အီရန်၏ "Vahdat" (ဝါးဒတ်) မှသည် "Mostebed" (မိုစတီးဘဒ်) သို့ (၄)

 အီရန်၏ "Vahdat" (ဝါးဒတ်) မှသည် "Mostebed" (မိုစတီးဘဒ်) သို့ (၄)


၁၉ ရာစု နှောင်းပိုင်းနဲ့ ၂၀ ရာစုအစပိုင်းကာလ တွေမှာ အီရန်ဟာ ဗြိတိန် အင်ပါယာနဲ့ ရုရှားအင်ပါယာ ကြားက အားပြိုင်ရာ ကွင်းပြင်ဖြစ်တယ်။ အားပြိုင်ရာကွင်းပြင်ဖြစ်တော့ အီရန်အပေါ် ဩဇာလွမ်းမိုးဖို့က ဗြိတိန်နဲ့ ရုရှား နှစ်ဖက်စလုံးက အားထုတ်ကြပါတယ်။ ၁၉၀၅ ခုနှစ် အီရန်ရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ဆိုင်ရာတော်လှန်ရေးရဲ့ ကနဦး ရမည္ရှာတ့ဲ မီးပွားစဖြစ်စဉ်က ရုရှားဆီကို ပေးရမယ့် အကြွေးကိစ္စကို ကန့္ကွက်တ့ဲ အနေနဲ့ ဖြစ်တာပါ။ 


အုပ်ချုပ်သူများ၏ ဗီဇ


အဲဒီကာလမှာ အီရန်ရဲ့ အခြေအနေကလည်း အရမ်းကို အကြပ်အတည်းဆိုက်နေပါပြီ။ ဒီတော့ ကာဂျာစ်ဘုရင်ဘက်က ဆန္ဒပြသူတွေရဲ့ တောင်းဆိုချက်ကို လိုက်လျောပြပေးပါတယ်။ ၁၉၀၆ ခုနှစ် ဇွန်နဝါရီ ၁၂ ရက်မှာ သူ့ရဲ့ ဝန်ကြီးချုပ်ကို ဖြုတ်ချပြီး တရားရေးရာ လွတ်တော်ကို အာဏာပေးလိုက်ပါတယ်။ ဒီလိုနဲ့ အခြေအနေက အေးဆေး ဖြစ်သွားပြီထင်ရပေမယ့် ရလဒ်က အဲလိုမဟုတ်ပါဘူး။ ၁၉၀၆ခု နှစ် အစောပိုင်းကာလ ဆန္ဒပြသူတွေနဲ့ ကာဂျာစ်ဘုရင်တပ်တွေ အပြန်အလှန်တိုက်ခိုက်ကြတုန်း တမန်တော်မိုဟာမက္ရဲ့ မျိုးရိုးအနွယ်ဝင် တစ်ဦးဟာ ကာဂျာစ်ဘုရင်တပ်လက်ချက်နဲ့ သေဆုံးသွားပါတယ်။ ကော့ဆပ်ဘက္မှာပါ လူသေမှုတွေ ရှိလာပြီး ဘာသာရေးဆရာ အူလမာတို့ကပါ ဆန္ဒပြ သပိတ်မှောက်ပွဲထဲ ပါဝင်လာပါတယ်။ ဆိုလိုချင်တာက အုပ်ချုပ်သူဆိုတာ မတတ်သာလို့ လိုက်လျောရရင်တောင် လူထုကို ဖြိုခွင်းဖိနှိပ်ဖို့ အကျင့်က ရှိနေပြီးသား ဆိုတာကိုပါ။


ဗြိတိန်အတွက် အကျိုးအမြတ်


ဒီကြားထဲ အီရန်လူထုနဲ့ ရုရှားကြား မျက်နှာချင်းဆိုင်ပြဿနာ ဖြစ်နေရင် အကျိုးအမြတ်က ဗြိတိန်အတွက် ကောင်းတာဖြစ်တော့ ဗြိတိန်ကလည်း ဆန္ဒပြပွဲတွေကို တဖက်လှည့်နဲ့ ထောက်ခံနှမ်းဖြူးပေးပါတယ်။ ကုမ် (Qom) မြို့က ဆန္ဒပြသူတွေကတော့ အကာအကွယ်ရအောင် ဘာသာရေးကျောင်း ပရဝဏ်တွေထဲမှာ စုဝေးကြပါတယ်။  တီဟီရန်က ဆန္ဒပြသူ ကုန်သည်တွေက ကာဂျာစ်ဘုရင်တပ်တွေ အန္တရာယ်က အကာအကွယ်ရအောင် အရင်ကလို ဘာသာရေးကျောင်းတွေထဲ မသွားတော့ပါဘူး။ ဘာကြောင့်ဆို ဘာသာရေးကျောင်းထဲထိ ကာဂျာစ်ဘုရင်တပ်တွေ ဝင်ပြီး ဖြိုခွဲတာကို သူတို့ ခံဖူးထားပါပြီ။ ဒီတော့ တီဟီရန်က သူတွေ အကာအကွယ္ယူတ့ဲ နေရာက ဗြိတိန်သံရုံး ဖြစ်လာပါတယ်။


