လက်နက်ကိုင် တပ်ဖွဲ့တစ်ခု၏ တာဝန် နှင့် သစ္စာခံမှု-၂

 လက်နက်ကိုင် တပ်ဖွဲ့တစ်ခု၏ တာဝန် နှင့် သစ္စာခံမှု-၂


လက်နက်ကိုင်တပ်ဖွဲ့တစ်ခုသည် လူ့အသိုက်အဝန်းတစ်ခုအား အန္တရာယ်ပေးလာသည့်အရာများကို ကာကွယ်ရန်အတွက် ထိုလူ့အသိုက်အဝန်းက တရားဝင်အကြမ်းဖက်ကြမ်းကြုတ်ခွင့် ကိုပေးအပ်ခံထားရသူများဖြစ်သည်။သို့ဖြစ်၍ "လူထုအပေါ်တွင် ကြမ်းကြုတ်ရက်စက္မှု မပြုရန် မည်သို့ ပြုလုပ်ကြမည်နည်း" ဟူသော အချက်သည် လက်နက်ကိုင် တပ်ဖွဲ့တစ်ခုအား မည်သို့တည်ဆောက်လည်ပတ်စေမည်နည်း ဟူသော အချက်ကိုစဉ်းစားသောအခါ အမြဲတန်းထည့်သွင်း လာရခြင်းဖြစ်သည်။


အမေရိကန် စစ်တပ် "တပ်ရင်းအကြပ်ကြီးချုပ် ဂျွန် ခရင်ရှော (Command Sgt. Maj. John Crenshaw)၊ ဒုတိယတပ်ရင်း၊ (2nd Battalion)၊ တတိယ အထူးတပ်ဖွဲ့အုပ်စု (လေထီး) (3rd Special Forces Group (Airborne)) က အခုလိုဆိုခ့ဲသည္။ ၎င်းက လက်နက်ကိုင်တပ်ဖွဲ့ဝင် တစ်ယောက်အတွက် LOYALTY (သစ္စာခံမှု)၊ DUTY (တာဝန်)၊ RESPECT (ရိုသေ လေးစားမှု)၊SELFLESS SERVICE (အတ္တကင်းမှု)၊ HONOR (အလေးအမြတ်ထားမှု)၊ INTEGRITY (အရည်အချင်းပြည့်ဝမှု)၊ PERSONAL COURAGE (ပုဂ္ဂလိက ရဲစွမ်းသတ္တိ) များအပေါ် သဘောအပြည့်အဝ ပေါက်ရန်လိုသည်ဟု ဆိုသည်။


 ဂျွန် ခရင်ရှော (John Crenshaw) က လက်နက်ကိုင်တပ်ဖွဲ့ ဝင်တစ်ယောက်အတွက် သစ္စာခံမှု (LOYALTY) ကို ဖော်ညွှန်းရာတွင် ပထမ အရေးကြီးဆုံးအချက်အား "နိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံ ဥပဒေ" အပေါ် ယုံကြည်စိတ်ထားမှု (True Faith) နှင့် သစ္စာခံမှု (Allenlgiance)" ထားရမည်ဟု ဆိုသည်။ ပြီးမှသာ အမေရိကန်တပ်မတော် (Army)၊ မိမိ၏ တပ်ဖွဲ့ နှင့် အခြားတပ်ဖွဲ့ဝင်များအပေါ် သစ္စာ စောင့်သိရမည်ဟု ဆိုသည်။ ဂျွန် ခရင်ရှော က အမေရိကန်စစ်ဘက်တွင် သင်တန်းပေးနေ ခ့ဲသူဖြစ်သည္။ 


သူ့၏ လက်ချာထဲတွင်ပင် ပရော်ဖက်ရှင်နယ် လက်နက်ကိုင်တပ်ဖွဲ့တစ်ခု၏ စိတ်နေစိတ်ထားသည် ပါဝင်နေသည်။ အမေရိကန် လက်နက်ကိုင်တပ်ဖွဲ့ဝင် တစ်ယောက်အတွက် " အမေရိကန်ပြည်ထောင်စု၏ ဖွဲ့စည်းပုံအခြေခံ ဥပဒေအပေါ် ယုံကြည်သက်ဝင်မှုနှင့် သစ္စာစောင့်သိမှု ရှိခြင်းက ပထမဆုံး ဦးစားပေးအချက်ဖြစ်သည်။ ကျန်အချက္များက ထိုအချက်၏ နောက်တွင်သာ ရှိသည်။


