အီရန်၏ "Vahdat" (ဝါးဒတ်) မှသည် "Mostebed" (မိုစတီးဘဒ်) သို့ (၁)

 အီရန်၏ "Vahdat" (ဝါးဒတ်) မှသည် "Mostebed" (မိုစတီးဘဒ်) သို့ (၁)


ကာဂျားစ် (Qajars) မင်းဆက် (1789ခုနှစ် မှ 1925 ခုနှစ်အထိ)


ကာဂျားစ် (Qajars) တွေဟာ အောဂ်ဟူးစ် တာခ့် ( Oghuz Turks ) အုပ်စုထဲက ဘေယတ် လူမျိုးစု (Bayat tribe) အနွယ်တွေ ဖြစ်ပါတယ်။ သူတို့တွေဟာ အာမေးနီးယား၊ အဇာဘိုင်ဂျန်နဲ့ အီရန်ရဲ့ အနောက်မြောက်ဘက္မှာ နေကြပါတယ်။ 


ဆာဖာဗဒ် မင်းဆက် ( Safavid era) ကာလ ပျက်သုန်းပြီး အချိန်ထိ ကာဂျားစ် တွေဟာ အစိတ်စိတ်အမြွာမြွာ ကွဲပြားနေ ခ့ဲပါတယ္။ ၁၇၇၉ ခုနှစ်မှာ ဆာဖာဗဒ် မင်းဆက်ရဲ့ ကာရမ် ခန်း ဇန်ဒင် ( Karim Khan Zandin) သေဆုံးပြီးနောက် ဇန်ဒ် နဲ့ အက်ဖ်ရှာရစ် မင်းဆက်တွေ (Zand and Afsharid dynasties) တွေကို ဆက်ခံဖို့ ကြိုးစားသူတွေကြားမှာ တိုက်ပွဲတွေ ပြင်းထန္ခ့ဲပါတယ္။ အဂ္ဂ မိုဟာမက္ခန်း ( Agha Mohammad Khan) က ကာဂျားစ် လူမျိုးတွေကို ပြန်လည်စုစည်းနိုင္ခ့ဲပြီး ဇန်ဒ်နဲ့ အက်ရှာရစ် မင်းဆက်ကိုဆက်ခံဖို့ ကြိုးစားသူတွေကို အောင္မြင်ခ့ဲပါတယ္။အဲဒီလို အောင္မြင်ခ့ဲလို့ အီရန်ရဲ့ နယ်မြေတွေကို ပြန်လည္စုစည္းလာနိုင္ခ့ဲပါတယ္။ အဂ္ဂမိုဟာမက္ ခန်းက ကာဂျားစ်မင်းဆက် (Qajar Dynasty) ကို ၁၇၈၉ ခုနှစ်မှာ ထူထောင္ခ့ဲပါတယ္။ ကာဂျားစ် မင်းဆက်ဟာ (၁၇၈၉) ကပင် ၁၉၂၅ အထိ နှစ်ပေါင်း ၁၃၆ နှစ်အထိ ကြာရှည်ခ့ဲပါတယ္။


မြောက်ဦး၊ ကုန်းဘောင်နှင့် ကာဂျားစ် ခေတ်ပြိုင်


အဂ္ဂ မိုဟာမက်ခန်း အီရန်ကို ပြန်စုစည်းတ့ဲ အချိန်ဟာ မြန်မာရဲ့ ကုန်းဘောင်မင်းဆက်ကို ထူထောင်ချိန် (၁၇၅၂) ခုနှစ်ထက် နှစ်ပေါင်း ၃၇ နှစ်လောက် နောက်ကျပါတယ်။ ကုန်းဘောင်ကို ဦးအောင်ဇေယျ ထူထောင်ချိန်မှာ ရခိုင်မှာ မြောက်ဦးမင်းဆက် နရအဘယ (Nara Abbaya) က အုပ်ချုပ်နေတာပါ။ ၁၇၈၅ ခုနှစ်မှာ ရခိုင်မြောက်ဦးထီးနန်းဟာ ကုန်းဘောင်ဘုရင် ဘိုးတော်မောင်ဝိုင်း ဆီမှာ ကျရှုံးခ့ဲပြီးပါပြီ။ ရခိုင်ထီးနန်းကျရှုံးပြီး နောက် လေးနှစ်အကြာမှာ ကာဂျာစ် မင်းဆက်က အီရန်မှာ တက်လာတာပါ။


