ယစ်ပလ္လင်ထဲ ဝတ္ထုပြုခံရခြင်း သို့မဟုတ် အာရက္ခနယ်မြေပေါ်ကအမျိုးသမီးများ၏ တိတ်ဆိတ်သံ

 ယစ်ပလ္လင်ထဲ ဝတ္ထုပြုခံရခြင်း သို့မဟုတ် အာရက္ခနယ်မြေပေါ်ကအမျိုးသမီးများ၏ တိတ်ဆိတ်သံ


ယစ်ပလ္လင်ထဲ ဝတ္ထုပြုခံရခြင်း (Sacrifice)


ကျား/မ တန်းတူအခွင့်အရေး ဆိုလိုက်သည်နှင့် အလွန်တရာလက်ဝင်လှသော ကိစ္စဖြစ်သည်။ ကျား/ မ တန်းတူညီမျှမှုဟူသည် လူသားတို့၏ ခေတ်သစ်ယဉ်ကျေးမှုတွင် တန်ဖိုးတစ်ခုအဖြစ် ခံယူလာသည်မှာ မကြာသေးပေ။ အမျိုးသမီးများအား Objectification ဆိုသည့် အရာဝတ္ထုတစ်ခုသာသာ တန်ဖိုးဖြတ်မှုမှာ လူ့အဖွဲ့အစည်း၌ ရှိခ့ဲသည္။  အရာဝတ္ထုတစ်ခုသာသာအဖြစ် တန်ဖိုးဖြတ်ခြင်းဆိုသည်မှာ - အမျိုးသမီးတစ်ဦး၏လူသားဖြစ်မှုနှင့် ဆန္ဒသဘောထားကို လျစ်လျူရှုကာ ပိုင်ဆိုင်မှုတစ်ခု၊ ရောင်းဝယ်ဖောက်ကားစရာ ပစ္စည်းတစ်ခု၊ ရည်ရွယ်ချက်တစ်ခုအတွက် အသုံးပြုသည့် ကိရိယာတစ်ခု အဖြစ်သာ သဘောထားခြင်းကို ဆိုလိုခြင်းဖြစ်သည်။ ထိုသို့ တန်ဖိုးဖြတ်ခြင်းမှာ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ယဥ်ကျေးမှုအပါအဝင် လိင်မှုဘဝ အထိပါ ပုံစံအမျိုးမျိုးဖြင့်ရှိနေသည်။လက်ရှိမျက္မှောက်ကာလတွင်ပင် အမျိုးသမီးတစ်ဦးအား လူသားတစ်ဦးအဖြစ်မမြင်ဘဲ လိင်ပိုင်းဆိုင်ရာ ပစ္စည်း (Sexual Objectification) အဖြစ် ရှုမြင်ကာ ပါးစပ်အရသာခံကြသည်ကိုတော့ အများသူငှာ နားလည်လွယ်နိုင်ပါလိမ့်မည်။ 


လူသားသမိုင်းကို တူးဆွရာ၌ အမျိုးသမီးများအား အသုံးချခံ အရာဝတ္ထုတစ်ခုအဖြစ်ရှူမြင်သော ဗီဇသဘောတရားကို ကမ္ဘာကြီး၏ အစိတ်အပိုင်းတော်တော်များများတွင် တွေ့ရသည်။


နိုင်းလ်မြစ်၏ သတို့သမီး (The Bride of the Nile)


အီဂျစ် ရိုးရာပုံပြင်များတွင် နိုင်းလ်မြစ် ရေကြီးရေလျှံမှု ကောင်းစေရန် နှစ်စဉ် သန့်စင်သော သမီးကညာ (Virgin Maiden) တစ်ဦးကို မြစ်ထဲသို့ ပစ်ချ ယစ်ပူဇော်ခဲ့ရသည်ဟူသော ပုံပြင် ဇတ်လမ်းမျိုးကရှိသည်။ ရှေးဟောင်း အီဂျစ်သမိုင်းပညာရှင် အများစုက ရှေးခေတ်အီဂျစ်တွင် လူသားကို ယစ်ပူဇော်ခြင်း ဓလေ့ မရှိခဲ့ဟု ငြင်းဆိုကြသည်။ ဤပုံပြင်မျိုးက သမိုင်းဝင် အချက်အလက်ထက် ဒဏ္ဍာရီဆန်သော ပုံပြင် ဇာတ်လမ်း တစ်ခုအဖြစ် အီဂျစ်လူ့အဖွဲ့အစည်းတွင် ရှိနေခြင်းဖြစ်သည်။ 


မြစ်နတ်ဘုရား၏ သတို့သမီး (The River God's Bride)


တရုတ်ပြည်မြောက်ပိုင်းဒေသများတွင် အထူးသဖြင့် မြစ်ဝါမြစ် (Yellow River) နှင့် ဆက်စပ်သည့် နာမည်ကြီးသော ဇာတ်လမ်းဖြစ်သည်။ ရှေးယခင်က မြစ်နတ်ဘုရားကို နှစ်စဉ် လှပသော သမီးကညာ တစ်ဦး ပေးဆက်ရမည်ဟူသော ဓလေ့ရှိခဲ့သည်။ မြစ်ရေကြီးမှုကို တားဆီးရန်၊ ရေကြောင်းသွားလာရေး အဆင်ပြေစေရန် စသည့် လူမှု-နိုင်ငံရေး လိုအပ်ချက္များ အတွက် ရွေးချယ်ခံရသူ အမျိုးသမီးငယ်ကို မြစ်ထဲသို့ ပစ်ချခဲ့ကြသည်။နောက်ပိုင်းတွင် ရှီးမင်းပေါင် (Ximen Bao) အမည်ရှိ အုပ်ချုပ်သူတစ်ဦးက ဤဓလေ့မှာ  ငွေညှစ်တတ်ပြီး ကောက်ကျစ်သော နတ်ဟောဆရာများ၏ လိမ်ညာ ဖန်တီးထားခြင်းဖြစ်ကြောင်း သိရှိပြီး တားမြစ်ပိတ်ပင်ခဲ့သည့် သမိုင်းမှတ်တမ်းများလည်း ရှိခဲ့သည်။


ကာပါကိုချာ (Capacocha) ဓလေ့ အင်ကာယဉ်ကျေးမှု


အမေရိက ဌာနေအင်ဒီယန်း ယဉ်ကျေးမှုထဲမှ အင်ကာ (Inca) ယဉ်ကျေးမှု၌ ကာပါကိုချာ (Capacocha) အမည်ရှိ ဓလေ့တစ်ခုရှိသည်။ ထိုဓလေ့တွင် မင်းမျိုးမင်းနွယ်မှ သို့မဟုတ် အလှပဆုံးသော မိန်းကလေးငယ်များ၊ ကလေးငယ်များနှင့် ဆယ်ကျော်သက္များကို မီးတောင်ထိပ်များတွင် နတ်ဘုရားများ (အထူးသဖြင့် ရာသီဥတုနတ်ဘုရားများ) ကို ပူဇော်ရန်အတွက် ယစ်ပူဇော်ခဲ့ကြသည်။နိုင်ငံတော်တွင် ဘုရင်သစ်တက်ခြင်း၊ အာဏာ အပြောင်းအလွဲဖြစ်ခြင်း၊ သဘာဝဘေးအန္တရာယ် သို့မဟုတ် ကပ်ဆိုးများ ကျရောက်ခြင်းစသည့် ကြီးမားသော အခက်အခဲများ ကြုံတွေ့ရချိန်တွင် ငြိမ်သက်စေရန် နိုင်ငံတော်အတွက် ပေးဆပ်မှု အဖြစ် ဆောင်ရွက်ခဲ့သည်။


