လက်နက်ကိုင် တပ်ဖွဲ့တစ်ခု၏ တာဝန် နှင့် သစ္စာခံမှု-၄
လက်နက်ကိုင် တပ်ဖွဲ့တစ်ခု၏ တာဝန် နှင့် သစ္စာခံမှု-၄
လက်နက်ကိုင်တပ်ဖွဲ့တစ်ခုသည် "လူသားဂုဏ်သိက္ခာနှင့် လူသားတန်ဖိုးကို လေးစားမှုဖြင့် လက်နက်ကိုင်ခြင်းဖြစ်သည်" ဟုမည်သို့ပင်ဆိုနေစေကာမူ "ငါတို့ တိုက်ရသည်၊ ငါတို့စွန့်လွတ်ရသည်၊ ငါတို့ပေးဆပ်ရသည်၊ သို့ဖြစ်၍ ငါတို့သည် မြင့်မြတ်သည်၊ ငါတို့သည် ဦးစားပေးခံထိုက်သည်" ဟူသော ခံစားချက္မျိုးက ရှိလာတတ်သည်။
ပြည်သူလူထုသည် လက်နက်ကိုင် အဖွဲ့အစည်း၏ အာဏာ မူလပိုင်ရှင်ဖြစ်ပြီး ဘေးအန္တရာယ်ကင်းသော လူ့အဖွဲ့အစည်းတစ်ခု ဖြစ်စေရန် မိမိတို့အား ပြည်သူလူထုမှ တာဝန်ပေးထားသည်၊ နေရာပေးထားသည် ဟူသောအတွေးအခေါ်မျိုးက လက်နက်ကိုင်တပ်ဖွဲ့များထံတွင် ကင်းကွာလာတတ်သည်။ လက်နက်ကိုင်တပ်ဖွဲ့ဟူသည် လူ့အဖွဲ့အစည်းတစ်ခုအား ဘေးအန္တရာယ်မှ ကင်းဝေးစေရန် တာဝန်ပေးခံထားရသော၊ တာဝန်ယူထားရသော ပြည်သူလူထု၏ အခိုင်းအစေဖြစ်သည်။ ဤအချက်က လက်နက်ကိုင်တပ်ဖွဲ့တိုင်းတွင် အမြဲတန်းကိန်းဝပ်နေရမည့် ဝတ္တရားဖြစ်သည်။
ဝတ္တရား (obligation) ဟူသည် အမြဲတန်းဖြည့်ဆည်းရန် လိုအပ်သောအရာဖြစ်သည်။ အမေရိကန် စစ်တပ် တပ်ရင်းအကြပ်ကြီးချုပ် ဂျွန် ခရင်ရှော (Command Sgt. Maj. John Crenshaw) က တာဝန်၏ အနှစ်သာရမှာ မည်သူတစ်ဦးတစ်ယောက်ကမှ အမိန့်ပေးထားခြင်းမရှိသည့်တိုင်အောင် ကိုယ်တိုင် အသိတရားအရလည်းကောင်း၊ ကိုယ်ကျင့်တရားအရလည်းကောင်း၊ မိမိ၏ လက်ရှိရပ်တည်ရာ တာဝန်ယူထားရာ ပရော်ဖက်ရှင်နယ်ပီသမှုဖြင့်လည်းကောင်း ပြုလုပ်ရမည့်အရာဖြစ်သည် ဟုဆိုထားသည်။
လက်နက်ကိုင်တပ်ဖွဲ့ဝင်တစ်ယောက်တွင် လက်နက်ကိုင်သော အလုပ်ကို လုပ်နေသည့်အတွက် အမြဲတန်းဆောင်ရွက်ရမည့် တာဝန် (Duty) ရှိသည်။ ဝတ္တရား (Obligation) ရှိသည်ဟုဆိုသည်။ မိမိ လက်နက်ကိုင်သောအလုပ်၏ မူလရည်ရွယ်ချက်တန်ဖိုးမှာ ပြည်သူလူထုကို ဘေးကင်းလုံခြုံစေရန်၊ ကာကွယ်ရန်ဖြစ်သည်။ ပြည်သူလူထုက ၎င်းတို့ဘေးကင်းလုံခြုံစေရန်၊ ၎င်းတို့ကို ကာကွယ်စေရန် လက်နက်ကိုင်တပ်ဖွဲ့၏ ဖြစ်တည်မှုကို လက်ခံထားသည်။ နေရာပေးထားသည်။ လက်နက်ကိုင်တပ်ဖွဲ့တစ်ခုတွင် မိမိဖြစ်တည်မှု၏ မူလရည်ရွယ်ချက္မှ လမ်းချော်ထွက်သွား၍ မရချေ။ လက်နက်ကိုင်တပ်ဖွဲ့၏ လုပ်ငန်းသဘာဝအရပင် တိုက်ရမည်၊ ခိုက်ရမည်၊ အန္တရာယ်ကို ရင်ဆိုင်ရမည်၊ ထိုအတွက် အသက် ခန္ဓာ ကိုယ်လက်အင်္ဂါ အချိန် ဘဝ တို့ ပါသွားနိုင်သည်။ မိမိတို့၏ ကိုယ်လက်အင်္ဂါ အသက်ခန္ဓာ ပါသွားရင်လည်း ပါသွားပါစေ၊ မိမိသည် ဤလုပ်ငန်းအား လုပ်မည်ဟုသော ခံယူချက်ကြောင့် ဤသို့ လက်နက်ကိုင်နယ်ပယ်ထဲသို့ "မိမိ သဘောဖြင့်" ဝင်ရောက်လာခြင်း ဖြစ်သည်။ သို့ဖြစ်၍ "ငါတို့ တိုက်ရသည်၊ ငါတို့စွန့်လွတ်ရသည်၊ ငါတို့ပေးဆပ်ရသည် "ဟူ၍ မာန်စောင်းလာ၍မရပေ။
မူလရည်ရွယ်ချက္မှ လမ်းချော်ထွက်ခြင်း
သို့သော် အသိအမှတ်ပြုခံလိုမှု၊ အခွင့်အရေးရလိုမှု စသဖြင့် ခံစားချက္များလာလျှင်တော့ လက်နက်ကိုင်တပ်ဖွဲ့တစ်ခုသည် မူလရည်ရွယ်ချက္မှ လမ္းချော္ထွက်လာခ့ဲပြီ ဖြစ်သည္။ မိမိသဘောဆန္ဒဖြင့် လက်နက်ကိုင်တပ်ဖွဲ့ထံဝင်ရောက်မှုတွင် အဆိုပါ အသိအမှတ်ပြုခံလိုမှု၊ အခွင့်အရေးရလိုမှု စသည့်ခံစားချက္များ ရှိလာလျှင် ကျိမ်းသေ လမ်းချော္သွားပြီဖြစ်သည္။ အသိအမှတ်ပြုခံလိုသူ၊ အခွင့်အရေးရလိုသူများအတွက် "လက်နက်ကိုင်တပ်ဖွဲ့တစ်ခု၏ မူလ ရည်ရွယ်ချက်" က ၎င်းတို့အတွက် အဓိကမဟုတ်ပေ။ ၎င်းတို့အတွက် အရေးလည် မပါလှပေ။ သူအတွက် သူ့ကိုယ်ကျိုးစီးပွားဖြစ်သော အသိအမှတ်ပြုခံရခြင်း၊ အခွင့်အရေးရခြင်းကသာ အဓိကဖြစ်သည်။ ၎င်းတို့အတွက် ပန်းတိုင်ဖြစ်သည်။ လက်နက်ကိုင်တပ်ဖွဲ့ဟူသည် ၎င်းတို့အဖို့ ပန်းတိုင်ကိုရောက်စေရန် လှေကားထစ်သာဖြစ်သည်။ အသုံးချမည်အရာသာဖြစ်သည်။
တပ်ဖွဲ့ဝင်တစ်ယောက်သည် မိမိ သဘောဆန္ဒဖြင့် ဝင်ရောက်ခြင်းမဟုတ်ဘဲ လွန်ဆန်၍မရနိုင်သော ပယောဂတစ်ခုခုကြောင့် ဝင်ရောက်လာရသည်ဆိုပါက အနုတ်လက္ခဏာဘက်တွင် ပိုရှိလာတော့သည်။ မိမိသဘောဆန္ဒဖြင့် ဝင်ရောက်ခြင်းမဟုတ်သည့်သူများအတွက် "လက်နက်ကိုင်တပ်ဖွဲ့တစ်ခု၏ ရည်ရွယ်ချက်" ဟူသည် အလွန်တရာမှ စိတ်ပျက်စရာကောင်းသော ဝန်ထုတ်ဝန်ပိုးတစ်ခု ဖြစ်သည်။
