ICJ ရစ်သမ်နှင့် အက်ကြားအို ဟာမိုနီ- ၅
ICJ ရစ်သမ်နှင့် အက်ကြားအို ဟာမိုနီ- ၅
အကယ်၍ ULA/AA ဘက္မှ လူ့အခွင့်အရေး ချိုးဖောက်ခြင်း သို့မဟုတ် စစ်ရာဇဝတ်မှု ကျူးလွန်ခြင်း စသည့် စွပ်စွဲချက္များ ဆက်တိုက်ရှိလာပါက နိုင်ငံတကာ ဥပဒေကြောင်းအရ ICJ အမှုအပေါ်တွင် မည်သို့ သက်ရောက္မှုများ ရှိသွားနိုင်ပါသနည်း။
မြန်မာနိုင်ငံနှင့် ဂမ်ဘီယာနိုင်ငံအကြား (ICJ) တွင် ရင်ဆိုင်နေရသော အမှုနှင့်ပတ်သက်၍ အမှု၏ အဓိကအချက်အလက္များ (Merits) ကို စစ်ဆေးရာတွင် နှုတ်ဖြင့် လျှောက်လဲချက်ပေးခြင်း (Oral Hearings) သည် ၂၀၂၆ ခုနှစ်၊ ဇွန်နဝါရီ ၂၉ ရက်နေ့တွင် ပြီးဆုံးသွားခ့ဲ ပြီဖြစ်သည်။ လျှောက်လှဲချက်အပေါ် ကြားနာမှု ပြီးဆုံးသွားပြီဖြစ်၍ ICJ တရားသူကြီးများသည် အမှုကို စတင် သုံးသပ်ဆုံးဖြတ် (Deliberation) ပြုနေကြပြီဖြစ်သည်။ နောက်ဆုံးအပြီးသတ်အမိန့် စီရင်ချက်သည် ၆ လ မှ တနှစ်အတွင်း ထွက်လာနိုင်သည်ဟု ဥပဒေပညါရှင် အချို့က ဆိုထားကြသည်။ အပြီးသတ် စီရင်ချက်တွင် ၁၉၄၈ ခုနှစ် လူမျိုးသုဉ်းသတ်ဖြတ်မှု တားဆီးရေးဆိုင်ရာ သဘောတူစာချုပ်အား မြန်မာမှ ဖောက်ဖျက်ခြင်း ရှိ၊ မရှိ ဆုံးဖြတ်မည်ဖြစ်ကာ နိုင်ငံတကာဥပဒေအရ သိသာသော သက်ရောက္မှုများရှိနေမည့်အလွန်အရေးကြီးသော အမှုတစ်ခုဖြစ်နေသည်။
ICJ က မည္က့ဲသို့ ဆုံးဖြတ် လာမည်နည်း။ အကယ်၍ ထိုကာလများတွင် ULA/AA ဘက္မှ လူ့အခွင့်အရေး ချိုးဖောက်ခြင်း သို့မဟုတ် စစ်ရာဇဝတ်မှု ကျူးလွန်ခြင်း စသည့် စွပ်စွဲချက္များ ဆက်တိုက်ရှိလာပါက နိုင်ငံတကာ ဥပဒေကြောင်းအရ ICJ အမှုအပေါ်တွင် မည်သို့ သက်ရောက္မှုများ ရှိသွားနိုင်ပါသနည်း။
သက်ရောက်လာနိုင်မှု
ICJ မှာ နိုင်ငံအချင်းချင်း အငြင်းပွားမှုကို စီရင်သော တရားရုံးဖြစ်သည်။ သို့သော် အကယ်၍ AA သာ လူ့အခွင့်အရေး ချိုးဖောက်ခြင်းနှင့် စစ်ရာဇဝတ်မှု ကျူးလွန်ခြင်း တို့ရှိသည်ဟု စွပ်စွဲမှုများ ဖြစ်ပေါ်နေပါက အမှုအပေါ်တွင် သက်ရောက္မှုများက ရှိလာနိုင်သည်။ အဓိက အချိုးအကွေ့တစ်ခုမှာ မြန်မာစစ်တပ်အတွက် အကြောင်းပြချက် ကောင်းတစ်ခုဖြင့် ခုခံချေပစရာတစ်ခု အဖြစ်ရှိသွားနိုင်သည်။ မြန်မာစစ်တပ်ဘက္မှ "မိမိတို့က မျိုးတုံးသတ်ဖြတ်မှုနှင့် တရားရုံးအမိန့်များအပေါ် တာဝန်ယူမှုဖြင့် ဆောင်ရွက်နေသော်လည်း AA ကြောင့် အဟန်အတား ဖြစ်နေခြင်း ဖြစ်သည်" ဟူသော အပြစ်လွှဲချရန် အခွင့်အရေး ရှိလာမည် ဖြစ်သည္။