မာဂျ်လီစ် (Majlis) ပါလီမာန်


၁၉၀၆ ခုနှစ် နွေရာသီကို ရောက္လာတ့ဲအခါ ဗြိတိန်သံရုံးထဲက ဥယျာဉ်ခြံတွေထဲမှာ ဆန္ဒပြသူ ၁၂၀၀၀ လောက် စခန်းချနေကြပါပြီ။ အဲဒီဥယျာဉ်ခြံကို  သူတို့ဟာ ဆန္ဒပြ သပိတ်မှောက်ရင်း ပြောဆိုဆွေးနွေးနေကြတော့ ဟင်းလင်းပြင် နိုင်ငံရေးသိပ္ပံကျောင်း လို့တောင် တင်စားကြပါတယ်။ ကာဂျာစ်ဘုရင်ရဲ့ အာဏာကို ကန့်သတ်ပြီး ပါလီမာန်ကို ဖွဲ့စည်းဖို့က သူတို့တောင်းဆိုချက်ပါ။ အီရန်ဘာသာစကားအရ ပါလီမန် လွတ်တော်ကို မာဂျ်လီစ် (Majlis) လို့ခေါ်ပါတယ်။  ၁၉၀၆ ခုနှစ် ဩဂုတ်မှာ ကာဂျာစ် ဘုရင် မိုဇဖ်ဖာ အက်ဒင် ရှား (Mozaffar ad-Din Shah)က တောင်းဆိုချက်တွေကို လိုက်လျောပေးရပါတော့တယ်။ ပါလီမာန်အတွက် ရွေးကောက်ပွဲကို ကျင်းပတော့ ကိုယ်စားလှယ် ၁၅၆ ယောက် ပေါ်လာပါတယ်။ အများစုက တီဟီရန်က ဖြစ်ပြီး ကုန်သည်လူတန်းစားတွေများပါတယ်။ 


၁၉၀၆ ခုနှစ် အောက်တိုဘာလမှာ နိုင်ငံလုံးဆိုင်ရာ အတိုင်ပင်ခံ ညီလာခံကို ပထမဆုံးအကြိမ် ခေါ်ယူပါတယ်။ ကာဂျာစ်ဘုရင် မိုဇဖ်ဖာ အက်ဒင် ရှား ( Mozaffar ad-Din) က ညီလာခံကို လာတက်ပါတယ်။ သူ့ရဲ့သားဖြစ်သူ မိုဟာမက္ အလီရှား ကာဂျာရ် ( Mohammad Ali Shah Qajar) က ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ဝါဒကို လုံးဝဆန့်ကျင်ပါတယ်။ ဒီတော့ ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ခုကို ကာဂျာစ်ဘုရင် မိုဇဖ်ဖာ အက်ဒင် ရှား ရှိနေတုန်းမှာ မြန်မြန်အတည်ပြုလိုက္မှ အဆင်ပြေမယ့် သဘောမှာရှိပါတယ်။ နိုင်ငံလုံးဆိုင်ရာ အတိုင်ပင်ခံညီလာခံက ဘယ်လ်ဂျီယံ ရဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေကို နမူနာ ကျောရိုးယူပြီး ဖွဲ့စည်းပုံ အခြေခံဥပဒေသစ်တစ်ခုကို ချပြလာနိုင်ပါတယ်။ ၁၉၀၆ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်မှာ ကာဂျာစ်ဘုရင် မိုဇဖ်ဖာ အက်ဒင် ရှား က လူထုဆန္ဒကိုလိုက်လျောပြီး ဖွဲ့စည်းပုံကို အတည်ပြုလက္မှတ်ထိုးပေးလိုက်ပါတယ်။ အဲလို လက္မှတ်ထိုးပြီး သုံးရက်အကြာမှာ ကာဂျာစ် ဘုရင်  မိုဇဖ်ဖာ အက်ဒင် ရှားလည်း ကွယ်လွန်ပါတော့တယ်။ သူကွယ်လွန်တော့ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ဆန့်ကျင္ကန့္ကွက္တ့ဲ သားဖြစ်သူ မိုဟာမက္ အလီရှား ကာဂျာစ် က ဘုရင်ဖြစ်လာပါတယ်။ အီရန်မှာ ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ခုရှိလာပါပြီ။


