လက်နက်ကိုင် တပ်ဖွဲ့တစ်ခု၏ တာဝန် နှင့် သစ္စာခံမှု-၆
လက်နက်ကိုင် တပ်ဖွဲ့တစ်ခု၏ တာဝန် နှင့် သစ္စာခံမှု-၆
လက်နက်ကိုင်ခြင်းဆိုသည်မှာ "လူသားဂုဏ်သိက္ခာကို လေးစားမှု နှင့် လူသားတန်ဖိုးကို လေးစားမှုဖြင့် လက်နက်ကိုင်ခြင်းဖြစ်သည်" ဆိုသောအချက်သည် လက်နက်ကိုင်တပ်ဖွဲ့တစ်ခု၏ မူလ ကျောရိုးစံတန်ဖိုးဖြစ်သည်။ လူသားဂုဏ်သိက္ခာနှင့် တန်ဖိုးကို လေးစားခြင်း ဆိုသည်မှာ လူသားဂုဏ်သိက္ခာနှင့် လူသားတန်ဖိုးကို ကာကွယ်ခြင်းလည်းဖြစ်သည်။ လူ့အသိုက်အဝန်းတစ်ခု (လူ့အသိုက်အဝန်းဟူသည် နိုင်ငံ သို့မဟုတ် လူမျိုး) အတွက် လက်နက်ကိုင် တပ်ဖွဲ့တစ်ခု ပေါ်ပေါက်ခြင်း ဆိုသည့်အဓိပ္ပါယ္ကပင္ ထိုလူ့အသိုက်အဝန်းရှိ လူသားများ၏ လူသားဂုဏ်သိက္ခာနှင့် တန်ဖိုးကို ကာကွယ်ရန် အတွက် ပေါ်ပေါက်လာခြင်းဖြစ်သည် ဆိုသော အဓိပ္ပါယ္ဖြ စ် သည္။
အမိန့် အပေါ်ဆန်းစစ်မှု
လက်နက်ကိုင်တပ်ဖွဲ့ဝင်တစ်ယောက်သည် အမိန့်ကိုနာခံရသည်။ ဤသို့အမိန့်နာခံရန်လည်းတာဝန်ရှိသည် ဟုသတ်မှတ်ထားသည်။ ဤတွင် အမိန့်ဟူသည် ငြင်းဆန်ရမည့် အရာမဟုတ် ဟူသော အချက်နှင့် သဘောတရားခြင်းမှာ ကွဲပြားပါသေးသည္။ အဘယ်ကြောင့်ဆိုသော် အမိန့်ဟူသည်ပင်လျှင် အကျိုးအကြောင်းညီညွှတ်မှုမှ သွယ်ဖယ်၍ မရဟူသော ကန့်သတ်ချက်အတွင်း ရှိနေသောကြောင့် ဖြစ်သည်။ ပို၍ ရှင်းလင်းသော နမူနာတစ်ခုမှာ - ကျောက်တုံးတစ်တုံးကို စိန်တုံးဖြစ်စေရန် အမိန့်ပေးသည်ဆိုပါစို့၊ ထိုအမိန့်သည် သဘာဝအကျိုးအကြောင်းအရ မဆီလျှော်ပေ။ ထိုမဆီလျှော်သော အမိန့်ကို လက်အောက်ငယ်သားများ လိုက်နာနိုင်ပါမည်လော။ မလိုက်နာနိုင်ပါက လက်အောက်ငယ်သားများသည် အမိန့်ကို မလိုက်နာမှု ဖြစ်သွားပါပြီလော။ အဖြေက မဆီလျှော်သော အမိန့်ကို မလိုက်နာနိုင်ခြင်းသည် အပြစ်မဟုတ်ဟူသော အချက် ဖြစ်သည်။ ပြဿနာမှာ တပ်ဖွဲ့ဝင်များသည် အမိန့်အပေါ် မည်သို့ခံယူချက်ဖြင့် ဆန်းစစ်မည်နည်း ဆိုသော အချက်ပင် ဖြစ်သည်။ အဖြေက ကျင့်ဝတ်စံနှုန်းကို အခြေခံ၍သာ ဆန်းစစ်ကြရခြင်းဖြစ်သည်။ ဤအချက်က အမိန့်နာခံခြင်း နှင့် အမိန့်ဟူသည် ငြင်းဆန်ရမည်အရာမဟုတ်ခြင်း ဟူသော အချက်နှစ်ခု၏ အဓိက ကွဲလွဲချက်လည်းဖြစ်သည်။ လက်နက်ကိုင်တပ်ဖွဲ့ဝင်တစ်ယောက်သည် အမိန့်နာခံရန်တာဝန်ရှိပါသည်။ သို့သော် ထိုအချက်သည် "အမိန့်ဟူသည် ငြင်းဆန်ရမည့်အရာ မဟုတ်" သော သတ်မှတ်ချက္မဟုတ်သေးပေ။ သို့ဖြစ်၍ လက်နက်ကိုင်တပ်ဖွဲ့များကို သင်တန်းပေးရာတွင် "အမိန်နာခံ"ရန် သင်ကြားပေးမှုနှင့် "အမိန့်ဟူသည် ငြင်းဆန်ရမည့်အရာမဟုတ်" ဟူသော သင်ကြားပေးမှုသည် မတူသေးပေ။
နေရာမှားသော သစ္စာခံမှု
အကယ်၍ အမိန့်ဟူသည် "ငြင်းဆန်ရမည့်အရာမဟုတ်"၊ အမိန့်အား ကျင့်ဝတ်နှင့် ညီ၊မညီကို ဆန်းစစ်စရာမလို၊ ရေဘူးပေါက်နေကြောင်းတင်ပြချက်ကိုမလိုချင် ရေပါသည်ကိုသာ လိုချင်သည် စသည့် သဘောတရားမျိုးကိုသာ ပေးနေ သော သင်တန်းအုပ်ချုပ်မှု ပတ်ဝန်းကျင်သည် လူ့အဖွဲ့အစည်းအတွက် အန္တရာယ်များလှသည်။ အဘယ်ကြောင့်ဆိုသော်
၁- လက်နက်ကိုင်တပ်ဖွဲ့တစ်ခု၏ စိတ်နေစိတ်ထားတွင် ကိုယ့်ကိုကိုယ့် အင်အားရှိသည်ဟု ခံစားချက်က ရှိသည်။
၂- လက်နက်ကိုင် တပ်ဖွဲ့ဝင်တစ်ယောက်သည် အမိန့်ကိုနာခံရမည်ဟု စိတ်ပိုင်းဆိုင်ရာ ရိုက်သွင်းမှုက ရှိနေသည်။
၃- လက်နက်ကိုင်တပ်ဖွဲ့ဝင်များကို အမိန့်ပေးနေရသူမှာ ၎င်းတို့၏ တပ်အစိတ်အပိုင်း၏ ခေါင်းဆောင်ဖြစ်နေသည်။
၄- ဝေဖန်ပိုင်းခြားဆန်းစစ်မှုကို အားမပေးသော လူမှု ပတ်ဝန်းကျင်မျိုးလည်း ဖြစ်နေလျှင်
သေချာသော အကျိုးဆက်တစ်ခုက ထိုလက်နက်ကိုင်တပ်ဖွဲ့အပေါ် ရှိလာသည်။ ထိုအကျိုးဆက္မှာ မိမိတပ်ဖွဲ့အစိတ်အပိုင်း၏ ခေါင်းဆောင်အမိန့်အား နာခံခြင်းဖြစ်သည်။ ဤအဆင့်လောက်တွင် ပြဿနာကမရှိသေး။ ပြဿနာရှိလာသည် အမိန့်အား နာခံခြင်းထက်ပို၍ မိမိ၏တပ်ဖွဲ့အစိတ်အပိုင်း၏ ခေါင်းဆောင်အပေါ်တွင် သစ္စာခံခြင်းအဆင့်ကို ရောက်ရှိလာခြင်းဖြစ်သည်။ ထိုအခါ တပ်ဖွဲ့၏ မူလ ကျင့်ဝတ်စံနှုန်း အပေါ်သစ္စာရှိရမည် ဆိုသော သဘောတရားထက် မိမိ တပ်ဖွဲ့အစိတ်အပိုင်း၏ ခေါင်းဆောင်အပေါ် သစ္စာရှိရမည်ဆိုသော အချက်ကသာ ပို၍ လွမ်းမိုးသွားတော့သည်။
ထိုသို့ လွမ်းမိုးသွားပါက "ပြည်သူလူထုအား ကာကွယ်ရန်" ဆိုသည့်ရပ်တည်ချက်ထက် မိမိတပ်ဖွဲ၏ ခေါင်းဆောင် ပြောသည့်အတိုင်းလုပ်ရန် ဆိုသည့် သဘောဘက်ကို ရောက်သွားတော့သည်။