ဤတွင် မေးခွန်းတစ်ခုက ပေါ်လာသည်။ အမေရိကန် ဖွဲ့စည်းပုံအခြေခံ ဥပဒေဟူသည် အဘယ်နည်း။ အမေရိကန် ဖွဲ့စည်းပုံ အ ခြေခံဥပဒေတွင် မည်သည့်ပြဌာန်းချက်များပါသနည်း ဆိုသည့် မေးခွန်းများက ပေါ်လာသည်။ ဤမေးခွန်းများကို နားလည်မှသာ "လက်နက်ကိုင် တပ်ဖွဲ့ဝင် တစ်ယောက်၏ ပထမအရေးကြီးဆုံးဖြစ်သော  ဖွဲ့စည်းပုံအခြေခံ ဥပဒေအပေါ် ယုံကြည်သက်ဝင်မှုနှင့် သစ္စာစောင့်သိမှု ရှိခြင်း" ကို နားလည်လာမည်ဖြစ်သည်။


အမေရိကန်ပြည်ထောင်စု၏ ဖွဲ့စည်းပုံအခြေခံဥပဒေ သည် အမေရိကန် လူ့အဖွဲ့အစည်း၏ လူမှုပဋိညာဉ်ဖြစ်သည်။ ထိုလူမှုပဋိညာဉ်တွင် အမေရိကန် လူ့အဖွဲ့အစည်း သာယာဝပြော ငြိမ်းချမ်းစေရန် အမေရိကန်လူထုအချင်းချင်းကြားတွင် အပြန်အလှန်စောင့်ထိန်းရမည့် အချက္များပါသည်။ ထိုစောင့်ထိန်းရမည့် အချက်များတွင် တပါးသူ၏ အခွင့်အရေးနှင့် လွတ်လပ်မှုအား မထိခိုက်စေရန် မိမိကိုယ်ကိုယ်စောင့်စည်းရမှုသည်ပါသည်။ မိမိတွင်လည်း တပါးသူက့ဲသို့ အခွင့်အရေးရှိသည်ကို ယုံကြည်မှုကပါသည်။ ပြည်သူနှင့် အစိုးရများကြားတွင်လည်းကောင်း၊ ပြည်သူနှင့် ဥပဒေပြုရေး၊ တရားစီရင်ရေး များကြားတွင်လည်းကောင်း အပြန်အလှန် စောင့်စည်းရမည့် ပဋိညာဉ်များပါသည်။ အစိုးရ၊ ဥပဒေပြုရေး၊ တရာစီရင်းရေး စသည့် မဏ္ဍိုင်များအချင်းချင်းကြားတွင် အပြန်အလှန်စောင့်စည်းရမည့် ပဋိညာဉ်များပါသည်။ ထိုသို့စောင့်စည်းခြင်း၏ မသလရည်ရွယ်ချက္မှာ အမေရိကန် လူ့အဖွဲ့အစည်း သာယာဝပြော ငြိမ်းချမ်းစေရန် အတွက်ဖြစ်သည်။ တနည်းအားဖြင့် အမေရိကန် ဖွဲ့စည်းပုံအခြေခံဥပဒေဟူသည်  သာယာဝပြော လွတ်လပ်အေးချမ်းသော လူ့ဘောင်တစ်ခုဖြစ်လာစေရန် အမေရိကန်ပြည်သူလူထုအချင်းချင်းကြားတွင် စောင့်စည်းလိုက်နာရန် အမေရိကန်ပြည်သူလူထုကိုယ်တိုင်က အတည်ပြုပေးထားသော လူမှုပဋိညာဉ် ဖြစ်သည်။