လက်နက်ကိုင်တပ်ဖွဲ့တစ်ခုအတွက် "မူလရည်ရွယ်ချက္မှ မကင်းကွာမှု" ဆိုသော စိန်ခေါ်ချက်သည် အမြဲတန်းရှိနေသည်။ ဤသည်က လက်နက်ကိုင်တပ်ဖွဲ့၏ ကိစ္စသာဖြစ်ပြီး မိမိတို့နှင့် မဆိုင်ဟု ပြည်သူလူထုသည် မယူဆကောင်းပေ။ အဘယ်ကြောင့်ဆိုသော ပြည်သူလူထုက ၎င်းတို့ဘေးကင်းလုံခြုံစေရန်၊ ၎င်းတို့ကို ကာကွယ်စေရန် လက်နက်ကိုင်တပ်ဖွဲ့ ကို တာဝန်ပေးထားသော အလုပ်ရှင်ဖြစ်နေသောကြောင့်ဖြစ်သည်။ အလုပ်ရှင်တစ်ယောက်သည် မိမိ၏အလုပ်သမား အလုပ်ကို မှန်မှန်ကန်ကန် လုပ်၊ မလုပ်ကို မျက်နှာလွဲပစ်ထား၍မရပေ။
အခွင့်အရေးသမားများက မိမိအကျိုးအတွက် လက်နက်ကိုင်အဖွဲ့အစည်းကို အသုံးချသည်။ မိမိသဘောဆန္ဒဖြင့် ဝင်ရောက်ခြင်းမဟုတ်ဘဲ မလွန်ဆန်နိုင်မှု တစ်ခုခု ကြောင့် ဝင်ရောက်လာသူများကို လက်နက်ကိုင် အဖွဲ့အစည်းက အသုံးချသည်။ ဤသို့ဖြစ်လာလျှင် ထို လက်နက်ကိုင်တပ်ဖွဲ့ တွင် ပရိုဖက်ရှင်နယ်ကျင့်ဝတ် ပျက်တော့သည်။
နိုင်ငံတော်နှင့် ပြည်သူလူထုအား ခွဲခြားခြင်း
လက်နက်ကိုင်တပ်ဖွဲ့တစ်ရပ်သည် လူ့အသိုက်အဝန်းတစ်ခု ကိုကာကွယ်ရန်တာဝန်ရှိသည်။ (နိုင်ငံတော်သည်လည်း လူ့အသိုက်အဝန်းတစ်ခုဖြစ်သည်။ နိုင်ငံတော်၏ မူလပိုင်ရှင်သည် ထိုနိုင်ငံ၏ ပြည်သူလူထုဖြစ်သည်)။ သို့သော် လက်နက်ကိုင်တပ်ဖွဲ့တစ်ခုသည် လူ့အသိုက်အဝန်း၏ အမြင့်ဆုံးအာဏာနှင့် လုပ်ပိုင်ခွင့်၊ အခွင့်အရေးများအထိ ဝင်ရောက်စွက်ဖက်နေလျှင် "နိုင်ငံတော်အား ပြည်သူလူထုနှင့် ခွဲခြားထားတော့သည်။ ထိုသို့ အခွင့်အရေးနှင့် အဆီယစ်နေသော အုပ်စုများထံမှ ထွက်လာသော လော်ဘီများအသံတွင် လက်နက်ကိုင်တပ်ဖွဲ့သည် နိုင်ငံတော်အား ကာကွယ်သည်ဟုသာ အများအားဖြင့်ပြောဆိုကြသည်။ အမှန်က နိုင်ငံတော်ဟူသည် နယ်မြေနယ်နိမိတ်တစ်ခုပေါ်တွင် ပြည်သူလူထုအချင်းချင်းကြား ပဋိညဏ်ပြုကာ ဖွဲ့စည်းထားသော လူ့အသိုက်အဝန်း စနစ်တရပ်ဖြစ်သည်။ လက်နက်ကိုင်တပ်ဖွဲ့ဟူသည် ထိုနယ်နိမိတ်ပေါ်ရှိ ပြည်သူလူထု၏ အကျိုးစီးပွားကို အန္တရာယ်ပေးလာမည့် ရန်သူများကို ကာကွယ်ရန်အတွက် ပြည်သူလူထုကိုယ်တိုင် အထောက်အပံပေးကာ ဖွဲ့စည်းထားခြင်း ဖြစ်သည်။ ထိုအချက်ကို ကိုယ်ကျိုး အခွင့်အရေးအပေါ် အဆီယစ်အုပ်စုများက ဖွင့်ဆိုမပြပေ။ ၎င်းတို့ ဖွင့်ဆိုသော အဓိပ္ပါယ္မှာ ၎င်းတို့သည် နိုင်ငံတော်ကို ကာကွယ်နေသည့် သူများဖြစ်သည်။ အနစ်နာခံသူများဖြစ်သည်။ လက်ရှိလည်း အနစ်နာခံနေရသည်ဟူသော စကားလုံးကိုသာ တွင်တွင်ပြောသည်။ ၎င်းတို့ပြောသော စကားလုံး၏ အခြားဘက် အဓိပ္ပပါယ်တွင္ ထိုသို့ အနစ်နာခံနေရသည့်အတွက် အခွင့်အရေးကိုယူသည် ဟူသော အချက်က ပါနေသည်။ မိမိကိုယ်ကျိုးအခွင့်အရေးအပေါ် အဆီယစ်အုပ်စုက " လက်နက်ကိုင်တပ်ဖွဲ့တည်ရှိရန် လိုအပ်သည်" ဟု တွင်တွင်ပြောနေမည်ဖြစ်သည်။ အမှန်က " လက်နက်ကိုင် တပ်ဖွဲ့တည်ရှိရန် လိုအပ်သည်၊ မလိုအပ် သို့မဟုတ် တည်ရှိမှုကို လက်ခံသည်၊ လက္မခံ ဆိုသည် ဆုံးဖြတ်ချက်၏ မူလပိုင်ရှင်မှာ ပြည်သူလူထုသာဖြစ်သည်ကိုတော့ ထိုအဆီယစ်အုပ်စုများက ဖွင့်ဆိုမပြပေ။
ဤသို့ဖြင့် သဘောတရား အတွေးအမြင်ပိုင်းမှစတင္ကာ လက်နက်ကိုင်တပ်ဖွဲ့တစ်ခု၏ မူလ ရည်ရွယ်ချက္မှ သွယ်ဖယ်လာသည့်အခါ လက်နက်ကိုင် တပ်ဖွဲ့တရပ်သည် ၎င်း တို့ တည်ရှိမှုနှင့် ၎င်းတို့ လုပ်သည့်လုပ်ရပ်များကို နိုင်ငံတော်အား ကာကွယ်ခြင်းဟု လွယ်လွယ် အမည်တပ်လိုက်ကြသည်။ နိုင်ငံတော်အား ကာကွယ်ရန်အတွက်ဟုဆိုကာ ပြည်သူလူထု၏ အကျိုးစီးပွားနှင့် အခွင့်အရေးကို ထိပါးလာတော့သည်။
အရပ်ဘက်- စစ်ဘက် ဆက်ဆံရေးတွင် ပြည်သူလူထုသည် မိမိ၏ အခိုင်းအစေဖြစ်သော လက်နက်ကိုင်တပ်ဖွဲ့၏ မူလရည်ရွယ်ချက္မှ သွယ်ဖယ်မှုကို အမြဲတန်းမျက်စိဒေါက်ထောက်ကြည့်၍ ထိန်းကျောင်းနိုင်ရန် အထူးလိုအပ်သည်။ လက်နက်ကိုင်တပ်ဖွဲ့ တစ်ခုတွင် မူလရည်ရွယ်ချက်အား အချိန်တိုင်း အစဉ်မပြတ်လိုက်နာကျင့်သုံးရန် တာဝန်၊ ဝတ္တရားသည်ရှိသည်။ သို့ဖြစ်၍ ဂျွန် ခရင်ရှော က သူ၏ လက်ချာတွင် လက်နက်ကိုင်တပ်ဖွဲ့ဝင် တစ်ယောက်ချင်းစီး ကျင့်ကြံ လိုက်နာရမည့် တာဝန်နှင့် ဝတ္တရားအား ဤသို့ အဓိပ္ပါယ်ထွင့္ဆိုပြခ့ဲသည်။