ထိုသို့ လက်နက်ကိုင်တပ်ဖွဲ့ အင်စတီကျူရှင်း၏ မူလရည်ရွယ်ချက် အပေါ်သစ္စာခံမှု ထက် တပ်ဖွဲ့ဝင်များနှင့် ခေါင်းဆောင်များအပေါ်တွင်သာ သစ္စာခံမှုက နေရာမှားနေသော သစ္စာခံမှုကိုသာ ဖြစ်စေသည်။ ထိုနေရာမှားသော သစ္စာခံမှုကြောင့် လက်နက်ကိုင်တပ်ဖွဲ့တစ်ခုတွင် ကျင့်ဝတ်နှင့် မညီသော အမှုအကျင့် (Unethical Behavior) များဖြစ်လာရန် အခွင့်အရေးများ ဖြစ်လာတော့သည်။ ထိုသို့ နေရာမှားသော သစ္စာခံမှုကြောင့် စစ်တပ်၏ သမိုင်းတွင် ကြီးမားသော ရာဇဝတ်မှုကျူးလွန်မှုများကို ဖြစ်စေသည်ဟု တပ်ကြပ်ကြီးချုပ် ဒေးဗစ် အာရ်ချဒ်ဘန်း ( Master Sgt. David R. Chadburn) က ဆိုထားသည်။
တပ်ကြပ်ကြီးချုပ် ဒေးဗစ် အာရ်ချဒ်ဘန်း ( Master Sgt. David R. Chadburn) မှာ အမေရိကန် စစ်ဘက်၏ နာမည်ကျော် အဆင့်မြင့် တပ်ကြပ်ကြီးချုပ် လေ့ကျင့်ရေးသင်တန်း (Sergeants Major Course) ၏ သင်တန်းနည်းပြဖြစ်သည်။ ထိုသင်တန်း၏ သင်ကြားမှုနယ်ပယ်မှာ စစ်သားကောင်းတစ်ယောက်ဖြစ်ရန်ပင်မဟုတ် မဟာဗျူဟာမြောက် ဦးဆောင်မှု (Strategic Leadership) ပေးနိုင်ရန်လည်း သင်ကြားခြင်းဖြစ်သည်။ သင်တန်း၏ ရည်ရွယ်ချက်တွင် စစ်ဆင်ရေးဆိုင်ရာ စီမံခန့်ခွဲမှု အစီအစဉ်များ၊ တပ်ဖွဲ့ဝင်ထောင်ပေါင်းများစွာကို ကွပ်ကဲမှုပေးနိုင်ခြင်း အစီအစဉ်များနှင့် အဆင့်မြင့်အရာရှိကြီးအား အကြံပေးနိုင်သော ပုဂ္ဂိုလ်များ ဖြစ်လာရန် ရည်ရွယ်ထားသည်။ အဆိုပါ သင်တန်းကျောင်းများထဲတွင် အကျော်ကြားဆုံးမှာ တက္ကဆက် ( Texas) ပြည်နယ်၊ ဖော့တ် ဘလစ် (Fort Bliss) ရှိ NCO Leadership Center of Excellence (NCOLCoE) ဖြစ်သည်။ အဆိုပါသင်တန်းမှာ အဆင့်မြင့် (Senior) စစ်ဘက်ခေါင်းဆောင်များအတွက် "ဘွဲ့လွန်အဆင့်" သင္တန္းတစ္ခုက့ဲသို့ ဂုဏ်သိက္ခာကြီးမားသည်။ ထိုသင်တန်းများက အောက်ခြေနှင့် အထက်ပိုင်းကြားတွင် ပေါင်းကူးတံတားသဖွယ် တာဝန်ယူရသော တပ်ကြပ်ကြီးချုပ်များ ဖြစ်လာရန်နှင့် ၎င်းတို့တွင် ထိပ်တန်းခေါင်းဆောင်မှု စွမ်းရည်ရှိရန် ပေးသော သင်တန်းများဖြစ်သည်။