ညီညွတ်မှု ဝါးဒတ် (Vahdat) ထဲက အတွင်းစည်ထိပ်တိုက်တိုးမှုများ


အီရန်ဟာ ကာဂျာစ်ဘုရင်ရဲ့ အာဏာကို ပြန်လည်ရင်ဆိုင်ရာမှာ ဘာသာရေးအလွှာ၊ ပညာတတ်လူလတ်တန်းစားအလွှာ၊ ကုန်သည်၊ သာမာန်လူထု တို့က ညီညွှတ်မှု (ဝါးဒတ်) ရှိတ့ဲအချိန္၊ ဘုံ ဦးတည်ချက်တစ်ခု ရှိလာတ့ဲ အချိန်မှာ ကျော်ဖြတ်နိုင်ပါတယ်။ အဲဒီ ဝါးဒတ် ဖြစ်သွားတ့ဲ အုပ်စုတွေထဲမှာ အုပ်စုတစ်ခုချင်းစီရဲ့ ဖြစ်တည်မှုနဲ့ အကျိုးစီးပွားက မတူကြပါဘူး။ အယူအဆပိုင်းအရ အပြန်အလှန် အငြင်းအခုံ ပ​ြုရတ့ဲ အုပ်စုနှစ်ခုက ဘာသာရေးအလွှာနဲ့ ပညာတတ်လူလတ်တန်းစား ပါပဲ။ ဒီအုပ်စုနှစ်ခုစလုံးက လက္ ခံနိုင္တ့ဲ ပဋိညာဉ် တွေကို ခေါင်းမီးတောက်လုမမတ် ရှာဖွေနေရပါတယ်။ အဲဒီ ပဋိညာဉ်မရှိရင် အီရန်လူ့အဖွဲ့အစည်း ပြဿနာ၊ ပဋိပက္ခ၊ ဖိနှိပ်မှု တွေနဲ့ မလွတ်ပါဘူး။ လက်ရှိ မျက္မှောက်ခေတ်အထိ အီရန် လူ့အဖွဲ့အစည်းဟာ အဆိုပါ ပဋိညာဉ်အတွက် ရုန်းကန်နေဆဲပါ။ အဲဒီလို ရုန်းကန်မှုကို အနည်းအကျဉ်း သဘောပေါက်ဖို့ဆိုရင် ၁၉၀၅ ခုနှစ်တုန်းက အီရန် နိုင်ငံလုံးဆိုင်ရာ အကြံပေးညီလာခံ အခင်းအကျင်းကို ကြည့်ရင် ကွင်းကွင်းကွက်ကွက် မြင်လာပါလိမ့်မယ်။


ဘုံ ရည်မှန်းချက်ပြီးမြောက်ပြီးနောက် အာဏာ လုပ်ပိုင်ခွင့်အတွက် အပြန်အလှန် ထိပ်တိုက်တိုးခြင်း


ကာဂျာစ်ဘုရင်ရဲ့ အာဏာကို ကန့်သတ်သင့်တယ် ဆိုတ့ဲအချက္ က အီရန် ဘာသာရေးအလွှာနဲ့ နိုင်ငံရေးအလွှာကြားမှာ တူညီတ့ဲ အမြင်ပါ။ ဒါကြောင့် ကာဂျာစ်ဘုရင်ကို အာဏာကန့်သတ်ဖို့ ကြိုးစားရာမှာ အပြန်အလှန် ပူပေါင်းဆောင်ရွက်နိုင်ကြပါတယ်။ ပြောချင်တာက သူ့တို့မှာ ကာဂျာစ် ဘုရင်ရဲ့ အာဏာကို ကန့်သတ်ချင်တယ်။ ဗြိတိန်နဲ့ ရုရှားတို့ လာပြီးချုပ်ချယ်နေတာကို မကြိုက်ဘူး။ ပြီးရင် သူတို့မှာ တချိန်က ပါရှားအင်ပါယာရဲ့ ဇာတိမာန်စိတ်ရှိတယ်။ ဗြိတိန်နဲ့ ရုရှားတို့ရဲ့ ချယ်လှယ်မှု၊ ကာဂျာစ်ဘုရင်ရဲ့ အုပ်ချုပ်ပုံတို့က အီရန်လူထုကို ခရုဆံကြွတ် ဘဝ ရောက်စေတယ်။ ဒါကြောင့်လည်း ကာဂျာစ်ဘုရင်ရဲ့ အာဏာကို ကန့်သတ်ပြီး အီရန်ကို လူတလုံး သူတလုံးဖြစ်အောင် ထူထောင်ချင်ကြတယ်။ ဒီအထိတော့ ဟုတ်နေကြသေးတယ်။ ပြဿနာက အီရန်ကို လူတလုံးသူတလုံးဖြစ်အောင် ဘယ်လိုထူထောင်ချင်ကြတာလဲ ဆိုတ့ဲ အပိုင်းမှာတော့ အပြန်အလှန် ထိပ်တိုက်တွေ့တော့တာပါပဲ။


