လက်နက်ကိုင် တပ်ဖွဲ့တစ်ခု၏ တာဝန် နှင့် သစ္စာခံမှု-၅

 လက်နက်ကိုင် တပ်ဖွဲ့တစ်ခု၏ တာဝန် နှင့် သစ္စာခံမှု-၅


ပေမှီဒေါက္မှီစံနှုန်းဖြင့်ကိုက္ညီသော လက်နက်ကိုင် တပ်ဖွဲ့တစ်ခု၏ အ ခြေခံကျင့်ဝတ်မှာ - "လူသားဂုဏ်သိက္ခာနှင့် လူသားတန်ဖိုးကို လေးစားမှုဖြင့် လက်နက်ကိုင်ခြင်းဖြစ်သည်"။ 


ပြည်သူလူထုသည် လက်နက်ကိုင် အဖွဲ့အစည်း၏ အာဏာ မူလပိုင်ရှင်ဖြစ်ပြီး ဘေးအန္တရာယ်ကင်းသော လူ့အဖွဲ့အစည်းတစ်ခု ဖြစ်စေရန် လက်နက်ကိုင်အဖွဲ့အစည်းကို ပြည်သူလူထုမှ တာဝန်ပေး၊ နေရာပေးထားခြင်းဖြစ်သည်။ လက်နက်ကိုင်တပ်ဖွဲ့ဟူသည် လူ့အဖွဲ့အစည်းတစ်ခုအား ဘေးအန္တရာယ်မှ ကင်းဝေးစေရန် တာဝန်ပေးခံထားရသော၊ တာဝန်ယူထားရသော ပြည်သူလူထု၏ အခိုင်းအစေဖြစ်သည်။ ဤအချက်က လက်နက်ကိုင်တပ်ဖွဲ့တိုင်းတွင် အမြဲတန်းကိန်းဝပ်နေရမည့် ဝတ္တရားဖြစ်သည်။ 


သို့သော် ထိုကျင့်ဝတ် ၊ ဝတ္တရားစသည့် အခြေခံအတွေးအခေါ်မျိုးက  လက်နက်ကိုင်တပ်ဖွဲ့များထံတွင် ကင်းကွာလာတတ်သည်။ မည်သို့ပင်ဆိုနေစေကာမူ "ငါတို့ တိုက်ရသည်၊ ငါတို့စွန့်လွတ်ရသည်၊ ငါတို့ပေးဆပ်ရသည်၊ သို့ဖြစ်၍ ငါတို့သည် မြင့်မြတ်သည်၊ ငါတို့သည် ဦးစားပေးခံထိုက်သည်" ဟူသော ခံစားချက္မျိုးက ရှိလာတတ်သည်။ 


လူ့မှုအသိုင်းအဝန်းတစ်ခု၏ စစ်ဘက်၊ အရပ်ဘက် အပြန်အလှန် ပဋိညာဉ်ပြုမှုတွင် စစ်ဘက် လက်နက်ကိုင် အဖွဲ့အစည်းဘက္မှ ပြည်သူလူထုထက် တမူးအပိုရှူချင်လာသော ဖြစ်စဉ်များ မဖြစ်ပေါ်လာအောင် အရံအတား များထည့်သွင်းထားရသည်။ ထိုအရံအတားများဟူသည် အဘယ်နည်း။


လက်နက်ကိုင်ထားသူများတွင် စိတ်ပိုင်းဆိုင်ရာ အခြေခံတစ်ခုရှိသည်။ ထိုအခြေခံစိတ်မှာ အမိန့်အခွင့်အာဏာကို အရသာခံတတ်သော စိတ်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် လက်နက်ကိုင်ထားသူများတွင် ၎င်းတို့၌ အင်အားရှိသည်ဟု အလိုလိုခံစားမိကြ၍ ဖြစ်သည်။ 