တရားရုံး၏ အရေးပေါ်အမိန့်များ အပေါ် အကောင်အထည်ဖော်မှုအားနည်းခြင်းက " AA နယ်မြေရှိ အပစ္မ့ဲ အရပ်သားများ၊ လူနည်းစုများနှင့် ရိုဟင်ဂျာများအပေါ် ထိခိုက္မှု " နှင့် တိုက်ရိုက်အချိုးကျနေမည်ဖြစ်သည်။ ထိုသို့ ထိခိုက္မှု အပေါ် မြန်မာစစ်တပ်၊ AA နှင့် ရိုဟင်ဂျာလက်နက်ကိုင်များက နိုင်ငံရေးအမြတ်ထုတ်မှုအဖြစ် အသုံးချမှု၊ အပြစ်လွဲချမှုများ ရှိနေပါက ICJ ဘက်က မြန်မာနိုင်ငံအပေါ် (နိုင်ငံတော်အဆင့်အား ဖြင့် နယ်မြေအတွင်းရှိ အဖွဲ့အစည်းအားလုံး (စစ်တပ်၊ စစ်တပ်လက်အောက်ခံအဖွဲ့နှင့္ AA)) စသည့် အားလုံးအပေါ် လွမ်းခြုံလာမည့် " မျိုးတုံးသတ်ဖြတ်မှု မလုပ်ရန် တားဆီးခြင်း" အမိန့်မျိုးကို ပိုမိုတင်းကျပ်စွာ ထုတ်ပြန်လာနိုင်သည်။ ဤက့ဲသို့ လွမ်းခြုံအမိန့်မျိုးက နိုင်ငံတကာဥပဒေအရ သက်ရောက္မှု ပြင်းထန်တတ်သည်။ တနည်းအားဖြင့် " မည်သည့်အဖွဲ့သည် စစ်ရာဇဝတ်မှု၊ လူမျိုးတုံးသတ်ဖြတ်မှုကို ကျူးလွန်နေသည်" ဟု ICJ မှ အတည်ပြုပေးလိုက်သော သဘောမျိုးဘက်ကို ရောက်နေမည်ဖြစ်သည်။ကုလသမဂ္ဂမှ ဖွဲ့စည်းထားသော IIMM (မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရား) သည် လက်ရှိတွင် မြန်မာနိုင်ငံအတွင်း မည်သည့်လက်နက်ကိုင်အဖွဲ့မဆို ကျူးလွန်သော ရာဇဝတ်မှုများကို မှတ်တမ်းတင်နေသည်။ အကယ်၍ AA က ကျူးလွန်သည်ဆိုသော သက်သေခိုင်လုံနေပါက IIMM၏ မှတ်တမ်းထဲတွင် ရှိနေမည်ဖြစ်ပြီး နောင်တစ်ချိန်တွင် AA အပေါ် တာဝန်ယူမှု၊ တာဝန်ခံမှုရှိရန်အတွက် အရေးယူလာရန် အထောက်အထားအဖြစ် သုံးလာမည်ဖြစ်သည်။ ICC (အပြည်ပြည်ဆိုင်ရာ ရာဇဝတ်တရားရုံး) သည်ICJ နှင့် မတူပေ။ ICC သည် တစ်ဦးတစ်ယောက်ချင်းစီ (Individual Responsibility) အပေါ်တွင် စီရင်ပိုင်ခွင့်ရှိနေသည်။ ဝရမ်းထုတ်နိုင်သည်။
