လက်နက်ကိုင် တပ်ဖွဲ့တစ်ခု၏ တာဝန် နှင့် သစ္စာခံမှု-၃
လက်နက်ကိုင် တပ်ဖွဲ့တစ်ခု၏ တာဝန် နှင့် သစ္စာခံမှု-၃
လက်နက်ကိုင်တပ်ဖွဲ့အား လူ့အဖွဲ့အစည်းက နေရာပေးလက်ခံထားခြင်းမှာ
၁- မိမိတို့လူ့အဖွဲ့အစည်းကို အန္တရာယ်ပေးလာမည့် ရန်သူများမှ ကာကွယ်ရန်အတွက်ဖြစ်သည်။
ထိုသို့ ကာကွယ်ရန်အတွက် လူ့အဖွဲ့အစည်းတစ်ရပ် ၎င်း၏ လက်နက်ကိုင်တပ်ဖွဲ့အား
၂- တရားဝင်ရက်စက်ကြမ်းကြုတ်ခွင့်ကို ပေးထားသည်။
ထိုသို့ တရားဝင်ရက်စက်ကြမ်းကြုတ်ခွင့်မှာ
၃- မိမိတို့ လူ့အဖွဲ့အစည်းကို အန္တရာယ်ပေးလာမည့် ရန်သူများအပေါ်တွင်သာ ပြုမှုပိုင်ခွင့်ဖြစ်သည်။
၄- အကယ်၍ ထိုလက်နက်ကိုင်တပ်ဖွဲ့သည် ရက်စက်ကြမ်းကြုတ်မှုအား ပြည်သူလူထုဘက်ကိုဦးတည် ပြုမှုလာပါက ဘယ်လိုလုပ်မည်နည်းဟူသော စိန်ခေါ်ချက္မှာ အရပ်ဘက် စစ်ဘက် ဆက်ဆံရေးနယ်ပါယ်တွင် အမြဲတန်းရှိနေသည်။
လက်နက်ကိုင်တပ်ဖွဲ့သည် ရက်စက်ကြမ်းကြုတ်မှုအား ပြည်သူလူထုဘက်ကိုသာ ပြုမှုလာပါက ဘယ်လိုလုပ်မည်နည်း ဆိုသည့်အချက်ကို ဖြေရှင်းရန်အတွက်ပင် လက်နက်ကိုင်တပ်ဖွဲ့တစ်ခု၏ တာဝန်နှင့် သစ္စာခံမှုက အရေးကြီးလာသည်။ လက်နက်ကိုင်တပ်ဖွဲ့တစ်ခုတွင် တာဝန်နှင့် သစ္စာခံမှုအပေါ် မည်သို့ အဓိပ္ပါယ္ဖွင့္ဆို၍ မည်သို့ လက်တွေ့တွင် ကျင့်သုံးသနည်းဆိုသည့် အချက်က အဖြေပေးပါသည်။ မည်သို့ အဓိပ္ပါယ်ဖွင့္ဆိုသည္၊ မည်သို့လက်တွေ့ကျင့်သုံးသည် ဆိုသော အချက်တွင် မည်သို့ သွန်သင်ညွှန်ကြားသည် ဆိုသော အချက်က အဓိက ကျလာသည်။
RESPECT (ရိုသေ လေးစားမှု)
လက်နက်ကိုင်တပ်ဖွဲ့တစ်ခု၏ ထားရှိရမည့် ရိုသေလေးစားမှုဟူသည် အဘယ်နည်း။
လက်နက်ကိုင်တပ်ဖွဲ့တစ်ခုသည် မည်သည့်အရာ မည်သူတို့ကို ရိုသေ လေးစားရမည်နည်း။
လက်နက်ကိုင်တပ်ဖွဲ့တစ်ခု၏ ထားရှိရမည့်ရိုသေလေးစားမှု၏ အခြေခံအကျဆုံး အဆင့်ကိုပြောပါဆိုလျှင် "သာမန်လက်နက်ကိုင်တပ်ဖွဲ့ဝင် တစ်ယောက်ချင်းစီအနေဖြင့် ထားရှိရမည့် ရိုသေလေးစားမှုကို အရင် ကြည့်ရမည်ဖြစ်သည်"။ ဆိုလိုချင်သည်က လက်နက်ကိုင်တပ်ဖွဲ့တစ်ခုအနေဖြင့် မည်မျှအထိ ပရော်ဖက်ရှင်နယ်ဆန်သည်/မဆန်သည် ဆိုသောအချက္မှာ သူ၏ သာမန်အောက်ခြေအဆင့် တပ်ဖွဲ့ဝင်တစ်ယောက်၏ ပြုမှုဆောင်ရွက်ပုံက ဖော်ပြနေ၍ ဖြစ်သည်။