- တစ်ယောက်ထက်ပိုသော စုဖွဲ့မှု

-ထိုအစုအဖွဲ့၏ ညီညွှတ်သော အသွင်အပြင်

- ဂုဏ်ယူမာန်ဝင့်ထည်မှုနှင့်  ဩဘာပေးခံရမှု

- လူကိုသေစေလောက်သော လက်နက် (လူများ ကြောက်လန့်စေသော အရာ) ကို ကိုင်ဆောင်ထားရမှု 

စသည့်အချက္များကြောင့် ၎င်းတို့၏ စိတ်ပိုင်းဆိုင်ရာတွင် အင်အားရှိသည်ဟု ခံစားကြရသည်။ ဤသည်ကပင် လက်နက်ကိုင် တပ်ဖွဲ့၏ မူရင်းစိတ်အခြေအနေဖြစ်သည်။ ထိုသို့မူရင်းစိတ်အခြေအနေဖြစ်စေသော အချက္များကို ကြည့်ပါက အောက်ပါ ဆန်းစစ်မှုများက ထွက်လာပါသည်။

- မည်သူက တစ်ယောက်ထက်ပိုသော စုဖွဲ့ပိုင်ခွင့်ကို ပေးထားပါသနည်း။

- မည်သူက အစုအဖွဲ့၏ ညီညွှတ်သော အသွင်အပြင် ကိုဖြစ်စေရန် ချွေးနှဲစာဖြင့် ပံပိုးထားပါသနည်း။

- လက်နက်ကိုင်တပ်ဖွဲ့၏ ဂုဏ်ယူမာန်ဝင့်ထည်မှုအပေါ် မည်သူက ချီးမွမ်း  ဩဘာပေး ပါသနည်း။

-မည်သူက လက်နက်ကိုင်တပ်ဖွဲ့အား လူကိုသေစေလောက်သော လက်နက် (လူများ ကြောက်လန့်စေသော အရာ) ကို ကိုင်ဆောင်ထားခွင့် ကို ပေးထားပါသနည်း။ 


ပြည်သူလူထုကသာလျှင် ပေးထားခြင်းဖြစ်သည်။ ပြည်သူလူထုကသာလျှင် ၎င်းတို့၏ စုဖွဲ့ပိုင်ခွင့်အာဏာကို လက်နက်ကိုင် တပ်ဖွဲ့အားပေးထားခြင်း ဖြစ်သည်။ ပြည်သူလူထုကသာလျှင် အစုအဖွဲ့၏ ညီညွှတ်သော အသွင်အပြင် ကိုဖြစ်စေရန် ချွေးနှဲစာဖြင့် ပံပိုးထားခြင်းဖြစ်သည်။ လက်နက်ကိုင်တပ်ဖွဲ့၏ ဂုဏ်ယူမာန်ဝင့်ထည်မှုအပေါ် ပြည်သူလူထုက ချီးမွမ်း  ဩဘာပေးကြခြင်းဖြစ်သည်။ ပြည်သူလူထုကသာ လက်နက်ကိုင်တပ်ဖွဲ့အား လူကိုသေစေလောက်သော လက်နက် (လူများ ကြောက်လန့်စေသော အရာ) ကို ကိုင်ဆောင်ထားခွင့် ကို ပေးထားခြင်းဖြစ်သည်။ 