Iphigenia (အစ်ဖီဂျီနိုင်းယား) ၏ ပေးဆပ်ခြင်း


ဂရိခေါမ ဒဏ္ဍာရီတွင် ဂရိတပ်များ၏ အကြီးအကဲ ဘုရင် အာဂါမန်နွန် (Agamemnon) သည် ထရိုဂျန်စစ်ပွဲကို စတင်ရန် ဂရိရေတပ် သင်္ဘောဖြင့် ထွက်ခွာရာတွင် လေပြေမတိုက်သဖြင့္ ရပ္တန့္နေရသည်။ အကြောင်းရင်းမှာ  ဘုရင် အာဂါမန်နွန် (Agamemnon) သည် နတ်ဘုရားမ အာတဲမစ် (Artemis) ကို စိတ်ဆိုးအောင် လုပ်မိခဲ့သောကြောင့် ဖြစ်သည်။ နတ်ဘုရားမ အာတဲမစ်၏ အမျက်ကို ပြေစေပြီး လေပြေရရန်အတွက် အာဂါမန်နွန်သည် သူ၏ သမီးအကြီးဆုံးဖြစ်သူ အစ်ဖီဂျီနိုင်းယား (Iphigenia) ကို ယစ်ပူဇော်ရမည်ဟု ဆိုသည်။ နိုင်ငံရေးနှင့် စစ်ရေး အောင်မြင်မှုအတွက် မိမိ၏ သမီးအရင်းကို ပေးဆပ်ရမည့် အခြေအနေ ဖြစ်သည်။ အာဂါမန်နွန်သည် သမီးဖြစ်သူအား သူရဲကောင်း အကီလီးစ် (Achilles) နှင့် လက်ထပ်ပေးရန်ဟု လိမ်ညာကာ စခန်းသို့ ခေါ်ဆောင်ခဲ့သည်။ နောက်ဆုံးတွင် အစ်ဖီဂျီနိုင်းယားသည် သူမ၏ ကံကြမ္မာကို သိရှိသွားပြီး ဂရိနိုင်ငံ၏ အောင်မြင်ရေးအတွက် မိမိကိုယ်ကို ဆန္ဒအလျောက် ပေးဆပ်ရန် ဆုံးဖြတ်ခဲ့သည်။


ဤ ပုံပြင်ဆန်သော ကမ္ဘာ့ဒေသအသီးသီး၏ ဒဏ္ဍာရီ၊ ပုံပြင် နမူနာများက လူသားတို့၏ ဗီဇစိတ်တွင်  အမျိုးသမီးများကို နိုင်ငံရေး ကိရိယာ အဖြစ်ရှူမြင်မှုကို တွေ့မြင်နိုင်သည်။ ဤနမူနာများတွင် အမျိုးသမီးများအား Objectification ဆိုသည့် အရာဝတ္ထုတစ်ခုသာသာ တန်ဖိုးဖြတ်မှုမှာ "နိုင်ငံရေးအရ လိုအပ်ချက်အတွက် အသုံးချ အရာဝတ္ထုအဖြစ်" ရှုမြင်မှုကိုလည်း ပေါ်လွင်စေပါသည်။ အချို့လူ့အဖွဲ့အစည်းများတွင် "အမျိုးသမီးများကို မျိုးဆက်ပွားရန် သို့မဟုတ် လူမှုအဖွဲ့အစည်း၏ စည်းမျဉ်းများကို ထိန်းသိမ်းရန် အတွက် အသုံးပြုသည့်ပုံစံ" အလေ့အထ များကိုလည်း တွေ့ရနိုင်သည်။ ဤလူမှုရေး အလေ့အထများနှင့်ဒဏ္ဍာရီလွှမ်းမိုးမှုများက အမျိုးသမီးများကို လူမှုရေးအရာဝတ္ထုများ၊ ကိရိယာများအဖြစ် ရှုမြင်တတ်သည်ကို တွေ့မြင်နိုင်သည်။


"Theogamy" (နတ်ဘုရားများနှင့် လက်ထပ်ခြင်း) 