"ဘုံရန်သူကိုအရင်ရှင်းကြမယ်၊ ပြီးမှ တူညီတ့ဲ ရည်ရွယ်ချက် ကတိကဝတ်တွေကို ရှာကြမယ် ဆိုတ့ဲ အယူအဆ"


ဘုံရန်သူ ဘုံအခက်အခဲကို အရင်ကျော်လွှား၊ ပြီးမှ ဘုံ ပန်းတိုင်ရှာ ( But the alliance was based on common enemies rather than common goals) အယူအဆ အောက္မှာ အီရန်ရဲ့ ၁၉၀၅ ခုနှစ် ဖွဲ့စည်းပုံ အ ခြေ ခံဥပဒေဆိုင်ရာ တော်လှန်ရေးက ဖြစ်လာခ့ဲတာပါ။ ဒီတော့ ကာဂျာစ်ဘုရင်  မိုဇဖ်ဖာ အက်ဒင် ရှား ကလည်း သူတို့ တောင်းဆိုချက်ကို လိုက်လျောတ့ဲအခါ ဘုံရန်သူ ဘုံအခက်အခဲက မရှိတော့ပါဘူး။ ဒီတော့ အီရန် ဘာသာရေးအလွှာနဲ့ နိုင်ငံရေးအလွှာကြားမှာ အီရန်ကို ဘယ္လိုပြန်လည္ဖွဲ့စည္းတည္ဆောက္မလဲဆိုတ့ဲ ဘုံ ကတိကဝတ် က ပြဿနာ ဖြစ်လာပါတယ်။


အူလမာ တွေရဲ့ အယူအဆ အထိုင်


အူလမာတွေက ဖြစ်ပေါ်လာမယ့် အီရန် လူ့အဖွဲ့အစည်းမှာ သူတို့ရဲ့ အခန်းဂဏ္ဍနဲ့ ဩဇာကို ကျယ်ပြန့်စေချင်တယ်။ ရှိအိုက် (Shi'i Islam) အစ္စလမ် စည်းမျဉ်းတွေကို အင်နဲ့အားနဲ့ ကျင့်သုံးချင်တယ်။ 


ပညာတတ်လူတန်းစားရဲ့ အယူအဆ အထိုင်


ပညာတတ်လူတန်းစားတွေက အီရန်ရဲ့ အုပ်ချုပ်ရေးဟာ ဘာသာရေးက ကင်းလွတ်ချင်တယ်၊ သာတူညီမျှ ကောင်းစားရေး ဆိုရှယ် ဒီမိုကရေစီကို အီရန် လူ့အဖွဲ့အစည်းအတွင်းကျင့်သုံးချင်တယ်။ အီရန်ရဲ့ စီးပွားရေးကို တိုးတက်အောင် လုပ်ချင်တယ်။


ကုန်သည် စျေးသည်တွေရဲ့ အယူအဆအထိုင်


ကုန်သည် စျေးသည်တွေက စျေးကွက်ထဲက နိုင်ငံခြားထုတ်ကုန်တွေကို ကန့်သတ်ပေးချင်တယ်။ နိုင်ငံခြားသားတွေကို စျေးကွက်ကို လက်ဝါးကြီးအုပ်တာကို ဖယ်ရှားပေးစေလိုတယ်။


ဒီအထိုင်သုံးခုကိုကြည့်ရင် ကုန်သည်၊ စျေးသည် တွေ လိုလားချက် အကျိုးစီးပွားက လုပ်ငန်းစဉ်အရ ပိုပြီးထင်သာ မြင်သာ ရှိသလို စိန်ခေါ်ချက်ကလည်း ကြီးကြီးမားမား ရှိပါတယ်။ ကုန်သည် စျေးသည်တွေ အကျိုးစီးပွားကို ဖော်ဆောင်မယ်ဆိုရင် ဗြိတိန်နဲ့ ရုရှားကို မလွဲမသွေရင်ဆိုင်ရမှာပါပဲ။ အီရန် ကုန်သည်တွေက တရားမျှတမှုနဲ့ ဥပဒေစိုးမိုးမှုကို လိုချင်ပါတယ်။ နိုင်ငံခြားတွေနဲ့ ပြဿနာဖြစ်တိုင်း အုပ်ချုပ်သူများဟာ ပြဿနာကို စည်းမျဉ်းစည်းကမ်းအတိုင်း မကိုင်တွယ်ပါဘူး။ နိုင်ငံခြားသားများကိုပဲ အာဏာရှိသူက ဘက်လိုက်တဖက်သတ္ဆုံးဖြတ်မှု (arbitrary power) ကို အသုံးချနေတယ်။ ဒါဟာ သူတို့ရဲ့ ပစ္စည်းဥစ္စာ စည်းစိမ် ပိုင်ဆိုင်မှုကို အာမခံချက်ရလိုပါတယ်။ ဥရောပမှာလို ပါလီမာန်စနစ်သာ တည်ဆောက်လာမယ်ဆိုရင် အဲဒီပါလီမန်က အကာအကွယ်ကို သူတို့ရမယ်လို့ ထင်ကြပါတယ်။