ဤတွင် ကပေါက်တိကပေါက်ရှာ မေးခွန်းကို ထုတ်သူများရှိကြပါလိမ့်မည်။ ငါတို့အဖွဲ့သည်ကား ကိုယ့်ဖာသာကိုယ် ငွေရှာလျှက် ကိုယ်ခံယူချက်ဖြင့် မတရားမှုကို တိုက်နေသူများဖြစ်သည် ဟူသော အမြင်ဖြစ်သည်။ ဤတွင်  (ကိုယ့်ဖာသာကိုယ် ငွေရှာလျှက် ကိုယ်ခံယူချက်ဖြင့်) ဟူသော စကားသည်ပင်လျှင် လက်နက်ကိုင် တပ်ဖွဲ့တစ်ခု၏ မူလစံတန်ဖိုးကို ဇတ်ပျက်စေပြီဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် (ကိုယ့်ဖာသာကိုယ် ငွေရှာလျှက် ကိုယ်ခံယူချက်ဖြင့်) ဟူသော စကားရပ်၏ အဓိပ္ပါယ္မှာ မိမိတို့အား ပြည်သူလူထုမှ ပံပိုးခြင်းမဟုတ်ဟု ဆိုလိုခြင်း ဖြစ်သောကြောင့်ဖြစ်သည်။ ထိုသို့အမြင်စွဲကပ်နေသော ပုဂ္ဂိုလ်များကို မေးခွန်းပြန်ထုတ်လိုသည်မှာ- (ကိုယ့်ဖာသာကိုယ် ငွေရှာလျှက် ကိုယ်ခံယူချက်ဖြင့် ရပ်တည်သည်) ဟု ဆိုပါလျှင် အဘယ်ကြောင့် ပြည်သူလူထုထံမှ  "ချီးမွမ်း  ဩဘာ ကောင်းချီးပေးခြင်းကို" လိုချင်နေကြပါသနည်း။ အဘယ်ကြောင့် ပြည်သူလူထုထံမှ အသိအမှတ်ပြု နေရာပေးခြင်းကို လိုချင်နေကြပါသနည်း။ ပြည်သူလူထုထံမှ  "ချီးမွမ်း  ဩဘာပြုမှု"၊ ပြည်သူလူထုထံမှ "အသိအမှတ်ပြု နေရာပေးမှု" ဆိုသည့် စကားလုံးတွင်ပင် " ပြည်သူလူထုထံမှ" ဆိုသည့် ပြည်သူလူထု၏ ပိုင်ဆိုင်သော အရာကို တောင်းခံနေခြင်း မဟုတ်ပေလော။ လက်နက်ကိုင် အဖွဲ့အစည်းတစ်ခု၏ အာဏာ၏ မူလပိုင်ရှင်သည် ပြည်သူလူထု သာဖြစ်သည်ဟူသော အချက်ကို ( ကိုယ့်ဖာသာကိုယ် ငွေရှာလျှက် ကိုယ်ခံယူချက်ဖြင့် မတရားမှုကို တိုက်နေသူများဖြစ်သည်) ဟူသော အမြင်မျှဖြင့် ချေဖျက်၍ ရမည်မဟုတ်ပေ။


သို့ဖြစ်၍ စစ်ဘက်၊ အရပ်ဘက် အပြန်အလှန် ပဋိညာဉ်ပြုမှုတွင် စစ်ဘက် လက်နက်ကိုင် အဖွဲ့အစည်းဘက္မှ ပြည်သူလူထုထက် တမူးအပိုရှူချင်လာသော ဖြစ်စဉ်များ မဖြစ်ပေါ်လာအောင် ထည့်သွင်းရသော အရံအတားထဲတွင်  "Civilian Supremacy" (ပြည်သူလူထုသည်သာ အမြင့်ဆုံးအာဏာပိုင်ရှင်) ဟူသော သဘောတရားကို စတင်ထည့်သွင်းထားရသည်။ 