ပိုလီနီးရှန်း (Polynesian)၊ အိုရှင်းနီးယန်း (Oceanian) စသည့် ကမ္ဘာကြီး၏ သမုဒ္ဒရာပိုင်းဇုန်ဒေသများတွင် "အမျိုးသမီးများကို မျိုးဆက်ပွားရန်" အတွက် အသုံးပြုသည့် လူမှုစံနှုန်းသည် ၁၈ရာစုနှင့် ၁၉ရာစုကာလတွင္ရှိခ့ဲသည္။ ထို့ပြင် အမျိုးသမီးများအား "လူမှုအဖွဲ့အစည်း၏ စည်းမျဉ်းများကို ထိန်းသိမ်းရန် အတွက် အသုံးပြုသည့်ပုံစံ" အလေ့အထ များကိုလည်း တွေ့ရသည်။ ပိုလီနီးရှန်း၊ အိုရှင်းနီးယန်း ပုံစံကား ရှေးပိုင်းက ဖော်ပြခ့ဲသည့် ဒဏ္ဍာရီ ပုံပြင်မဟုတ်ဘဲ အမှန်တကယ္ သမိုင်းနောက်ခံလည်း ဖြစ်သည်။ အထူးသဖြင့် အဆိုပါ သမုဒ္ဒရာပိုင်း ဇုန်ဒေသအား ဥရောပသားများ ရောက်ရှိလာချိန် (၁၈ ရာစုနှောင်းပိုင်းနှင့် ၁၉ ရာစုအစောပိုင်း) တွင် အဆိုပါ အလေ့အထနှင့် သက်ဆိုင်သော မှတ်တမ်းများ ပိုမိုထင်ရှားလာခဲ့သည်။ ဟာဝိုင်ယီ ဘုရင်များ လက်ထက်တွင် နိုင်ငံရေး ဩ ဇာခံယူရန်အတွက် ဥရောပနှင့် အမေရိကန် ကုန်သည်များနှင့် မဟာမိတ်ဖွဲ့ရာတွင် မိသားစုဝင် အမျိုးသမီးများကို အသုံးပြုခဲ့သည့် အလေ့အထများ ရှိခဲ့သည်။ အချို့သော မင်းမျိုးမင်းနွယ် သို့မဟုတ် မြင့်မြတ်သော အမျိုးသမီးငယ်များ ကို အရေးပါသည့် ဥရောပသားများ (သင်္ဘောကပ္ပတိန်များ၊ ကုန်သည်များ သို့မဟုတ် နောက်ပိုင်းတွင် အုပ်ချုပ်သူများ) ထံသို့ မဟာမိတ်ဖွဲ့ခြင်းအဖြစ် ပေးအပ်ခဲ့ကြသည်။ ဤအမျိုးသမီးများမှာ ခေါင်းဆောင်နှစ်ဦး သို့မဟုတ် နိုင်ငံနှစ်ခုကြား ချုပ်ဆိုထားသော သဘောတူညီချက်၏ သက်ရှိစာချုပ် (living treaty) ဖ​ြစ်သည်။ သူတို့၏ တန်ဖိုးမှာ "ပုဂ္ဂိုလ်" တစ်ဦး၏ တန်ဖိုးထက် "နိုင်ငံရေး ကိရိယာ" တစ်ခု၏ အခန်းကဏ္ဍတွင် ပို၍ရှိနေသည္။ ပိုလီနီးရှန်း  ခေါင်းဆောင်များသည် "နတ်ဘုရားဆန်သော" ဥရောပသားများနှင့် သူတို့၏ အမျိုးသမီးများကို ပေါင်းစည်းပေးခြင်းဖြင့် သာမန်ထက် ထူးကဲသော စွမ်းအားရှိသည့် သားသမီးများ ကို ရရှိမည်ဟု ယူဆသည်။ ထိုသားသမီးများသည် ၎င်းတို့၏ နိုင်ငံတော်အတွက် အနာဂတ် ခေါင်းဆောင်များ သို့မဟုတ် စွမ်းအား အရင်းအမြစ်များ ဖြစ်လာမည်ဟု ထင်နေသည်။