၂၀ ရာစု ဆိုရှယ်ဒီမိုကရက် အတွေးအခေါ်နဲ့ အီရန်


ကာဂျာစ်မင်းဆက်ရဲ့ အစ္စလမ်ပဒေသရာဇ် လူမှုအဖွဲ့အစည်းဟာ ဥရောပရဲ့ လူမှုပြုပြင်ပြောင်းလဲရေးတွေရဲ့ ရိုက်ခတ်မှုကို ခံရပါတယ်။ အီရန်ဟာ ရုရှားအင်ပါယာနဲ့ ဗြိတိသျှအင်ပါယာ ကြားမှာ ညှပ်နေ ခ့ဲပါတယ္။ အီရန်နိုင်ငံဟာ သမိုင်းကြောင်းအရတော့ "ကိုလိုနီနိုင်ငံ" အဖြစ် တရားဝင် သတ်မှတ်ခံရခြင်းမျိုး မရှိခဲ့ပါဘူး။  ရုရှား၊ ဗြိတိသျှ၊ ပြင်သစ် စတ့ဲ နိုင်ငံကြီးတွေက အီရန်ကို အပြည့်အဝ သိမ်းပိုက်ပြီး သူတို့ရဲ့ ကိုလိုနီနယ်မြေအဖြစ် တိုက်ရိုက်အုပ်ချုပ်ခဲ့ခြင်းမျိုး မရှိခဲ့ပါဘူး။ ဒါပေမယ့်  အီရန်ဟာ "Semi-colonial" (တစ်ပိုင်းကိုလိုနီ) သဖွယ် ဖြစ်ခဲ့ရတဲ့ ကာလတွေကိုတော့ ကြုံတွေ့ခဲ့ရပါတယ်။ ၁၉ ရာစုမှာ ရုရှားအင်ပါယာနဲ့ ဗြိတိသျှအင်ပါယာတို့ဟာ အာရှမှာ ဩဇာလွှမ်းမိုးဖို့ အားပြိုင်ခဲ့ကြပါတယ်။ အီရန် (ထိုစဉ်က ပါရှား) ဟာ အဲဒီနှစ်နိုင်ငံကြားမှာ ကြားခံနယ်မြေလို ဖြစ်နေခဲ့ပြီး၊ နှစ်နိုင်ငံစလုံးက ပါရှားရဲ့ နိုင်ငံရေးနဲ့ စီးပွားရေးကို ကိုယ့်ဩဇာခံဖြစ်အောင် အတင်းအကျပ် ဖိအားပေးခဲ့ကြပါတယ်။ ၁၉၀၇ ခုနှစ် အင်္ဂလိပ်-ရုရှား သဘောတူညီချက် (Anglo-Russian Entente) အရ ပါရှားနိုင်ငံဟာ ပါဝါဂိမ်းထဲမှာ မလူးသာမလွန့်သာ အခြေအနေ ဆိုက္ ခ့ဲရပါတယ္။ အဲဒီ သဘောတူညီချက်အရ ပါရှားမြောက်ပိုင်းအပိုင်းဟာ ရုရှားရဲ့ သြဇာခံနယ်မြေ ဖြစ်သွားပြီး တောင်ပိုင်းအပိုင်းက ဗြိတိသျှတို့ရဲ့ ဩဇာခံနယ္မြေ ဖြစ်သွားခ့ဲပါတယ်။ ဒါဟာ နိုင်ငံတစ်ခုရဲ့ အချုပ်အခြာအာဏာကို ပြင်ပအင်အားကြီး နှစ်နိုင်ငံက ကိုယ်ပိုင်သဘောနဲ့ ခွဲဝေယူလိုက်တဲ့ သဘောမျိုးဖြစ်တဲ့အတွက် ပြင်းထန်တဲ့ တစ်ပိုင်းကိုလိုနီ (Semi- colony) အခြေအနေမျိုး ဖြစ်ခဲ့ပါတယ်။ အီရန်ရဲ့ ရေနံသယံဇာတနဲ့ အခြားသော ကုန်သွယ်မှုအခွင့်အရေးတွေကို ဗြိတိသျှတို့ (အဓိကအားဖြင့် Anglo-Persian Oil Company မှတစ်ဆင့်) အကြီးအကျယ် ထိန်းချုပ်ထားခဲ့တာကြောင့် နိုင်ငံရေးအရ လွတ်လပ်နေသယောင် ရှိပေမဲ့ စီးပွားရေးအရတော့ ကိုလိုနီနယ်မြေတစ်ခုလိုပဲ ဆက်ဆံခံခဲ့ရပါတယ်။ အီရန်ဟာ တခြားအာရှနဲ့ အာဖရိကနိုင်ငံတွေလို နယ်ချဲ့လက်အောက်ကို တိုက်ရိုက်ကျရောက်ခြင်း မရှိခဲ့ပေမယ့်၊ ပြင်ပအင်အားကြီးနိုင်ငံတွေရဲ့ နိုင်ငံရေး၊ စီးပွားရေး ဖိအားပေးမှုတွေကြောင့် အချုပ်အခြာအာဏာကို အပြည့်အဝ မကျင့်သုံးနိုင်ခဲ့တဲ့ "ဩဇာခံနိုင်ငံ" (Client State) အဖြစ် နှစ်ပေါင်းများစွာ ဖြစ်နေ ခ့ဲပါတယ္။ ဒီအခြေအနေက အီရန်ရဲ့ လူမှုစီးပွားဘဝကို များစွာသက္ရောက္လာခ့ဲပါတယ္။