ပညာတတ်လူတန်းစားက အင်အားနည်းပါတယ်။ အင်အားနည်းပေမယ့့် တဖြေးဖြေးကြီးထွားနေ တ့ဲ အုပ်စုပါ။ သူတို့တွေက ဥရောပရဲ့စီးပွားရေး ဖွံ့ဖြိုးမှု၊  နှိုင်းယှဉ်သုံးသပ် စဉ်းစားမှုကို အခွခေံတ့ဲ တရားရေးစနစ် (Comparative justice) ကို လိုချင်ပါတယ်။ အာဏာရှိသူက သူစိတ်ထင်ရာ အုပ်ချုပ်ဆုံးဖြတ်နေ တ့ဲ (Arbitrary Power) မျိုးကို မလိုချင်ပါဘူး။ ပညာတတ်တွေက အီရန်လူ့အဖွဲ့အစည်းကို ကြည့်ပြီး သရုပ္ ဖော္တ့ဲအခါ "အာဏာရှင် အုပ်ချုပ်မှု၊ အကျင့်ပျက် ဝန်ထမ်း ၊ ကျင့်ဝတ်မဲ့ တရဟောဆရာနဲ့ အမှန္ တရားမရှိတ့ဲ တရားရုံးလို့ ဖော်ပြကြပါတယ်။ ပြီးရင် အမျိုးသမီးအခွင့်အရေး ကင်းနေ တ့ဲ လူ့ပတ်ဝန်းကျင်လို့လည်း ဝေဖန်ပါတယ်။ အူလမာတွေကတော့ ဖွဲ့စည်းပုံအခြေခံဥပဒေ နဲ့ပတ်ပြီး တိုက်ရိုက်အားစိုက္မှုက နည်းပါတယ်။ အူလမာတွေက သူတို့ရဲ့ အရိုက်အရာနဲ့ အခန်းဂဏ္ဍကို အားမနည်းစေချင်ပါဘူး။ ပြီးရင် ဗလီကျောင်းတော်နှင့် အုပ်ချုပ်သူ ဘုရင်ကြားမှာ ရှိနေ တ့ဲ အချုပ်အခြာကို အသုံးချခွင့်ကိုလည်း အားမနည်းစေချင်ပါဘူး။


အတွေးအခေါ်ပိုင်းဆိုင်ရာ ထိပ်တိုက်တွေ့ကြတာက ပညာတတ်လူတန်းစားနဲ့ ဘာသာရေးအုပ်စုကြားမှာ ဖြစ်ကြတာပါ။  ကုန်သည်တွေက ငွေရှိတော့ ပညာတတ်လူတန်းစားအတွက်ရော၊ ဘာသာရေးအုပ်စုအတွက်ပါ အရေးပါပါတယ်။ ပညာတတ်လူတန်းစားထဲမှာလည်း သဘောထားလုံးဝ ပြင်းထန်သူတွေရှိပါတယ်။ ဘာသာရေးဟာ နိုင်ငံရေးနဲ့ လုံးဝ ကင္းရမယ္ဆိုတ့ဲ အုပ်စုပါ။ အူလမာ တွေထဲမှာလည်း သဘောထားပြင်းထန်သူတွေရှိပါတယ်။ သူတို့က ရှိအိုက်အစ္စလမ်ဘာသာရေး စည်းမျဉ်းတွေနဲ့ပဲ တိုင်းပြည်ကို ထည္ဆောက္ ချင္ကြတ့ဲ သူတွေပါ။ ဒီတော့ အီရန်ရဲ့ နိုင်ငံရေးဟာ ပညာတတ်လူတန်းစားနဲ့ ဘာသာရေးအုပ်စုထဲက သဘောတရား ပြော့ပြောင္းတ့ဲ သူတွေ အင်အားကောင်းလာပြီး နှစ္ဖက္လက္ ခံနိုင္လောက္တ့ဲ သဘောတူညီချက်တွေ ထွက်လာမှ တည်တည်ငြိမ်ငြိမ် ဖြစ်မယ့်သဘောပါ။ ဒီသဘောဟာ အဲဒီအချိန်တုန်းကပင် အစပြုပြီး အခုချိန်ထိ မှန်နေဆဲပါ။ 