ပိုလီနီးရှားဖြစ်စဉ်တွင် အမျိုးသမီးငယ်အား ဥရောပသားမှ လာသော မြင့်မြတ်သော စွမ်းအား ကို လက်ခံ၍ မျိုးဆက်သစ်ဆီသို့ ကူးပြောင်းပေးသည့် "ဇီဝကိရိယာ" (Biological Instrument) တစ်ခုအဖြစ် ရှုမြင်ထားသည်။ ထိုအမျိုးသမီးငယ်၏ လူသားဖြစ်တည်မှုကို သူမ၏ ပုဂ္ဂိုလ်ရေး ဆန္ဒ နှင့် အခွင့်အရေးအရ ရှင်သန်ခွင့်ထက် လူ့အဖွဲ့အစည်း၏ စုပေါင်းအကျိုး အတွက် အသုံးပြုခြင်းကို ပို၍ အလေးထားခဲ့သည်။


ပိုလီနီရှားတွင် မျိုးရိုးဇာတိ၏ စွမ်းအား (genealogy as power) သည် အလွန်အရေးကြီးပြီး အာဏာကို ဆုံးဖြတ်သည်။ အမျိုးသမီးများသည် မျိုးရိုးဇာတိကို ဆက်ခံသူနှင့် သယ်ဆောင်သူဖြစ်သောကြောင့် အလွန်အသုံးဝင်သည်။ သို့သော် ဤအသုံးဝင်မှုကြောင့် ပိုလီနီးရှားတွင် သူမ၏ ပုဂ္ဂိုလ်ရေးတန်ဖိုးထက် မျိုးရိုးလိုက် စွမ်းအား ကို ထိန်းချုပ်ရန်၊ မြင့်တင်ပေးရန် ကိရိယာတစ်ခုအဖြစ် အသုံးချခံရတော့သည္။ အမျိုးသမီးတစ်ဦးကို ဥရောပသားထံ ပေးအပ်ခြင်းမှာ သူမအား နတ်ဘုရား/စွမ်းအားရှင်နှင့် ဆက်ဆံရခြင်း၊ မြင့်မြတ်သော ကလေးများ (Sacred Children) ကို မွေးဖွားခွင့်ရခြင်း ဆိုသည့်မြင့်မြတ်သော ရာထူးတစ်ခုကို ပေးလိုက်ခြင်းလည်း ဖြစ်သည်။  ဤကား ၁၈ရာစု၊ ၁၉ရာစုကာလက ပိုလီနီးရှား လူ့အဖွဲ့အစည်း၏ တွေးခေါ်ပုံဖြစ်သည်။ အခုအချိန်ကာလ၌ကား ပိုလီနီးရှား လူ့အဖွဲ့အစည်းသည် ထိုအလေ့အထနှင့် အတွေးအခေါ်ကို စွန့်ခွာသွားခ့ဲပြီဖြစ်သည္။


အာရက္ခနယ်မြေပေါ်ကအမျိုးသမီးများ၏ တိတ်ဆိတ်သံ


အာရက္ခဒေသတွင်လည်း အချို့သော နေရာများတွင္ ထိုအမူအကျင့်များရှိနေသည်။ ပိုလီနီးရှားတွင်တော့ အမျိုးသမီးငယ်တစ်ဦးအား ဥရောပသားနှင့်ပေးစားခြင်းမှာ နတ်ဘုရား/စွမ်းအားရှင်နှင့် ဆက်ဆံခွင့်ရခြင်း၊ ဂုဏ်ပြုခြင်း ဖြစ်သည်ဟု အကြောင်းပြသည်။ အာရက္ခဒေသတွင်တော့ အချို့နေရာများတွင် မိမိကိုယ်ကို နတ်ဘုရား/စွမ်းအားရှင် အဖြစ်အထင်ရောက်လျှက် အမျိုးသမီးများအား အတင်းအကြပ်လက်ထပ်မှု (Forced Marriage) လုပ်သည့် ဖြစ်စဉ်များရှိနေသည်။ ဤသို့ Forced Marriage လုပ်သည်ကိုပင်လျှင် အမျိုးသမီးငယ်အား ဂုဏ်ပြုကာကွယ်မြှင့်တင်ပေးခြင်း သယောင်ယောင် အကြောင်းပြလိုက်သေးသည်။ 