အမေရိကန် လက်နက်ကိုင်တပ်ဖွဲ့ဝင်တစ်ယောက်အတွက် ထိုလူမှုပဋိညာဉ်ကို ယုံကြည်သက်ဝင်မှုနှင့် သစ္စာခံမှုရှိရမည် ဖြစ်သည်။ ဤအချက်သည် အမေရိကန် လက်နက်ကိုင်တပ်ဖွဲ့ဝင်တစ်ယောက်အတွက် ကနဦးအရေးကြီးသော သစ္စာခံမှု ဖြစ်သည်။ ဆိုလိုသည်က အမေရိကန် ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ယုံကြည်သက်ဝင် သစ္စာခံလိုက်သည်နှင့် အမေရိကန် ဖွဲ့စည်းပုံအခြေခံဥပဒေ တွင် ပြဌာန်းထားသော ဒီမိုကရေစီ၊ လူ့အခွင့်အရေးတန်ဖိုးများကိုပါ ကာကွယ်စောင့်ရှောက်ရန် သစ္စာခံလိုက်ရပြီဖြစ်သည်။ အမေရိကန်လူ့အဖွဲ့အစည်းထဲရှိ ပြည်သူလူထု အချင်းချင်းကြားတွင် တန်းတူညီမျှစွာ ပဋိညာဉ်ပြုထားသော အချက္များရှိနေသောကြောင့်သာ အမေရိကန်နိူင်ငံဆိုသည့် လူ့အဖွဲ့အစည်းတစ်ခုရှိနေခြင်းဖြစ်သည်။ ပြည်သူလူထု၏ အမြင့်ဆုံး အချုပ်အခြာအာဏာကို ပုံဖော်ထားသော ပဋိညာဉ်အား စောင့်ရှောက်ကာကွယ်ခြင်းသည် ပဋိညာဉ်ပိုင်ရှင် ပြည်သူလူထု၏ အခွင့်အရေးကိုပါ တစ်ပါတည်း ကာကွယ္စောင့္ရှောက္နေက့ဲသို့ ဖြစ်နေပြီဖြစ်သည်။


ဤသို့ဆိုပါက လက်နက်ကိုင်တပ်ဖွဲ့ဝင်တစ်ယောက်သည် အထက်အမိန့်ကို နာခံစရာမလိုတော့ဘူးလား။ အထက်အမိန့်ကို မနာခံလျှင် လက်နက်ကိုင်တပ်ဖွဲ့တစ်ခုသည် ပုံပျက်သွားနိုင်သည်မဟုတ်လားဟု အမိန့်အာဏာကို အဆီယစ်နေသော သူများဘက်က ဝူးဝူးဝါးဝါးတူးတူးခါးခါး ကန့်ကွက်လာစရာရှိသည်။ ထိုသို့ဆိုပါလျှင် " လက်နက်ကိုင်တပ်ဖွဲ့အား တည်ထောင်ရသည့် မူလရည်ရွယ်က အဘယ်နည်းဟုသာ ထို ဝူးဝူးဝါးဝါးတူးတူးခါးခါးများကို ပြန်၍ မေးခွန်းထုတ်ရပေလိမ့်မည်။ "ပြည်သူလူထုအား ကာကွယ်ရန်အတွက်"၊ "ပြည်သူလူထု အဖိနှိပ်ခံ ဘဝမှ လွတ်မြောက်ရေးအတွက်"၊ "လွတ်လပ်အေးချမ်းသာယာသော လူဘောင်တစ်ခုအတွက်" ဆိုသော မူလ ဟစ်ကြွေးသံများ၏ တန်ဖိုးကား ဘယ်သို့ရောက်ကုန်သနည်းဟု ထိုဝူးဝူးဝါးဝါး တူးတူးခါးခါးများကို မေးခွန်းထုတ်ရပေလိမ့်မည်။