အဲဒီအချိန်တုန်းက အီရန်ရဲ့ လူမှုပထဝီဝင်ကိုကြည့်ရင် အစ္စလမ်ပဒေသရာဇ်၊ အရင်းရှင် စီးပွားရေး အောက္မှာ သာမန်လူထုဟာ ခရုဆန်ကျွတ်နေတာကို တွေ့ရမှာပါ။ တဖက်မှာတော့ အဆိုပါ ဥရောပသားတွေရဲ့ အငွေ့အသက်တွေကြောင့် အီရန်ထဲမှာ ပညာတတ်လူလတ်တန်းစား အလွှာက ပေါ်လာခ့ဲပါတယ္။ ဥရောပသားတွေရဲ့ လွမ်းမိုးချုပ်ကိုင်မှုက တဖက္မှာ ဥရောပနဲ့ ခရစ်ယန်အပေါ် အီရန်သာမန်လူထုအတွက် မျက္မုန်းကျိုးစရာ ဖြစ်လာပါတယ်။


၂၀ ရာစု အစပိုင်းမှာတော့ အီရန်ရဲ့ လူထုနိုင်ငံရေးဟာ စတင်လူးလွန်လာပါပြီ။ ၁၉၀၄- ၀၅ ခုနှစ်မှာ ကော့ကေးဆပ်တောင်ပိုင်း (Transcaucasia) မှာ အီရန် ပညာတတ်တစ်စုက ဆိုရှယ်ဒီမိုကရက်ပါတီကို ထူထောင်ကြပါတယ်။ စတင်ထူထောင်သူက အင်ဂျင်နီယာ ဘွဲ့ရတစ်ယောက် ဖြစ် တ့ဲ ဟေးဒါခန်း အမို အောဂ္ဂလီ တရီဗာဒီ ( Haydar Khan Amo-oghliTariverdi ) ပါ။ အီရန် ဆိုရှယ်ဒီမိုကရက်ပါတီကို ဦးဆောင်သွားသူက အဇာဘိုင်ဂျန် ဘော်ရှီဗစ် တစ်ဦးဖြစ်တ့ဲ နာရီမန် နာရီမန်နောဗ့် ( Nariman Narimanov) ပါ။ အီရန်ရဲ့ ဆိုရှယ်ဒီမိုကရက်တစ်ပါတီ ဟာဆိုရှယ်လစ်၊ လက်ဘရယ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေ လူမှုပဋိညာဉ်အယူအဆကို အီရန်အမျိုးသားရေးနဲ့ တွဲဖက်ထားပါတယ်။  