အမှန်က လူသားတန်ဖိုးအရကြည့်လျှင် ဘာမှတန်ဖိုးထားဂုဏ်ပြုမြှင့်တင်ခြင်းမဟုတ်ပေ။ လူ့အဖွဲ့အစည်းတစ်ရပ် သို့မဟုတ် နိုင်ငံတော်တရပ်၏ လူမှု-နိုင်ငံရေး လိုအပ်ချက်များ အတွက်ဟု အကြောင်းပြကာ အမျိုးသမီးများအား "အသုံးချ အရာဝတ္ထုအဖြစ်" ရှုမြင်မှု သာဖြစ်သည်။ လူအဖြစ်မှ အရာဝတ္ထုအဖြစ် အဆင့်ချပစ်လိုက်ခြင်းသာဖြစ်သည်။ ပိုလီနီးရှန်းလူ့အဖွဲ့အစည်း၏ အမူအကျင့်မှာ "အမျိုးသမီးများကို မျိုးဆက်ပွားရန် သို့မဟုတ် လူမှုအဖွဲ့အစည်း၏ စည်းမျဉ်းများကို ထိန်းသိမ်းရန် အတွက် ဇီဝကိရိယာ အဖြစ်သာ" အမျိုးသမီးများကို ရှုမြင်ခြင်းဖြစ်သည်။ အာရက္ခဒေသတွင်လည်း သဘောတရားအရ ထိုနည်းအတိုင်းသာဖြစ်သည်။ အာရက္ခဒေသ၏ လူဦးရေပထဝီဝင်လိုအပ်ချက်ကို ပြည့်မှီရန် အိမ်ထောင်ပြုရမည်၊ လင်ယူသားမွေးရမည် ဆိုသည့် အမြင်က အချို့တွင်ရှိနေသည်။  ထိုသို့ဖြစ်စဉ်များအတွက် မတိုင်တန္းကြ၊ မဖော်ထုတ်ကြဟူ၍တော့ အကြောင်းပြ၍မရပေ။ လက်ရှိ အာရက္ခဒေသ၏ အခြေအနေအရ အသံထွက်ဝံသော အနေအထားတွင် မရှိပေ။


လုပ်ပိုင်ခွင့်၊ အာဏာရှိသော အမျိုးသားတစ်ယောက်သည် ၎င်း၏မျက်စိထဲတွင် အဆင်ပြေသည်ဆိုယုံမျှဖြင့် အမျိုးသမီးငယ်တစ်ဦးအား လက်ထပ်ရန် ဆောင်ရွက္မှုမျိုးက ရှိသည်။ ထိုအမျိုးသမီးငယ်၏ ပုဂ္ဂလိက ဆန္ဒအပေါ် အလေးထားခြင်းလည်းမရှိပေ။ လူမှုစီးပွားဘဝ အစစအရာရာ ကြပ်တည်းနေသော အခြေအနေအောက်တွင် ထိုအမျိုးသမီးငယ်အတွက် ရွေးချယ်စရာနှင့် လူသားဖြစ်တည်မှုက ပျောက္ဆုံးခ့ဲပြီဖြစ်သည်။ လုပ်ပိုင်ခွင့် အာဏာရှိသော အမျိုးသားတစ်ယောက်က လက်ထပ်လိုခြင်းသည်ပင်လျှင် ထိုအမျိုးသမီးငယ်အတွက် ဂုဏ်ပြုခံရခြင်းသယောင်ယောင်ဖြစ်လာသည်။ လူမှုစီးပွားဘဝ ကြပ်တည်းမှုနှင့် လူသားအဖြစ်မှ ယုတ်လျော့ခံရမှုရှိနေ ခ့ဲသော အခင်းအကျင်းမျိုးတွင် ထိုအမျိုးသမီးငယ်အား မိမိခံစားချက်ကို မတိုင်တန်းပါလော၊ မဖော်ထုတ်ပါလောဟု ပြောနေ၍မရပေ။ လွန်ဆန်နိုင်မှုမရရှိသော အခင်းအကျင်းအောက်တွင် အဆင်ပြေသလို နေထိုင်ရင်း ထိုအမျိုးသမီးငယ်သည်လည်း ဖိနှိပ်ခံရသူဘဝမှ ဖိနှိပ်မှုကိုလက်ခံသွားသူ သာဖြစ်သွားမည်ဖြစ်သည်။