မည်သို့သော အခြေအနေတွင် ရှိနေသည်ဖြစ်စေ.... "လက်နက်ကိုင်တပ်ဖွဲ့တစ်ခုသည် လူ့အသိုက်အဝန်းတစ်ခုအား အန္တရာယ်ပေးလာသည့်အရာများကို ကာကွယ်ရန်အတွက် ထိုလူ့အသိုက်အဝန်းက တရားဝင်အကြမ်းဖက်ကြမ်းကြုတ်ခွင့် ကိုပေးအပ်ခံထားရသူများဖြစ်သည်။သို့ဖြစ်၍ "လူထုအပေါ်တွင် ကြမ်းကြုတ်ရက်စက်မှု မပြုရန် မည်သို့ ပြုလုပ်ကြမည်နည်း" ဟူသော အချက်သည် လက်နက်ကိုင် တပ်ဖွဲ့တစ်ခုအား မည်သို့တည်ဆောက်လည်ပတ်စေမည်နည်း ဟူသော အချက်ကိုစဉ်းစားသောအခါ အမြဲတန်းထည့်သွင်း ထားရသည္။ ထိုအချက်အပေါ်တွင် မေးခွန်းထုတ်မှု၊ ဆန်းစစ်မှုမရှိပါက ထိုလူ့အဖွဲ့အစည်းအတွက် စစ်ဘောင်သွင်းခံရမည့် အန္တရာယ်က ရှိနေသည်။


မည်သို့သော အခြေအနေတွင် ရှိနေသည်ဖြစ်စေ....

လက်နက်ကိုင်တပ်ဖွဲ့တစ်ခု၏ လုပ်ပိုင်ခွင့်အာဏာ၏ မူလပိုင်ရှင်သည် ပြည်သူလူထုသာ ဖြစ်သည်ဆိုသော အချက်ကို အမြဲတန်း နိုးဆွနေရမည်ဖြစ်သည်။ ဤသို့ နိုးဆွမှုကြောင့် လက်နက်ကိုင်တပ်ဖွဲ့တစ်ခုသည် အရည်အသွေးညံဖျင်းသွားနိုင်မည်ဟု ထင်နေလျှင် လက်ရှိ အမေရိကန်အပါအဝင် ဖွံ့ဖြိုးတိုးတက်နေသော လူ့အဖွဲ့အစည်းများရှိ လက်နက်ကိုင်တပ်ဖွဲ့များကို " ပြည်သူလူထု၊ နိုင်ငံနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေ" ကို သစ္စာစောင့်သိရမည်ဟူသော သွန်သင်ချက်က အမြဲရှိနေသည် မဟုတ်လား၊ ထိုသွန်သင်ချက်ကြောင့် ထိုလူ့အဖွဲ့အစည်းများတွင် လက်နက်ကိုင်တပ်ဖွဲ့များ၏ ပရော်ဖက်ရှင်နယ် အရည်အသွေးများသည် ကျဆင်းသွားပါသလား၊ သို့မဟုတ္ ပို၍ လူထု၏ လေးစားမှုကိုရကာ အရည်အသွေးတိုးတက်နေသည်ကို မမြင်ပါ၏လော ဟု သာ ပြန်ချေပရမည်ဖြစ်သည်။ 


မည်သို့သော အခြေအနေတွင် ရှိနေသည်ဖြစ်စေ....