အမေရိကန် စစ်တပ် တပ်ရင်းအကြပ်ကြီးချုပ် ဂျွန် ခရင်ရှော (Command Sgt. Maj. John Crenshaw) က သူ၏ ရဲဘော်များအား ပေးသော လက်ချာတွင် လက်နက်ကိုင်တပ်ဖွဲ့ဝင် တစ်ယောက်ချင်းစီ ထားရမည့် RESPECT (ရိုသေလေးစားမှု) နှင့် ပတ်သက်၍ အောက်ပါအတိုင်း ပြော ပြခ့ဲသည္။
"လူတို့ကို ဆက်ဆံသင့်သည့်အတိုင်း လေးစားသမှုဖြင့် ဆက်ဆံပါ။ ဤသို့သော စည်းကမ်းစနစ်သည်သာလျှင် လွတ်လပ်သောနိုင်ငံတစ်ခု၏ စစ်သည်တော်များကို တိုက်ပွဲတွင် ယုံကြည်အားကိုးထိုက်သူများ ဖြစ်လာစေသည်။ အခြားသူများအပေါ် ထားရှိသင့်သည့် လေးစားမှုကို နားလည်သူသည် မိမိအပေါ်တွင်လည်း ပြန်လည်လေးစားလာအောင် မလွဲမသွေ စွမ်းဆောင်နိုင်မည် ဖြစ်သည်။
ဆန့်ကျင်ဘက်အားဖြင့်၊ အခြားသူများ (အထူးသဖြင့် မိမိ၏ လက်အောက်ငယ်သားများ) အပေါ် မလေးစားစိတ်ရှိပြီး ထိုသို့ပြုမူတတ်သူသည် မိမိအပေါ် အမုန်းတရားများ သက်ရောက်လာစေရန် မလွဲမသွေ ဖန်တီးနေခြင်းသာ ဖြစ်သည်။ တစ်ဦးတစ်ယောက်ချင်းစီအပေါ် လေးစားမှုရှိခြင်းသည် ဥပဒေစိုးမိုးရေး၏ အခြေခံဖြစ်သလို၊ အမေရိကန်နိုင်ငံကို တည်ဆောက်ထားသည့် အဓိကအနှစ်သာရလည်း ဖြစ်သည်။
စစ်တပ်တွင် 'လေးစားမှု' ဆိုသည်မှာ လူသားအားလုံး၏ မွေးရာပါဂုဏ်သိက္ခာနှင့် တန်ဖိုးကို အသိအမှတ်ပြုခြင်းနှင့် တန်ဖိုးထားခြင်းကို ဆိုလိုသည်။ လူသားအရင်းအမြစ်သည် စစ်တပ်၏ အကြီးမားဆုံးသော အင်အားဖြစ်ကြောင်း ဤတန်ဖိုးက သတိပေးနေသည်။ စစ်သည်တော်များသည် လူသားတိုင်း၏ ဂုဏ်သိက္ခာကို အမြဲတမ်းတန်ဖိုးထားပြီး လေးစားစွာ ဆက်ဆံသင့်သည်။ ဤအသက္မွေးဝမ်းကြောင်း လုပ်ငန်းတွင် တာဝန်ထမ်းဆောင်နေသူတိုင်းသည် မည်သည့်ယူနီဖောင်း၊ မည်သည့်အဆင့်အတန်းပင် ဖြစ်စေကာမူ လေးစားမှုကို ရရှိထိုက်သူများသာ ဖြစ်သည်။"
သို့ဖြစ်၍ လက်နက်ကိုင်တပ်ဖွဲ့တစ်ခု၏ ထားရှိရမည့် ရိုသေလေးစားမှုဟူသည် အဘယ်နည်း၊ လက်နက်ကိုင်တပ်ဖွဲ့တစ်ခုသည် မည်သည့်အရာ မည်သူတို့ကို ရိုသေ လေးစားရမည်နည်း၊ ဆိုသော မေးခွန်းအတွက် အဖြေကို တပ်ရင်းအကြပ်ကြီးချုပ် ဂျွန် ခရင်ရှော၏ လက်ချာမှ ငှားယူ၍ ဖြေရလျှင်
၁- လက်နက်ကိုင်တပ်ဖွဲ့တစ်ခု သို့မဟုတ် လက်နက်ကိုင်တပ်ဖွဲ့ဝင်တစ်ယောက်သည် "လူသားအားလုံး၏ မွေးရာပါဂုဏ်သိက္ခာ" ကို လေးစားရမည်ဖြစ်သည်။