လက်ရှိတွင် ထင်သာမြင်သာ ဖြစ်ခ့ဲသော အဖြစ်အပျက်များက ရှိပါသည်။ အမျိုးသမီးသတင်းထောက် မုဒြာအဖမ်းခံရသည့် သတင်းအောက်တွင် "သူမအား တပ်ဖွဲ့ဝင်၊ အဖွဲ့ဝင်တစ်ယောက်နှင့် ပေးစားပစ်ရမည်" ဟုသော မှတ်ချက်ပြုသူများ ရခိုင်လူ့အဖွဲ့အစည်းတွင် ရှိနေသည်။ ရိုဟင်ဂျာ အမျိုးသမီးငယ်တစ်ဦးဖြစ်သူ နူးရ် အဇီဇာ (Noor Azizah)သည် ၂၀၂၅ ခုနှစ်တွင် Marie Claire Women of Year ဆုကို ချီးမြှင့်ခံရသူ ဖြစ်သည်။ ထိုဆုအားလက်ခံရာတွင် သူမသည် ဘူခါ ခေါင်းမြီးလည်းမခြုံ၊ ဟိဂျဘ် (Hijab)လည်းမဝတ်၊ ခေတ်မိန်းမပျိုတစ်ဦး၏ ဝတ်စားဆင်ယင်မှု အသွင်ဖြင့် လက်ခံခ့ဲသည္။ သူမ၏ လွတ်လပ် တက်ကြွသော အနောက်ဥရောပဟန်ပန် အောက်တွင် သူမအား အစ္စလမ္မစ် ရှေးရိုးစွဲအမြင်ဖြင့် ဝေဖန်သူများရှိလာသည္။ သူမက လူမှုကွန်ရက်တွင်  ဖိစီးမှုမရှိသော၊ ပညာတတ်သော၊ လွတ်လွတ်လပ်လပ် ရယ်မောတတ်သော၊ ပျော်ပျော်နေတတ်သော ရိုဟင်ဂျာအမျိုးသမီးများကို ကြည့်ရင်း အချို့သောရိုဟင်ဂျာ အမျိုးသားများက ဒေါသထွက်နေကြသည်ဟု ပြောဆိုထားသည်။ ထိုနောက်သူမအား ရိုဟင်ဂျာအမျိုးသားများက Sexual Objectification ဆန်ဆန် လာရေးထားသော မှတ်ချက္များကိုလည်း ပြန်လည်ဖော်ပြထားသည်။ ဤအမျိုးသမီးများသည် ကိုယ်စီ နောက်ခံနှင့် အရည်အချင်းရှိသောသူများဖြစ်ကြသည်။ ဤသို့အမျိုးသမီးများအပေါ်တွင်ပင် ထိုသို့ တုန့်ပြန်မှုအမြင် ကရှိနေလျှင် နောက်ခံနှင့် ပြောပိုင်ခွင့် ဆိုပိုင်ခွင့် ဘာမှမရှိသော ပိတ်လှောင်ကြပ်တည်းနေသည့် အခြေအနေမျိုးတွင် ရှိနေသော အမျိုးသမီးများအတွက္မူ ဆိုဖွယ်ရာမရှိတော့ပြီ။