ထိုက့ဲသို့ သင်တန်းမျိုး၌ နည်းပြဖြစ်သူ တပ်ကြပ်ကြီးချုပ် ဒေးဗစ် အာရ်ချဒ်ဘန်း ( Master Sgt. David R. Chadburn)က သူ၏ လက်ချာတွင် ထိုသို့ နေရာမှားသောသစ္စာခံမှု နှင့် ပတ်သက်၍ ထိုသို့ ဆိုထားခြင်းဖြစ်သည်။ တပ်ကြပ်ကြီးချုပ် ဒေးဗစ် အာရ်ချဒ်ဘန်း ကဆက်လက်၍ သူ၏ လက်ချာထဲတွင် ဗီယက်နမ် စစ်ပွဲ ကာလအတွင်း မိုင်လိုင် အစုအပြုံလိုက်သတ်ဖြတ်မှု (My Lai Massacre) နှင့် အီရတ်စစ်ပွဲကာလ အတွင်း ကင်နယ် သတ်ဖြတ်မှု (Canal Killings) က့ဲသို့ စစ်ရာဇဝတ်မှုများကို အမေရိကန်စစ်တပ်မှ ကျူးလွန္ခ့ဲမှု၏ ဇစ်မြစ်မှာ " နေရာမှားသော သစ္စာခံမှု" ကြောင့်ဟု ဆိုထားသည်။
၂၀၂၀ ပြည့်နှစ်တွင် ဖြစ်ပွားခ့ဲသော ဗင်နစ်ဆာ ဂူလင် (Vanessa Guillen) အဖြစ်အပျက်ကိုလည်း တပ်ကြပ်ကြီးချုပ် ဒေးဗစ် အာရ်ချဒ်ဘန်း က သူ၏ လက်ချာတွင် " နေရာမှားသော သစ္စာခံ" မှုက ပြဿနာ၏ ဇစ်မြစ်ဖြစ်သည်ကို မီးမောင်းထိုးပြထားသည်။
ဗင်နီဆာ ဂူလင် အဖြစ်အပျက်ဟူသည် တက္ကဆက်ပြည်နယ်ရှိ ဖောတ် ဟူဒ် ( Fort Hood) (ယခု ဖောတ် ကာဗာဇိုစ် Fort Cavazos ဟု အမည်ပြောင်းထား) စစ်အခြေစိုက်စခန်းတွင် ဖြစ်ပွားခဲ့သော အသက် ၂၀ အရွယ် အမေရိကန်တပ်မတော်သား အမျိုးသမီး ဗင်နစ်ဆာ ဂုလင် ( Vanessa Guilln) အသတ်ခံရမှု ဖြစ်စဉ်အား ဆိုလိုခြင်းဖြစ်သည်။ ထိုအဖြစ်အပျက်သည် အမေရိကန်စစ်တပ်အတွင်း လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက္မှုများနှင့် အုပ်ချုပ်မှုပိုင်းဆိုင်ရာ ပျက်ကွက္မှုများကို မီးမောင်းထိုးပြနေသည့်အတွက် တစ်ကမ္ဘာလုံးက စိတ်ဝင်စားခဲ့သော ဖြစ်ရပ်လည်းဖြစ်သည်။
၂၀၂၀ ပြည့်နှစ်၊ ဧပြီလ ၂၂ ရက်နေ့တွင် အမျိုးသမီးတပ်မတော်သား ဗင်နစ်ဆာ ဂူလင် ( Vanessa Guilln)မှာ အလုပ်လုပ်နေရင်း စတင်ပျောက်ဆုံးသွားခဲ့သည်။ ၂ လကျော်အကြာ ဇွန်လ ၃၀ ရက်နေ့တွင် သူမ၏ ရုပ်အလောင်း အစိတ်အပိုင်းများကို လီယွန် (Leon) မြစ်အနီးမှာ ရှာဖွေတွေ့ရှိခ့ဲသည္။ စုံစမ်းစစ်ဆေးချက္များအရ သူမအား အခြားစစ်သည်တစ်ဦးဖြစ်သူ အာရွန် ဒေဗစ် ရော်ဘင်ဆင် ( Aaron David Robinson) က လက်နက်တိုက်ထဲတွင် တူဖြင့် ထုရိုက်သတ်ဖြတ်ခဲ့ပြီး သူ၏ ရည်းစားဖြစ်သူ ဆစ်စီလီ အာဂူလာ (Cecily Aguilar)နှင့် အတူ ရုပ်အလောင်းကို ဖျောက်ဖျက်ခဲ့ခြင်း ဖြစ်သည်။ တရားခံ အာရွန် ရော်ဘင်ဆင်အား ရဲတပ်ဖွဲ့မှ ဖမ်းဆီးချိန်တွင် ကိုယ့်ကိုယ်ကိုယ် သေနတ်ဖြင့် အဆုံးစီရင်သွားခဲ့သည်။ သူ၏ ရည်းစားဖြစ်သူ ဆစ်စီလီ အာဂူလာ (Cecily Aguilar)အား ရုပ်အလောင်းဖျောက်ဖျက်ရန် ကူညီမှုဖြင့် ဖမ်းဆီးခဲ့ပြီး ထောင်ဒဏ် နှစ် ၃၀ ချမှတ္ခ့ဲသည္။