၂- "လူသားအားလုံး၏ မွေးရာပါတန်ဖိုးအသိအမှတ်ပြု လေးစားရမည်"ဖြစ်သည်။
၃- "ထိုအချက္များအပေါ် တန်ဖိုးထားရမည်" ဖြစ်သည်။
ဤအချက်များသည် လက်နက်ကိုင်တပ်ဖွဲ့တစ်ခု၏ "RESPECT (ရိုသေလေးစားမှု) ကို ဖွင့်ဆိုချက်ဖြစ်သည်ဟု တပ်ရင်းအကြပ်ကြီးချုပ် ဂျွန် ခရင်ရှော က ဆိုထားသည်။ သူ၏ ဆိုလိုရင်းအား အခြားတဖက္မှ အဓိပ္ပါယ်ဖွင့်ဆိုလျှင္ "လက်နက်ကိုင်တပ်ဖွဲ့တစ်ခု/ တပ်မတော် တစ်ခု သည် လူသားဂုဏ်သိက္ခာနှင့် လူသားတန်ဖိုးကို လေးစားမှုဖြင့် လက်နက်ကိုင်ခြင်းဖြစ်သည်" ဟူသော အဓိပ္ပါယ္ရလာပါသည္။
ဤအချက်ကိုလည်း အာဏာအဆီယစ်နေသောသူများမှ ငြင်းဆန်နေမည်ဖြစ်သည်။ ထိုသို့ငြင်းဆန်ပါကလည်း ထိုသူများအား ပြန်မေးစရာရှိသည်မှာ "အကယ်၍ လက်နက်ကိုင်တပ်ဖွဲ့ တစ်ခုသည် လူကိုလူလို့မမြင်ဘဲ၊ လူကိုလူ၍မထင်ဘဲ လက်နက်ကိုင်သည်ဆိုပါက ထိုလက်နက်ကိုင်တပ်ဖွဲ့၏ မူလရည်ရွယ်ချက်ဖြစ်သော "ပြည်သူလူထုအား ကာကွယ်ရန်အတွက်"၊ "ပြည်သူလူထု အဖိနှိပ်ခံ ဘဝမှ လွတ်မြောက်ရေးအတွက်"၊ "လွတ်လပ်အေးချမ်းသာယာသော လူဘောင်တစ်ခုအတွက်" ဆိုသည်များကို ဘယ်ချောင်သို့ ပို့လိုက်သနည်းဟုသာ ပြန်မေးခွန်းထုတ်စရာသာ ရှိတော့သည်။
ပြည်သူလူထု၏ လေးစားမှုကို လိုချင်လျှင် ပြည်သူလူထုကို ရိုသေလေးစားမှု ထားပေးရမည်ဖြစ်သည်။ ပရော်ဖက်ရှင်နယ်ဆန်သော လက်နက်ကိုင်တပ်ဖွဲ့တစ်ခု ဖြစ်လိုလျှင် အခြေအနေတိုင်းတွင် ပရော်ဖက်ရှင်နယ် ပီသအောင် ကြိုးစားရမည်ဖြစ်သည်။
ထိုသို့မဟုတ်ဘဲ ပြည်သူလူထုထက် တမူးပိုရှူပြလာချင်သည့်အခါ၊ မိမိတို့က ပြည်သူလူထုထက္မြင့်မြတ်သည်ဟူသော ခံစားချက္ရှိလာသောအခါပြည်သူလူထုမှ ပေးသော လေးစားမှုထက် ပိုလိုချင်လာပြီး အာဏာအဆီယစ်တော့သည်။ အာဏာအဆီယစ်လာပါက "ပြည်သူလူထုအား ရက်စက်ကြမ်းကြုတ်မှုပြုရန် လက္မတွန့်သော လက်နက်ကိုင်တပ်ဖွဲ့" ဖြစ်လာရန် နီးကပ်သွားပြီဖြစ်သည္။