ထိုသဘောတရားအရ လက်နက်တပ်ဖွဲ့ သည် ပြည်သူလူထုမှ ရွေးကောက်တင်မြောက်ထားသော အာဏာပိုင် ( Civilian Authority) ၏ အမိန့်ကို နာခံရမည်ဟူသော အမြင်သည် ဖြစ်ထွန်းလာသည်။ တနည်းအားဖြင့် "သေနတ်ကို ပြည်သူလူထုက ထိန်းချုပ် အမိန့်ပေး စေခိုင်းခြင်း" ဟူသော သဘောဖြစ်သည်။ ထိုသဘောတရားအား အရပ်ဘက်နှင့် စစ်ဘက် ပဋိညာဉ် ပြုယုံ ဆိုသည်မျှဖြင့် မလုံလောက်သေးချေ။ အဘယ်ကြောင့်ဆိုသော်  ခေတ်သစ် ကမ္ဘာကြီး၏ လူ့ဘောင်တော်တော်များတွင် လက်နက်ကိုင်တပ်ဖွဲ့များသည် "ငါတို့ တိုက်ရသည်၊ ငါတို့စွန့်လွတ်ရသည်၊ ငါတို့ပေးဆပ်ရသည်၊ သို့ဖြစ်၍ ငါတို့သည် မြင့်မြတ်သည်၊ ငါတို့သည် ဦးစားပေးခံထိုက်သည်" ဟူသော ခံစားချက်က ရှေ့တန်းထွက်လာကာ " မြင့်မြတ်သော၊ ဦးစားပေးခံထိုက်သော ငါတို့မှ ဤလူ့ဘောင်၏ အာဏာတစ်ခုလုံးကို သိမ်းသည်" ဟူသော ဖြစ်စဉ်မျိုးကလည်း ပေါ်ပေါက်လာတတ်၍ ဖြစ်သည်။ သို့ဖြစ်၍ ထိုဖြစ်စဉ်မျိုးများ ပေါ်ပေါက်၍ မလာစေရန် အစီအမံများ ကို လူသားများသည် သမိုင်းဖြစ်စဉ်များ၊ အသက်ဘဝများကို ရင်း၍ ရှာဖွေလာရသည်။ လက်ရှိမျက်မှောက် အခြေအနေ၌ ကျင့်သုံးနေရသော စစ်ဘက် အရပ်ဘက် ပဋိညာဉ် ဖြစ်စဉ်များတွင် ယေဘူယျ အချက်များက ရှိပါသည်။ ထိုအချက္များမှာ 


၁- လက်နက်ကိုင်အဖွဲ့နှင့် အုပ်ချုပ်ရေးအဖွဲ့ကို ရောထွေးမပစ်ဘဲ သီးခြားစီ ခွဲထုတ်ထားသည့် အာဏာ ခွဲဝေခြင်း (Dual Power Structure) သဘောကို ကျင့်သုံးကြသည်။ ဤသို့ကျင့်သုံးမှုတွင် သတ်မှတ်ချက္မှာ-  စစ်ဘက်ဆိုင်ရာ ခေါင်းဆောင်များသည် အုပ်ချုပ်ရေး (ဥပမာ- အခွန်ကောက်ခြင်း၊ တရားစီရင်ခြင်း၊ မူဝါဒချမှတ်ခြင်း) ကိစ္စများတွင် ဆုံးဖြတ်ပိုင်ခွင့် မရှိရပေ။ ထိုသို့ အာဏာခွဲဝေကျင့်သုံးခြင်း၏ လုပ်ရိုးလုပ်စဉ်နည်းလမ်းများမှာ- လူထုကို ကိုယ်စားပြုသော အုပ်ချုပ်ရေးအဖွဲ့မှ လိုအပ်သော ရန်ပုံငွေ၊ ရိက္ခာကို စီမံခန့်ခွဲကာ လက်နက်ကိုင်အဖွဲ့ကို ပံ့ပိုးပေးရခြင်းဖြစ်သည်။  "ရိက္ခာပေးတဲ့လက်အား ပြန်မကိုက်ရ" ဆိုတဲ့ သဘောတရားအတိုင်း စီးပွားရေးအာဏာကို လူထုကို ကိုယ်စားပြုသော အုပ်ချုပ်ရေးမှ  ဆုပ်ကိုင်ထားခြင်း ဖြစ်သည်။