အကယ်၍ ULA/AA ဘက်ကသာ လူ့အခွင့်အရေးချိုးဖောက္မှုနှင့် စစ်ရာဇဝတ်မှုများအတွက် စွပ်စွဲခံလာရပါက သေချာနေသော အချက္မှာ နိုင်ငံတကာအသိအမှတ်ပြုမှု၊ ထောက်ခံမှု တို့ကို လက်လွတ်ရမည်ဖြစ်သည်။ လက်ရှိ အခြေအနေသည် နိုင်ငံတကာ ထောက်ခံမှု ရရန်ကိစ္စမှာ ULA/AA အတွက် အရေးကြီးနေချိန် ဖြစ်သည်။ လူ့အခွင့်အရေး ချိုးဖောက္မှုများ ရှိနေကြောင်း ပေါ်ပေါက်လာပါက နိုင်ငံတကာ၏ ဖိအားပေးမှုကို ခံရမည်ဖြစ်သည်။ ထိုသို့ဖြစ်လာပါက ULA/AA တည်ဆောက်လိုသော "အာရက္ခအိပ်မက္" အတွက် လိုအပ်သော နိုင်ငံတကာ ထောက်ခံမှုနဲ့ လူသားချင်းစာနာမှု အကူအညီမြား ရရှိရန် ခက်ခဲလာမည်ဖြစ်သည်။ ULA/AA ဘက္မှ နိုင်ငံတကာ စစ်ဘက်ဆိုင်ရာ ကျင့်ဝတ် (Code of Conduct) များကို လိုက်နာကြောင်း အမြဲတန်း ပြောကြားထားသည်။ စွပ်စွဲချက္များ ထွက်လာပါကလည်း ငြင်းဆန်ပါယ်ချမှုများ ရှိခ့ဲလို၊ "စုံစမ်းစစ်ဆေးမှုများလုပ်မည်" ဟု ကတိပေးသည် များလည်းရှိသည်။ အချို့ဖြစ်ရပ်များတွင် ကျူးလွန်သူ တပ်ဖွဲ့ဝင်များအား အပစ်ပေး အရေးယူထားခြင်းများလည်းရှိသည်။ မည်သို့ပင် ဖြစ်စေ စွပ်စွဲချက္များအပေါ် IIMM ၏ စစ်ဆေးမှုကို လက်ခံကြောင်း ULA/AA ဘက္မှ သဘောတူသည်ဟု IIMM ၏ "Annual Report of the Independent Investigative Mechanism for Myanmar"၊ (အမှတ်စဉ် - A/HRC/59/XX) အစီရင်ခံစာပါ အချက်က လက်ရှိတွင်တော့ ULA/AA ၏ ပုံရိပ်သည် မျှော်လင့်ချက္မပျက်စီးသေးသော သက်တောင့်သက်သာမှုက ရှိနေပါသည်။
ပူးပေါင်းဆောင်ရွက်ရန် တာဝန်ရှိမှု (Duty to cooperate)
Duty to cooperate ဟူသောစကားလုံးက ICJ တရားခွင်တွင် မြန်မာနှင့် ဂမ်ဘီယာ ရှေ့နေများ အပြန်အလှန် ထိုးနှက်ခုခံ ချေပကြသော စကားလုံးများထဲမှ တစ်ခုဖြစ်သည်။
တရားခွင်တွင် မြန်မာက ဂမ်ဘီယာဘက္မှ အခြေခံသော IIFFMM ၏ အစီရင်ခံစာများ၊ NGOs များ၏ အစီရင်ခံစာများကို ICJ တရားသူကြီးများမှ သက်သေအဖြစ် မသတ်မှတ်သင့်ဟု ဆိုသည်။ မြန်မာဘက္မှ အကြောင်းပြပုံမှာ IIFFMM နှင့် NGOs များ၏ အစီရင်ခံစာများသည် "တဆင့်ခံ ပြောစကားများ" ကိုသာ ယူထားခြင်းဖြစ်သည်။ တကယ့်မြေပြင်တွင် ဖြစ်ရပ္များကို "မျက်ဝါးထင်ထင်" ကိုယ်တိုင် ကြားသိမြင်၍ ရေးခ့ဲသည္မဟုတ်။