အဲဒီသဘောတရားကို ၁၉၀၆ ခုနှစ်မှာ အတည္ပ​ြုခ့ဲတ့ဲ အီရန် ဖွဲ့စည်းပုံအခြေခံဥပဒေကို ကြည့်ရင် အဲဒီသဘောကို တွေ့ရမှာ။ အီရန်ရဲ့ ၁၉၀၆ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေမှာ အခြေခံစည်းမျဉ်းဥပဒေ (Fundamental Law of 1906) နဲ့ ၁၉၀၇ ဖြည့်စွက် ပြင်ဆင်ချက် ဥပဒေ (Supplementary Fundamental Laws of 1907) ဆိုတာရှိပါတယ်။ ဒါဟာ ၁၈၃၁ ခုနှစ် ဘဲလ်ဂျီယံ ဖွဲ့စည်းပုံ အခြေခံဥပဒေကို နမူနာယူထားတာပါ။ အဲဒီအချိန်တုန်းက ဘဲလ်ဂျီယံ ဖွဲ့စည်းပုံအခြေခံဥပဒေက  ဥရောပမှာ စည်းမျဉ်းခံဘုရင်စနစ်တွေထဲ လက်ဘရယ် အဆန်ဆုံး အလယ်အလတ်အကျ ဆုံးလို့ သတ်မှတ်ခံထားရတာပါ။  ၁၉၇၀ ခုနှစ်မှာတော့ ဘဲလ်ဂျီယံ ၁၈၃၁ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို စွန့်ခွာပြီး အသွင္ဆန်းတ့ဲ ဖက်ဒရယ်စနစ်ဖွဲ့စည်းပုံကို ပြောင်းလဲသွားပါတယ်။ ဘဲလ်ဂျီယံ အဲဒီလို ပြောင်းလဲပြီး နောက်  ၉ နှစ်အကြာမှာ အီရန်မှာလည်း အစ္စလမ္မစ်တော်လှန်ရေးကြောင့် ဘာသာရေးတင္းကျပ်တ့ဲဖွဲ့စည်းပုံအခြေခံဥပဒေတစ်ခုကို အစားထိုးပြီး ယနေ့အထိ ကျင့်သုံးနေပါတယ်။


၁၉၀၆ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေထဲမှာ ဒီမိုကရေစီ အခွင့်အရေးတွေပါဝင်ပါတယ်။ ဒါပေမယ့် ရှိအိုက်အစ္စလမ် ဘာသာရေးအလွှာရဲ့ ထောက်ခံမှုကို လိုချင်တာကြောင့် အမျိုးသမီးတွေကို ရွေးကောက်တင်မြောက်ခွင့် မပေးခ့ဲရပါဘူး။ ဒါကြောင့် ၁၉၀၆ ခုနှစ် ရွေးကောင်တင်မြောက်ခြင်းဥပဒေ (THE ELECTORAL LAW OF SEPTEMBER 9, 1906 ) ရဲ့ အခန်း (၁) ရဲ့ ပုဒ်မ (၃) မှာ အမျိုးသမီးတွေကို ရွေးချယ်ခံခွင့် ကန့်သတ်လိုက်ရပါတယ်။  ပညာတတ်နိုင်ငံရေးအလွှာအုပ်စုက အီရန်ကို ဘာသာရေးကို အခြေမခံတ့ဲ နိုင်ငံတော်အဖြစ်တည်ဆောက်ချင်ပါတယ်။ ဒါပေမယ့် ဘာသာရေးအလွှာရဲ့ ထောက်ခံမှုကို လိုနေတာကြောင့် ၁၉၀၇ ခုနှစ် အခြေခံမူစည်းမျဉ်းများ ပြန်လည်ဖြည့်စွက်ခြင်း ဥပဒေ (  THE SUPPLEMENTARY FUNDAMENTAL LAWS OF OCTOBER 7, 1907) ရဲ့ အထွေထွေ ပြဌာန်းချက် ပုဒ်မ (၁) အစ္စလမ်ဘာသာကို နိုင်ငံဘာသာအဖြစ်အသိအမှတ်ပြုပြီး ရှိအိုက် အီမန် (၁၂) ပါးကို ယုံကြည်တယ် ဆိုတာကို ပြဌာန်းပေးလိုက်ရပါတယ်။ အဲဒီ ၁၉၀၇ ခုနှစ်  အခြေခံမူစည်းမျဉ်းများ ပြန်လည်ဖြည့်စွက်ခြင်း ဥပဒေ ရဲ့ အထွေထွေ ပြဌာန်းချက် ပုဒ်မ (၂) ထဲမှာပဲ ဘာသာရေးဆရာတွေက ရွေးချယ္ပေးထားတ့ဲ အစ္စလမ်ပညာရှင် မူဂျ်တာဟစ် (mujtahids) ငါးဉီး ကော်မတီကို ခန့်အပ်ရပြီး လွတ်တော်ပါလီမန် မာဂျ်လီစ် (Majlis) က ပ​ြဌာန္းလိုက္တ့ဲ ဥပဒေတွေဟာ အစ္စလမ်ထုံးတမ်းနဲ့ ညီမညီကို စိစစ်ဖို့ကို သဘောတူရပါတယ်။ 