တပ်ရင်းအကြပ်ကြီးချုပ် ဂျွန် ခရင်ရှောက အခြားသူများအပေါ် ထားရှိသင့်သည့် လေးစားမှုကို နားလည်သူသည် မိမိအပေါ်တွင်လည်း ပြန်လည်လေးစားလာအောင် မလွဲမသွေ စွမ်းဆောင်နိုင်မည် ဖြစ်ကြောင္း၊ ဆန့်ကျင်ဘက်အားဖြင့်၊ အခြားသူများ (အထူးသဖြင့် မိမိ၏ လက်အောက်ငယ်သားများ) အပေါ် မလေးစားစိတ်ဖြင့္ပြုမူတတ်သူသည် မိမိအပေါ် အမုန်းတရားများ သက်ရောက်လာစေရန် မလွဲမသွေ ဖန်တီးနေခြင်းသာ ဖြစ်ကြောင္း၊ တစ်ဦးတစ်ယောက်ချင်းစီအပေါ် လေးစားမှုရှိခြင်းသည် ဥပဒေစိုးမိုးရေး၏ အခြေခံဖြစ်သလို၊ အမေရိကန်နိုင်ငံကို တည်ဆောက်ထားသည့် အဓိကအနှစ်သာရလည်း ဖြစ်ကြောင္း" ဆိုထားသည်။
အခြားတဖက်က ပြန်တွေးကြည့်ပါက တစ်ဦးတစ်ယောက်ချင်းစီအပေါ် လေးစားမှုရှိခြင်းသည် ဂျွန် ခရင်ရှော ပြောသော အမေရိကန်နိုင်ငံကို တည်ဆောက်ထားသည့် အဓိကအနှစ်သာရပင် မဟုတ် လူ့အဖွဲ့အစည်းအားလုံး၏ အနှစ်သာရလည်း ဖြစ်သည်ပင္မဟုတ်လော။
ဂျွန် ခရင်ရှောက " စစ်တပ်တွင် 'လေးစားမှု' ဆိုသည်မှာ လူသားအားလုံး၏ မွေးရာပါဂုဏ်သိက္ခာနှင့် တန်ဖိုးကို အသိအမှတ်ပြုခြင်းနှင့် တန်ဖိုးထားခြင်းကို ဆိုလိုကြောင္း၊ လူသားအရင်းအမြစ်သည် စစ်တပ်၏ အကြီးမားဆုံးသော အင်အားဖြစ်ကြောင်း၊ စစ်သည်တော်များသည် လူသားတိုင်း၏ ဂုဏ်သိက္ခာကို အမြဲတမ်းတန်ဖိုးထားပြီး လေးစားစွာ ဆက်ဆံသင့်ကြောင်း၊ ဤအသက္မွေးဝမ်းကြောင်း လုပ်ငန်းတွင် တာဝန်ထမ်းဆောင်နေသူတိုင်းသည် မည်သည့်ယူနီဖောင်း၊ မည်သည့်အဆင့်အတန်းပင် ဖြစ်စေကာမူ လေးစားမှုကို ရရှိထိုက်သူများသာ ဖြစ်ကြောင္း" ဆိုထားသည်။
ဂျွန် ခရင်ရှော၏ လက်ချာအား အနှစ်ချုပ်ပါက လက်နက်ကိုင်တပ်ဖွဲ့တစ်ခုတွင် ရိုသေလေးစားမှု ဟူသည် ရှိရမည်။ ထို လေးစားမှုသည် အပြန်အလှန်လေးစားမှု (Reciprocity) သဘောကိုဆောင်ရမည်။ သူတစ်ပါးကို လေးစားမှ မိမိကိုလည်း သူတစ်ပါးက ပြန်လည်လေးစားမည် ဆိုသောအချက်ကို ဂရုမူရမည်ဖြစ်သည်။ ခေါင်းဆောင်မှု (Leadership)တွင်လက်အောက်ငယ်သားများကို နှိမ်ချခြင်း၊ ဖိနှိပ်ခြင်း၊ရက်စက်ခြင်းသည် အမုန်းတရားကိုသာ ဖြစ်စေပြီး တပ်ဖွဲ့၏ စည်းလုံးမှုကို ပျက်ပြားစေသည် ဟု ဆိုထားသည်။ လက်အောက်ငယ်သားပင်ဖြစ်စေ၊ သာမန်ပြည်သူလူထုပင်ဖြစ်စေ သူတို့တွင် လူသားဂုဏ်သိက္ခာ (Human Dignity) ဟူသည်ရှိသည်။ သို့ဖြစ်၍ ရာထူး သို့မဟုတ် ဝတ်စုံထက် လူတစ်ဦးချင်းစီ၏ တန်ဖိုးကို ဦးစားပေးရန် လိုအပ်သည် ဟု ဆိုထားသည်။
ဆက်ရန်
Comments
Post a Comment