ရဲဒင်းဆန်လာသော လခြမ်းငယ်

 ရဲဒင်းဆန်လာသော လခြမ်းငယ်


ဖိနှိပ်ခံနှင့် အာဏာရှင်


မကောင်းဆိုးဝါးကို တော်လှန်ရင်း မကောင်းဆိုးဝါးဖြစ်လာခြင်း ဆိုသည်မှာ လူလောကအတွက် သမိုင်းသင်ခန်းစာအရတော့ အထူးအဆန်းတော့မဟုတ်ပေ။ လူသားသမိုင်းတွင် အာဏာရှင်ကိုတော်လှန်ရင်း တော်လှန်သူကိုယ်တိုင်က အာဏာရှင်ဖြစ်သွားသည့် သင်ခန်းစာမျိုးက အခုအချိန်ထိ လတ်ဆတ်နေဆဲသာဖြစ်သည်။ "ကျားကြောက်၍ ရှင်ကြီးကိုး၊ ရှင်ကြီးက က်ားထက္ဆိုး" ဟုသော နှိုင်းရစကားပုံလိုပင်ဖြစ်သည်။ 


လူဟူသည် ဖောက်ပြန်တတ်သော ဓလေ့ရှိသည်။သို့ဖြစ်၍ လူဖြင့်တည်ဆောက်ထားသော မည်သည့်အရာမဆို ဖောက်ပြန်တတ်သည်။ **ဖောက်ပြန်မှုကို အားပေးသော အခြေအနေတစ်ခုအောက်တွင် ဖောက်ပြန်မှေုသည် ပေါ်ထွန်းလာတတ်သည်။** ဤတွင် ဖောက်ပြန်မှုကိုအားပေးသော အခြေအနေဆိုသည်မှာ အဘယ်နည်းဟု မေးစရာရှိလာသည်။ လူသားဗီဇနှင့်အုပ်ချုပ်ရေး ပုံစံအမျိုးမျိုး၏ ဆိုးကျိုး ကောင်းကျိုးအပေါ် ဆန်းစစ်တွေးခေါ်ဆန်းစစ်မှုသည် ဥရောပဉာဏ်သစ်ပွင့်ကာလတွင် ထွန်းကားလာခ့ဲသည်။ 


လူသည် ကောင်းမှုကိုလည်းပြုလုပ်တတ်သည်။ မကောင်းမှုကိုလည်းပြုလုပ်တတ်သည်။ သို့ရာတွင် လူဟူသည် ကောင်းမှုထက်မကောင်းမှုတွင် ပျော်တတ်သည်။ ရက်စက်တတ်သော သားရဲဗီဇမျိုးကရှိသည်။ သားရဲက့ဲသို့ အချင်းချင်းသတ်ဖြတ်လိုစိတ်၊ တပါးသူအား ဖိနှိပ်လိုစိတ်မျိုးသည်ရှိသည်။ ဤက့ဲသို့ အချင်းချင်းသတ်ဖြတ်ရက်စက်လိုစိတ် ပေါ်လာရန် အခွင့်အရေးပေးနေသော အခြေအနေမျိုးအောက်တွင် လူသားများသည် မငြိမ်းချမ်းနိုင်ပေ။ ငြိမ်းချမ်းတည်ငြိမ်လိုပါက အဆိုပါသားရဲစိတ်ဓာတ်မျိုးကို ထိန်းချုပ်ရမည်။ ထိုသို့ထိန်းချုပ်ရန် "လူအချင်းချင်းသည် ပဋိညာဉ်" ပြုရမည်။ ထိုပဋိညာဉ်အရ "လူတို့၏ ရက်စက်တတ်သော ဗီဇ" ကို ထိန်းချုပ်ရန် အာဏာကိုပေးထားရမည်။ အချုပ်အခြာအာဏာအား လူမှုပဋိညာဉ်ဖြင့် ဖန္တီးကာ ထိုအချုပ်အခြာအာဏာမှ လူသားမ်ား၏ သားရဲစိတ္ဓာတ္ကို ထိန်းချုပ်ရန်လိုသည်။ သောမတ်စ်ဟောဘီးစ်က  အချုပ်အခြာအာဏာအား လီဗီးယားသန် (Leviathan) နှင့် ခိုင်းနိုင်းပြခ့ဲသည်။ 


ဆိုလိုချင်သည်က "လူဟူသည် ဖောက်ပြန်တတ်သော ဓလေ့ရှိသည်။သို့ဖြစ်၍ လူဖြင့်တည်ဆောက်ထားသော မည်သည့်အရာမဆို ဖောက်ပြန်တတ်သည်။ သို့ဖြစ်၍ **ဖောက်ပြန်မှုကို အားပေးသော အခြေအနေတစ်ခုမျိုး ဖြစ်မလာရန် လူမှုပဋိညာဉ် ဖွဲ့စည်းပုံအခြေခံဥပဒေတရပ်လိုအပ်သည်** ဟူသော အတွေးအမြင်မျိုးသည် ဤကမ်ဘာကြီး၌ ခရစ်သက္ကရာဇ် (1600) ပြည့်လွန့်ကာလများတွင် ပေါ်ထွက်လာခ့ဲပြီဖြစ်သည်။ သောမတ်စ်ဟောဘီးစ် က လီဗီးယားသန် (Leviathan) စာအုပ္ကို 1658 ခုနှစ်တွင် ထုတ်ဝေခ့ဲပြီဖြစ်သည်။ 