ဘာသာရေးအုပ်စုနှင့် နိုင်ငံရေးအုပ်စု ပါဝါအတွက် လွန်ဆွဲကြပုံ


မူဂျ်တာဟစ် ငါးဦးဟာ ဗီတိုပါဝါ ရှိပါတယ်။ ဒါပေမယ့် ဒီဗီတိုကို လွတ်တော်ပါလီမန် မာဂျ်လီစ် (Majlis) က ပြန်လည်မဲ ပေးရင်းနဲ့ ကျော်ဖြတ်နိုင်ပါတယ်။ အမှန်က ဒီကိစ္စဟာ မြန်မာပြည်က ၂၀၀၈ ဥပ ဒေထဲက စစ်သားတမတ်သား လိုပါပဲ။ ဒါပေမယ့် အီရန်ရဲ့ ၁၉၀၆ ခုနှစ် အီရန် ဖွဲ့စည်းပုံအခြေခံ ဥပဒေက မူဂျ်တာဟစ် (mujtahids) ငါးဉီး ကော်မတီ က ကန့်ကွက်ရင်တောင် လွတ်တော်ပါလီမန် မာဂျ်လီစ် (Majlis) က ပြန်ကျော်ဖြတ်လို့ရသေးတာကြောင့္ ၂၀၀၈ ထက်စာရင် မဆိုးဘူးလို့ပဲ ပြောရမှာ။ လက်တွေ့မှာလည်း မူဂျ်တာဟစ် (mujtahids) ငါးဉီး ကော်မတီ ကို လွတ်တော်ပါလီမန် မာဂျ်လီစ် (Majlis) နဲ့ ဘုရင်ဘက်က သူ့တို့ လုပ်ပိုင်ခွင့်အတွက် အတားအဆီးလို့ မြင်ပြီး အဲဒီ ငါးဦးကော်မတီကို စာရွက်ထဲမှာပဲထားပြီး အပြင်မှာ ပုံမဖော်ပါဘူး။ ဒီလိုနဲ့ ညီညွတ်မှု ဝါးဒတ် (Vahdat) ထဲက အတွင်းစည်ထိပ်တိုက်တိုးမှုနဲ့ ကွဲအက္မှုတွေက ဖြစ်လာပါတယ်။ 


အပြင်စည်းက ဆန့်ကျင်ဘက္များ


ကာဂျာစ်ဘုရင် မိုဇဖ်ဖာ အက်ဒင် ရှား ( Mozaffar ad-Din) က လူထုဆန္ဒကို လိုက်လျောပြီး စည်းမျဉ်းခံဘုရင်စနစ်ကို လက္ ခံခ့ဲပမေယ့္ သူ့ရဲ့သားဖြစ်သူ မိုဟာမက္ အလီရှား ကာဂျာစ် ( Mohammad Ali Shah Qajar)က လုံးဝ မကြိုက်ပါဘူး။ ဒီကြားထဲ အီရန် ဘာသာရေးအလွှာနဲ့ ပညာတတ်အလွှာကြား လွတ်တော်ပါလီမန် မာဂျ်လီစ် (Majlis) မှာ အဝေမတည့်နိုင်တာက တပိုင်း ဖြစ်ပေမယ့် အဲဒီနှစ်အုပ်စု စလုံးရဲ့ ဇာတိမာန်စိတ်ကိုတော့ ရုရှားရော၊ ဗြိတိန်ပါ မကြိုက်ပါဘူး။ ဘာကြောင့်ဆို ဥရောပသားတွေ စီးပွားရေးအမြတ်ထုတ်နေတာကို ဘာသာရေးအလွှာနဲ့ ပညာတတ်အလွှာက ပြန်လည် တိုက်ဖျက်တော့မယ် ဆိုတာကိုလည်း ရုရှားနဲ့ ဗြိတိန်က သိနေပါတယ်။ ၁၉၀၆ ခုနှစ် အီရန် ဖွဲ့စည်းပုံ အခြေခံဥပဒေ ဆိုင်ရာ တော်လှန်ရေးကာလ တစ်လျှောက် ဗြိတိန်က ဆန္ဒပြသပိတ်မှောက်သူတွေကို မြောက်ထိုးပင့်ကော်လုပ်ပေးပြီး သံရုံးထဲမှာ ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ခု ပေါ်လာဖို့အထိ အကူအညီပေးခ့ဲပါတယ္။ ဒါပေမယ့် ၁၉၀၇ ခုနှစ် ဩဂုတ် ၃၁ မှာ ရုရှားနဲ့ ဗြိတိန်ကြား (Anglo-Russian Convention) သဘောတူညီချက်ရလာပါတယ်။ အဲဒီ သဘောတူညီချက်ရဲ့ အဓိပ္ပါယ်က မင်းနဲ့ငါ ဝေစုခွဲမယ္၊ ဒီအပုံကိုမင်းယူ၊ ဒီအပုံကို ငါယူမယ် ဆိုတ့ဲ သဘောပါ။ အီရန်ကို တောင်မြောက် နှစ်ပိုင်းပိုင်းပြီး ရုရှားက မြောက်ဘက်၊ ဗြိတိန်က တောင်ဘက်ကို ယူပါမယ်။ အလယ်ကို ကြားခံဇုန်အဖြစ်ထားပါမယ်။ သဘောက မင်းဝေစုနေရာ ငါလည်းမကျော်၊ ငါဝေစု နေရာ မင်းလည်းမကျော်နဲ့ ဆိုတ့ဲ သဘောပါ။ အဲလို သဘောတူညီချက်ရပြီးနောက္မှာ ဗြိတိန်က သူမြှောက္ပေးထားတ့ဲ ဖွဲ့စည်းပုံ အခြေခံဥပဒေဝါဒီတွေကို လျစ်လျူရှူပြီး ဘုရင်  မိုဟာမက္ အလီရှား ကာဂျာစ် ( Mohammad Ali Shah Qajar) ကို ထောက်ခံလိုက်ပါတော့တယ်။ 