IIFFMM အဖွဲ့ဝင်တစ်ဦးဖြစ်သူ ဒေါက်တာ ခရစ်စတိုဖာ စီဒိုတိ (Dr.Christopher Sidoti ) အစီရင်ခံစာနှင့် ပတ်သက်၍ ဥပဒေကြောင်းဆိုင်ရာ အထောက်အထား အချက်အလက်ခိုင်မာမှုအပေါ် လူသိရှင်ကြား ဆွေးနွေးပွဲများ၊ ရှင်းလင်းပွဲများတွင် ပြောဆိုခ့ဲသော အချက်တချို့ရှိသည်။ ဒေါက်တာ ခရစ်စတိုဖာ စီဒိုတိ (Dr. Christopher Sidoti) က စံနှုန်းအရ Fact-Finding Mission ၏ အစီရင်ခံစာသည် "ယုံကြည်စိတ်ချရသော အကြောင်းပြချက်ရှိခြင်း" (Reasonable grounds to believe) စံနှုန်းပေါ်မှာသာ အခြေခံထားနိုင္ခ့ဲခြင်းသာရှိကြောင္း၊ အစီရင်ခံစာ အနေဖြင့် ရာဇဝတ်မှုဆိုင်ရာ တရားစီရင်ရေးအတွက် လိုအပ်သော "သံသယဖြစ်ဖွယ်မရှိ၊ ငြင်းဆန်နိုင်ဖွယ်မရှိ သက်သေပြနိုင်ခြင်း" (Beyond reasonable doubt) ဆိုသော စံနှုန်းထက် အများကြီး နိမ့်ကျကြောင်း၊ သို့ဖြစ်၍ IIFFMM ၏ အစီရင်ခံစာ အား တရားရုံးတွင် သက်သေခံအဖြစ် အသုံးပြုရန် အကန့်အသတ်ရှိကြောင်း၊ တရားရုံးတွင် တိုက်ရိုက် သက်သေအဖြစ် အသုံးပြုရန်ထက် လိုအပ်သော စုံစမ်းစစ်ဆေးမှုများ ဆက်လုပ်ရန်အတွက် ဦးတည်သော "လမ်းပြမြေပုံ" အဖြစ် ရည်ရွယ်သော အစီရင်ခံစာ ဖြစ်ကြောင်း ပညာရှင်ပီပီ ရိုသားစွာ ပြောဆိုထားခဲဲ့ခြင်းရှိသည္။ သို့ဖြစ်၍သာ IIMM က့ဲသို့ ယန္တယားများ ထပ်ပေါ်လာရခြင်းဖြစ်သည်။
ဒေါက်တာ ခရစ်စတိုဖာ စီဒိုတိ (Dr. Christopher Sidoti)၏ "IIFFMM ၏ အစီရင်ခံစာ အား တရားရုံးတွင် သက်သေခံအဖြစ် အသုံးပြုရန် အကန့်အသတ်ရှိကြောင်း၊ တရားရုံးတွင် တိုက်ရိုက် သက်သေအဖြစ် အသုံးပြုရန်ထက် လိုအပ်သော စုံစမ်းစစ်ဆေးမှုများ ဆက်လုပ်ရန်အတွက် ဦးတည်သော "လမ်းပြမြေပုံ" အဖြစ် ရည်ရွယ်သော အစီရင်ခံစာ ဖြစ်ကြောင်း" ပြောကြားမှုကို မြန်မာဘက်က "အစီရင်ခံစာ ရေးသားသူများကိုယ်တိုင်က ၎င်းတို့၏ တွေ့ရှိချက္များသည် တရားရုံး၌ တိုက်ရိုက် အပြစ်ပေးနိုင်ရန် လုံလောက်သော သက်သေစံနှုန်း မဟုတ်ဟု ဝန်ခံထား၍" ထိုအစီရင်ခံစာကို အသုံးချစရာမလိုကြောင်း၊ အစီရင်ခံစာကို အခြေခံကာ တရားစွဲနေသော ဂမ်ဘီယာဘက်က တင်ပြမှုများမှာ ခိုင်မာမှု မရှိ၍ ပါယ်ချသင့်ကြောင်း ကိုယ်လိုရာဆွဲကာ မြန်မာဘက်က ဆိုခ့ဲသည္။
