခြားနိုင်ငံ၏ပြည်တွင်းရေးအား ဝင်ရောက်မစွက်ဖက်ရေးကို အကြိမ်ကြိမ်ပြောလေ့ရှိသည်။ ဤတွင် တရုတ်၏ ဝင်ရောက်မစွက်ဖက်ရေးဆိုသည်မှာ မထိတွေ့မဆက်ဆံရေးကို ပြောသည်တော့မဟုတ်ပေ။ တရုတ်၏ ဝင်ရောက်မစွက်ဖက်ရေးဟူသည် သံခင်းတမန်ခင်း စကားလုံးသာဖြစ်သည်။ ကိစ္စရပ်တစ်ခု၌ တရုတ်သည် ဘက်တစ်ခုတည်းတွင် မည်မျှအချိန်အကြာကြီးရပ်နေသည်ဟူ၍လည်း မူသေသတ်မှတ်၍မရပေ။ တရုတ်၏ စဉ်းစားချက်တွင် အခြားနိုင်ငံတစ်ခု၏ ပြဿနာတစ်ရပ်အပေါ် ဘက်အသီးသီးကိုချဉ်းကပ်သည့် ပုံစံကိုကျင့်သုံးနေမှုရှိသည်။ ဘက်အသီးသီးကို ချဉ်းကပ်ကာ မိမိအကျိုးအမြတ်ကိုရှာဖွေသွားမည့်သဘောရှိသည်။ ဤသည်ကတော့ တရုတ်မှမဟုတ် အခြားသောနိုင်ငံများလည်း ထိုနည်းလည်းကောင်းသာဖြစ်သည်ပင်။ သို့သော် တခါတရံ၌ တရုတ်၏ အခြားနိုင်ငံတစ်ခု၏ ဘက်အသီးသီးကို ချဉ်းကပ်မှုသည် တရုတ်၏ "ဝင်ရောက်မစွက်ဖက်ရေး" ဟူသော စကားလုံးနှင့် အံဝင်ဆီလျော်မှုမရှိတတ်ပေ။ တရုတ်၏ ဩဇာဖြန့်ကျက်မှုသည် ပဋိပက္ခနေရာများအတွက် သမာသမတ်ကျသော ဒိုင်လူကြီး ဖြစ်လာလိမ့်မည်ဟူသည်မှာလည်း မူသေမရှိနိုင်ပေ။ တရုတ်၏ အကျိုးစီးပွားအရ ဖြစ်စဉ်တစ်ခုတည်းကိုပင် မိတ်ဘက်ရော၊ ဆန့်ကျင်ဘက်အဖြစ်နှင့်ပါ မြင်နေမည်ဖြစ်သည်။ ပါကစ္စတန်နှင့် ဘင်္ဂလားဒေရ့ှ်တို့တွင် တရုတ်၏ စီးပွားရေးလုပ်ငန်းများသည် ကျင့်ဝတ်ပိုင်းကို အလေးအနက်ထားသည်။ ဤသည်မှာကား အိန္ဒိယ၏ ဩဇာကို ပြန်ထိန်းထေ့လိုသည့် အပေးအယူသဘောလည်းဖြစ်နိုင်သည်။တရုတ်၏ ဖွံ့ဖြိုးတိုးတက်သော နိုင်ငံများကိုပို့သော ကုန်ပစ္စည်းအရည်အသွေးနှင့် ဆင်းရဲသောနိုင်ငံများကိုပို့သော ကုန်ပစ္စည်းအရည်အသွေးမတူသက့ဲသို့ပင် ဖြစ်သည်။ ဆိုလိုချင်သည်က တရုတ်သည် ခေါင်းဆယ်လုံးမက ရှိသောသူနှင့်တူပါသည်။ တချိန်တည်းတွင် အပြုံးမျက်နှာကိုလည်းပြနိုင်သည်။ အခြားသောမျက်နှာတစ်ခုက ငိုချင်လည်းငိုထားနိုင်သည်။ အခြားမျက်နှာတစ်ခုက လေးနက်တည်ငြိမ်သောပုံ ဖြစ်ချင်ဖြစ်နေမည်။ အခြားမျက်နှာတစ်ခုက ပျောက်ချင်လျှင်လည်း ပျောက်နေနိုင်သည်။ ထိုအရာများသည် တရုတ်ထံတွင် တပြိုင်နက်တည်းရှိနေမည်ဖြစ်သည်။