နေရာမှားသော သစ္စာခံမှု၏ အကျိုးဆက် ရာဇဝတ်မှုများ
အမျိုးသမီးတပ်ဖွဲ့ဝင်ဖြစ်သူ ဗင်နီဆာ ဂူလင်က မသေဆုံးမှီကာလများက သူမ၏ မိသားစုအား စစ်တပ်ထဲတွင် အရာရှိများက လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်နေကြောင်း၊ တိုင်ကြားသော်လည်း အရေးယူမှာမဟုတ်သည့်အတွက် လက်တုံ့ပြန်ခံရမှာကို ကြောက်ကြောင်း ပြောပြခဲ့သည်။ သူမ ပျောက်ဆုံးနေချိန်သည် စစ်တပ်အတွင်း အလုပ်လုပ်နေချိန်တွင် ပျောက်ဆုံးသွားခြင်းဖြစ်ပြီး စစ်တပ်ဘက္မှ ရှာဖွေမှုမှာ အလွန် နှေးကွေးနေ ခ့ဲသည္။ ထိုပြင် သူမ၏ မိသားစုကိုလည်း အချက်အလက်အမှန်မပေးဘဲ သတင်းများကို ဖျောက္ဖျက်ထားခ့ဲသည္။ထိုအချက္များကို ကြားရသောအခါ အမေရိကန် ပြည်သူ လူထု၏ ဒေါသတကြီး ဆန္ဒပြမှုများ ဖြစ်လာခ့ဲတော့သည္။ အမေရိကန်ပြည်ထောင်စု၏ စစ်ဘက်နှင့် ပြည်သူလူထု ထိပ်တိုက်တွေ့ကြတော့သည်။ ပြည်သူလူထုက ထိုသို့ ထိပ်တိုက်တွေ့ပြလာသောအခါ ဗင်နီဆာ ဂူလင် က့ဲသို့ လိင်ပိုင်းဆိုင်ရာ စော်ကားမှုများကို ခံနေရသော အမျိုးသမီးတပ်ဖွဲ့ဝင်များကလည်း "ငါသည်လည်း ဗင်နီဆာ ဂူလင် ဖြစ်သည် (#IAmVanessaGuillen) ဆိုသော hashtag ဖြင့် ဆိုရှယ်မီဒီယာပေါ်တွင် တင်ကာ MeToo လှုပ္ရှားမှုများ ပေါ်ပေါက္လာတော့သည္။
ထို လှုပ်ရှားမှုများကြောင့် "I Am Vanessa Guillen Act" ဆိုသော ဥပဒေတစ်ရပ် ပေါ်ပေါက်လာခဲ့ရသည်။ ထိုဥပဒေအရ စစ်တပ်အတွင်း လိင်ပိုင်းဆိုင်ရာ နှောင့်ယှက္မှုများကို တိုင်ကြားသောအခါ မိမိ၏ အထက်လူကြီး (Chain of Command) မှတဆင့် မဟုတ်ဘဲ ပြင်ပလွတ်လပ်သော စုံစမ်းစစ်ဆေးရေးအဖွဲ့များဆီ တိုက်ရိုက်တိုင်ကြားခွင့်ကို ပေးထားရတော့သည်။ ဖောတ် ဟုတ် (Fort Hood) စခန်းက အရာရှိကြီး ၂၀ ကျော်ကိုလည်း တာဝန်မှ ရပ်စဲခြင်း သို့မဟုတ် အရေးယူခြင်းများ ပြုလုပ်ခဲ့တော့သည်။