အနောက်အပေါ် အမြင်မကြည်မှု


အီရန်ရဲ့ လူမှုစီးပွားအခြေအနေက ၁၉ရာစုအကုန်ပိုင်းမှာ အခြေအနေပိုမိုဆိုးလာပါတယ်။ ရုရှားကို အရှုံးပေးခ့ဲရတ့ဲ ၁၈၁၃ ခုနှစ် ဂူလီစတန် စာချုပ် (Treaty of Gulistan) နဲ့ ၁၈၂၈ ခုနှစ် တာခ့်မင်ချေ စာချုပ် (Treaty of Turkmenchay) တွေကြောင့် အီရန်ဟာ ဂျော်ဂျီယာ၊ အာမေနီးယားနဲ့ အီရန်ရဲ့ အစဉ္အလာရှိခ့ဲတ့ဲ ကစ္စပီယံပင်လယ်ရေတပ် (Caspian Navy) ကို လက္လွတ္ခ့ဲရပါပြီ။ ဒါအပြင် အာဖဂန်နစ္စတန်ကို စွန့်လွတ်ပြီး ရုရှား ဇာဘုရင် (Tsar) ကို ပေါင် သုံးသန်း ပေးခ့ဲရပါတယ္။ ၁၈၅၇ ခုနှစ်ပါရီစာချုပ် (Treaty of Paris) အရ အီရန်ဟာ ဟောရတ် (Herat) ကနေ တပ်ဆုတ်ပေးရပြီး ဗြိတိန်နဲ့ ကုန်သွယ်ရေးဆိုင်ရာ သဘောတူညီချက်ကို လက္မှတ္ ထိုးပေးခ့ဲရပါတယ္။ ဥရောပနိုင်ငံတွေနဲ့ စစ်ရေးမယှဉ်နိုင်မှုက စီးပွားရေးဆိုင်ရာ ကုန်သွယ်မှုတွေမှာပါ တဖက်သတ်လိုက်လျောမှုကို ဖြစ်စေပါတယ်။ "စီးပွားရေးအရပဲ ဖြစ်ဖြစ်၊ စစ်ရေးအရပဲ ဖြစ်ဖြစ် စက္မှုထုတ်ကုန် လူမှုအဖွဲ့အစည်းကို မတည္ဆောက္နိုင္တ့ဲ အီရန်ဟာ ဗြိတိန်၊ ရုရှားတို့နဲ့ ယှဉ်လာရင် မြေကို ထိုးပေးနေရတာချည်းပါပဲ။ အီရန်ရဲ့ မြေကို စီးပွားရေးစာချုပ်တွေအရ ထိုးပေးနေရမှုက အီရန်လူထုအတွက်တော့ ဇာတိမာန်နဲ့ ဂုဏ်သိက္ခာကို ထိခိုက်မှုပါပဲ။ တဖက္မှာတော့ အုပ်ချုပ်သူ ကာဂျာစ် မင်းဆက်အပေါ်မှာလည်း အီရန်လူထုဟာ စိတ်ကုန်လာပါတယ်။ 


