ICJ ရစ်သမ်နှင့် အက်ကြားအို ဟာမိုနီ- နိဂုံး

 ICJ ရစ်သမ်နှင့် အက်ကြားအို ဟာမိုနီ- နိဂုံး


ICJ မှ စီရင်ချက် ထွက်လာပြီးနောက် ဘာဖြစ်လာမည်နည်း။


ICJ စီရင်ချက် က ဥပဒေကြောင်းအရ လွမ်းခြုံမှုရှိသည်။  သို့သော် ICJ တွင် အရေးယူရန် ရဲတပ်ဖွဲ့က မရှိပေ။ သို့သော် ICJ ၏ အမိန့်ကို ထိုအမိန့်နှင့် သက်ဆိုင်သော နိုင်ငံတစ်နိုင်ငံက မလိုက်နာပါက ဘာဖြစ်မည်နည်း။ မလိုက်နာပါက မလိုက်နာသည့်အတွက် မည်သို့မည်ပုံ ဆောင်ရွက်သင့်ကြောင်းကို ဆွေးနွေးရန် ကုလ လုံခြုံရေးကောင်စီသို့ တင်လာပါလိမ့်မည်။ ထိုအခါ ဗီတိုပါဝါရှိသော နိုင်ငံတစ်ခုက ထိုအချက်ကို ဆွေးနွေးရန်မသင့်ကြောင်း ပါယ်ချကောင်း ပါယ်ချနိုင်သည်။ ဤသို့ဆိုပါလျှင် လမ်းဆုံးနေပါမည်လားဟု မေးစရာရှိသည်။


ဤနေရာတွင်တစ်ခုတော့ စဉ်းစားစရာရှိပါသည်။ ICJ အမိန့်သည် အကောင်အထည်ဖော်ရန် ကုလ လုံခြုံရေးကောင်စီတွင် ဗီတို ကြောင့် လမ်းဆုံးနေနိုင်လျှင် "အဆိုပါ ဗီတိုအာဏာပိုင်ဆိုင်သော နိုင်ငံများ ကိုယ်တိုင် ICJ တွင် တရားရင်ဆိုင်ရပါက အဘယ်ကြောင့် ငွေကုန်ကြေးကျခံကာ တရားရင်ဆိုင် ကြပါသနည်း" ဟု မေးစရာက ထပ်ရှိလာသည်။ အဖြေက ICJ ၏ အမိန့်ကို ဗီတိုဖြင့်လည်း ပါယ်မချနိုင်ပေ။ မပြောင်းလဲနိုင်ပေ။ ဗီတို ဖြင့် ပါယ်ချနိုင်သည်က ထိုအမိန့်အား အကောင်အထည်ဖော်မည့် လုပ်ရပ်အတွက် ကုလ လုံခြုံရေးကောင်စီ စားပွဲဝိုင်းတွင် ဆွေးနွေးမည့် အစီအစဉ် ဖြစ်စဉ်တွင်သာ သုံးနိုင်သည်။ ခက်သည်က ဤအစီအစဉ်ကို ပါယ်ချလျှင် နောက်အစီအစဉ်တမျိုးက ထပ်တင်လာနိုင်သည်။ ပုံစံ တမျိုးပြီးတမျိုး အလီလီတင် အကြိမ်ကြိမ် ဗီတိုသုံးနေရမည်။ သို့သော် ICJ အမိန့်သည် ထိုနေရာတွင် ရပ်တန့်နေမည်တော့ မဟုတ်ပေ။ အကယ်၍ ထိုအမိန့်အား ဖော်ဆောင်ရန် နိုင်ငံတခုခုမှ အကျိုးအကြောင်းညီသော အခြားနည်းလမ်းတစ်ရပ်ရပ်ကို သုံးလာပါက လည်း တရားဝင်မှုက ရှိနေမည်ဖြစ်သည်။ ICJ အမိန့်၏ တရားဝင်မှုကို ဗီတိုသုံးကာ ဖျက်သိမ်း၍ မရပေ။ သို့ဖြစ်၍ ထိုအချက်သည် နိုင်ငံတကာဖိအား ကို ဖြစ်ပေါ်လာစေသည်။ ထိုအမိန့်အား ဖော်ဆောင်ရန် နိုင်ငံတခုခုမှ အကျိုးအကြောင်းညီသော အခြားနည်းလမ်းတစ်ရပ်ရပ်ကို သုံးလာပါက ထို အခြားနည်းလမ်းတစ်ရပ်ရပ်သည် တရားဝင်နေပြီ ဖြစ်သည်။ သံခင်တမန်ခင်းတွင် အစွမ်းထက်သော လက်နက်တစ်ခု ဖြစ်နေသည်။ သို့ဖြစ်၍ ဗီတို ပိုင်သော နိုင်ငံများကိုယ်တိုင် ICJ တွင် တရားရင်ဆိုင်ရပါက ငွေကုန်ကြေးကျခံကာ အမှုရင်ဆိုင်ရခြင်းဖြစ်သည်။ 


