လက်နက်ကိုင် တပ်ဖွဲ့တစ်ခု၏ တာဝန် နှင့် သစ္စာခံမှု-၁
လက်နက်ကိုင် တပ်ဖွဲ့တစ်ခု၏ တာဝန် နှင့် သစ္စာခံမှု-၁
တာဝန်နှင့် သစ္စာခံမှု တူပါသလား
ဤမေးခွန်းအား ဖြေရန်အတွက် တာဝန် ဘယ်အရာ၊ သစ္စာခံမှုက ဘယ်အရာ ဆိုသည်ကို ပြန်လည်ဆန်းစစ်ရန်လိုလာသည်။ ဤသို့ ပြန်လည်ဆန်းစစ်ပါက အဘယ်ကြောင့် လက်နက်ကိုင် တပ်ဖွဲ့တစ်ခု ဖြစ်လာရသနည်း ဆိုသော အကြောင်းကရှိနေသည်။ ထိုအကြောင်းကို ပီပြင်စေရန် မေးခွန်းထုတ်ပြပါက "လူ့အဖွဲ့အစည်းတစ်ခုတွင် အဘယ်ကြောင့် လက်နက်ကိုင် တပ်ဖွဲ့ လိုအပ်နေရသနည်း" ဆိုသော အချက်ကထွက်လာပါသည်။
"လူ့အဖွဲ့အစည်းတစ်ခုတွင် အဘယ်ကြောင့် လက်နက်ကိုင် တပ်ဖွဲ့ လိုအပ်နေရသနည်း"
ဤအချက်ကို မဆန်းစစ်ဘဲ " တာဝန်နှင့် သစ္စာခံမှု တူပါသလား"၊ တာဝန် ဘယ်အရာဖြစ်သနည်း။ သစ္စာခံမှုက ဘယ်အရာ ဖြစ်သနည်း ဆိုသော မေးခွန်းများကို တိုက်ရိုက်ဖြေဆိုနိုင်မည်မဟုတ်ပေ။ လူ့အဖွဲ့အစည်းတစ်ခုတွင် လက်နက်ကိုင် တပ်ဖွဲ့တစ်ခု လိုအပ်လာရသည့် အချက္မှာ " ထိုလူ့အဖွဲ့အစည်းအား ဘေးကင်းလုံခြုံမှုအား ကာကွယ်စောင့်ရှောက်နိုင်ရန် အတွက်" လိုအပ်လာရခြင်းဖြစ်သည်။ ဤအချက်သည် တကယ့်စစ်မှန်သော ပရော်ဖက်ရှင်နယ် လက်နက်ကိုင်တပ်ဖွဲ့တစ်ခု၏ အခြေခံ စည်းမျဉ်းလည်းဖြစ်သည်။
လိုအပ်ရသည့် သဘာဝ
လူ့အဖွဲ့အစည်းတစ်ခုသည် ၎င်းတို့၏ ဘေးကင်းလုံခြုံမှု၊ ပျော်ရွှင်အေးချမ်းမှုများကို ကာကွယ်ရန်အတွက် လက်နက်ကိုင်တပ်ဖွဲ့တစ်ခုကို တည်ဆောက်ကြသည်။ လူထုသည် လက်နက်ကိုင်တပ်ဖွဲ့ ၏ အာဏာပါဝါ မူလပိုင်ရှင်ဖြစ်သည်။ ထိုအာဏာပါဝါ အား လက်နက်ကိုင်တပ်ဖွဲ့ ထံသို့ ပေးအပ်ထားသည်။ "ဤအချက်အား ငြင်းဆန်လိုသူများ" ရှိပါက အောက်ပါအတိုင်းသာ ပြန်လည်၍ အဓိပ္ပါယ်ဖွင့်ပါမည်။ " လူ့အဖွဲ့အစည်းတစ်ခု၏ ဘေးကင်းရေးသည် ထိုလူ့အဖွဲ့အစည်း၏ မူလ တာဝန်ဖြစ်သည်။ ထိုတာဝန်အား လက်နက်ကိုင်တပ်ဖွဲ့တစ်ခုကို အသိအမှတ်ပြု တည်ဆောက်၍ လုပ်ဆောင်ရန် ပေးအပ်ထားသည်။ ကာကွယ်ရေး၏ မူလပိုင်ရှင်မှာ ပြည်သူလူထုသာ ဖြစ်သောကြောင့်သာ "လူထုအား စစ်မှုထမ်းခိုင်းနေခြင်း၊ လူထုထံမှ အရင်းအမြစ်ရယူနေခြင်း" မဟုတ်ပါလော။ မဟုတ်ပါက လူထုအား စစ်ထဲဆွဲသွင်းခြင်း၊ အရင်းအမြစ် ထုတ်ယူခြင်းများကို လူထုနှင့် နိုင်ငံတော်ကို ကာကွယ်ရန်အတွက်ဟု အဘယ်ကြောင့် အကြောင်းပြချက်ပေးနေသနည်း။