အီရန်ဟာ ရိုးရာအထည်အလိပ်လုပ်ငန်းတွေနဲ့ နာမည်ကြီးပါတယ်။ အီရန်သားတွေရဲ့ ပါရှန်းကော်ဇောလိုအထည်တွေဟာ ဥရောပတင်မက အရှေ့ဘက် တရုတ်၊ဂျပန် တွေအထိ ဂုဏ္သတင္းက​ြီးခ့ဲပါတယ္။ ကာဂျာစ် မင်းဆက်ကာလထဲမှာတော့ အီရန်ရဲ့ အထည်အလိပ်လုပ်ငန်းဟာ ဥရောပက တင္သွင္းလာတ့ဲ အထည်အလိပ်တွေကို မယှဉ်နိုင်တော့ပါဘူး။ မယှဉ်နိုင္တ့ဲအခါ ရိုးရာအထည်အလိပ်လုပ်ငန်းတွေ ပြိုလဲကုန်ပါတယ်။ အဲလိုပ​ြိုလဲတ့ဲအခါ အကျိုးဆက်က အထည်အလိပ်လုပ်ငန်းကို မှီခိုနရေတ့ဲ လူမှုဘဝတွေ စုတ်ပြတ်ကုန်ပါတယ်။ တချိန်က မြေဩဇာကောင္းလှတ့ဲ မြေယာတွေဟာ မြက်ရိုင်းတောတွေ ဖြစ်ကုန်ပါတယ်။ စုတ္ပ​ြတ်သတ်ကုန်တ့ဲ လူမှုဘဝထဲမှာ ခိုးဆိုးလုယက်မှုတွေက ရောပြွန်းထကုန်ပါတယ်။ အမှန်ကတော့ ဒီလိုအဖြစ်အပျက္များဟာ ကိုလိုနီနိုင်ငံတွေမှာ ဖြစ်လေ့ဖြစ်ထ ရှိတ့ဲ ထုံးစံပါပဲ။ ဒါပေမယ့် အီရန်ဟာ တချိန်တုန်းက ပါရှန်အင်ပါယာ အဖြစ် ဂုဏ္ပြောင္ခ့ဲ ပြီး ဥရောပ လူမှုအဖွဲ့အစည်းကို ယှဉ္နိုင္ခ့ဲသူတွေပါ။ ဒီလိုအနေအထားမျိုးက အခြားကိုလိုနီနိုင်ငံတွေနဲ့မတူဘဲ ဥရောပနဲ့ ယှဉ်လာရင် သိမ်ငယ်မှုကို အီရန်တွေ ပိုခံစားရပုံ ရပါတယ်။


၂၀ ရာစု အစောပိုင်း ကာလ အီရန်ရဲ့ လူမှုအဆောက်အအုံ အလွှာကိုကြည့်ရင် အုပ်ချုပ်သူ ကာဂျာစ်မင်းဆက်၊ ဘာသာရေးအုပ်စု၊ လူလတ်တန်းစားပညာတတ်၊ ကုန်သည်၊ သာမန်ဆင်းရဲသား စတ့ဲ အလွှာတွေကိုတွေ့ရမှာပါ။ အီရန်ရဲ့ ဇာတိမာန်ဆိုင်ရာ ထိခိုက္မှုဟာ အထူးသဖြင့် ဘာသာရေးအုပ်စု၊ လူလတ်တန်းစားပညာတတ်နဲ့ ကုန်သည်တွေ အပေါ်မှာ ရိုက်ခတ်မှုရှိပါတယ်။ 


ဆေးရွက်ကြီးဆန့်ကျင်ရေး (Tobacco Protest)