ICJ က ဂျီနိုဆိုက်ဟု ဆုံးဖြတ်ခ့ဲလျှင္ ဘာဖြစ်လာမည်နည်း။


ထိုသို့ ဆုံးဖြတ်ခ့ဲလျှင္ မြန်မာသည် ဂျီနိုဆိုက် ကွန့်ဗင့်ရှင်းအား လိုက်နာရန် ပျက်ကွက်သည်ဟူသော အချက်က ပီပြင်လာမည်ဖြစ်သည်။ ထိုသို့ ပီပြင်လာပါက ဂျီနိုဆိုက် ကျူးလွန်မှုများ ရှိခ့ဲသည္ဟူသော ကောက်ချက်က ပို၍ ခိုင်မာလာမည်ဖြစ်သည်။ ထိုသို့ ခိုင်မာမှုက နိုင်ငံတကာဖိအားကို ပို၍ အားကောင်းစေသည့်အပြင် ICC က့ဲသို့ တစ်ဦးချင်းစီ၏ ရာဇဝတ်မှုများကို ကိုင်တွယ်သည့် ယန္တယားများအတွက် အထောက်အကူ ဖြစ်လာမည်ဖြစ်သည်။ 


အကယ်၍ ICJ ဘက်က ဂျီနိုဆိုက်အဆင့်ထိ မရောကျခ့ဲ သို့သော် စစ်ရာဇဝတ်မှုများကတော့ ရှိခ့ဲသည္ဟု ဆိုပါက မည်သို့ ဖြစ်လာမည်နည်း။


ဤသို့ဆုံးဖြတ်ချက်ထွက်လာလျှင်လည်း အနေအစားတော့ ချောင်စရာမရှိပေ။ အဘယ်ကြောင့် ဆိုသော် ဂျီနိုဆိုက်မဟုတ်သော်လည်း စစ်ရာဇဝတ်မှုများရှိသည်ဟူသော အချက်ကို အကိုးအကားပြု၍ နိုင်ငံတကာ ဖိအားကလာမည်ဖြစ်သည်။ ICC က့ဲသို့ ယန္တရားများအတွက်လည်း အထောက်အကူက ဖြစ်နေမည်။ 


မည်သို့ပင်ဆိုစေ ICJ ဘက်က အမိန့်ချလာသည်နှင့် ထိုအမိန့်သည် အာဂျင်တီးနားတရားရုံး၊ အရှေ့တီမော တရားရုံး၊ ICC စသည့်တို့တွင် ကိုးကားစရာတစ်ခု အဖြစ်တော့ ရှိနေတော့မည် ဖြစ်သည်။ ထိုကိုးကားစရာ၏ အားသာချက်က မြန်မာဘက္မှ ငြင်းဆန်မှုများကို အင်အားနည်းစေမည်ဖြစ်သည်။