လက်နက်ကိုင်တပ်ဖွဲ့ဟူသော စကားလုံးက ညင်သာပါသည်။ ဤအသုံးအနှုန်း၏ သဘာဝကို ပိုမိုရှင်းလင်းအောင် အဓိပ္ပါယ်ဖွင့္ရလျှင္ "ကာကွယ်ရန်အတွက် အကြမ်းဖက် ရက်စက် ကြမ်းကြုတ်မှုကို ပြုလုပ်ခွင့်ရထားသော အဖွဲ့အစည်း" ဟူ၍ အဓိပ္ပါယ်ရသည်။ လူ့အဖွဲ့အစည်းတစ်ခုအနေဖြင့် မိမိတို့အား ပျက်စီးအောင် ပြုလုပ်လာသော ရန်သူကို ပြန်လည်၍ အကြမ်းဖက် ကြမ်းကြုတ်မှုဖြင့် ကာကွယ်ရန် ဖွဲ့စည်းထားသော အဖွဲ့ကို လက်နက်ကိုင်တပ်ဖွဲ့ဟု ခေါ်သည်။ ဤတွင်ပင် မူလအနှစ်သာရ သဘောသဘာဝက ပါဝင်နေပြီဖြစ်သည်။ လူထုကိုကာကွယ်ရန် "ကြမ်းကြုတ်ရက်စက်ပိုင်ခွင့်" ရှိသည်။ ထိုအချက်၏ အတိမ်အနက္မှာ " ကြမ်းကြုတ်ရက်စက္မှုဟူသည် လူထုကို ကာကွယ်ရန်၊ ဘေးရန္ကင္းရန္အတွက္ "လူထုအား အန္တရာယ်ဖြစ်စေသော အရာအပေါ်တွင်သာ" ပြုလုပ်ပိုင်ခွင့်ရှိသော အခွင့်အာဏာဆိုသည့် သဘောက ဒင်္ဂါးပြား၏ ခေါင်းနှင့်ပန်းလို ဒွန်ဒွဲနေသည်။ သို့သော် ဖြစ်လာတတ်သော သဘာဝ တစ်ခုမှာ " လူထုအား အန္တရာယ်ဖြစ်စေသော အရာအပေါ်တွင်သာ" ပြန်လည်၍ အကြမ်းဖက်ကြမ်းကြုတ်ခွင့်အား "လူထုအပေါ်တည့္တည့္ ကြမ်းကြုတ်ရက်စက္မှု" ဆိုသည့်ဘက်ကိုလည်း ရောက်လာတတ်သော သဘာဝသည်လည်း လက်နက်ကိုင်တပ်ဖွဲ့ တွင်ရှိနေတတ်သည်။
သို့ဖြစ်၍ "လူထုအပေါ်တွင် ကြမ်းကြုတ်ရက်စက္မှု မပြုရန် မည်သို့ ပြုလုပ်ကြမည်နည်း" ဟူသော အချက်သည် လက်နက်ကိုင် တပ်ဖွဲ့တစ်ခုအား မည်သို့တည်ဆောက်လည်ပတ်စေမည်နည်း ဟူသော အချက်ကိုစဉ်းစားသောအခါ အမြဲတန်းထည့်သွင်း လာရခြင်းဖြစ်သည်။ "အရပ်ဖက်အုပ်ချုပ်ရေး၏ အောက်တွင် လက်နက်ကိုင် တပ်ဖွဲ့ကို ထားသည်" ဟူသော စည်းမျဉ်းသည် လျှာတွင် အရိုးမရှိတိုင်း ပြောနေသည့် စကားလုံးမဟုတ်ပေ။ အရပ်ဖက် အုပ်ချုပ်ရေး၏ အောက်တွင် လက်နက်ကိုင်တပ်ဖွဲ့ အားထားခြင်းသည် "လူထုအပေါ်တွင် ကြမ်းကြုတ်ရက်စက်မှု မပြုရန် " အတွက် ထားသောသဘောလည်း ဖြစ်သည်။
တာဝန် ဘယ်အရာဖြစ်သနည်း။