ဆေးရွက်ကြီးဆန့်ကျင်ရေးဟာ အီရန်ခေတ်သစ်နိုင်ငံရေး သမိုင်းမှာ ပထမဆုံး လူထုလှုပ်ရှားမှုပါ။ ဒီလှုပ်ရှားမှုဟာ ၁၈၉၁ ခုနှစ် ဖေဖော်ဝါရီ ကနေ ၁၈၉၂ ခုနှစ် ဇွန်နဝါရီအထိ တစ်နှစ်နီးပါး က​ြာမြင့်ခ့ဲပါတယ်။  ဒါဟာ အီရန်ရဲ့ ၁၉၀၆ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ လှုပ်ရှားမှု အတွက် ပထမဆုံးလမ်းခင်းမှုလည်းဖြစ်ပါတယ်။ အမှန်ကတော့ အီရန်ရဲ့ ကနဦး လူထုလှုပ်ရှားမှုဟာ ဘာသာရေး အလွှာကနေစတင် လာခ့ဲတာပါ။ ဒီလိုသဘောမျိုးဟာ မြန်မာနိုင်ငံမှာလည်း ဖြစ်ခ့ဲပါတယ္။ ဥပမာ- ဝိုင်အမ်ဘီအေ၊ ဂျီစီဘီအေ လို အသင်းမျိုး စပေါ်လာတာဟာလည်း ဘာသာရေးအလွှာထဲက အခြေတည်မှုကို ယူတာပါပဲ။ ဆေးရွက္ ကြီး ဆန့်ကျင်ရေး ဖြစ်လာတ့ဲ အကြောင်းရင်းခံက ၁၈၉၀ ခုနှစ် မတ်လ မှာ ကာဂျာစ်ဘုရင်  နာဆာ အဲလ် ဒင် ရှား ( Naser al-Din Shah) က ဗြိတိန်လူမျိုး ဘာရွန် ပေါလ် ဂျူလီယစ် ရိုက်တာ ( BaronPaul Julius Reuter) ကို နှစ်ငါးဆယ် ဆေးရွက်ကြီး လုပ်ပိုင်ခွင့် လက်ဝါးကြီးအုပ်ပိုင်ခွင့် ပေးလိုက်တာက စတာပါ။ အီရန္ကထုတ်တ့ဲ ဆေးရွက္ ကြီးတွေ ဟာ ဥရောပမှာ စျေးကောင်းပါတယ်။ ပြီးရင် နေရာတိုင်းမှာလည်း စိုက္လို့မရတ့ဲ မျိုးစိတ်တွေပါပါတယ်။ တနည်းအားဖြင့် ဒါဟာ အီရန်အတွက် စိုက်ပျိုးရေးသယံဇာတ တစ်ခုပါပဲ။  ကာဂျာစ် ဘုရင်ဘက်က အမြင်မှာတော့ သူဆီကို ဝင္လာတ့ဲ အကျိုးအမြတ်တစ်ခုပဲ ရှိနေတာပါ။ အဲဒီ အကျိုးအမြတ်ဟာ သာမန်အီရန်လူထုကို ဘယ်လောက်ထိ ဂုတ်သွေးစုတ်သွားတယ် ဆိုတာကိုတော့ ဘုရင်က မျက်ကွယ်ပြုနေပါတယ်။ ပြောချင်တာက ကုန်ထုတ်လုပ်မှုအားနည်းတ့ဲ လူ့အဖွဲ့အစည်းထဲမှာ အုပ်ချုပ်သူတွေဟာ နိုင်ငံခြားရင်းနှီးမြုပ်နှံမှုဆိုတာကို လက္ ခံတ့ဲအခါ မိမိရဲ့ လူထုအပေါ် မျက်ကွယ်ပြုပြီး သယံဇာတကိုပဲ အချောင်နှိုက်တတ်ကြတာဟာ လူသားသမိုင်းမှာ ခေတ်အဆက်ဆက်ကပင် ရှိနေပြီးသားပါ။


ကာဂျာစ်ဘုရင်ရဲ့ လုပ်ရပ်တွေကို အမြင်မကြည်မှုက ဘာသာရေးအလွှာထဲမှာလည်း ဖြစ်နေတာကြာနေပါပြီ။ အမှန်ကတော့ ဘာသာရေးအဆောက်အအုံနဲ့ အုပ်ချုပ်ရေးအဆောက်အအုံဟာ အီရန်လူ့အဖွဲ့အစည်းရဲ့ ထိပ်ဆုံးမှာ မိတ်ဘက်ပြုပြီး အတူတူထိုင်နေ ခ့ဲကြတာပါ။ ဒါပေမယ့် ရုရှားနဲ့ ဗြိတိန် အားပြိုင်ရာ ကစားကွင်း ဖြစ်သွားပြီး နောက္မှာ ဥရောပသားတွေရောက်ရှိလာပြီး ဥရောပယဉ်ကျေးမှုတွေ ရောယှက်လာတာကို ဘာသာရေးအလွှာဘက်က အမြင်မကြည်ပါဘူး။