ဤဖြစ်စဥ်များက လားရာတစ်ခုကို ဦးတည်နေပါသည်။ ထိုလားရာသည် အမျိုးသမီးများအား Objectification ဆိုသည့် အရာဝတ္ထုတစ်ခုသာသာ တန်ဖိုးဖြတ်မှု အမှုအကျင့်မှ မရုန်းထွက်နိုင်သော အတွေးအမြင်များက ယခုအချိန်ထိ စွဲကပ်နေသူများရှိနေသေးသည်ဟူသော အချက်ပင် ဖြစ်သည်။


အာရက္ခဒေသသည် CEDAW စာချုပ် အာဏာသက်ရောက်သော နေရာဖြစ်သည်ကို သတိပြုသင့်သည်။  CEDAW စာချုပ် အပိုဒ် ၁၅ သည် အမျိုးသမီးများသည်လည်း အမျိုးသားများနည်းတူ ဥပဒေရှေ့မှောက်တွင် တန်းတူညီမျှခွင့်ရှိသည်ကို ဖော်ပြထားသည်။  စာချုပ်အပိုဒ် ၁၆ သည် လက်ထပ်ထိမ်းမြှားခြင်းတွင် အမျိုးသမီးများ၌ အမျိုးသားများနည်းတူ ဂုဏ်သိက္ခာနှင့် အခွင့်အရေးရှိသည်ကို ဖော်ပြထားသည်။ အာရက္ခဒေသနှင့် သက်ဆိုင်သူတိုင်းသည် ထိုစံနှုန်းကို လေးစားရန် တာဝန်ရှိသည်။


လူကို နိုင်ငံရေး၊ အာဏာနှင့် မူဝါဒ၏ လိုအပ်ချက်အရ ( ယစ်ကောင်အဖြစ်)၊ ( အရာဝတ္ထုအဖြစ်) သတ်မှတ်သည့်မည်သည့် တော်လှန်ရေးနှင့် အပြုအမူမှ လူပီသစွာဖြင့် အောင်မြင်မည်မဟုတ်ချေ။ မတရားမှုကို နှစ်ခြိုက်သူများက မတရားမှုကို ပြုနေသည်က ထုံးစံဖြစ်သော်လည်း မတရားမှုကို တွန်းလှန်သူများက မတရားမှုလုပ်လာလျှင် ဖောက်ပြန် လိမ်ညာမှုဖြစ်သည်။ 


အမျိုးသမီးများသည်လည်း လူသား အဖြစ်ရှုမြင်ရန်ထိုက်ထန်သော သူများ သာဖြစ်သည်။ 


(ကုလသမဂ္ဂ၏ အမျိုးသမီးများအပေါ် အခြေပြုအကြမ်းဖက္မှု တိုက်ဖျက်ရေး ၁၆ ရက်တာ လှုပ်ရှားမှု (16 Days of Activism against Gender-Based Violence) ကာလအတွင်း အာရက္ခဒေသ၏ အမျိုးသမီးများအားလုံးအပေါ် ဤဆောင်းပါးဖြင့် ဂုဏ်ပြုပါသည်။)



Comments

Popular posts from this blog

အီရန်၏ "Vahdat" (ဝါးဒတ်) မှသည် "Mostebed" (မိုစတီးဘဒ်) သို့ (၂)

ဆိုဗီယက်ပြည်ထောင်စုပြိုကွဲပြီးနောက် ရုရှားနိုင်ငံ၏ အပြောင်းအလဲ အပေါ်လေ့လာခြင်း

တောင်ကိုးရီးယား၏ (1961)ခုႏွစ္မှ (1988)ခုနှစ် အထိ 27 နှစ်ကာလအကြား စီးပွားရေးတိုးတက်မှုကိုလေ့လာခြင်း