"မိမိ၏ တာဝန်ဝတ္တရားများကို ကျေပွန်စွာ ထမ်းဆောင်ပါ။ တာဝန်ဟူသည်၏ အနှစ်သာရမှာ တစ်ပါးသူ၏ အမိန့် သို့မဟုတ် ညွှန်ကြားချက် မရှိသော်လည်း မိမိ၏ ကိုယ်ကျင့်တရားနှင့် သက်မွေးမှုဆိုင်ရာ မှန်ကန်သော အသိစိတ်အပေါ် အခြေခံ၍ လုပ်ဆောင်ခြင်း ဖြစ်သည်။
တာဝန်ဆိုသည်မှာ ဥပဒေ၊ စည်းမျဉ်းစည်းကမ်းနှင့် အမိန့်များအရ လိုက်နာရန် လိုအပ်သည့်အရာများမှ စတင်သော်လည်း ၎င်းသည် ထိုထက္မက ပိုမိုကျယ်ဝန်းပါသည်။ ကျွမ်းကျင်မှုပြည့်ဝသော စစ်သည်တို့သည် မိမိတို့၏အလုပ်ကို အနိမ့်ဆုံးသတ်မှတ်ချက် (Standard) အတိုင်းသာမကဘဲ မိမိတို့တွင်ရှိသော စွမ်းဆောင်ရည် အကောင်းဆုံးဖြင့် လုပ်ဆောင်ကြသည်။
စစ်သည်များသည် မိမိတို့၏ သက်မွေးမှုဆိုင်ရာ တာဝန်ရှိသမျှတွင် ထူးချွန်ထက်မြက်ရန် အားထုတ်ကြသည်မှာ တာဝန်ပြီးဆုံးသည့်အခါတွင် ငါ့အနေနဲ့ ဒီထက်ပိုပြီး ဘာမှမလုပ်ပေးနိုင်တော့ဘူး (ငါ့စွမ်းအားရှိသမျှ အကုန်ပေးဆပ်ခဲ့ပြီးပြီ) ဟု ပြန်လည်ပြောဆိုနိုင်ရန် ဖြစ်သည်။ စစ်သည်များသည် တစ်စုံတစ်ဦးက ခိုင်းစေခြင်း မပြုမီ ဘာလုပ်ရန် လိုအပ်သည်ကို ကိုယ်တိုင်စဉ်းစားကာ ဦးဦးဖျားဖျား စတင်လုပ်ဆောင်ရမည်။ ထို့အပြင် မိမိ၏ လုပ်ဆောင်ချက်များနှင့် မိမိလက်အောက်ငယ်သားများ၏ လုပ်ဆောင်ချက္များအတွက် အပြည့်အဝ တာဝန်ယူမှု၊ တာဝန်ခံမှု ရှိရမည်။
စစ်သည်များသည် မိမိတို့၏ တပ်ဖွဲ့ကို ကြည့်ကောင်းအောင် သို့မဟုတ် မိမိတို့၏ အပေါင်းအသင်းများ စိတ်ချမ်းသာစေရန်အတွက် အမှန်တရားကို ဖုံးကွယ်ခြင်း၊ လိမ်လည်ခြင်း မပြုရပါ။ ယင်းအစား တပ်မတော်နှင့် နိုင်ငံတော်အပေါ်ထားရှိသည့် ပိုမိုမြင့်မားသော တာဝန်ဝတ္တရားကိုသာ ဦးထိပ်ထား လိုက်နာကြရမည်။"
ဆက်ရန်
Comments
Post a Comment