ဤတွင် မေးခွန်းတစ်ခုက ပေါ်လာတော့သည်။ ထိုအချိန်က IIFFMM က မြန်မာနိုင်ငံအတွင်း ဝင်ရောက်၍ အချက်အလက်ရှာဖွေရန် ကမ်းလှမ်းမှုကို မြန်မာဘက်က အဘယ်ကြောင့် ပါယ္ချခ့ဲပါသနည်း။ IIFFMM သည် ဂျီနိုဆိုက် ဟုတ်၊ မဟုတ်အတွက် အချက်အလက် ရှာဖွေခြင်းမဟုတ်လော၊ မြန်မာသည် ဂျီနိုဆိုက် ကွန့်ဗင့်ရှင်း အဖွဲ့ဝင်နိုင်ငံဖြစ်သည့်အတွက် ဂျီနိုဆိုက်ဟုတ်၊ မဟုတ်ကို အချက်အလက်ရှာဖွေမည့် IIFFMM နှင့် ပူးပေါင်းဆောင်ရွက်ရန် တာဝန် (Duty to cooperate) ရှိသည် မဟုတ်လော။
ဤတွင် ICJ တရားသူကြီး ဂျူအန် မန်နူရယ် ဂိုမစ် ရိုဘလီဒို (
Judge Juan Manuel Gomez Robledo) က " ပူးပေါင်းဆောင်ရွက်ရန် တာဝန် (Duty to cooperate)" ရှိမှုကို စေ့စေ့ပေါက်ပေါက် မေးခွန်းထုတ်ရာ- မြန်မာဘက်က ဤသို့ ပြန်၍ ရှင်းလင်းခန်းဖွင့်တော့၏ ။ မြန်မာဘက္မှ ရှင်းပုံမှာ - " ပူးပေါင်းဆောင်ရွက်ရန် တာဝန် (Duty to cooperate)" ဟူသည် ယေဘူယျအားဖြင့် အငြင်းပွားနေကြသော နိုင်ငံနှစ်ခုကြားတွင် အမှန်တရားအတွက်ထားရှိရမည့်အရာသာ ဖြစ်သည်။ ဂမ်ဘီယာ နိုင်ငံသားများအပေါ် မြန်မာဘက္မှ ဂျီနိုဆိုက္လည်း မကျူးလွန်ခ့ဲ။ သို့ဖြစ်၍ ဂမ်ဘီယာသည်လည်း ဘာမှ မထိခိုက္မနစ်နာ၊ "ပူးပေါင်းဆောင်ရွက်ရန် တာဝန်" ဆိုသည်မှာလည်း တတိယ ကြားခံ သဘောမျိုးဖြစ်နေသော ကုလသမဂ္ဂ၏ IIFFMM၊ IIMM တို့လို ယန္တယားမျိုးဖြင့် မဖြစ်မနေ ပူးပေါင်းရမည်ဟု ဥပဒေလည်း တရားဝင်မထုတ်ထား၊ IIFFMM နှင့် IIMM တို့ကို ဖွဲ့သည်အခါ မြန်မာက သဘောတူခဲဲ့ခြင်းလည်းမရှိ၊ သို့ဖြစ်၍ မြန်မာ အနေဖြင့် ထို IIFFMM၊ IIMM တို့နှင့် မပူးပေါင်းခြင်းကို အပြစ်လာပြောနေစရာ ်လို" စသည့် သဘောမျိုးကို ဖြေရှင်းတော့သည်။
ဂမ်ဘီယာ ဘက်က Cooperation as Evidence of Intent ဟူသည့် "သက်သေ ထူပြသလိုဖြစ်သော စိတ် စေတနာ ဆန္ဒ နှင့် ပူးပေါင်းဆောင်ရွက်" ကို ထောက္ပြသွားခ့ဲသည်။ မြန်မာတွင် အပြစ်မရှိကြောင်းကို အဖွင့်သဘောဖြင့် ပြသရန် ဆန္ဒမရှိကြောင်း၊ သို့ဖြစ်၍ IIFFMM က့ဲသို့ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ရန် စေတနာမရှိကြောင်း၊ ARSA အား အကြောင်းပြကာ ပြုလုပ္ခ့ဲသော စစ်ဆင်ရေးဆိုင်ရာ မှတ်တမ်းများကိုလည်း တရားရုံးကို ပွင့်လင်းစွာ မချပြကြောင်း၊ သက်သေများကို ထိန်းသိမ်းရန် တရားရုံး၏ အမိန့်ကိုလည်း အကောင်အထည်မဖော်ကြောင်း၊ သက်သေအထောက်အထားများကို လွဲပြောင်းရန် တရားရုံးဘက် အကြံညဏ်ပေးကြောင်း၊ ငြင်းဆန်မှုမှာ မြန်မာ၏ ကိုယ်ပိုင် သဘောထားသာဖြစ်ပြီး ထိုငြင်းဆန်မှုကို တရားရုံးဘက်လည်း ထောက်ခံနေခြင်းမဟုတ်ကြောင်း၊ ဂျီနိုဆိုက်အား တားဆီးရန် နိုင်ငံတိုင်းတွင် တာဝန်ရှိကြောင်း စသဖြင့် ဖြေရှင္းခ့ဲသည္။
ငြင်းခုံမှုများအပေါ်စိစစ်လာမည့် ဥပဒေစံနှုန်း
နိုင်ငံတကာဥပဒေအရ ဖြစ်စေ၊ ပြည်တွင်းဥပဒေအရ ဖြစ်စေ၊ အခြားတနေရာတွင်ရှိသော တရားမျှတ လွတ်လပ်သော တရားစီရင်မှု တစ်ခုတွင် ဖြစ်စေ " ရာဇဝတ်မှုအား ကိုင်တွယ်ရာတွင် ရိုးရှင်းသော (Mens Rea) ဆိုသည့် အပြစ်ကျူးလွန်ရန် ရည်ရွယ်ချက်၊ စိတ်ဆန္ဒ ပါမပါ ဆိုသည့် (Guilty Mind) " အချက်ကို စဉ်းစားရသည်ဟု ဆိုသည်။ အထူးသဖြင့် ကာယကံမြောက် လုပ်ရပ် (Actus Reus) တစ်ခုတည်းဖြင့် ဆန်းစစ်ရန် မလုံလောက်သော အခြေအနေမျိုးတွင် (Mens Rea) အပိုင်းကို ပို၍ ဆန်းစစ်ရသည်ဟု ဆိုသည်။ ကာယကံမြောက် လုပ်ရပ် (Actus Reus) တစ်ခုတည်းဖြင့် ဆန်းစစ်ရန် မလုံလောက်သော အခြေအနေမျိုးများတွင် သက်သေ အထောက်အထားအရည်အသွေးက လိုအပ်နေသည်၊ သို့သော် အမှန်တကယ် ထိခိုက္ ခံစားခ့ဲရသူလည္း ရှိနေသည် စသည့် အခြေအနေမျိုးလည်းပါဝင်နေပါသည်။
ထိုအခြေအနေမျိုးအောက်တွင် (Mens Rea) အတွက် အဓိက အချက် ၄ ခု ကို ပြန်၍ ဆန်းစစ်ရသည်ဟု ဆိုထားသည်။
၁။ ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်ခြင်း (Intention/Purpose)
တရားခံအနေဖြင့် မကောင်းသောရလဒ်တစ်ခုကို ဖြစ်ပေါ်စေရန် တမင် ရည်ရွယ်ချက်ဖြင့် လုပ်ဆောင်ခြင်းဟုတ်၊ မဟုတ်။
ဥပမာ - လူတစ်ယောက်အား သေစေချင်သော စိတ်ဖြင့် သေနတ်ဖြင့် ပစ်ခြင်းမျိုးဖြစ်သည်။ ထိုသို့ပစ်၍ ကျည်ဆံထိမှန်၊ မမှန္ ဟူသည်က တပိုင်းဖြစ်သည်။ ပစ်ခံရသူ ဘာမှမဖြစ်ခ့ဲလျှင္တောင် ပစ်သူမှာ ရည်ရွယ်ချက်ပါနေသည့်အ တွက် ပြစ်မှုမြောက်နေပြီဖြစ်သည်။