အင်္ဂလန်၌ 1215 ခုနှစ်တွင် မဂ္ဂနာချာတာစာချုပ် ချုပ်သည့်အချိန်တွင် မြန်မာလူ့ဘောင်၌ ပုဂံဘုရင် ထီးလိုမင်းလိုမင်း အုပ်ချုပ်နေချိန်ဖြစ်သည်။ ရခိုင်လူ့ဘောင်၌ကား လေးမြို့ခေတ်ကာလ မငြိမ်မသက်ဖြစ်နေချိန်ဖြစ်သည်။ ရခိုင်ရာဇဝင်အချို့၌ကား လက်ယာ (1) အုပ်ချုပ်ချိန်ဟုလည်း ဆိုကြပါ၏။ မဂ္ဂနာချာတာစာချုပ်ဖြစ်ပေါ်ပြီး နောက်နှစ်ပေါင်းသုံးရာကျော်အကြာ 1639 ခုနှစ်တွင် အင်္ဂလန်ပြည်၌ ပြည်တွင်းစစ်ဖြစ်ခ့ဲသည်။ သမိုင်းဆရာများက အင်္ဂလန်ပြည်တွင်းစစ်အား 1642 ခုနှစ်မှ 1651ခုနှစ်အထိ သုံးပိုင်းခွဲ၍ မှတ်တမ်းတင်ထားပါ၏။ အဆိုပါ အင်္ဂလန်ပြည်တွင်းစစ်ဖြစ်နေချိန်တွင်ပင် မြန်မာ့လူ့ဘောင်၌ တောင်ငူမင်းဆက် သာလွန်မင်း (1629- 1648)၊ ပင်းတလဲမင်း (1648- 1661) တို့လက်ထက်ဖြစ်ပြီး ရခိုင်လူ့ဘောင်၌ကား မြောက်ဦးခေတ် မင်းစနေ (1638-1645)၊ ကဝီဇော်ဂျီ  (1545-1652) တို့လက်ထက်ဖြစ်သည်။ ဤမ်ွအထိ ယဉ်ကျေးမှုတို့သည်ကွာဟခ့ဲပါ၏။


သောမတ်စ်ဟောဘီးစ် ၏ Leviathanသည် အစ္စရေးဘာသာအရ (လာဗာ Lavah= ချေးငှါးပေးလိုက်ခြင်း)နှင့် (သန်နင် Thannin=နဂါး) ဟူသောစကားလုံးကို ပေါင်းထားခြင်းဖြစ်သည်။ အချုပ်အခြာအာဏာအား လူထုမွ ချေးငှါးပေးထားသော အစွန်ထက်အန္တရာယ်များသည့် နဂါးနှင့် ခိုင်းနှိုင်းထားခြင်းဖြစ်သည်။ သောမတ်စ်ဟောဘီးစ် က အင်္ဂလန်ပြည်တွင်းစစ်ကာလ မငြိမ်မသက်မှုကိုကြည့်ကာ လီဗီးယားသန္ကို ရေးခ့ဲခြင်းဖြစ်သည်။ သာလွန်မင်း၊ ပင်းတလဲမင်း၊ မင်းစနေ၊ ကဝီဇော်ဂျီစသည့် ပဒေသရာဇ်များထက် မဂ္ဂနာချာတာသည် နှစ်ပေါင်း သုံးရာကျော်အသက်ကြီးသေးသည်။ လီဗီးယားသန္က အဆိုပါ ဗမာပဒေသရာဇ်၊ ရခိုင်ပဒေသရာဇ်များနှင့် ခေတ်ပြိုင်ပင်ဖြစ်သည်။ 


ဆိုလိုချင်သည်က ပြည်သူလူထုသည် အချုပ်အခြာအာဏာဖြစ်သည်ဆိုသော အတွေးအခေါ်သည် အင်္ဂလန်၌ထွန်းကားနေချိန်တွင် ဗမာ၊ရခိုင်လူ့ဘောင်၌ကား "မင်းကြီးများဘုရားနှင့် ဘုရားကျွန်တော်မျိုး" အတွေးအခေါ်က အားကောင်းနေကာ အချုပ်အခြာအာဏာအားကန့်သတ်ရန်ဆိုသောအချက်ကို တွေးတောင်မတွေးရဲသည့် ကွာခြားချက်ကို လှစ်ပြလိုရင်းဖြစ်သည်။ သမိုင်းဟူသည် မိမိအတိပ္ကိုမွ မိမိအနာဂတ်အတွက် သင်ခန်းစာယူရသည်မဟုတ်၊ သူတပါး၏ အတိပ်ကိုလည်း မိမိအနာဂတ်အတွက် သင်ခန်းစာယူရန်လိုပါ၏။ 


လူသားသမိုင်းအရ ဩဇာအာဏာလုပ်ပိုင်ခွင့်အား လူတစ်ဦးတစ်ယောက် သို့မဟုတ် တစ်စုတဖွဲ့ထဲတွင် စုပုံပေးထားပါက လူ့ဘောင်တစ်ခုအတွက် အန္တရာယ်များလွန်းလှသည်ကို ဖော်ပြနေပါသည်။ 