ဥပမာ- ICC ဟုခေါ်သော နိုင်ငံတကာ ရာဇဝတ်တရားရုံး နှင့်ပတ်သက်၍ ကြည့်လျှင် တရုတ်သည် ထိုက့ဲသို့ နှစ်ဖက်ခွထားသည်ကို မြင်ရပေလိမ့်မည်။ တရုတ်သည်လက်ရှိတွင် ICC အဖွဲ့ဝင်မဟုတ်။ သို့ရာတွင် ICC နှင့် လုံးဝမပတ်သက် ကင်းပြတ်သော နိုင်ငံဖြစ်သလားဆိုလျှင်လည်းမဟုတ်ပြန်ပေ။ ICC ဖြစ်စဉ်နှင့် တရုတ်တို့ မည်သို့မည်ပုံ ပတ်သက်ခ့ဲသနည်းဟု ကြည့်လျှင်
1- ရောမပဋိညာဉ် (Rome Statue) သို်မဟုတ် ICC ပဋိညာဉ်အား တည်ထောင်ရန်အတွက် ကနဦးကာလတွင် တက်ကြွစွာပါဝင်၍ ပဋိညာဉ်မူကြမ်းအဆိုပြုချက်များကို ညိ့ှနှိုင်းသူများထဲတွင်လည်း တရုတ်ပါခ့ဲသည်။
2- စတင်တည်ထောင်ရန်အတွက်ပြုလုပ်သော ညီလာခံများတွင် ပါဝင်၍ ညီလာခံ၏ ဒု- ဥက္ကဌအဖြစ် ဆောင်ရွက်ခ့ဲသူမှာလည်း တရုတ်ပင်ဖြစ်သည်။ ပဋိညာဉ်မူကြမ်းနှင့် အချက်အလက်အရည်အသွေးစီစစ်ရေး ကော်မတီများတွင် ပါဝင်ခ့ဲသူမှာလည်း တရုတ်ပင်ဖြစ်သည်။
3- ရောမပဋိညာဉ်တွင်အတွက် ကျင့်သုံးရမည့် စည်းမျဉ်းများကို ချပြခ့ဲသူမှာလည်း တရုတ်ပင်ဖြစ်သည်။ တရုတ် အကြံပြုခ့ဲသော စည်းမျဉ်းများကို
လက်ရှိ ရောမပဋိညာဉ်တွင်ကျင့်သုံးနေရသည်။
4- ရောမပဋိညာဉ်အား အတည်ပြုရာတွင် ပဋိညာဉ်အား ကန့်ကွက်မဲပေးခ့ဲသူမှာလည်း တရုတ်ပင်ဖြစ်သည်။ (ရောမပဋိညာဉ်သည် တရုတ်၏ မျက်စိအောက်တည့်တည့်မှ ပေါ်လာခြင်းသာဖြစ်သည်)
5- ထိုသို့ ပဋိညာဉ်အားမူကြမ်းအဆင့်ဆင့်တွင် ဆွေးနွေးအကြံပြုလျက် မိမိ၏ ဆွေးနွေးချက်အချို့ကိုလည်း ပဋိညာဉ်တွင် ပြဌာန်းပြီးနောက် ထိုပဋိညာဉ်ကို အတည်ပြုရန် ကန့်ကွက်ခ့ဲသော တရုတ်သည် လက်ရှိအချိန်ထိ ရောမပဋိညာဉ် နိုင်ငံများညီလာခံ တနည်း ICC အဖွဲ့ဝင်ညီလာခံများတွင် လေ့လာသူအဖြစ် တက်ရောက်နေပြန်သည်။
6- အဘယ်ကြောင့် တရုတ်သည် ICC ဖြစ်စဉ်တွင် ထိုသို့ဖြစ်နေရသနည်း ဆိုပါလျှင်
a- တရုတ်အနေဖြင့် ICC သည် နိုင်ငံတကာရာဇဝတ်မှုကို ကိုင်တွယ်ရာတွင် (Voluntary Jurisdiction) ဆိုသည့် စေတနာ့ဝန်ထမ်း သဘောလောက်သာ အာဏာတည်စေချင်သည်။ ရာဇဝတ်မှုဖြစ်ပွားသော ပင်ရင်းနိုင်ငံ၏ သဘောဆန္ဒ (State Consent)အရဖိတ်ခေါ်ပါမှ စေတနာ့ဝန်ထမ်း