၂။ သိလျက်နှင့် လုပ်ဆောင်ခြင်း (Knowledge)
မကောင်းသောရလဒ်ကို အဓိက မရည်ရွယ်သော်လည်း မိမိလုပ်ရပ်ကြောင့် မည်သို့ ဖြစ်လာမည်ကို သေချာပေါက် သိနေခြင်း ရှိ၊ မရှိ
ဥပမာ - အဆောကျအဦးထဲတွင္ လူရှိမှန်း သိလျှက် အဆောက်အဦးအား မီးရှို့ခြင်းမျိုးဖြစ်သည်။ (လူကို သေစေချင်၍မဟုတ်၊ အဆောက်အဦးကို ပျက်စီးစေချင်၍ ပြုလုပ်မှု ဖြစ်သော်လည်း လူပါ သေသွားနိုင်သည်ကို သိနေလျှက် ပြုလုပ်မှုမျိုး ဖြစ်သည္။
၃။ ပေါ့ဆမှုလွန်ကဲခြင်း (Recklessness)
မိမိလုပ်ရပ်က အန္တရာယ်ရှိနိုင်မှန်း သိထားသည်။ သို့ရာတွင်အကျိုးဆက်ကို ဂရုမစိုက်ဘဲ ဆက်လုပ်ခြင်း ဟုတ်၊ မဟုတ် ဥပမာ - လူစည်ကားသော လမ်းပေါ် ကား အရှိန်ပြင်းပြင်း မောင်းခြင်းမျိုး ဖြစ်သည်။
၄။ ပေါ့လျော့ခြင်း (Negligence)
သာမန်လူတစ်ယောက်အနေဖြင့် အန္တရာယ်အား သတိပြုမိသင့်သော အနေအထားတွင်ရှိနေသော်လည်း သတိမထားဘဲ လုပ်ဆောင်မိခြင်း ဟုတ်၊ မဟုတ်။
ဤအချက်က ရာဇဝတ်မှုတွင် အနိမ့်ဆုံးအဆင့်ရှိသော ( Mens Rea ) ဖြစ်သည်။
သက်သေပြခြင်း (Evidence of Intent)
ဤတွင် ဂမ်ဘီယာ ဆိုလိုသော "သက်သေ ထူပြသလိုဖြစ်သော စိတ် စေတနာ ဆန္ဒ" (Evidence of Intent) သဘောက ပါလာတော့သည်။ (Mens Rea) ဟူသည် ဆုတ်ကိုင်ပြ၍တော့မရ။ သို့ရာတွင် တရားရုံးများက အထက်ပါ အဓိကလေးချက်နှင့် ငြိ၊ မငြိကို အောက်ပါ အချက္များဖြင့် သက်သေပြ၊ ကောက်ချက်ချလေ့ ရှိကြသည်။
၁- လုပ်ရပ်မတိုင်ခင် အခြေအနေ ကြိုတင်ပြင်ဆင်မှုများ၊ ကြိုတင်ကြံစည်မှုများ ရှိ၊ မရှိ။
၂- လုပ်ရပ်လုပ်စဉ် အခြေအနေ တွင် အသုံးပြုသော အင်အား၊ နည်းလမ်း၊ လုပ်ရပ်များတွင် အထက်တွင္ဖော်ပြခ့ဲသော အချက် လေးချက်ထဲမှ တချက်ချက်နှင့် ငြိ၊ မငြိ။
၃- လုပ်ရပ်ပြီးနောက် အခြေအနေ တွင် သက်သေဖျောက်ဖျက်ခြင်း၊ ထွက်ပြေးခြင်း၊ ငြင်းဆန်ခြင်း၊ တာဝန်မခံခြင်း ရှိ၊ မရှိ။ စသည့်အချက္များဖြင့် ဆန်းစစ်လေ့ရှိသည်။
ဤအချက္များက ပေးနေသည့်သတင်းစကားမှာ စစ်ရာဇဝတ်မှု၊ လူ့အခွင့်အရေး ချိုးဖောက္မှုများကို ကျူးလွန်ပြီး မည်မျှပင် ဘူးခံငြင်းနေပါစေ၊ ထိုသို့ ဘူးခံငြင်းဆန်နေမှုကပင်လျှင် အကောင်းဆုံး သက်သေ အထောက်အထား ဖြစ်သွားတတ်သည်ဟူသော အချက်ကို ULA/AA အနေဖြင့် ဂရုပြုသင့်သည်။