သို့ဖြစ်၍ အမေရိကန်ကိုတည်ထောင်သူဖခင်များထဲမှ တစ်ဦးဖြစ်ပြီး အမေရိကန် ဖွဲ့စည်းပုံအခြေခံဥပဒေကို ရေးသားသူများထဲမှတစ်ဦးဖြစ်သူ သောမတ်စ်ဂျက်ဖာဆင်က " လူဟူသည် မိမိကိုယ်ကိုအုပ်ချုပ်မည်လား သို့မဟုတ် လက္တစ္ဆုတ္စာလူတစ္စု၏ အုပ်ချုပ်မှုအောက်တွင်နေမည်လားဆိုသော အချက်နှင့် ရင်ဆိုင်နေရသည်မှာ သမိုင်းတလျောက်မှ ယနေ့အချိန်ထိ ဖြစ်သည်" ဟုပြောခ့ဲခြင်းဖြစ်သည်။ ထိုအပြင် သောမတ်စ်ဂျက်ဖာဆင်ကပင် " မည်သည့်အုပ်ချုပ်ရေးပုံစံဖြစ်စေ အသက်၊ လွတ်လပ်မှုနှင့် ပျော်ရွှင်မှုအား အဟန်အတားဖြစ်လာပါက လူထု၏ တာဝန်မှာ ထိုအုပ်ချုပ်ရေးအား ဖျက်သိမ်းကာ အုပ်ချုပ်ရေးအသစ်ကို အစားထိုးရမည်ဖြစ်သည်" ဟူ၍ ပြောခ့ဲခြင်းဖြစ်သည်။ ထိုအတူ သောမတ်စ်ဂျက်ဖာဆင်ကပင် " လူထု၏ တန်ပြန်ခုခံနိုင်မှုကို တချိန်ပြီး တချိန် အုပ်ချုပ်သူများအား အသိမေပးဘဲ မည်သည့်နိုင်ငံသားမှ သူ၏ လွတ်လပ်မှုကို တာရှည်အောင်ပြုလုပ်နိုင်ပါမည်နည်း။ သို့ဖြစ်၍ နိုင်ငံသားများကို လက်နက်ကိုင်ဆောင်ခွင့် ပေးလိုက်ပါ" ဟုပြောခ့ဲခြင်းဖြစ်သည်။ သောမတ်စ်ဂျက်ဖာဆင်ကား အမေရိကန်ပြည်ထောင်စု၏ တတိယမြောက်သမ္မတအဖြစ် (1801) ခုနှစ်မှ (1809) ခုနှစ်အထိ ထမ်းဆောင်ခ့ဲသူဖြစ်သည်။ ဂျက်ဖာဆန်သမ္မတလုပ်နေချိန်တွင် မြန်မာလူ့ဘောင်၌ ကုန်းဘောင် ပဒေသရာဇ်ကာလဖြစ်သည်။ အမေရိကန်သည်ကား 1776 ခုနှစ်တွင် လွတ်လပ်ရေးရခ့ဲသည်။ သောမတ်စ်ဂျက်ဖာဆင်လို ခေါင်းဆောင်မျိုး အမေရိကန်လူ့ဘောင်၌ သမ္မတဖြစ်နေချိန်တွင် ဗမာလူ့ဘောင်၌ ရှင်ဖြူရှင်ကွယ်လွန်၍ စဥ့်ကူမင်း ဘုရင်လုပ်နေချိန်ဖြစ်သည်။ ရခိုင်လူ့ဘောင်၌ကား မြောက်ဦးခေတ် နေဝင်ချိန် စန္ဒဝိမလ (2) ကွယ်လွန်၍ စန္ဒသာတိသ ဘုရင်ဖြစ်လာချိန်ဖြစ်သည်။ အမေရိကန် လွတ်လပ်ရေးကြေငြာပြီးနောက် ကိုးနှစ်အကြာ (1784-85) တွင် ဘိုးတော်မောင်ဝိုင်းလက်အောက်သို့ ရခိုင်ကျရောက်ခ့ဲသည်။ ရခိုင်ပြည် ဗမာလက်အောက်သို့ကျရောက်ပြီး နောက် နှစ်တရာအကြာ 1885 ခုနှစ်တွင် ဗမာကုန်ဘောင်ပဒေသရာဇ်သည်လည်း ဗြိတိန်လက်အောက်သို့ကျရောက်ခ့ဲသည်။ 


သောမတ်စ်ဂျက်ဖာဆန်က ပြည်သူ့အချုပ်အခြာအာဏာကို ပြောနေချိန်တချိန်တည်းတွင် ဗမာလူ့ဘောင်နှင့် ရခိုင်လူ့ဘောင်တို့တွင်ကား "ဘဝရှင်မင်းတရားကြီး" အတွေးအမြင်က အားကောင်းတုန်းရှိသေးသည်ပင်။ထိုအချိန်က ဒီမိုကေရစီ၊ လွတ်လပ်ခွင့်၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ဟူသည်ကား ဗမာလူ့ဘောင်နှင့် ရခိုင်လူ့ဘောင်အတွက် ဝေလာဝေးပင်ဖြစ်သည်။ 


အထက်ပါသမိုင်းစဉ်များကို ပြောနေခြင်းမှာ အခြားမဟုတ်ပေ။ အာဏာ၏ သဘောနှင့် အာဏာ၏ ဆိုးဝါးမှုကို အနည်းငယ်ခြုံငုံမိစေရန် ဖော်ပြနေခြင်းဖြစ်သည်။ ပေဒသရာဇ္ကာလ လူ့ဘောင်တစ်ခုသည် မည်သောအခါမှ လူအချင်းချင်းတန်းတူညီမျှမှုနှင့် လူ့အခွင့်အရေးကို မရနိုင်ဆိုသော အချက်ကိုရည်ညွှန်းလိုရင်းဖြစ်သည်။ အာဏာကို လူတစ်ဦး လူတစ်စုလက်ထဲတွင် ထားပါက ထိုသို့ဖြစ်နေမည်သာဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ပဒေသရာဇ်လူ့ဘောင်သည်လည်း အာဏာကို လူတစ်ဦး လူတစ်စုလက်ထဲတွင် ထည့်ထားသောကြောင့်ဖြစ်သည်။ ဗမာလူ့ဘောင်၊ ရခိုင်လူ့ဘောင်၏ အာဏာအပေါ် ဆန်းစစ်မှုသည် အနောက်ကမ်ဘာနှင့်ယှဉ်ပါက အလွန်နောက်ကျခ့ဲသည်ကို တပ်လှန့်ခြင်းလည်းဖြစ်သည်။ 