ICJ အမိန့်သည် ULA/AA အပေါ်သို့ သက်ရောက်ပါသလား။


ICJ အမိန့်အပါအဝင် နိုင်ငံတကာဥပဒေ စံနှုန်းများသည် ULA/AA အပေါ်တွင်သက်ရောက်ပါသည်။ ULA/AA အနေဖြင့် လေးစားလိုက်နာရန် တာဝန်ရှိပါသည်။ ICJ သည် IIFFMM ၏ အစီရင်ခံစာအား သက်သေအဖြစ် အသုံးမပ​ြုနိုင်ခ့ဲသော္လည္း အမှုဖြစ်စဉ်အား နားလည်ရန် အကိုးအကားအဖြစ် အသိအမှတ်ပြုထားပါသည်။ အမှုဖြစ်စဉ်အား နားလည်ရန် အကိုးအကားအဖြစ် အသိအမှတ်ပြုသည်ဆိုခြင်းကပင် တရားဝင်မှု ရှိနေပြီဖြစ်သည်။   


IIFFMM အစီရင်ခံစာ၏ အောက်တွင္ ဖော်ပြထားသော အပိုဒ်များအပေါ်တွင် ကျင့်ဝတ်အရ လိုက်နာရန် ULA/AA တွင် တာဝန်ရှိနေပါသည်။ 


IIFFMM ၏  ၂၀၁၈ ခုနှစ် အသေးစိတ် အစီရင်ခံစာ (Detailed Findings - Document A/HRC/39/CRP.2) အရ

- Paragraph 1608 (အကာအကွယ်ပေးရန် တာဝန်ရှိမှု)

 "နိုင်ငံတော်အနေဖြင့် ရခိုင်ပြည်နယ်အတွင်းရှိ ရိုဟင်ဂျာနှင့် "အခြားသော လူနည်းစု အုပ်စုများ အပါအဝင် ၎င်း၏ လူဦးရေအားလုံးကို" အစုလိုက်အပြုံလိုက် ရက်စက်ကြမ်းကြုတ်မှုများနှင့် အခြားသော လူ့အခွင့်အရေး ချိုးဖောက္မှုများမှ အကာအကွယ်ပေးရန် တာဝန်ရှိသည်။"

- Paragraph 1614 (ခွဲခြားမှုမရှိဘဲ အကာအကွယ်ပေးရန်)

"မြန်မာအစိုးရအနေဖြင့် ရိုဟင်ဂျာ၊ ရခိုင် နှင့် မြို၊ ဒိုင်းနက်၊ ခမီး ကဲ့သို့သော အခြား တိုင်းရင်းသား လူနည်းစုငယ်များ အပါအဝင် "ရခိုင်ပြည်နယ်ရှိ လူ့အဖွဲ့အစည်းအားလုံး"၏ ဘေးကင်းလုံခြုံမှုကို ခွဲခြားမှုမရှိဘဲ အာမခံချက် ပေးရမည်။"


အစီရင်ခံစာ နိဂုံးနှင့် အကြံပြုချက္များ (Conclusions and Recommendations) အပိုင်းတွင်

Paragraph 1708 (e): "ရခိုင်ပြည်နယ်အတွင်းရှိ တိုင်းရင်းသား လူနည်းစုငယ်များ (Ethnic Minorities) ဖြစ်ကြသော မြို၊ ခမီး၊ ဒိုင်းနက် တို့၏ ထူးခြားသော လိုအပ်ချက္များနှင့် အကာအကွယ်ပေးရေး ကိစ္စရပ်များကို အထူးဂရုပြု ဆောင်ရွက်ရန်" အကြုံပြုတိုက်တွန်းထားသည်။


IIFFMM ၏ အဆိုပါအစီရင်ခံစာတွင်ပင်  ARSA ၏ ကျူးလွန်မှုများကိုလည်း ဖော္ပြထားခ့ဲပါသည္။

-Paragraph 1103: "ARSA ၏ လုပ်ရပ်များကြောင့် ရခိုင်၊ မြို၊ ဒိုင်းနက် နှင့် ဟိန္ဒူဘာသာဝင်များ အပါအဝင် ဒေသခံများအပေါ် ဆိုးရွားစွာ သက်ရောက္မှုရှိခဲ့ကြောင်း၊ ၎င်းတို့အားလုံးသည်လည်း လူ့အခွင့်အရေး ချိုးဖောက္မှုများမှ ကင်းဝေးရန်နှင့် လုံခြုံစွာ နေထိုင်နိုင်ရန် အခွင့်အရေးရှိကြောင်း" ဖော်ပြထားသည်။