ထိုအချက္များမှ မြန်မာ ဘက္မှ ရုန်းထွက်ပုံမှာ မြန်မာဘက်က ARSA ကို ရှင်းလင်းသည့် စစ်ဆင်ရေးသာဖြစ်ပြီး ရိုဟင်ဂျာ လူစုကို ဖျက်ဆီးသည့် စစ်ဆင်ရေးမဟုတ်ဟု ဆိုခ့ဲသည္။ ARSA ကိုသာ ပစ်မှတ်ထားသည်၊ ရိုဟင်ဂျာ လူစုကို ဖျက်ဆီးရန် မရည်ရွယ်ပါဆိုလျှင် " ထိုစစ်ရေးအတွင်း ARSA ဘယ်လောက်၊ သာမန်အရပ်သာ ရိုဟင်ဂျာ ဘယ်လောက်သေ ခ့ဲသနည္း" ဟူသော တရားသူကြီးများ၏ အမေးကိုတော့ မြန်မာ မဖြေနိုင္ခ့ဲပေ။ တရားရုံးကြားဖြတ်အမိန့်များကို လိုက်နာပါသည်၊ တာဝန်ယူမှု၊ တာဝန်ခံမှု ရှိပါသည်ဟူသော အကြောင်းပြချက်အတွက် မြန်မဘက္မှ ICOE ကို အကာအကွယ်ယူခ့ဲသေးသည္။ ICOE ဟူသည် NLD အစိုးရလက်ထက်တွင် ဖွဲ့ခ့ဲသော စုံစမ်းစစ်ဆေးရေးကော်မရှင် (Independent Commission of Enquiry - ICOE) ဖြစ်ပြီး ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးဟောင်း ရိုဆာရီယို မာနာလို ( Rosario Manalo ) နှင့် ကုလသမဂ္ဂဆိုင်ရာ ဂျပန် သံအမတ်ကြီးဟောင်း ကဲန်ဇို အိုရှီမ ( Kenzo Oshima ) တို့ပါဝင္ခ့ဲသည္။ ICOE ၏ အစီရင်ခံစာတွင် "လူမျိုးတုံးသတ်ဖြတ်မှု (Genocide)" ကျူးလွန်ခဲ့သည်ဆိုသော သက်သေအထောက်အထား မတွေ့ရ သော်လည်း၊ အင်းဒင်ရွာ ဖြစ်စဉ်အပါအဝင် အချို့နေရာများတွင် မြန်မာစစ်တပ်သည် စစ်ရာဇဝတ်မှု (War Crimes) နှင့် လူ့အခွင့်အရေး ချိုးဖောက်မှုများကို ပြုလုပ်ခ့ဲသည်ဟု ဖော်ပြထားသည်။ ထိုအစီရင်ခံစာနှင့်အညီ အရေးယူမှုများကိုလည်း ပြုလုပ္ခ့ဲသည်ဟု မြန်မာဘက္မှ ဆိုခ့ဲသည္။ ဆိုလိုချင်သည်က ICJ ၏ ကြားဖြတ်အမိန့်အပါအဝင် မြန်မာလိုက်နာရမည့် စံနှုန်းများကို လိုက်နာနေသည့် အားထုတ်မှုများရှိနေသည်ဟူသော အကြောင်းပြချက်ကို ပြလိုပုံရသည်။ မြန်မာဘက်က ဖြေရှင်းချက်တွင် စစ်ရာဇဝတ်မှုများကို မြန်မာစစ်တပ် တပ်ဖွဲ့ဝင်များ တစ်ဦးချင်းအလိုက် ခြိုးဖောက်ခ့ဲသည္များ ရှိသည်။ သို့သော် ဤအချက္မှာ နိုင်ငံအနေဖြင့် ဂျီနိုဆိုက် ကျူးလွန်ရန် ရည်ရွယ်ချက်ရှိသည်မဟုတ် ဟူသော အချက်ဖြစ်သည်။
Comments
Post a Comment