သောမတ်စ်ဂျက်ဖာဆန်နှင့် ခေတ်ပြိုင် အမေရိကန်ဖွဲ့စည်းပုံကို ရေးသားသူများထဲတွင် တစ်ဦးဖြစ်သူ ဂျိမ်းစ်မက််ဒီဆင်က " အုပ်ချုပ်သူတိုင်းအား လူထု၏အတွေးအမြင်ဖြင့် ဘောင်ခတ်ထားရမည်ဖြစ်ပြီး ထိုသို့ဘောင်ခတ်ထားပါမှ လွတ်လပ်သော တိုင်းသူပြည်သားတစ်ယောက်ချင်းစီ၏ စစ်မှန်သော အချုပ်အခြာအာဏာဖြစ်မည်" ဟုဆိုခ့ဲခြင်းဖြစ်သည်။ ဂျိမ်းစ်မက်ဒီဆင်ကပင် " ဖိနှိပ်သူများသည်  အမြဲတန်းစစ်တပ်ကိုပိုင်လာသည့်အခါ၊ ပြည်သူအား ကျေးကျွန်ဇတ်သွင်းသည့်အခါ၊ ပြည်သူ့အား လက်နက်မ့ဲစေသောအခါ ကြမ်းကြုတ်ရက်စက်မှုကိုပြတော့သည်" ဟုဆိုခ့ဲခြင်းဖြစ်သည်။ ဂျိမ်းစ်မက်ဒီဆင်သည်လည်း သာလွန်မင်း၊ ပင်းတလဲမင်း၊ မင်းစနေ၊ ကဝီဇော်ဂျီစသည့် ဗမာပဒေသရာဇ်၊ ရခိုင်ပဒေသရာဇ်များနှင့် ခေတ်ပြိုင်ဖြစ်သည်။ 


အမေရိကန်၏ ဖွဲ့စည်းပုံအခြေခံဥပဒေကိုရေးသားသူများနှင့် အမေရိကန်အားတည်ထောင်သူဖခင်များသည် တော်လှန်သူများဖြစ်ကြသည်။ ၎င်းတို့၏ တော်လှန်မှုသည် အမေရိကန်လူ့ဘောင်ကိုသာ ထွန်းတောက်စေခ့ဲသည်မဟုတ်၊ အခြားသော လူ့ဘောင်များကိုလည်း ထွန်းတောက်စေရန် အင်အားများဖြစ်စေခ့ဲသူများဖြစ်သည်။ တော်လှန်ရေးဟူသည် အတွေးအမြင်ကအစ ပြုပြင်ပြောင်းလဲယူနိုင်ခြင်းဖြစ်သည်။ 


အမေရိကန်၏ ဖွဲ့စည်းပုံအခြေခံဥပဒေကိုရေးသားသူများနှင့် အမေရိကန်အားတည်ထောင်သူဖခင်များသည် အာဏာ၏ သေဘာတရားအား လူ့သားဗီဇဘက်မှ ဆန်းစစ်ခ့ဲကြသည်။ ဗမာလူ့ဘောင်၊ ရခိုင်လူ့ဘောင်တို့ကား ယခုအချိန်ထိ အာဏာအား လူသားဗီဇဘက်မှ မဆန်းစစ်နိုင်ကြသေးချေ။ အာဏာပိုင်ထားသောသူကို နတ်ဒေဝါ တန်ခိုးရှင်ဟုသာ မြင်နေကြသည်။


ခေတ်သစ်သမိုင်းတွင် ရခိုင်လူ့ဘောင်အတွက် မည်သည့် အကြောင်းပြချက်ကြောင့်ပင်မဆို အာဏာကို လူတစ်ဦး လူတစ်စုလက်ထဲတွင် ထားပါက မိမိတို့၏ အသက္ဘဝ အတွက် အန္တရာယ်ဆိုသည်ကို သင်ခန်းစာတစ်ခုမှာ အီရီထရီးယားလူ့ဘောင်ပင်ဖြစ်သည်။


အီရီထရီးယား၏  အိုင်ဆက် အဖ်ဝေါကီ ( Isaias Afewerki)နှင့် အီရီထရီးယား ပြည့်သူလွတ်မြောက်ရေး တပ်ဦး (Eritrea People Liberation Front- EPLF) အကြောင်းသည် ထိုသင်ခန်းစာအတွက်လုံလောက်ပါ၏။ 