ထိုဖြစ်ရပ်မျိုးသည် နေရာမှားသော သစ္စာခံမှု ကြောင့် ဖြစ်ခ့ဲသည္ဟု တပ်ကြပ်ကြီးချုပ် ဒေးဗစ် အာရ်ချဒ်ဘန်း က ဆိုထားသည်။ လက်နက်ကိုင်တပ်ဖွဲ့ အင်စတီကျူရှင်း၏ မူလရည်ရွယ်ချက် အပေါ်သစ္စာခံမှု ထက် တပ်ဖွဲ့ဝင်များနှင့် ခေါင်းဆောင်များအပေါ်တွင်သာ သစ္စာခံမှုက အားကောင်းလာသော အခါ "ငါတို့သည် လက်နက်ကိုင်များဖြစ်၍ အင်အားရှိသည်"ဟု စိတ်ကြီးဝင်နေသည့် စစ်ဘက် အရာရှိအချို့ နှင့် တပ်ဖွဲ့ဝင် အချို့အတွက် "ပြစ်မှုကျူးလွန် ခွင့်" ကို ပေးနေ သက့ဲလို ဖြစ်လာသည်။ ပြစ်မှုကျူးလွန်ရန်အတွက်လည်း ကျူးလွန်ခံရ၍ ထိခိုက်နစ်နာသူဘက်ကို "တိုင်ကြားသော်လည်း အရေးယူမှာမဟုတ်သည့်အတွက် လက်တုံ့ပြန်ခံရမှာကို ကြောက်ကြောင်း" ဟူသော အခြေအနေမျိုး ဖြစ်အောင် ဖန်တီးထားသည်။ ထိုသို့ဖန်တီးရန်အတွက်လည်း "တပ်ဖွဲ့၏ မူလ ကျင့်ဝတ်စံနှုန်း အပေါ်သစ္စာရှိရမည် ဆိုသော သဘောတရားထက် မိမိ တပ်ဖွဲ့အစိတ်အပိုင်း၏ ခေါင်းဆောင်အပေါ် သစ္စာရှိရမည်ဆိုသော အချက်ကသာ ပို၍ လွမ်းမိုးနေသော နေရာမှားသော သစ္စာခံမှုကို တည်ဆောက်ခွင့်ရသလို အခွင့်အရေးက ပေးထားသည်။
ဆိုလိုချင်သည်က အမေရိကန် စစ်တပ်သည်လည်း အခြားကမ္ဘာပေါ်ရှိ လက်နက်ကိုင်တပ်ဖွဲ့များနည်းတူ အမိတရာ အဖတရာသားများ ဖြင့် ဖွဲ့စည်းထားသော အဖွဲ့အစည်းဖြစ်သည်။ သို့ဖြစ်၍ အခြား ကမ္ဘာပေါ်ရှိ လက်နက်ကိုင် တပ်ဖွဲ့များနည်းတူ သူတွင်လည်း "စိတ်ကြီးဝင်မှု" ကရှိသည်။ ပြစ်မှုကျူးလွန်မှုက ရှိသည်။
သို့သော် အမေရိကန်စစ်တပ်သည် "နေရာမှားသော သစ္စာခံမှု" ကို မဖုံးကွယ်ထားနိုင်ချေ။ မိမိတို့၏ မည်သို့မည်ပုံ လုပ်ရပ်သည် မကောင်းဆိုသည်ကို မဖုံးကွယ်ထားချေ။ မဖုံးကွယ်သည့်အပြင် ထိုသို့ ဖြစ်ရပ်မျိုး နောက်တကြိမ် ထပ်မဖြစ်စေရန်နှင့် ထိုသို့ ဖြစ်ရပ်၏ အကြောင်းအကျိုးများကိုလည်း သင်ခန်းစာယူရန် စစ်ဘက် သင်တန်းများတွင် လည်း ထည့်သွင်းသင်ကြားနေသော အဖွဲ့အစည်းမျိုး ဖြစ်နေသည်။ ထိုက့ဲသို့ နမူနာကောင်းများကို လက်နက်ကိုင်တပ်ဖွဲ့များသည် နမူနာယူသင့်ပါသည်။