ဤအချက်က ရိုဟင်ဂျာ လက်နက်ကိုင် အုပ်စုများကို သူရဲကောင်းသဖွယ် ပုံရိပ်ဖော်ရန် သာမန်အရပ်သားများကို အသုံးချနေသော ဘင်္ဂလားဒေရှ့် ရိုဟင်ဂျာ ဒုက္ခသည်စခန်းရှိ ရိုဟင်ဂျာ လက်နက်ကိုင်များအတွက်တော့ တာဝန်ယူ၊ တာဝန်ခံရမည် အချက်လည်း ဖြစ်သည်။



"ကိုယ်တိုင်ကျူးလွန်သူ မဟုတ်သော်လည်း"


ဂျီနိုဆိုက်နှင့် ပတ်သက်၍ ICJ ၏ အထင်ကရ အမှုတစ်ခုမှာ ဘော့စနီးယား နှင့် ဆားဘီးယား (Bosnia and Herzegovina v. Serbia and Montenegro) အမှုဖြစ်သည်။ Srebrenica (စရီဘရင်နီဆာ) တွင် ဖြစ်ပွားခ့ဲသော လူမျိုးတုံးသတ်ဖြတ်မှု နှင့် ပတ်သက်၍ ကြားနားမှုလည်းဖြစ်သည်။ Srebrenica (စရီဘရင်နီဆာ) တွင် ဖြစ်ပွားခ့ဲသော လူမျိုးတုန်းသတ်ဖြတ်မှုအား စွဲဆိုခံရသည့် ဆားဘီးယား နိုင်ငံသည် တိုက်ရိုက်ကျူးလွန်ခြင်းမဟုတ်ပေ။ သို့ရာတွင် သတ်ဖြတ်မှုကို "မတားဆီးနိုင်ခဲ့ခြင်း" နှင့် "တရားခံများကို အရေးမယူခြင်း" တို့ကြောင့် Genocide Convention ကို ချိုးဖောက်ရာရောက်သည်ဟု ICJ က စီရင်ချက် ချမှတ်ခ့ဲသည္။


** လက်ရှိတွင် ICJ အပြီးသတ်ကြားနားမှု အစမပြုမှီကာလတိုအတွင်းတွင်လည်းကောင်း၊ ကြားနာနေဆဲနှင့် ကြားနာပြီး စသည့်ကာလတိုများအတွင်း ဘင်္ဂလားဒေရှ့် အာဏာပိုင်များသည် ရိုဟင်ဂျာလက်နက်ကိုင်များအပေါ် အဘယ်ကြောင့် ဖမ်းဆီး ထိန်းသိမ်းလာရသည်ဟု ထင်ပါသနည်း။** အဖြေမှာ ကိုယ်တိုင်ကျူးလွန်သူ မဟုတ်သော်လည်း 

၁- အမှုအခင်းဖြစ်ပွားရာ နယ်မြေကို ထိန်းချုပ်သူဖြစ်လာသောအခါ သို့မဟုတ် 

၂- ကျူးလွန်သူဖြစ်စေ၊ ကျူးလွန်ခံရသူဖြစ်စေ မိမိနယ်မြေထဲသို့ ရောက်ရှိလာသောအခါ သို့မဟုတ်

၃- ကျူးလွန်မှုကြောင့် အကျိုးဆက်တစ်ခုခုက နယ်နိမိတ်ကို ကျော်လွန်၍ မိမိနယ်မြေအပေါ် ရိုက်ခတ်လာသောအခါ စသည့္ ထိုအခြေအနေတရပ်ရပ္မျိုးတွင် "တားဆီးရန်တာဝန်ရှိလာသည်၊" "ကျူးလွန်သူများကို အရေးယူရန် တာဝန်ရှိလာသည်" ဆိုသည့် အချက်ကြောင့် ဖြစ်သည်။ ULA/AA သည် ထိုအချက္များအပေါ် အလေးအနက်ထားသင့်သည်။