သဘောမျိုးရှိစေချင်သည်။ သို့ရာတွင် အဖွဲ့ဝင်နိုင်ငံတော်တော်များများက နိုင်ငံတကာနှင့် ဆက်စပ်နေသော ပြင်းထန် ရာဇဝတ်မှုများအပေါ်ကိုင်တွယ်မှုသည် ကျင့်ဝတ်အရ ပြုကိုပြုလုပ်သင့်သောအရာ အျဖစ္ဘက္ကို ပိုရှူမြင်ကာ စေတနာ့ဝန်ထမ်း သဘောမျိုးထက် မူလအာဏာ (Automatic Jurisdiction)ကို ပိုပေးလိုက်သည်။ လက်ရှိ ရောမပဋိညာဉ် ပုဒ္မ (5) သည် ICC အနေဖြင့် နိုင်ငံတကာနှင့် ဆက်စပ်နေသော ပြင်းထန် ရာဇဝတ်မှုများအပေါ်တွင် သက်ရောက်သည်ဟုပြဌာန်းထားသည်။ မည်သည့်နေရာ၊ မည်သည့်အချိန်တွင် ဖြစ်သည့် ကိစ္စဟုလည်း ပြဌာန်းမထားပေ။ ဤသို့ လုပ်ရပ်အပေါ်လွမ်းခြုံမှုကို တရုတ်သည်ကြိုက်ပုံမရပေ။ ထိုပုဒ္မ (5) တွင်ပင် နိုင်ငံတကာနှင့် ဆက်စပ်နေသော ပြင်းထန်ရာဇဝတ်မှုများအား
(a) The crime of genocide; (လူမျိုးတုန်းအောင်လုပ်ခြင်း)
(b) Crimes against humanity;(လူသားဖြစ်မှုအပေါ် ပြစ်မှုကျူးလွန်ခြင်း)
(c) War crimes;(စစ်ရာဇဝတ်မှုများ)
(d) The crime of aggression.(ငြိမ်းချမ်းမှုအပေါ် ဖျက်ဆီးသော ပြစ်မှု) စသဖြင့် ဖော်ပြထားသည်။ ပဋိညာဉ်၏ ပုဒ္မ (11) နှင့် (12) တို့တွင် ပဋိညာဉ်အဖွဲ့ဝင်မဟုတ်သော နိုင်ငံမှလည်း တရားရုံး၏ စီရင်ခွင့်အားကိုင်တွယ်နိုင်သောပုံစံများကို ဖော်ပြထားသည်။
b- ရောမပဋိညာဉ်၏ ရာဇဝတ်မှုအပေါ် အဓိပ္ပါယ်ဖွင့်ဆိုချက် (Definition of Crimes) အပေါ်တွင် တရုတ်အနေဖြင့် သိပ်အမြင်မကြည်ပေ။ အထူးသဖြင့် လူမဆန်သော ရာဇဝတ်မှု (Crimes Aganist Humanity) အပေါ်ဖွင့်ဆိုချက်သည် နိုင်ငံတနိုင်ငံ၏ ပြည်တွင်းရေးအား ဝင်ရောက်စွက်ဖက်မှုဘက်ကို ရောက်နိုင်သည်ဟု တရုတ်ကရှူမြင်သည်။ ICC ပဋိညာဉ်၏ ပုဒ္မ 6၊ 7၊ 8 များသည် လူမျိုးတုန်းအောင်ပြုမှု၊ လူသားဖြစ်မှုအပေါ် ပြစ်မှုကျူးလွန်ခြင်းနှင့် စစ်ရာဇဝတ်မှုများကို အဓိပ္ပါယ်ဖွင့်ဆိုထားသည့် ပုဒ်မများဖြစ်သည်။ ငြိမ်းချမ်းမှုအပေါ် ဖျက်ဆီးသောပြစ်မှုနှင့်ပတ်သက်၍ အသေးစိတ်အဓိပ္ပါယ်ဖွင့်မှုက ရောမပဋိညာဉ်တွင်မရှိပေ။ ငြိမ်းချမ်းမှုအပေါ် ဖျက်ဆီးသောပြစ်မှုအား အဖွဲ့ဝင်နိုင်ငံများသည် "အဆိုပြုနိုင်ခွင့်" ရှိပြီး ၎င်းအဆိုပြုခွင့်အား ပဋိညာဉ်တွင် ထည့်သွင်းသင့်မသင့်အား ပဋိညာဉ်အားပြင်ဆင်ခြင်းပုဒ်မ (121) ဖြင့်လည်းကောင်း၊ ပဋိညာဉ်အား 7 နှစ်နေရင်တကြိမ် ပြန်လည်သုံးသပ်ခြင်းပုဒ်မ (123)ဖြင့်လည်းကောင်း တွဲစပ်ထားသည်။ မည်သည့်ကိစ္စမှာ နိုင်ငံတကာအဆင့် ပြင်းထန်ရာဇဝတ်မှုဖြစ်သည်ဆိုသောအပိုင်းတွင် ပဋိညာဉ်ပုဒ်မ (9) အရ အဖွဲ့ဝင်နိုင်ငံအားလုံး၏ သုံးပုံနှစ်ပုံထောက်ခံချက်ဖြင့် ဆုံးဖြတ်သည်။ ထိုသို့ဆုံးဖြတ်ရန်အတွက် အဆိုတင်နိုင်ခွင့်မှာ အဖွဲ့ဝင်တနိုင်ငံချင်းစီတွင်ရှိသည်။ ထိုပြင် တရားသူကြီးအများစုဆန္ဒတွင်လည်းရှိသည်။ ထိုပြင် ဆွဲချရှေ့နေတွင်လည်းရှိသည်။
c- ICC ၏ ဆွဲချရှေ့နေ (Prosecutor) ၏ လွတ်လပ်သော လုပ်ပိုင်ခွင့်ပေးမှုအား တရုတ်က ကန့်ကွက်သည်။ ထိုလုပ်ပိုင်ခွင့်အား ပိုမို၍ ထိန်းကျောင်းမှု (Check and Balance) ရှိသင့်သည်ဟု တရုတ်ကဆိုသည်။ ICC ပဋိညာဉ်တွင် ဆွဲချရှေ့နေအား အဖွဲ့ဝင်နိုင်ငံတနိုင်ငံက လွဲပြောင်းခြင်း၊ လုံခြုံရေးကောင်စီမှလွဲပြောင်းခြင်း တို့အား ကိုင်တွယ်ဆောင်ရွက်ခွင့်အားပေးထားသည်။ ပဋိညာဉ်၏ ပုဒ္မ 13 နှင့် 15 တို့တွင် ICC ဆွဲချရှေ့နေ၏ လုပ်ပိုင်ခွင့်များပါရှိသည်။ ICC ဆွဲချရှေ့နေအနေဖြင့် အမှုတစ်ခုအပေါ် စုံစမ်းသင့်သည်ဟု ထင်မြင်ယူဆပါက ထိုကိစ္စရပ်အားစုံစမ်းနိုင်သည်။ စုံစမ်းပြီးနောက် Pre Tial Chamber တရားသူကြီးထံတင်ပြရသည်။ Pre Tial Chamber တရားသူကြီးမှ ဆွဲချရှေ့နေတင်ပြသော ကိစ္စရပ်သည် ICC ၏ စီရင်ပိုင်ခွင့်တွင်ရှိမရှိ ဆုံးဖြတ်သည်။ Pre Tial Chamber က ICC၏ စီရင်ပိုင်ခွင့်ရှိသည်ဟု ဆုံးဖြတ်လျှင် အမှု၏လုပ်ငန်းစဉ်သည် ရှေ့ဆက်လာသည်။ စီရင်ခွင့်မရှိဟုဆုံးဖြတ်လျှင် ထိုအမှုသည်ရပ်တန့်သွားသည်။ ပဋိညာဉ်၏ ပုဒ္မ (16) အရ ကုလသမဂ္ဂလုံခြုံရေးကောင်စီက ICC ဆွဲချရှေ့နေစုံစမ်းနေသော ကိစ္စရပ်သည် UNSC ၏ ကိုင်တွယ်မှုအောက်တွင်ရှိနေသည်ဟု အကြောင်းကြားပါက ICC ဆြဲခ် ရှေ့နေသည် ထိုကိစ္စအား စုံစမ်းမှုကို အကြောင်းကြားသည့်အချိန်မှ 12 လအတွင်း စုံစမ်းစစ်ဆေးမှုမလုပ်ရချေ။