လက်နက်ကိုင်တပ်ဖွဲ့ဟူသည် တပါးသူ၏ အသက်နှင့် ခန္ဓာကို ကြွေလွင့်နိုင်သော လက်နက်ကို ကိုင်ဆောင်ခွင့်ရထားသူများဖြစ်သည်။ လက်နက်ကိုင်တပ်ဖွဲ့တစ်ခု၏ တာဝန်မှာ လူထုကိုကာကွယ်ရန် ဖြစ်သည်။ လက်နက်ကိုင် တပ်ဖွဲ့တစ်ခုသည် မည်သူကို သစ္စာခံရမည်နည်းဟု ဆိုလျှင် "လူထုကိုသာ သစ္စာခံရမည်" ဖြစ်သည်။ ဤအချက်က လက်နက်ကိုင်တပ်ဖွဲ့တစ်ခုလုံးကို လွမ်းခြုံထားသော သဘောတရားဖြစ်သည်။ ထိုလွမ်းခြုံမှုက လက်နက်ကိုင်တပ်ဖွဲ့တစ်ခု၏ အဖွဲ့ဝင်တိုင်း တစ်ဦးချင်းအပေါ် သက်ရောက်သည်။ သို့သော် မည်မျှပင် သဘောတရားက သက်ရောက်ပါစေ။ လက်တွေ မြေပြင်၌ကား လက်နက်ကိုင်တပ်ဖွဲ့ တစ်ဖွဲ့ဝင်များ၏ အသိစိတ်တွင်တော့ ထိုသဘောတရားက မှိန္ဖျော့လွန္းလှသည္။  တပ်ဖွဲ့ဝင်တစ်ယောက်၏ အသိစိတ်အပေါ်တွင် တာဝန် ဆိုသည်နှင့် "အထက်အမိန့်အားနာခံရမည်" ဆိုသည့် ရိုက်သွင်းချက်သာ ဇောင်းထကြသည်။ လက်နက်ကိုင်တပ်ဖွဲ့တစ်ခု၏ နဂိုမူရင်းအနှစ်သာရကို အလေးအနက္မထားဘဲ "အထက်အမိန့်အားနာခံရမည်" ဆိုသည့် ရိုက်သွင်းချက်က အန္တရာယ်များလှသည်။ တပ်ဖွဲ့ဝင်များအပေါ် ညီနောင်စိတ်ထား ရှိရမည်။ မိမိတပ်ဖွဲ့အပေါ်သစ္စာရှိရမည် ဆိုသည့်အချက္များက အပြင်ပန်းက ကြည့်လျှင် အပြစ်ဆိုစရာမရှိပေ။ သို့သော် မိမိတပ်ဖွဲ့ အပေါ်သစ္စာရှိရမည် ဆိုသော အချက်၌ တပ်ဖွဲ့အပေါ် လွမ်းမိုးနေသူက ထိုတပ်ဖွဲ့၏ ခေါင်းဆောင်ဖြစ်နေသည်မဟုတ်လား။ ထိုအခါ တပ်ဖွဲ့အပေါ်သစ္စာရှိရမည် ဆိုသော သဘောတရားအပေါ် တပ်ဖွဲ့ခေါင်းဆောင်အပေါ် သစ္စာရှိရမည်ဆိုသော အချက်ကသာ ပို၍ လွမ်းမိုးသွားတော့သည်။


ထိုသို့ လွမ်းမိုးသွားပါက "ပြည်သူလူထုအား ကာကွယ်ရန်" ဆိုသည့်ရပ်တည်ချက်ထက် မိမိတပ်ဖွဲ၏ ခေါင်းဆောင် ပြောသည့်အတိုင်းလုပ်ရန် ဆိုသည့် သဘောဘက်ကို ရောက်သွားတော့သည်။


လက်နက်ကိုင် တပ်ဖွဲ့၏ သဘောသဘာဝအရ "ကိုယ်ကျိုးစွန့်ရမှု"သည် ရှိသည်။ ထိုအချက်သက်သက်ဖြင့် ပြည်သူလူထု၏ လေးစားမှုကိုရလာသည်မဟုတ်ချေ။ " ပြည်သူလူထုကို ကာကွယ်ရန်အတွက် ကိုယ်ကျိုးစွန့်ရသည် ဆိုပါမှ ပြည်သူလူထု၏ လေးစားမှုက တားဆီး၍မရဘဲ ထွက်ပေါ်လာမည်ဖြစ်သည်။


 ပြည်သူလူထု၏ သဘောသဘာဝနှင့် လက်နက်ကိုင်တပ်ဖွဲ့၏ သဘောသဘာဝသည် မတူပေ။ သို့ရာတွင် ပြည်သူလူထုထံတွင် လက်နက်ကိုင်တပ်ဖွဲ့တစ်ခုသည် မြစ်ဖြားခံရသည် ဆိုသည့်အချက်ကိုလည်း ငြင်း၍မရချေ။ ထိုအခြေအနေနှစ်ရပ်အောက်တွင် ပြည်သူလူထုအတွက် ပြည်သူလူထု၏ မူရင်းသဘောသဘာဝ အားကောင်းစေရန်နှင့် လက်နက်ကိုင်တပ်ဖွဲအတွက် လက်နက်ကိုင်တပ်ဖွဲ့၏ မူရင်းသဘောသဘာဝ အားကောင်းစေရန် ဟူသော လမ်းကြောင်းနှစ်ခုစလုံးကို အဖွင့်သဘောအနေဖြင့်သာ စဉ်းစားထားရသည်။ 