IIFFMM ၏ အစီရင်ခံသည် ယခုအချိန်ထိ သက်ရောက်မှုရှိပါသလား။


ယခုအချိန်ထိ သက်ရောက္မှုရှိပါသည်။ IIFFMM အစီရင်ခံစာ၏ အနှစ်သာရများထဲတွင် မြန်မာနိုင်ငံထဲတွင် အကြမ်းဖက္မှုများ၊ စစ်ရာဇဝတ်မှုများရှိနေသည့်လက္ခာဏာပြနေသည်။ သို့ဖြစ်၍ ဟုတ်မဟုတ် ပိုမိုသေချာစေရန် ဆက်လက်စုံစမ်းသင့်သည် ဟူသော တိုက်တွန်းချက်က ရှိနေသည်။ ထိုတိုက်တွန်းချက်အရ IIMM ပေါ်လာခြင်းဖြစ်သည်။ လက်ရှိတွင် IIMM လုပ်ငန်းလည်ပတ်နေခြင်းသည်ပင် IIFFMM ၏ သက်ရောက်မှု ရှိနေခြင်းဖြစ်သည်။ IIMM ၏ ရည်ရွယ်ချက်မှာ " မြန်မာနိုင်ငံမှာ ဖြစ်ပွားခ့ဲသော ပြင်းထန် ရာဇဝတ်မှုများအပေါ် အနာဂတ်တွင် တရားစွဲနိုင်ရန် အထောက်အထား စုဆောင်းရန်" အတွက် နိုင်ငံတကာမှ တည်ထောင်ထားသော ယန္တရားဖြစ်သည်။


ရှေ့ဆက်ဖြစ်တန်ရာများ


ဂမ်ဘီယာနှင့် မြန်မာအမှုတွင် ICJ ဘက်က အမိန့်မှာ ဖြစ်နိုင်စရာ နှစ်မျိုးသာရှိသည်။ ပထမတစ်ခုက  ဂျီနိုဆိုက်ဟု သတ်မှတ်မည်။ ထိုသို့မသတ်မှတ်နိုင်လျှင် ဒုတိယ တမျိုးမှာ "ဂျီနိုဆိုက်ထိမဟုတ်သော်လည်း ပြင်းထန်းရာဇဝတ်မှုများဖြစ်ပွားခ့ဲသည္။ သို့ဖြစ်၍ မြန်မာသည် ရိုဟင်ဂျာအပါအဝင် လူမျိုး ဘာသာမရွေး အကာအကွယ်ပေးရန် ပိုမိုအားထုတ်ရမည်" စသဖြင့် ချမှတ်လာနိုင်သည်။ သေချာသည်က ချမှတ်သည့်အမျိုးအစားအလိုက် ICJ ဘက်က လိုက်နာရန် အသေးစိတ်ညွှန်ကြားချက္များပေးလာမည်ဖြစ်သည်။ ထိုညွှန်ကြားချက္များကို အကောင်အထည်ဖော်မှုနှင့်ပတ်သက်၍ အစီရင်ခံစာများကို မြန်မာသည် တင်သွင်းရမည် ဖြစ်သည်။ ICJ မှ ထုတ်ပြန်သေး အသေးစိတ်ညွှန်ကြားချက္များထဲတွင် ပြင်းထန်ရာဇဝတ်မှုများအတွက် တာဝန်ယူမှု၊ တာဝန်ခံမှုများကို ဖော်ဆောင်ရန်အချက်လည်း ပါဝင်လာမည်ဖြစ်သည်။