လက်နက်ကိုင်တပ်ဖွဲ့တစ်ခု၏ တာဝန်မှာ လူထုကိုကာကွယ်ရန် ဖြစ်သည်။ လက်နက်ကိုင် တပ်ဖွဲ့တစ်ခုသည် မည်သူကို သစ္စာခံရမည်နည်းဟု ဆိုလျှင် "လူထုကိုသာ သစ္စာခံရမည်" ဖြစ်သည်။ ဤအချက်က လက်နက်ကိုင်တပ်ဖွဲ့တစ်ခုလုံးကို လွမ်းခြုံထားသော သဘောတရားဖြစ်သည်။ ထိုလွမ်းခြုံမှုက လက်နက်ကိုင်တပ်ဖွဲ့တစ်ခု၏ အဖွဲ့ဝင်တိုင်း တစ်ဦးချင်းအပေါ် သက်ရောက်သည်။ သို့သော် မည်မျှပင် သဘောတရားက သက်ရောက်ပါစေ။ လက်တွေ မြေပြင်၌ကား လက်နက်ကိုင်တပ်ဖွဲ့ တစ်ဖွဲ့ဝင်များ၏ အသိစိတ်တွင်တော့ ထိုသဘောတရားက မှိန္ဖျော့လွန္းလှသည်။ တပ်ဖွဲ့ဝင်တစ်ယောက်၏ အသိစိတ်အပေါ်တွင် တာဝန် ဆိုသည်နှင့် "အထက်အမိန့်အားနာခံရမည်" ဆိုသည့် ရိုက်သွင်းချက်သာ ဇောင်းထကြသည်။ လက်နက်ကိုင်တပ်ဖွဲ့တစ်ခု၏ နဂိုမူရင်းအနှစ်သာရကို အလေးအနက္မထားဘဲ "အထက်အမိန့်အားနာခံရမည်" ဆိုသည့် ရိုက်သွင်းချက်က အန္တရာယ်များလှသည်။ တပ်ဖွဲ့ဝင်များအပေါ် ညီနောင်စိတ်ထား ရှိရမည်။ မိမိတပ်ဖွဲ့အပေါ်သစ္စာရှိရမည် ဆိုသည့်အချက္များက အပြင်ပန်းက ကြည့်လျှင် အပြစ်ဆိုစရာမရှိပေ။ သို့သော် မိမိတပ်ဖွဲ့ အပေါ်သစ္စာရှိရမည် ဆိုသော အချက်၌ပင္ တပ်ဖွဲ့အပေါ် လွမ်းမိုးနေသူက ထိုတပ်ဖွဲ့၏ ခေါင်းဆောင်ဖြစ်နေသည်မဟုတ်လား။ ထိုအခါ တပ်ဖွဲ့အပေါ်သစ္စာရှိရမည် ဆိုသော သဘောတရားအပေါ် တပ်ဖွဲ့ခေါင်းဆောင်အပေါ် သစ္စာရှိရမည်ဆိုသော အချက်ကသာ ပို၍ လွမ်းမိုးသွားတော့သည်။
ထိုပြင် "ပြည်သူလူထု၊ နိုင်ငံတော်နှင့် ဖွဲ့စည်းပုံအခြေခံဥပဒေ " ဟူသောအချက္များကို ခွဲခြားထား၍မရပေ။ နိုင်ငံတော်၏ မူလပိုင်ရှင်သည် ပြည်သူလူထုသာဖြစ်သည်။ ပြည်သူလူထုအချင်းချင်း ငြိမ်းချမ်းစွာနေထိုင်နိုင်ရန် ပြည်သူလူထုများကြားတွင် အပြန်အလှန်ပဋိညဏ်ပြုရသည်။ ထိုပဋိညာဏ်များထဲတွင် အမြင့်ဆုံးမှာ ဖွဲ့စည်းပုံအခြေခံဥပဒေဖြစ်သည်။ သို့ဖြစ်၍ ခေတ်သစ် သမိုင်းတွင် ပရော်ဖက်ရှင်နယ် လက်နက်ကိုင်တပ်ဖွဲ့များသည် မိမိတို့ လူ့အဖွဲ့အစည်း နိုင်ငံတော်၏ ပဋိညာဏ် ဖွဲ့စည်းပုံအခြေခံဥပဒေအား ကာကွယ်စောင့်ရှောက်ရမည်ဟူသော တာဝန်ကိုယူကြသည်။ အကယ်၍သာ လက်နက်ကိုင် တပ်ဖွဲ့တစ်ခုသည် "ပြည်သူလူထု၊ နိုင်ငံတော်နှင့် ဖွဲ့စည်းပုံအခြေခံဥပဒေ" တို့တွင် တစ်ခုခုအား ချန်လှန်ထားကာ ကိုယ်လိုရာကို ဆွဲပြောနေပါက ထိုလက္ခဏာသည် အန္တရာယ်များပါသည်။