အီရန် ဘာသာရေးအလွှာ၏ နိုင်ငံရေး


အီရန်ရဲ့ ဘာသာရေးအလွှာဟာ ဘာကြောင့် အီရန်လူ့အဖွဲ့အစည်းရဲ့ နေ့စဉ်ဘဝအထိ သက်ရောက် ဩဇာညောင်းရသလဲ ဆိုရင် အဖြေက ရိုးရိုးလေးပါ။ အီရန်ရဲ့ ဘာသာရေးအလွှာဟာ အီရန်ရဲ့ လူမှုဒုက္ခ ဖိနှိပ်မှုတွေကို တွန္းလှန္ပေးတ့ဲ အချက်အလက်တွေ ရှိခ့ဲလို့ပါပဲ။ ကာဂျာစ်ဘုရင်ရဲ့ ဆေးရွက်ကြီးလုပ်ပိုင်ခွင့်ကို ဗြိတိန်သားတစ်ဦးကို ရောင်းစားလိုက်လို့ သာမန်အီရန်လူထုရဲ့ ဘဝကို ထိခိုက္လာတ့ဲအခါ ၁၈၉၁ ခုနှစ် ဒီဇင်ဘာလ မှာ အီရန်ရဲ့ ဘာသာရေးအာဏာပိုင် မာဂျ အီ တာလတ် မီဇာဟာဆန် ရှိရာဇီ (marja'-e taqlid Mirza Hasan Shirazi) က ဖတ်သဝါ (fatwa) တစ်ခုကို ထုတ်ပြန်လိုက်ပါတယ်။ မာဂျာ အီ တာလတ် marja'-e taqlid ဆိုတာက တော္ဝင်အယာတိုလာ ဘွဲ့နဲ့အတူတူပါ။ ဘာသာရေးခေါင်းဆောင် ထုတ္ပြန်တ့ဲ ဖတ်သဝါ အမိန့်က " ဆေးရွက်ကြီးကို သောက်ရင် အလ္လာကို မယုံကြည်ရာ ရောက်တယ်" ဆိုတ့ဲ သဘောမျိုးပါ။ ဒီလို ဘာသာရေးဘက်ကနွယ်ပြီး အုပ်ချုပ်ရေးကို အာခံတာမျိုးဘက်ကိုလည်း မရောက္တ့ဲ အမိန့်ရဲ့ ရည်ရွယ်ချက်က ဆေးရွက်ကြီးကို မသုံးဘူး၊ မစိုက်ဘူး၊ မရောင်းဝယ်ဘူး ဆိုတ့ဲ သပိတ်မှောက်ခြင်းပါပဲ။ သာမန် အီရန်လူထုနဲ့ အီရန် ကုန်သည်တွေ အတွက်တော့ စိုက်ရင်လည်း ဝမ်းမဝ၊ မစိုက်လည်း ဝမ္းမဝတ့ဲ အတူတူ မစိုက်တော့ပါဘူး။ တဖက္မှာက ကာဂျာစ် ဘုရင်နဲ့ ဗြိတိန်ကို ပညာသားပါပါ အာခံအမိန့်ဖြစ်တာကြောင့် အီရန်ရဲ့ ပညာတတ်အလွှာကလည်း ထောက်ခံပါတော့တယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် အီရန်ရဲ့ လူမှုဘဝ ကြပ်တည်းမှုကို အီရန်ရဲ့ ဘာသာရေးအဆောက်အအုံက စတင် အာခံလိုက်ပါပြီ။