အီရီထရီးယား ပြည့်သူလွတ်မြောက်ရေး တပ်ဦး (Eritrea People Liberation Front- EPLF)မွာ အီရီထရီးယားအားလွတ်လပ်ရေးကိုယူပေးခ့ဲသည်။ အိုင်ဆက် အဖ်ဝေါကီ ( Isaias Afewerki)သည် EPLF ၏ ခေါင်းဆောင်ပိုင်းထဲတွင်ပါဝင်ပြီး စစ်ပရိယာယ်ဗျူဟာတွင် ပြောင်မြောက်ခ့ဲသူလည်းဖြစ်သည်။ EPLF၏ လွတ်လပ်ရေးတိုက်ပွဲကာလတစ်လျှောက် လွတ်လပ်ခွင့်၊ တရားမျှတမှု၊ တန်းတူညီမျှမှု၊ အမျိုးသမီးအခွင့်အရေး တို့တွင် လက်သံပြောင်စနစ်အလွန်ကျခ့ဲသည်။ EPLF၏ ခေါင်းဆောင်များ ခေတ်ပညာတတ် လူငယ်များဖြစ်ပြီး အီရီထရီးယားပြည်သူများ၏ အသည်းနှလုံးကိုသိမ်းကြုံးထားနိုင်ခ့ဲသည်။ EPLF အပေါ် အီရီထရီးယားပြည်သူများမှာ အလြန္တရာမွ တန်ဖိုးထားခ့ဲသည်။ 1991 ခုနှစ်တွင်  EPLF သည် အီသီယိုပီးယားတပ္မ်ားကို မောင်းထုတ်နိုင်ကာ 1993 ခုနှစ်တွင် လွတ်လပ်ရေးကို ကြေငြာနိုင်ခ့ဲသည်။ 


EPLF တော်လှန်ရေးတွင် လာခြင်းကောင်းခ့ဲသည်။ သို့ရာတွင်အုပ်ချုပ်ရေးပိုင်းနှင့် နိုင်ငံတော်တည်ဆောက်ခြင်းပိုင်းတွင်ကား "သွေးစုတ်ကောင်" ဆန်သွားခ့ဲပါသည်။ EPLF အား ပြည်သူ့ ဒီမိုကရေစီနှင့် တရားမျှတမှု တပ်ဦး (People Front for Democracy and Justice- PFDJ) အဖြစ်ပြောင်းလဲလိုက်ပြီး အီရီထရီယား၏ အာဏာကိုချုပ်ကိုင်ထားသည်။ ဒီမိုကေရစီ၊ တရားမျှတမှု၊ တန်းတူညီမျှမှု တို့နှင့်လည်း ဝေးကွာကာ အာဏာရှင်သာ ဖြစ်လာခ့ဲပြန်သည်။ အီရီထရီးယားလူ့ဘောင်အတွက် ဘုရင် ဟိုင်းလေး ဆီလစ္စီ (Emperor Haile Selassie)ကာလ၊ ဒါရ်(ဂျ်) (Derg) စစ်ကောင်စီကာလ စသည့် အုပ်ချုပ်သူများသည် "လူထုက မူလကပင် လက်မခံသော အာဏာရှင်ဖိနှိပ်သူများ" ဖြစ်သည်။ EPLF သို့မဟုတ် PFDJ သည် ဘုရင် ဟိုင်းလေး ဆီလစ္စီနှင့် ဒါရ်(ဂျ်) စစ်ကောင်စီတို့ကို တိုက္ထုတ္ကာ အီရီထရီးယားကို လွတ်လပ်ရေးယူခ့ဲသူများဖြစ်သည်။ EPLF/PFDJ ကား အီရီထရီးယားလူ့ဘောင်အတွက် "လူထုက မူလအစတွင် ထောက်ခံမှုကိုရခ့ဲကာ နောက်ပိုင်းတွင် ကြမ်းကြုတ်ရက်စက်စွာ ဖိနှိပ်လာသော ကိုယ့်သွေးကိုယ့်သား အာဏာရှင်ဖိနှိပ်သူများ" ဖြစ်လာသည်။ 


မည်သည့်အမျိုးအစားပင်ဖြစ်စေ အာဏာရှင်ဟူသည် ပြည်သူလူထုအတွက် ဘယ်ခါမှ မကောင်းပေ။ EPLF/PFDJ တွင် ပြည်သူလူထုကို စေတနာမှန်သော၊ တော်လှန်ရေးနှင့် နိုင်ငံရေးပေါ်တွင် ပေးဆပ်မှုသက်သက်ဖြင့် ရပ်တည်နေခ့ဲသော အုပ်စုများသည် ရှိခ့ဲသည်။ သို့သော် ထိုအုပ်စုသည် တဖြေးဖြေးနှင့် ဘေးကိုသာ ရောက်ကုန်တော့သည်။ လက်ရှိ 2025 ခုနှစ်ကာလတွင် အီရီထရီးယားသည် ဆင်းရဲမွဲတေသော၊ လြတ္လပ္စြာ ပြောဆိုခွင့်မရှိသော၊ ဖွံ့ဖြိုးမှုနှိမ့်ကျသော၊ ကျမ်းမာရေး၊ပညာရေးစနစ် နှိမ့်ပါးသော လူ့ဘောင်တစ်ခုသာဖြစ်နေပါတော့သည်။ ဆိုရှယ်ဒီမိုကရက်တစ်စံနှုန်းကို ပါးစပ်မှ ရွတ်ဆိုကာ အစိုးရအပေါ် ဝေဖန်သူများကို ဖမ်းဆီးနှိပ်စက်လျက်၊ နိုင်ငံရေးစိန်ခေါ်ချက်များကို လက်ညိုးထိုးကာ ပါတီစုံ ဒီမိုကရေစီစနစ်နှင့် ဈေးကွက်စီးပွားရေးကို မျက်ကွယ်ပြုလျက်၊ စစ်မှုမထမ်းမနေရဟု ပြည်သူကို အတင်းအားဓမ္မ "သွေးခွန်" ဆက်သခိုင်းလျက်၊ လုပ်ပိုင်ခွင့်ရှိသူတစ်စုက အဆီယစ်သာယာလျက်၊ ဆင်းရဲကြပ်တည်း၍ နိုင်ငံမှ ထွက်ခွာလျင် ဖမ်းဆီးနှိပ်စက်လျက် စသဖြင့်ဆိုးဝါးကာ ပြည်သူအား "သွေးခွန်"ဆက်သခိုင်းနေသည့် "သွေးစုတ်ကောင် အစိုးရ" ၏ အုပ်ချုပ်မှုကိုခံနေရတော့သည်။ အီရီထရီးယားရင်ဆိုင်နေရသော အဆိုပါသွေးစုတ်ကောင် အစိုးရသည် ယခင်က အီရီထရီးယားပြည်သူလူထု၏ အသည်းနှလုံး အချစ်တော်ဖြစ်ခ့ဲသူပင်ဖြစ်သည်။ 