d- ကုလသမဂ္ဂပဋိညာဉ်နှင့် ရောမပဋိညာဉ်ကြားတွင် ပွတ်တိုက်လွန်ဆွဲမှုမဖြစ်စေရန်တရုတ်ကလိုလားသည်။ ဤအချက်၌ တရုတ်လိုလားသော ကုလသမဂ္ဂ၏ ပဋိညာဉ်ဟုဆိုရာတွင် ၎ ဗီတိုသုံးနိုင်သော လုံခြုံရေးကောင်စီ၏ အခန်းကဏ္႑ကို ရည်ညွှန်းခြင်းဖြစ်သည်။ ICC ဆွဲချရှေ့နေအနေဖြင့် နိုင်ငံဖြစ်စေ၊ မည်သည့်လူပုဂ္ဂိုလ်၊ မည်သည့်အဖွဲ့အစည်းထံမှ မဆိုအချက်အလက်များကို အခြေခံ၍ အမှုအားစုံစမ်းသင့်သည်ဟု ယူဆပါက စုံစမ်း၍ အမှုတွဲတည်ဆောက်နိုင်မှုသည် တဖက်တွင် UNSC ဘက်မှ အမှုကိုလွဲပြောင်းသည်ဖြစ်စေ၊ မလွဲပြောင်းသည်ဖြစ်စေ အမှုအားကြားနာခွင့်ရှိနေခြင်းကြောင့်ဖြစ်သည်။ ပဋိညာဉ်ပုဒ်မ 16 အရ ICC ဆြဲခ်အား မကိုင်တွယ်စေချင်သော ရာဇဝတ်မှုနှင့် သက်ဆိုင်သည့် ကိစ္စရပ်အား ကုလလုံခြုံရေးကောင်စီ UNSC ကိုယ်တိုင်ကကိုင်တွယ်ထားရမည်ဖြစ်ပြီး ထိုသို့ကိုင်တွယ်နေသည့် 12 လအတွင်း ICC ဆွဲချရှေ့နေသည် ထိုကိစ္စအား ကိုင်တွယ်မှုအား ဆိုင်းငံရထားရသည်။ သို့သော် 12 လနောက်ပိုင်း အဆိုပါပြင်းထန်ရာဇဝတ်မှုနှင့် ပတ်သက်၍ ကိုင်တွယ်မှုမဟုတ်ပါက ICC ဆွဲချရှေ့နေတွင် ထိုအမှုအားပြန်စုံစမ်းခွင့်ရှိလာသည်။ ထိုအချက်သည် တရုတ်အနေဖြင့် ၎၏ ဗီတိုအား ကျော်လွန်သည့်အရာဟု မြင်မည်ဖြစ်သည်။ UNSC အား ပြန်လည်ချည်နှောင်သည့် ယန္တယားအဖြစ်လည်းရှုမြင်မည်ဖြစ်သည်။ ICC ပဋိညာဉ် ပုဒ္မ (16) အရဆိုပါက UNSC သည် နိုင်ငံတကာအဆင့်ပြင်းထန်ရာဇဝတ်မှုအား ICC ဆွဲချရှေ့နေအား မကိုင်တွယ်စေလိုလျှင် ၎င်းကိုယ်တိုင် ICJ ကိုဖြစ်စေ၊ အခြားနိုင်ငံတကာတရားရုံးတစ်ခုကိုဖြစ်စေ သို့မဟုတ် ထိုကိစ္စရပ်အားကိုင်တွယ်ရန် ယာယီနိုင်ငံတကာတရားရုံးတစ်ခုကိုဖြစ်စေ ကိုင်တွယ်ရန်လုပ်ရမည့်သဘောဖြစ်နေသည်။
အကျဉ်းချုပ်ရလျှင် တရုတ်သည် ရောမပဋိညာဉ်ဖြစ်စဉ်တွင် ICC အနေဖြင့် ပင်ရင်းနိုင်ငံ၏ သဘောတူညီချက် သို့မဟုတ် ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ သဘောတူညီချက် ဆိုသည့်အနေအထားအောက်တွင်ရှိစေချင်သည်။ ICC ဆွဲချရှေ့နေ၏ လွတ်လပ်သောလုပ်ပိုင်ခွင့်၊ ICC အား