၂- လက်နက်ကိုင် တပ်ဖွဲ့၏ တာဝန်ခံမှုအပေါ်  စနစ်ယန္တယား (Chain of Accountability) ဖြင့်ဖော်ဆောင်ရာတွင် လက်နက်ကိုင်တပ်ဖွဲ့၏  ထိပ်ပိုင်းခေါင်းဆောင်များကို  လူထုကို ကိုယ်စားပြုသော အုပ်ချုပ်ရေးမှ  ခန့်အပ်သည်။ အတည်ပြုသည်။ ဤတွင် ခန့်အပ်ခြင်း၊ အတည်ပြုခြင်းကို အုပ်ချုပ်ရေးအာဏာမှ ဆောင္ရွက္သက့ဲသို့ အကယ်၍လက်နက်ကိုင်တပ်ဖွဲ့ဝင်များက ပြည်သူ လူထုအပေါ် အနိုင်ကျင့်မှု သို့မဟုတ် အမိန့်မနာခံမှု ဖြစ်လာပါက စစ်ဆေး  အရေးယူနိုင်သော "ပြည်သူ့ခုံရုံး"၊ "စည်းကမ်းထိန်းသိမ်းရေးကော်မတီ" များစသည့္ တရားစီရင်ရေးတွင် လည္းလူထုကိုယ်စားလှယ်များ ပါဝင်ရသည်။ ချွင်းချက်အရ သတင်းပို့စရာမလိုသော စစ်ရေးလှုပ်ရှားမှုများမှ အပ အခြားသော လက်နက်ကိုင်တပ်ဖွဲ့၏ အထွေထွေကိစ္စများကို  လူထုကို ကိုယ်စားပြုသော အုပ်ချုပ်ရေးအဖွဲ့ထံ ပုံမှန် အစီရင်ခံတင်ပြ ပေးရသော အစဉ်အလာကို ထူထောင်ထားသည်။


၃။ လက်နက်ကိုင် တပ်ဖွဲ့ အပေါ် နိုင်ငံရေးအရ အသိပညာပေးခြင်း (Political Education) မှာ  အရေးကြီးဆုံး အစိတ်အပိုင်းဖြစ်သည်။ တပ်ဖွဲ့ဝင်တစ်ဦးချင်းအား "မိမိတို့မှာ လူထုကို အုပ်ချုပ်ရန် မဟုတ်၊ လူထုကို ကာကွယ်ရန် ဖြစ်သည်" ဆိုသော စိတ်ဓာတ်ကို အမြဲ ရိုက်သွင်းပေးနေရသည်။ ဥပမာ: မက္ကဆီကန်ရှိ ဇာပါတစ်စတာ (Zapatistas) များတွင် လက်နက်ကိုင်တပ်ဖွဲ့ဝင်များအား သူတို့ကိုယ်သူတို့ "အာဏာရှိသူ" ဟု မသတ်မှတ်ဘဲ "လူထုရဲ့ အစေခံ" ဟုသာ သတ်မှတ်ရန် သင်တန်းများ အမြဲပေးသည့် စနစ်ကို ကျင့်သုံးကြသည်။ လူထုကို ကိုယ်စားပြုသော အုပ်ချုပ်ရေးစနစ်၏ ဆုံးဖြတ်ချက္မှာ အမှားဖြစ်စေ၊ အမှန်ဖြစ်စေ လက်နက်ကိုင်အဖွဲ့က လိုက်နာရမည်ဆိုသော ပြည်သူလူထုသည်သာ အမြင့်ဆုံးအာဏာပိုင် ( "Civilian Supremacy") အယူအဆ ကို  လက်နက်ကိုင် တပ်ဖွဲ့၏ အစဉ်အလာတစ်ခု အဖြစ် ရိုက်သွင်းထားကြရသည်။


၄။ ရပ်ရွာနှင့် တပ်ဖွဲ့ဝင်များ ကြားဆက်ဆံရေး (Integration) ကိုလည်း အမြဲတစေ ဂရုစိုက်နေရသည်။ တပ်ဖွဲ့ဝင်များကို ပြည်သူ လူထုနှင့် အမြဲတ စေ သီးခြားခွဲထားခြင်းသည် မကောင်းပေ။  ရပ်ရွာလုပ်အားပေးလုပ်ငန်းများ၊ ရပ်ရွာလူထု၏ စိုက်ပျိုးရေးလုပ်ငန်းများတွင် တပ်ဖွဲ့ဝင်များအား အတူ ပါဝင် ဆောင်ရွက်ခိုင်းကြရသည်။ ဤသို့ ပြည်သူလူထု၏ အရေးကိစ္စများကို ဆောင်ရွက်ခိုင်းခြင်းက  တပ်ဖွဲ့ဝင်များအား သူတို့ကိုယ်သူတို့ လူထုနှင့် တစ်သားတည်းအသွင္ ခံစားရပြီး လူထုအပေါ် အမိန့်ပေးချင်လိုစိတ်ဖြင့် ဆက်ဆံခြင်း တနည်း စစ်ဘောင်သွင်းဝါဒ (Militarism) လျော့နည်းသွားစေသည်။