အီရီထရီးယား ဆောင်းပါးအားဖတ်ရန် လင့် https://bnanews.net/articles/5935/


သောမတ်စ်ဂျက်ဖာဆင်၊ ဂျိမ်းမက်ဒီဆင် တို့သည်လည်း အမေရိကန်လူ့ဘောင်အား လွတ်လပ်ရေးယူပေးခ့ဲသူများဖြစ်သည်။ ၎င်းတို့သည် အီရီထရီးယား၏ EPLF/PFDJ တို့ထက် နှစ်ပေါင်းသုံးရာကျော်နီးပါးခန့် အသက်ကြီးပါသေးသည်။ အမေရိကန် ဖခင်များ၊ အမေရိကန်၏ ဖွဲ့စည်းပုံအခြေခံဥပဒေကိုရေးသားခ့ဲသူများက "အာဏာအား လူတစ်ဦး သို့မဟုတ် လူတစ်စုအပေါ်တွင် စုပုံထားခြင်း၏ ဆိုးကျိုးကို စိုးရိမ်မှုသည် အမှားတော့မဟုတ်ခ့ဲပေ။ အေမရိကန္ကို ထည်ထောင်သူ ဖခင်များထဲတွင်ပါဝင်သော ဂျွန်အာဒမ်က  " ဒီမိုကရေစီဟူသည် အချိန်ကြာကြာအာမခံချက်ရှိသည့်အရာမဟုတ်ပေ။ ဒီမိုကရေစီသည် စွန်ပစ်ခံရတတ်သည်။ သက်တမ်းကုန်သွားတတ်သည်။ သတ်ဖြတ်ခြင်းလည်းခံရတတ်သည်။ ကိုယ့်ကိုကိုယ် သတ်သေသည့် ဒီမိုကရေစီမျိုးက တော့မရှိခ့ဲပေ" ဟု ပြည်သူလူထုကို သတိပေးခ့ဲသည်။ သို့ဖြစ်၍ အမေရိကန်လူ့ဘောင်သည် အာဏာရှင်များ ထပ်မပေါ်နိုင်စေရန် "အာဏာအား ကန့်သတ် ခွဲခြားထားသည့် စနစ္ကို တည်ဆောက်ထားခြင်း" ဖြစ်သည်။ 


အမေရိကန်လူ့ဘောင်သည် မိမိတို့၏ ဒီမိုကေရစီအား အချိန်ကြာကြာ ခံရန်အတွက် "သိမှုနယ်ပါယ်" ချဲ့ထွင်ကြသည်။ သိမှုနယ်ပါယ် ဆိုသည်မှာ မိမိအားအုပ်ချုပ်သူ ဘာလုပ်နေသည်ကို မျက်စိဒေါက်ထောက်ကြည့်နေခြင်းပင်ဖြစ်သည်။ သောမတ်စ်ဂျက်ဖာဆန်က " နိုင်ငံသားတစ်ဦးသည် " အစိုးရဘာလုပ်နေသည်ကို ဂရုမစိုက်မှု" နှင့် "လွတ်လပ်မှု" တို့ကို ဖွံ့ဖြိုးသောလူ့ဘောင်ထဲတွင် တပြိုင်တည်းမျှော်လင့်နေ၍မရချေ။ ထိုနှစ်ခုအား ဒြန္တြဲ၍ ဘယ်တော့မှ မရသလို နောင်လည်းရလာမည်မဟုတ်" ဟုပြောခ့ဲခြင်းဖြစ်သည်။ သောမတ်စ်ဂျက်ဖာဆန်ဆိုလိုသည်က ပြည်သူလူထုသည် အုပ်ချုပ်သူများအား အမြဲတန်းစောင့်ကြည့်နေရမည်၊ ထိုသို့စောင့်ကြည့်နေပါမှ အုပ်ချုပ်သူများ၏ လုပ်ရပ်သည် မိမိတို့၏ လွတ်လပ်ခွင့်နှင့် အကျိုးစီးပွားကို ထိပါးမှုရှိမရှိကို သိရှိမည်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် အုပ်ချုပ်သူသည်လည်း လူဖြစ်သည်။ လူတွင် သားရဲဗီဇရှိနေတတ်၍ဖြစ်သည်။ 


အာဏာရှင်ဟူသည် လူ၏ ကောင်းမှုအပေါ်တွင်လည်း အသုံးချ၍ ပေါ်တတ်သည်။ လူ၏ မကောင်းမှုအပေါ်တွင်လည်း အသုံးချ၍ ပေါ်တတ်သည်ပင်။ အီရီထရီးယား၏ EPLF/PFDJ ဖြစ်စဉ်ကိုကြည့်ပါက လူ၏ ကောင်းမှုဓလေ့ဖြစ်သော လွတ်လပ်မှု၊ တန်းတူညီမျှမှူ၊ တရားမျှတမှုအပေါ် နှစ်သက်ခြင်းဟူသည့် အချက်ပေါ်တွင် အခြေခံကာ ပေါ်လာခြင်းဖြစ်သည်။ 


အီရီထရီးယားအား နာမည်ပြောင်အားဖြင့် "ရဲဒင်းပုဆိန် (hatchet)" အဖြစ်ခေါ်ကြပါသည်။ ဂရိဘာသာစကား အီရိသရီယမ် Erythraean ဟူသည် အနီရောင်ကို ခေါ်ခြင်းဖြစ်သည်။ Erythraean Sea အား ပင်လယ်နီဟုလည်း ခေါ်ကြသည်။ အီရီထရီးယားဟူသည် ပင်လယ်နီ၏ ကမ်းခြေဆိုသည့် အဓိပ္ပါယ်ပင်ဖြစ်သည်။ အီရီထရီးယား၏ မြို့တော် အစ္မာရာ (Asmara) အား တချိန်က ရောမငယ် (Little Rome) ဟုပင်တင်စားခ့ဲကြသည်။ အလြန္တရာမွ ခန့်ငြားသော အီတလီပိသုကာ အဆောက်အအုံများ ရှိနေကာ ဖွံ့ဖြိုးတိုးတက်ခ့ဲ၍ဖြစ်သည်။ ပင်လယ်ဆိပ်ကမ်းအရေးပါမှုအားကောင်းသော သမိုင်းကြောင်းကို ပိုင်ခ့ဲသည်။ အာရပ်၊ ရောမ၊ အရှေ့အာဖရိက ယဉ်ကျေးမှုများစုပုံရာ ဒေသဖြစ်၍ ယဉ်ကျေးမှုနှင့် ဇာတိမာန္က မြင့်မားခ့ဲသည်။ အာဖရိက ဦးချိုဒေသသည် ကျန်အာဖရိကသားများက့ဲသို့ အရိုင်းဆန်သူများမဟုတ်ခ့ဲပေ။ 


အမှန်တကယ်တွင်တော့ ယဉ်ကျေးမှုအရလည်းကောင်း၊ ပထဝီဝင်မဟာဗျူဟာအရလည်းကောင်း ဥရောပနှင့် အာရပ်ကမ်ဘာနှင့် ကူးလူဆက်ဆံနိုင်သည့် အီရီထရီယား၏ ဆိပ်ကမ်းများသည် ရခိုင်ကမ်းရိုးတန်းထက် အလားအလာပိုကောင်းပါသေးသည်။ ထိုသို့နေရာမျိုးတွင်ပင် အခုအခါ ဆင်းရဲလျက် ခရုဆန်ကျွတ်ဖြစ်နေခ့ဲသည်။ 


EPLF သည် 1970 ပြည့်လွန်ကာလ အေစောပိုင်းတွင့်ဖွဲ့စည်းခ့ဲသည်။ အချို့မှတ်တမ်းများအရ 1973 ခုနှစ်တွင် ပီပီပြင်ပြင်ဖွဲ့စည်းလာသည်ဟုလည်း ဆိုကြသည်။ AA အား 2009 ခုနှစ်တွင် ဖွဲ့စည်းခ့ဲသည်ဖြစ်၍ EPLF သည် ULA/AA ထက် အသက် (39) နှစ် လူ့လောက သက်တန်းသုံးပုံတစ်ပုံကျော် အသက်ကြီးပါသည်။ 


လွတ်မြောက်ရေးအတွက် တိုက်ပွဲဝင်သည့်အခိျန်ကာလများတွင် EPLF သည် ပြည်သူ့မေတ္တာကိုရခ့ဲသည်။ စည်းစနစ်လည်းအင်မတန်ကောင်းခ့ဲသည်။ သို့သော် အုပ်ချုပ်ရေးနှင့် နိုင်ငံတော်တည်ဆောက်ရေးတို့တွင်ကား အာဏာရှင်ဆန်သွားခ့ဲသည်။ မူဝါဒအားပွင့်လင်းမြင်သာမှုမရှိခြင်း၊ နိုင်ငံတိုင်း လူ့ဘောင်တိုင်းရင်ဆိုင်နေရသော နိုင်ငံရေးဖြစ်စဉ်များကို လက်ညိုးထိုး၍ ပါတီစုံဒီမိုကရေစီကိုပစ်ပယ်ခြင်း၊ အထက်ဖားအောက်ဖိ အခွင့်အရေးသမားများက နေရာရလာပြီး နိုင်ငံရေးစေတနာမှန်သူများကို ဘေးထုတ်လာခြင်း၊ တရုတ်တို့၏ နိုင်ငံရေးအတွေးအခေါ် အတိုင်းအတာတစ်ခုထိ ခေါင်းဆောင်ပိုင်းတွင်ရှိနေခြင်း၊ စစ်မှုမထမ်းမနေရစနစ်ကိုကျင့်သုံးကာ လူထုကို "သွေးခွန်" ဆက်သခိုင်းခြင်း၊ လူမှုစီးပွားဘဝလိုအပ်ချက်ကြောင့် ပြည်ပကိုထွက်ခွာသည်ကို ဟန့်တားခြင်း စသည့်အချက်များကြောင့် အာဖရိက၏ မြောက်ကိုးရီးယားဟုလည်း သမုတ်ခံလာရပြီဖြစ်သည်။