တပ်ဖွဲ့ဝင်တစ်ယောက်သည် "ပြည်သူလူထု၊ နိူင်ငံတော်နှင့် ဖွဲ့စည်းပုံအခြေခံဥပဒေ" တို့၏ အနှစ်သာရကို နားမလည်ပါက ထိုတပ်ဖွဲ့ဝင်၏ သစ္စာခံမှုမှာ "သူ၏ တပ်ဖွဲ့ခေါင်းဆောင်" အပေါ်တွင်သာ ပိုရှိလာမည်ဖြစ်သည်။ တပ်ဖွဲ့ခေါင်းဆောင် လုပ်သမျှတိုင်းသည် မူလကျင့်ဝတ်စံနှုန်းများနှင့် ညီ၏၊ မညီ၏လည်း စဉ်းစားနေမည် မဟုတ်တော့ချေ။
ပရော်ဖက်ရှင်နယ် လက်နက်ကိုင် တပ်ဖွဲ့များ၌ တပ်ဖွဲ့ဝင်များအပေါ် တာဝန်ပိုင်းအရ ဖွင့်ဆိုထားမှုရှိသည်။ ထိုဖွင့်ဆိုမှုများတွင် တပ်ဖွဲ့ဝင်တစ်ဦးသည် ဥပဒေနှင့်ညီသော အမိန့်ညွှန်ကြားချက္များကို လိုက်နာရန်တာဝန်ရှိသည်။ အကယ်၍ အမိန့်သည် တရားမဝင်၊ ဥပဒေနှင့် ညီညွှတ်မှုမရှိ (ဥပမာ- လက္နက္မ့ဲ ဆန္ဒပြသူများအပေါ် ပစ်ခတ်ကြမ်းကြုတ်ရမည်) ဆိုပါက ငြင်းဆန်ရမည်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ထိုသို့ ငြင်းဆန်မှုသည် ဥပဒေအား ကာကွယ်ခြင်းစောင့်ရှောက်ခြင်း၊ ဥပဒေအပေါ်တွင် သစ္စာခံခြင်း သဘောဖြစ်နေပြီး စေခိုင်းသော အမိန့်သည် ဥပဒေနှင်မညီ တရားမျှတမှုမရှိ၍ဖြစ်သည်။ မည်သည့် ဖြစ်စဉ်တိုင်းတွင်မဆို တပ်ဖွဲ့ဝင်တစ်ယောက်အနေဖြင့် မိမိ၏ မည်သို့လုပ်ရပ်မှာ နိုင်ငံတော်၊ ပြည်သူလူထုနှင့် ဥပဒေကို ကာကွယ်စောင့်ရှောက္မှု ပိုဖြစ်စေသည်ကို ဆန်းစစ်ခိုင်းထားသည်။
အမေရိကန်တပ်မတော်၏ ဗိုလ်မှူးချုပ် (Brigadier General) တာဝန်ကို ထမ်းဆောင်သူ ဗိုလ်ချုပ် အက်စ် အဲလ် မာရှယ် (General S.L.A. Marshall ) က အောက္ပါအတိုင္းပြောခ့ဲသည္။
"သစ္စာစောင့်သိမှုဟာ အလွန်အရေးကြီးတဲ့အရာဖြစ်ပြီး စစ်မြေပြင်ရဲ့ အကြီးမားဆုံးသော အင်အားစုလည်း ဖြစ်ပါတယ်။ ဒါပေမဲ့ ဘယ်သူမှ သစ္စာရှိဖို့ တရားဟောရုံနဲ့ စစ်သည်တွေရဲ့ သစ္စာစောင့်သိမှုကို မရနိုင်ပါဘူး။ တပ်ဖွဲ့ဝင်တစ်ယောက်ဟာ တခြားသော ကိုယ်ကျင့်တရားနဲ့ အရည်အချင်းကောင်းတွေကို လက်တွေ့သက်သေပြနိုင်မှသာ အဲဒီသစ္စာတရားကို ရရှိနိုင်တာဖြစ်ပါတယ်။"
Comments
Post a Comment