မူလစီရင်ခွင့်အာဏာပေးမှုတို့သည် နိုင်ငံတစ်ခု၏ ပြည်တွင်းရေးကို ဝင်စွက်နိုင်ပြီး ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ အခန်းဂဏ္႑ကိုလည်း မျက်ကွယ်ပြုသလိုဖြစ်နေသည်။ သို့ရာတွင် ကျန်အဖွဲ့ဝင်နိုင်ငံအများစု၏ အမြင်၌ ကုလသမဂ္ဂ UNSC သည် ဗီတိုအာဏာအတားအဆီးဖြစ်သည်။ ကုလသမဂ္ဂ UNSC ၌ ကျန်နိုင်ငံများက မည်မျှပင် သဘောတူနေစေကာမူ ဗီတိုပိုင်သော နိုင်ငံတနိုင်ငံက ကန့်ကွက်လျင် ရှေ့ဆက်မရတော့ပေ။ ရောမပဋိညာဉ်၏ အဖွဲ့ဝင်နိုင်ငံများ၏ နယ်မြေများနှင့် အဖွဲ့ဝင်နိုင်ငံမဟုတ်သည့်တိုင်အောင် ICC ၏ စီရင်ချက်ကို လက်ခံသော နိုင်ငံ၏နယ်မြေများတွင် ရာဇဝတ်မှုဖြစ်ပွားပါက ထိုကိစ္စရပ်အား ကိုင်တွယ်နိုင်ရန်အတွက် ICC ကိုတည်ထောင်ခြင်းဖြစ်သည်။ သို့ဖြစ်၍ ICC ဆွဲချရှေ့နေ၏ လွတ်လပ်သောလုပ်ပိုင်ခွင့်နှင့် ICC အား မူလစီရင်ခွင့်အာဏာတို့ကို ပေးကိုပေးရမည်ဟု ရှူမြင်သည်။ ICC အနေဖြင့် ရောမပဋိညာဉ်ကိုလက်ခံသောနိုင်ငံ သို့မဟုတ် ရောမပဋိညာဉ်ကို လက်မခံသော်လည်း ICC၏ စီရင်မှုကို လက်ခံသည့် နိုင်ငံ၏ အချုပ်အခြာအာဏာအောက်တွင်ရှိနေသော မြေပြင်၊ ရေပြင်၊ ဝေဟင်ပေါ်တွင် နိုင်ငံတကာအဆင့် ပြင်းထန်ရာဇဝတ်မှုများကို ကိုင်တွယ်မည်ဖြစ်သည်။ ရိုဟင်ဂျာ အရေးကိစ္စတွင် ရာဇဝတ်မှုကျူးလွန်ခံရသူများသည် ICC အဖွဲ့ဝင် ဘင်္ဂလားဒေရ့ှ်နိုင်ငံထဲ ရောက်ရှိသွားခြင်း၊ ဘင်္ဂလားဒေရ့ှ်သည် ရိုဟင်ဂျာအရေးကိစ္စနှင့်ပတ်သက်၍ တိုက်ရိုက်ခံစားနေရခြင်း၊ ရိုဟင်ဂျာများအပေါ် ကျူးလွန်ခံရမှုသည် နိုင်ငံတကာအဆင့်ပြင်းထန်ရာဇဝတ်မှုမျိုးဖြစ်သည်ဟု ICC အဖွဲ့ဝင်များပါသော ညီလာခံမွ အတည်ပြုခြင်း၊ ICC ရှေ့နေဆွဲချ မွ စုံစမ်းစစ်ဆေးသင့်သည်ဟု ထင်မြင်ယူဆခြင်း တို့ကြောင့် မြန်မာသည် ICC ၏ စီရင်ချက်အား လက်မခံသော်လည်း ICC ၏ ကိုင်တွယ်မှုကို ခံနေရခြင်းဖြစ်သည်။ အမှုအားဖြင့် ရိုဟင်ဂျာအရေးတွင် ICC ၏ ကိုင်တွယ်မှုသည် ဘင်္ဂလားဒေရ့ှ်နယ်မြေတွင် ရောက်ရှိနေသော ပြစ်မှုကျူးလွန်ခံရသည့် ရိုဟင်ဂျာများကို အခြေခံထားသည်။ ဖိလစ်ပိုင်သည် နောက်ပိုင်းတွင် ICC အဖွဲ့ဝင်အဖြစ်မှ နုတ်ထွက်ထားသည်။ သို့ရာတွင် ဒူတာတေးအား အရေးယူရန်အတွက် ICC ၏ စီရင်မှုအားလက်ခံကြောင်း ဖိလစ်ပိုင်မှ ကြေငြာလိုက်သည်။ ဤအချက်ဖြင့် ဒူတာတေးသည် ICC ၏ ကိုင်တွယ်မှုအောက်ကို ရောက်ရှိသွားသည်။ အမှုအားဖြင့် ဖိလစ်ပိုင် ကိစ္စရပ်တွင် ICC ၏ ကိုင်တွယ်မှုသည် "ဒူတာတေး၏ ကျူးလွန်မှု" အပေါ်တွင်သက်ရောက်နေခြင်းဖြစ်ပြီး ဖိလစ်ပိုင်အစိုးရမှ မလွဲပြောင်းသော ကျန်မှုခင်းများအပေါ်တွင် မသက်ရောက်သေးချေ။ ရိုဟင်ဂျာကိစ္စတွင်လည်းကောင်း၊ ဒူတာတေးကိစ္စတွင်လည်းကောင်း တရုတ်ဘက်က ICC ၏ ပဋိညာဉ်အရ ထိုကိစ္စများကို ကိုင်တွယ်ခွင့်မရှိဟု မပြောပေ။ "နိုင်ငံတစ်နိုင်ငံ၏ အချုပ်အခြာအာဏာ"အား လေးစားရန်နှင့် ICC ယန္တယားအား နိုင်ငံရေးလက်နက်အဖြစ် အသုံးမချကြရန် စသဖြင့်သာ ပြောဆိုခ့ဲထားခ့ဲသည်။
အမှန်တော့ လက်ရှိ ICC ပဋိညာဉ်သည် တရုတ်အဆိုပြုခ့ဲသောအချက်များကိုလည်း ထည့်သွင်းထားသလို တရုတ်မကြိုက်သော အချက်များကိုလည်း ထည့်သွင်းထားခြင်းပင်ဖြစ်သည်။ တရုတ်သည်လည်း ICC ပဋိညာဉ်အား ကန့်ကွက်မဲပေးကာ လုံးဝကျောခိုင်းသည့်အလုပ်ကိုမလုပ်ခ့ဲပေ။ ICC ၏ လေ့လာသူနေရာတွင်ရှိနေကာ ICC ညီလာခံကိုတက်နေတော့သည်။ ဤအခ်က္က တရုတ်သည် ICC နှင့်ပတ်သက်၍ လျိုပေါက် ယိုပေါက်များကို သိထားသည် သို့မဟုတ် အဆိုပါ လျိုပေါက် ယိုပေါက်များမှနေ၍ ချည်နှောင်ခံရနိုင်သော အချက်များကိုလည်း သိထားသည် ကိုပြနေခြင်းပင်ဖြစ်သည်။ ဤအချက်များက ICC အခင်းအကျင်းနှင့် ပတ်သက်၍ တရုတ်၏ ချဉ်းကပ်မှုအား ဥပမာသေဘာ ပြခြင်းသာဖြစ်သည်။ အခြားသော နိုင်ငံတကာအခင်းအကျင်းများတွင်လည်း တရုတ်သည် ပုံစံအမျိုးမျိုးဖြင့် ထိတွေ့ထားနိုင်ပါသေးသည်။
China & ICC ဇယား (1)၊ (2)
IOMed သို့မဟုတ် တရုတ်ဦးဆောင်သော နိုင်ငံတကာညိ့ှနှိုင်းဖြန့်ဖြေပေးရေးအဖွဲ့