EPLF/PFDJ ၏ အုပ်ချုပ်ရေးဖြစ်စဉ်အပေါ် ULA/AA အား ထပ်တူပြုပါက တရားမျှတမည်တော့ မဟုတ်ပေ။ သို့သော် EPLF/PFDJ ၏ ဖြစ်စဉ်အပေါ် သင်ခန်းစာယူနိုင်ပါက EPLF/PFDJ နှင့် ULA/AA အား ထပ်တူပြုမှုမှ ပို၍ ကင်းကွာနိုင်ပါသည်။ လက်ရှိအချိန်ထိ ULA/AA သည် အုပ်ချုပ်ရေးတွင် မိမိတို့၏ အားနည်းချက်များအား လူသိရှင်ကြားဝန်ခံရဲသော ကောင်းမြတ်သည့် လမ်းကြောင်းပေါ်တွင်ရှိနေပါသည်။ ULA/AA ၏ (13-9-2024) ရက္စြဲပါ မြို့သိမ်းတိုက်ပွဲများနှင့် ပတ်သက်၍ သတင်းထုတ်ပြန်ချက်တွင်လည်း မိမိတို့၏ အုပ်ချုပ်ရေးပိုင်းဆိုင်ရာ အားနည်းချက်များကို လူထုထံအတိအလင်းဝန်ခံထားသည်ကိုလည်း တွေ့ရမည်ဖြစ်သည်။ ထိုရက္စြဲပါ ကြေငြာချက်တွင် "အာရက္ခတပ်တော်သည် တိုက်ပွဲကာလအတွင်း လိုက်နာကျင့်သုံးရမည့် စစ်သည်တော်ကျင့်ဝတ်နှင့် ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်များကို ကာကွယ်စောင့်ရှောက်ရမည့် ဝတ္တရားများကို အတိအကျညွှန်ကြားထားကြောင်း၊ သို့ရာတွင် မိမိတို့၏ တပ်ဖွဲ့ဝင်များနှင့် အုပ်ချုပ်ရေးဘက်မှ အကျင့်ပျက်ဝန်ထမ်းအချို့သည် လုပ်ပိုင်ခွင့်အာဏာအား အလွဲသုံးစားပြုကြကြောင်း၊ ထိုသို့အလွဲသုံးစာပြုကာ ပြည်သူလူထု၏ ပစ္စည်းဥစ္စာများကို ယူသုံးခြင်းများရှိသောကြောင့် ထိထိရောက်ရောက် အရေးယူထားကြောင်း" စသဖြင့် ဖော်ပြထားပါသည်။


ကျင့်ဝတ်ဖောက်ဖျက်တတ်သူ အဖွဲ့ဝင်တချို့သည် ULA/AA ထဲတွင်ရှိပါသည်ဟု ULA/AA ကိုယ်တိုင်က ဝန်ခံခြင်းသည် တရားဥပဒေစိုးမိုးရေးအပိုင်းတွင် ရခိုင်လူထုဘက်ကလည်း စောင့်ကြည့်ထိန်းကျောင်းခြင်းဖြင့်ကူညီရန် အချက်ပြခြင်းလည်းဖြစ်သည်။ သို့ရာတွင် အမွားကို အမှားမှန်းဝန်ခံရဲသော သူများရှိသက့ဲသို့ ဆင်သေကိုဆိတ်သားရေဖြင့်ဖုံးကာ ULA/AA အား အမှားကိုဆက်လုပ်ရန်အားပေးနေသည့် အခွင့်အရေးသမားများနှင့် လူပြိန်းကြိုက် (Popularist) များသည်လည်း ထုတည်များလာသည်ကို တွေ့နေရပါသည်။ ထိုလူပြိန်းကြိုက်များသည် ULA/AA အဖွဲ့ဝင်တချို့အမှားများကို လုပ်နေသည့်အတွက် ဖြစ်လာသော လူထု၏ နာကြင်မှုကို မမြင်ယောင်ဆောင်ထားကြသည်။ လူထု၏ နာကြင်မှုကို ခက်ခက်ခဲခဲ ဖော်ထုတ်မှုများကိုလည်း သရုပ်ပျက်အောင် ထိုးနှက်ကြသည်။ ထိန်းကျောင်းမှုနှင့် စေတနာမှန်သော အုပ္စုမ်ားကို ဘေးထုတ်ကြသည်။ ခြောက်ပေါက် ထိပ်တုံး အားကိုးဖြင့် ဒလန္တံဆိပ္ကို လူထုအားကပ်ရန်လည်း ဝန်မလေးကြချေ။ အကယ်၍ လခြမ်းမြေသည် ရဲဒင်းဆန်လာပါက ထိုအချက်၏ အဓိက တာဝန်မှာ အမွားကို အမှန်ဖြစ်ရန်အားထုတ်သူ လူပြိန်းကြိုက်များကြောင့်ဖြစ်သည်။ စားဝတ်နေရေးကြပ်တည်းနေသော၊ သွေးခွန်ပေးနေရသော၊ သောက်စရာဆေးဝါးမရှိဖြစ်နေသော ပြည်သူများကိုတော့ လက်ညိုးမထိုးသင့်ချေ။
























Comments

Popular posts from this blog

စစ်ရာဇဝတ်မှုနှင့် ULA/AA

ရခိုင်လူ့ဘောင်နှင့် လီဗီးယားသန်(Leviathan)

Can ULA/AA give back justice for war crimes in Arakan (Rakhine) State by themself lonely?