၂၀ ရာစုအစပိုင်းရဲ့ အီရန် နိုင်ငံရေးဖြစ်စဉ်ကို ကြည့်ရင် လက်ဘရယ် ဒီမိုကရက္တန္ဖိုးတွေ ပါတ့ဲ ဆိုရှယ်ဒီမိုကရေစီတွေ အားကောင္းခ့ဲပါတယ်။ ပြီးရင် လူထုရဲ့ ဒုက္ခကို မျက္ ကွယ္မပြုတ့ဲ ဘာသာရေးအဆောက်အအုံရှိနေပါတယ်။ အဲလို ဘာသာရေးအဆောက်အအုံနဲ့ လွတ်လပ်ညီမျှမှုကို လိုချင္တ့ဲ ပညာတတ်လူလတ်တန်းစားတွေကြား ညီညွှတ်မှုကို ပါရှန်းစကားနဲ့ ဝါးဒက် " Vahdat" လို့ခေါ်ပါတယ်။ ဝါးဒက် ကြောင့် တော်လှန်ရေးဟာ အောင္မြင်ခ့ဲပါတယ္။ ဒါပေမယ့် နဂိုကပင် အယူအဆအထိုင္ တွေမတူတ့ဲ အုပ်စုတွေကြား တော်လှန်ရေးအောင်မြင်ပြီးနောက္ပိုင္း အားပြိုင်မှုတွေ ပြန်ဖြစ်လာပါတယ်။ အဲဒီအားပြိုင်မှုဘက်မှာ ဘာသာရေးအလွှာက အာဏာကိုရယူနိူင္ခ့ဲပါတယ္။ အဲဒီလိုရယူဖို့ လက်ဘရယ် ဒီမိုကရက်တွေကို ဖိနှိပ္တ့ဲအခါ ဖိနှိပ်သူ (  မိုစတီးဘဒ်  "Mostebed" ) တွေ ဖြစ်လာပါတယ်။ 


အီရန်နိုင်ငံရေးကို အဓိပ္ပါယ်ဖွင့်ရင် အီရန်လူထုဟာ ဒီမိုကရက်လွတ်လပ်မှုကို လိုချင်ပေမယ့် ဥရောပ အမေရိကန် တို့ရဲ့ လွမ်္းမိုးမှုကိုတော့ မလိုချင်ကြပါဘူး။ အီရန်မှာ ဘာသာရေးအလွှာဟာ ဖိနှိပ်ခံရတ့ဲ ပြည်သူတွေဘက်က ရပ်တည်တ့ဲ သမိုင်းတွေရှိလို့ လူထုက ယုံကြည်မှုရှိပါတယ်။ အီရန်ရဲ့ တော်လှန်ရေး အောင်မြင်ပြီးတ့ဲနောက္မှာ အီရန်ရဲ့ ဒီမိုကရေစီအင်အားစုတွေနဲ့ ဘာသာရေးအလွှာကြားမှာ အားပြိုင်မှုက ရှိခ့ဲပါတယ်။ အီရန်ရဲ့ နိုင်ငံရေးကို အဓိပ္ပါယ် ဖွင့်ရင် ရုရှားနဲ့ အနောက်အုပ်စုကြားက ပါဝါဂိမ်းကွင်းပြင်လည်း ဖြစ်သလို ဒီမိုကရေစီအုပ်စုနဲ့ ဘာသာရေးအုပ်စုကြား အားပြိုင်မှုလို့လည်း ဆိုနိုင်ပါတယ္။

ဆက်ရန်


ကိုးကား

https://en.wikipedia.org/wiki/Persian_Constitutional_Revolution









Comments

Popular posts from this blog

အီရန်၏ "Vahdat" (ဝါးဒတ်) မှသည် "Mostebed" (မိုစတီးဘဒ်) သို့ (၂)

ဆိုဗီယက်ပြည်ထောင်စုပြိုကွဲပြီးနောက် ရုရှားနိုင်ငံ၏ အပြောင်းအလဲ အပေါ်လေ့လာခြင်း

တောင်ကိုးရီးယား၏ (1961)ခုႏွစ္မှ (1988)ခုနှစ် အထိ 27 နှစ်ကာလအကြား စီးပွားရေးတိုးတက်မှုကိုလေ့လာခြင်း