နမူနာ ယူသင့်ပါသည်ဟု ပြောလာသည်နှင့် အချို့က "ငါတို့မှာ ယခုမှ အစပြုနေရသည့် ကာလ ဖြစ်သေးသည်"။ သို့ဖြစ်၍ အမေရိကန် က့ဲသို့ ဒီမိုကရေစီ အထိုင်ကျနေသော နိုင်ငံနှင့် ငါတို့အားနှိုင်းစရာလား။ နောက္မှ တဖြေးဖြေး ပြုပြင်ယူသွားရမှာပေါ့" ဟူ သော ကျင့်ဝတ်ကို ချနင်းသော အယူအဆမျိုးကလည်း ထွန်းကားနေပါသည်။ ထိုအယူအဆကို စွဲကိုင်နေသော အုပ်စုများကိုလည်း မေးခွန်းထုတ်လိုသည်မှာ " အမရေိကန္က့ဲသို့ ဒီမိုကရေစီ အထိုင်ကျနေသော နိုင်ငံမျိုးတွင်လည်း လက်နက်ကိုင်တပ်ဖွဲ့များတွင် ပြစ်မှုကျူးလွန်မှု၊ နေရာမှားသော သစ္စာခံမှု များရှိနေသည်။ မနေ့ကမှ ပေါ်လာသော ကမ္ဘာပေါ်ရှိ အခြား လက်နက်ကိုင်များတွင်လည်း ပြစ်မှုကျူးလွန်မှု၊ နေရာမှားသော သစ္စာခံမှု များရှိနေသည်။ အကယ်၍ အမေရိကန်သည် ဒီမိုကရေစီ အထိုင်ကျနေ၍ ထိုသို့ ပြဿနာမျိုးမှာ အမေရိကန် လက်နက်ကိုင် တပ်ဖွဲ့များတွင် မရှိဟု ထင်နေပါသလား။ အဘယ်ကြောင့် အမေရိကန် လက်နက်ကိုင်တပ်ဖွဲ့များတွင် ထိုက့ဲသို့ ပြဿနာများရှိနေရပါသနည်း။
အဖြေမှာ ဒီမိုကရေစီ အထိုင်ကျသည် ဖြစ်စေ၊ မကျသည်ဖြစ်စေ ပြစ်မှုကျူးလွန်ခြင်း၊ သစ္စာခံမှု နေရာမှားခြင်း စသည့် ပြဿနာများသည် လက်နက်ကိုင်တပ်ဖွဲ့များတွင် ဖြစ်လေ့ရှိသော သဘောသဘာဝ လည်းဖြစ်သည်။ သို့ဖြစ်၍ အဘယ်ကြောင့် ထိုပြဿနာများ လက္နက္ ကိုင္တပ္ ဖွဲ့များတွင္ ရှိနေရပါသနည်းဆိုသော မေးခွန်းထက် ထိုပြဿနာများကို မည်သို့ ဖြေရှင်းသနည်းဆိုသည့် ဖြေဆေးဘက်ကို သာ ချဉ်းကပ်သည်က ပို၍ ကောင်းသည် မဟုတ်လော။ ထိုသို့ ဖြေရှင်းနည်းများကို " "ငါတို့မှာ ယခုမ အစပြုနေရသည့် ကာလ အတွင်းမှာပင် တပ်နိုင်သလောက် တနိုင်တပိုင် ကျင့်သုံးမည်" ဟူသော အတွေးအမြင်က လိုအပ်ချက္မဟုတ် တုံလော။
တပ်ကြပ်ကြီးချုပ် ဒေးဗစ် အာရ်ချဒ်ဘန်း က နေရာမှားသော သစ္စာခံမှုကြောင့် လက်နက်ကိုင်တပ်ဖွဲ့တစ်ခုတွင် အပြန်အလှန်ယုံကြည်မှုနှင့် အတူတကွတည်ရှိမှုကို ဆိုးရွားစွာထိခိုက်သည်ဟု ဆိုထားသည်။
ဆက်ရန်
ကိုးကား
https://www.armyupress.army.mil/Journals/NCO-Journal/Archives/2024/August/The-Shadow-Side-of-Loyalty/hl/en-GB/
ဗင်နစ်ဆာ ဂူလင်
https://edition.cnn.com/2020/07/02/us/vanessa-guillen-fort-hood-disappearance
https://edition.cnn.com/2020/06/30/us/vanessa-guillen-search-remains-found/index.html
Comments
Post a Comment