တပါးသူ၏ အသက်နှင့် ခန္ဓာကို ကြွေလွင့်နိုင်သော လက်နက်ကို ကိုင်ဆောင်ခွင့်ရထားသူများ နှင့် မူလပိုင်ရှင်ဖြစ်သော်လည်း လက်နက္မရှိသော ပြည်သူလူထု ကြားရှိ ပဋိညာဉ်သည် အရပ်ဘက်စစ်ဘက် ဆက်ဆံရေး ပဋိညာဉ်ဖြစ်သည်။ အရပ်ဘက် စစ်ဘက်ဆက်ဆံရေး၏ အမြင့်ဆုံး သတ်မှတ်ချက္မှာ စစ်ဘက်သည် အရပ်ဘက်၏ ထိန်းချုပ်မှု အမိန့်ကို နာခံရမည်ဖြစ်သည်။ 


ဤသို့ဆိုပါလျှင် စစ်အုပ်ချုပ်ရေး သဘောသဘာဝက ဘယ်လိုလဲဟု မေးစရာရှိသည်။ စစ်အုပ်ချုပ်ရေး ၏ မူလရည်ရွယ်ချက်မှာ "အမြန်ဆုံး တည်ငြိမ်မှုရရှိရန် " (Order & Stability) နှင့် ရန်သူ့အန္တရာယ်အား နှိမ်နင်းရန် ဖြစ်သည်။ ထိုမူလရည်ရွယ်ချက်ဖြစ်သော အမြန်ဆုံးတည်ငြိမ်မှုရရှိရန်၊ ရန်သူ့ အန္တရာယ်အား နှိမ်နှင်း နိုင်ရန် ဆိုသည့်အချက်ကို ကြည့်ပါက " အချိန်ကာလ သတ်မှတ် ပြဌာန်းချက်" သည် ရှိနေရသည်။ ဆိုလိုချင်သည်က "မည်သည့်အချိန် မည်သည့်ကာလ အတွင်း တည်ငြိမ်အောင်ဆောင်ရွက္မည်၊ အန္တရာယ်အား နှိမ်နှင်းမည်ဟူသော သတ်မှတ်ချက်သည် ပါနေရသည်။ "အမြန်ဆုံး" ဟူသော အချက်သည် အချိန်ကာလ သတ်မှတ်ချက်ဖြစ်သည်။


စစ်အုပ်ချုပ်ရေးဟူသည် အရပ်ဘက်အုပ်ချုပ်ရေး ပြန်လည် ထူထောင် လည်ပတ်နိုင်ရန်အလို့ငှာ ဗရမ်းပတာ ထိန်းမနိုင် သိမ်းမရ ဖြစ်နေသော အခြေအနေတစ်ခုအောက်တွင် စီမံခန့်ခွဲနိုင်ရန် စစ်ဘက်အား အာဏာပေးအပ်မှုဆိုသည္ထက် လုပ်ပိုင်ခွင့် တာဝန်ပေးအပ်မှု သဘောဖြစ်သည်။ ဗရမ်းပတာ အခြေအနေတစ်ခုအား အရပ်ဘက်အုပ္ချုပ္ရေးပြန်လည္သက္ဝင္နိုင္ရန္ ကြားတွက် လိုအပ်ပါက အသုံးပြုရသည္ စီမံခန့်ခွဲမှ​ု ဖြစ်သည်။


ဆက်ရန်


Comments

Popular posts from this blog

အီရန်၏ "Vahdat" (ဝါးဒတ်) မှသည် "Mostebed" (မိုစတီးဘဒ်) သို့ (၂)

ဆိုဗီယက်ပြည်ထောင်စုပြိုကွဲပြီးနောက် ရုရှားနိုင်ငံ၏ အပြောင်းအလဲ အပေါ်လေ့လာခြင်း

တောင်ကိုးရီးယား၏ (1961)ခုႏွစ္မှ (1988)ခုနှစ် အထိ 27 နှစ်ကာလအကြား စီးပွားရေးတိုးတက်မှုကိုလေ့လာခြင်း