2024 ခုနှစ် အောက်တိုဘာလ (14) ရက်မှ (17)ရင်အထိ International Organization for Mediation (IOMed) တည်ထောင်ခြင်းဆိုင်ရာ ကွန်ဗင့်ရှင်းနှင့် ပတ်သက်၍ 5 ကြိမ်မြောက်ဆွေးနွေးခ့ဲကြောင်း၊ အဆိုပါ ကွန်ဗင့်ရှင်းအား အပြီးသတ်လက်မှတ်ထိုးပွဲအား 2025 ခုနှစ် မေလ (30) ရက်နေ့တွင် ဟောင်ကောင်၌ကျင်းပခ့ဲရာ အာရှ၊ အာဖရိက၊ ဥေရာပ၊ လက်တင်အမေရိကဘက်မှ နိုင်ငံပေါင်း (33) နိုင်ငံက လက်မှတ်ရေးထိုးခ့ဲကြောင်း စသဖြင့် (www.international_mediation.org) တွင်ဖော်ပြထားပါသည်။ တရုတ်တို့၏ အဆိုအရ (IOMed) သည် နိုင်ငံတကာအင်စတီကျူးရှင်းများကြားက ကွာဟချက်များကို ညိ့ှနှိုင်းရန်အပါအဝင် ပဋိပက္ခဖြန့်ဖြေရေးတို့အတွက်လည်း ထိရောက်သော အင်စတီကျူးရှင်းတစ်ခုဖြစ်လာရန် ရည်ရွယ်ထားသည်ဟုဆိုပါသည်။ IOMed ၏ ရုံးချုပ်အား ဟောင်ကောင်တွင် ဖွင့်ထားပြီး လုပ်ငန်းမှာ 2025 ခုနှစ်နောက်ပိုင်းနှင့် 2026 ခုနှစ် အစောပိုင်းလောက်တွင် လည်ပတ်နိုင်မည်ဟုလည်း ဆိုပါသည်။ IOMed သည် တောင်ကမ်ဘာခြမ်း ဖွံ့ဖြိုးဆဲနိုင်များ၏ ငြိမ်းချမ်းမှုနှင့် တိုးတက်မှုကို ဖော်ဆောင်နိုင်မည်ဟုလည်း တရုတ်က ဆိုပါသည်။ Global Times ၏ အဆိုအရ IOMed သည် နိုင်ငံအချင်းချင်းကြား အငြင်းပွားမှု၊ ရင်းနှီးမြုပ်နှံမှုဆိုင်ရာကိစ္စရပ်နှင့် ပတ်သက်၍ နိုင်ငံတစ်နိုင်ငံနှင့် အခြားနိုင်ငံ၏ ပြည်သူလူထုကြားတွင်အငြင်းပွားမှု၊ နိုင်ငံတကာ စီးပွားရေးဆိုင်ရာကိစ္စရပ်များကြား အငြင်းပွားမှုများကို ညိ့ှနှိုင်းအဖြေရှာရန်အတွက် ဖွဲ့စည်းခြင်းဖြစ်သည်ဟုဆိုပါသည်။ ဤတွင် "ရင်းနှီးမြုပ်နှံမှုဆိုင်ရာကိစ္စရပ်နှင့် ပတ်သက်၍ နိုင်ငံတစ်ခုနှင့် အခြားနိုင်ငံ၏ ပြည်သူလူထုကြားတွင် အငြင်းပွားမှု" ဟူသော အဓိပ္ပါယ်သည် မည်၍မည်မျှထိ ရည်ရွယ်သည်ကိုတော့မသိနိုင်ပေ။ တရုတ်၏ ရင်းနှီးမြုပ်နှံမှုများသည် နိုင်ငံတော်တော်များများတွင် ကျင့်ဝတ်ပိုင်းအရ ပြဿနာရှိသည်။ ရင်းနှီးမြုပ်နှံမှုကိုလက်ခံထားသည့် ပြည်သူလူထုကြားထဲတွင် နာမည်ကောင်းတော့မထွက်ခ့ဲသည့် ဖြစ်စဉ်များလည်းရှိထားခ့ဲပါသည်။ IOMed ၏ အေနအထားက လက်ရှိကမ်ဘာအခင်းအကျင်းနှင့် ဒေသတွင်းအခြေအနေများတွင် မည်သို့ပါဝင်လာမည်ကိုတော့ စောင်ကြည့်ရမည်ဖြစ်သည်။
IOMed ၏ ပုံများ
ကိုးကား
https://www.globaltimes.cn/page/202505/1335175.shtml
Comments
Post a Comment