 အရပ်ဘက် စစ်ဘက် ပဋိညာဉ်ပြုခြင်းသည်လည်း တမူထူးခြားနေသော ဖြစ်စဉ်မဟုတ်ပေ။ ဤဖြစ်စဉ်မှာ နိုင်ငံတည်ဆောက်ရေး ဖြစ်စဉ်ထဲတွင် အကြုံးဝင်နေသော ဖြစ်စဉ်သာဖြစ်သည်။ အကယ်၍ တော်လှန်ရေးကာလတွင်ပင် state building ကိုပါ တပြိုင်နက်တည်ဆောက်မည်ဟု ဟစ်ကြွေးနေပါက ဤအချက္များကိုလည္း ဂရုပြုမိရန်လိုသည်။ ဤစနစ်များကို တည်ဆောက်သောအခါ ကနဦး အစောပိုင်းတွင် အခက်အခဲ ရှိသည်။ ဤအခက်အခဲကား မည်သည့်လူ့အဖွဲ့အစည်းတွင်မဆို ရှိသည်။ တည်ဆောက်နိုင်သော အဖွဲ့အစည်းနှင့် မတည်ဆောက်နိုင်သော အဖွဲ့အစည်းဟုသာ ကွာခြားသည်။  ထိုအခက်အခဲများတွင် အခြေခံကျသော အချက်တစ်ခုမှာ " လက်နက်ကိုင်ထားသူများက  ၎င်းတို့၌သာ အင်အားရှိသည်၊ ကျန်လူ ငါတို့လောက်အင်အားမရှိ" ဟု ခံစားချက်ကြောင့်ဖြစ်သည်။ ထိုခံစားချက်နှင့် "ငါတို့ တိုက်ရသည်၊ ငါတို့စွန့်လွတ်ရသည်၊ ငါတို့ပေးဆပ်ရသည်၊ သို့ဖြစ်၍ ငါတို့သည် မြင့်မြတ်သည်၊ ငါတို့သည် ဦးစားပေးခံထိုက်သည်" အမြင် ရှိလာသောအခါ လူ့အဖွဲ့အစည်းတစ်ခုမှာ ကျွမ်းထိုးမှောက်ခုံ ဖြစ်တော့သည်။ ဤ ပြဿနာ၏ အဖြေမှာလည်း လူထုကို ကိုယ်စားပြုသော အုပ်ချုပ်ရေးအဖွဲ့မှ ( အုပ်ချုပ်ရေး၊ တရားစီရင်ရေးနှင့် စီးပွားရေး) စသည့်အချက္များကို ဖွံ့ဖြိုးတိုးတက်မှုရှိရန် ကိုင်တွယ်နိုင်လာလေ လက်နက်ကိုင်အဖွဲ့မှာ လူထုကို ပို၍ အားကိုးလာရလေလေ ဟူသော နည်းလမ်းမှ လွဲ၍ အခြားမရှိပေ။


ဆက်ရန်







Comments

Popular posts from this blog

အီရန်၏ "Vahdat" (ဝါးဒတ်) မှသည် "Mostebed" (မိုစတီးဘဒ်) သို့ (၂)

ဆိုဗီယက်ပြည်ထောင်စုပြိုကွဲပြီးနောက် ရုရှားနိုင်ငံ၏ အပြောင်းအလဲ အပေါ်လေ့လာခြင်း

တောင်ကိုးရီးယား၏ (1961)ခုႏွစ္မှ (1988)ခုနှစ် အထိ 27 နှစ်ကာလအကြား စီးပွားရေးတိုးတက်မှုကိုလေ့လာခြင်း