မြန်မာဘက်က တုန့်ပြန်မှုတွင်  (နီကာရာဂွာ နှင့် အမေရိကန် )- ၁၉၈၆ ခုနှစ် အမှု [ Case Concerning the Military and Paramilitary Activities in and Against Nicaragua (Nicaragua v. United States of America)(1986)] က့ဲသို့ အမေရိကန်လိုမျိုး ICJ အမိန့်အား မလိုက်နာဘဲ နေနိုင်မည်တော့မဟုတ်ပေ။ ထိုအမှုတွင် အမေရိကန်ဘက္မှ ICJ အမိန့်အား ဖီဆန်သလိုဖြစ်နေသည့် နိုင်ငံရေးနောက်ခံအခင်းအကျင်းမျိုး ကတမျိုးတဖုံ ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော ICJ တွင် တရားရင်ဆိုင်နေရဆဲကာလအတွင်းမှာပင် မြန်မာသည် ICOE က့ဲသို့ ကော်မရှင်များကိုဖွဲ့ကာ လူပုဂ္ဂိုလ်အရ ကျူးလွန်သော စစ်ရာဇဝတ်မှုများရှိပါသည်။ ထိုအမှုများကို ဤသို့ဤပုံအရေးယူထားပါသည်ဟု ဖော်ထုတ်ဝန်ခံထားပြီးဖြစ်သည်။ အကယ်၍ ICJ အမိန့်ကြောင့် တာဝန်ယူမှု၊ တာဝန်ခံမှုကို ပြသရန်လိုအပ်ပါက ထပ်မံ၍ စုံစမ်းစစ်ဆေးအရေးယူပြမှုများကို ပြုလုပ်ပြလာမည် ဖြစ်သည်။ ထိုအခါ ရခိုင်ပြည်နယ်၏ လက်ရှိမြေပြင် နိုင်ငံရေးအခြေအနေက များစွာ စကားပြောစရာ အကြောင်းပြစရာ ဖြစ်လာမည်ဖြစ်သည်။ ဤသို့ဖြင့် ဘက်အသီးသီးက အပြန်အလှန်လက်ညိုးထိုးခြင်း၊ နိုင်ငံရေးအကွက်ရွေ့ အသုံးချခြင်းများက ဆက်ရှိလာမည်ဖြစ်သည်။ ဘက်အသီးသီးဆီသို့လည်း ဒေသတွင်း နိုင်ငံများ၏ ပါဝါများကလည်း သက်ရောက်လာမည်ဖြစ်သည်။ 


"တရားမျှတမှုအား ငြိမ်းချမ်းမှုဖြင့် ဒွန်တွဲ နိုင်မလား"


မည်သို့ပင်ဆိုစေ " စစ်ရာဇဝတ်မှုများ၊ ပြင်းထန် လူ့အခွင့်အရေးချိုးဖောက္မှုများ" ကိုအရေးယူပြခြင်းဖြင့် တဖက်တွင် နိုင်ငံရေးအကျိုးအမြတ်ရယူမှုများက ဘက်အသီးသီးတွင် ဆက်ရှိနေမည်ဖြစ်သည်။ သံခင်းတမန်ခင်း နယ်ပါယ်က ပို၍ အပြောကျယ်လာမည်ဖြစ်သည်။ ICJ ၏ အမိန့်မူလရည်ရွယ်ချက်က "တရားမျှတမှု" ကို ရှာပေးခြင်းဖြစ်သည်။ ထို တရားမျှတမှုအား အကောင်အထည်ဖော်ရာတွင် ဘက်အသီးသီးက နိုင်ငံရေးထွက်ပေါက်အဖြစ်အသုံးချမှုများ ရှိလာသောအခါ ငြိမ်းချမ်းမှုက တဖန် နောက်ဆုတ်သွားတတ်သည်။ ICJ မှ ချမှတ်သော အမိန့်သည် မည်သို့ပင် ဖြစ်နေစေကာမှု ရခိုင်ပြည်အတွင်းရှိ လူ့မှုအသိုက်အဝန်းအားလုံးအပေါ် တရားမျှတမှု ရှိစေရန် အနှစ်သာရက ပါနေမည်ဖြစ်သည်။ ရိုဟင်ဂျာ တမျိုးတည်းအတွက်သာ မဟုတ်ပေ။ ရခိုင်အပါအဝင် အားလုံးသော လူ့မှုအသိုင်းအဝန်းအတွက် တရားမျှတမှုကို အဓိပ္ပါယ်ဖွင့္ပေးမည့် အမိန့်ဖြစ်သည်။ ရိုဟင်ဂျာ ဆိုသော အသိုင်းအဝန်းသည် ရက်စက်ကြမ်းကြုတ်မှုများကို ရင်ဆိုင္ခ့ဲရသည္။ ထိုအတွက် တရားမျှတမှုကို ICJ ဘက္မှ ဖွင့်ဆိုပေးသည်။ ရခိုင်များတွင် သမိုင်းကြောင်းနှင့် နယ်မြေအပေါ်တွင် စိုးရိမ်မှုရှိသည်။ လွတ်လပ်ရေးမတိုင်ခင်ကိစ္စရပ်များ၊ လွတ်လပ်ရေးရပြီး ဖဆပလခေတ် ရခိုင်များပြည်နယ်တောင်းချိန် ရခိုင်များ၏ နိုင်ငံရေးဖြစ်စဉ်အပေါ် ဘူးသီးတောင်၊ မောင်တောရှိ မူဆလင် ဖဆပလ အမတ်များ ကန့်လန့်တိုက်ခ့ဲခြင်းများက့ဲသို့ အချက္များလည်း ICJ ဘက္မှ နားလည်ထားမည်ဖြစ်သည်။ ထိုအတူ အခြားလူမျိုးစုများ၊ လူနည်းစုများ၏ ခါးသီးမှုများကိုလည်း ICJ ကနားလည်ထားမည်ဖြစ်သည်။  ပြင်းထန်ရက်စက်သော ရာဇဝတ်မှုများကို ရင္ဆိုင္ခ့ဲရသော ရိုဟင်ဂျာများ အတွက် တရားမျှတမှုကို ဖော်ဆောင်ခြင်းနှင့် ရခိုင်လူမျိုးများ၏ နိုင်ငံရေးဖြစ်စဉ်အပေါ် ကန့်လန့်တိုက်ခြင်း တို့သည် မတူပေ။ 


လက်ရှိအနေအထားတွင်တော့ ရခိုင်ပြည်၏ နိုင်ငံရေးအတွေးအခေါ်တွင် "အာရက္ခပြည်သူ"ဟူသော ဖွင့်ဆိုချက်က ရှိလာခ့ဲသော အချိန်လည်းဖြစ်သည်။ အာရက္ခပြည်သူဟူသော ဖွင့်ဆိုချက်၏ အဓိပ္ပါယ်သည် ရခိုင်ဒေသအတွင်း နေထိုင်သော လူ့မှုအသိုက်အဝန်းအားလုံး တန်းတူရည်တူ အခွင့်အရေးရှိသည်။ လူမျိုးဘာသာယဉ်ကျေးမှုကို အခြေခံ၍ နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေးတွင် ခွဲခြားဆက်ဆံမှု မရှိဟူသော အဓိပ္ပါယ်ဖြစ်သည္။ ICJ ၏ အမိန့်အပေါ် အာရက္ခပြည်သူ ဟူသော ရစ်သမ်အသစ်ဖြင့် စည်းချက်လိုက်ပါက လူမှုအသိုင်းအဝန်းများကြား ငြိမ်းချမ်းမှု ဟာမိုနီ အသံများက ချိုမြိန်မည်ဖြစ်သည်။ ထိုသို့မဟုတ်ဘဲ တစ်ဖက်ကို တစ်ဖက် အသာရယူချင်ဇောဖြင့် အက်ကြောင်းထပ်နေသော ဓာတ်ပြားကိုသာ ဖွင့်နေပါက ပြဿနာက ရှိနေမည်သာဖြစ်သည်။



အပိုင်း

1

https://burmese.bnanews.net/news/18442/

2

https://burmese.bnanews.net/articles/18897/

3

https://burmese.bnanews.net/articles/20397/

4

https://burmese.bnanews.net/news/20500/

5

https://burmese.bnanews.net/news/20712/








Comments

Popular posts from this blog

အီရန်၏ "Vahdat" (ဝါးဒတ်) မှသည် "Mostebed" (မိုစတီးဘဒ်) သို့ (၂)

ဆိုဗီယက်ပြည်ထောင်စုပြိုကွဲပြီးနောက် ရုရှားနိုင်ငံ၏ အပြောင်းအလဲ အပေါ်လေ့လာခြင်း

တောင်ကိုးရီးယား၏ (1961)ခုႏွစ္မှ (1988)ခုနှစ် အထိ 27 နှစ်ကာလအကြား စီးပွားရေးတိုးတက်မှုကိုလေ့လာခြင်း