ရုရှားနဲ့ ဗြိတိန် အားကိုးရှိလာတော့ ဘုရင်  မိုဟာမက္ အလီရှား ကာဂျာစ် ( Mohammad Ali Shah Qajar) ကလည်း ပါလီမာန်ကို ဖိနှိပ်ပြီး အာဏာသိမ်းပါတော့တယ်။ ဒီကြားထဲ ဖီဇ်လိုလာ နိုရီ ( Fazlollah Nori) လို ဘာသာရေးဆရာတွေက ခြေချုပ်လာပါတယ်။  ဖီဇ်လိုလာ နိုရီ ( Fazlollah Nori) က ကနဦးကာလမှာ ဖွဲ့စည်းပုံ အခြေခံဥပဒေ တော်လှန်ရေးကို ထောက္ ခံခ့ဲပမေယ့္ နောက်ပိုင်း ဘာသာရေးနဲ့ ပညာတတ်အလွှာကြား အာဏာလွန်ဆွဲမှုတွေကြောင့် ဘာသာရေးဘက်ကိုပို အလေးပေးပြီး ဖွဲ့စည်းပုံ အခြေခံ ဥပဒေအယူအဆကို ဆန့်ကျင်သူထဲမှာပါပါတယ်။ ဖီဇ်လိုလာ နိုရီ ( Fazlollah Nori) ရဲ့ ဘုရင်  မိုဟာမက် အလီရှား ကာဂျာစ် ( Mohammad Ali Shah Qajar) ကို လက်ထောက်ချမှုကြောင့် ပါလီမာန်အမတ်တွေ အသတ်ခံရပြီး ပါလီမာန်ကိုလည်း ဗုံးခွဲခံလိုက်ရပါတော့တယ်။ အီရန်ရဲ့ ပါလီမာန်ကို ဗုံးခွဲတာက ရုရှားတွေ ဦးဆောင္တ့ဲ ပါရှန်း ကော့ဆက် တပ်ဖွဲ့ရဲ့ လက်ချက်ပါ။ ဒီလို သမိုင်းဒဏ်ရာတွေက အီရန်တွေမှာ အနောက်ဥရောပကို မယုံကြည်တ့ဲ စိတ်က ပိုပြီး အရှိန်တက္လာပါတယ်။ဒီလိုနဲ့ ဘုရင်နဲ့ ပါလီမာန်ကြားမှာ စစ်ပွဲစလာပါပြီ။ အဲဒီ စစ်ပွဲက ၁၉၀၈ ခုနှစ်ကနေ ၁၉၀၉ ခုနှစ်အထိ က​ြာခ့ဲပါတယ္။ အဲဒီကာလကို အီရန်တွေက The Minor Tyranny (ရက်စက်ကြမ်းကြုတ်မှု ကာလတို) အဖြစ်ခေါ်ကြပါတယ်။ အထူးသဖြင့်တော့ အီရန်ရဲ့ ကာလတို ပြည်တွင်းစစ် ကို ခေါ်တာပါ။ 


အီရန်ပါလီမာန်ဘက်ကလည်း ဘုရင်ကို ပြန်တိုက်ဖို့အတွက် လက်နက်ကိုင်လိုက်ပါပြီ။


ဆက်ရန်


ကိုးကား


https://en.wikipedia.org/wiki/Persian_Constitutional_Revolution

https://en.wikisource.org/wiki/The_Persian_Revolution_of_1905-1909/Appendix_A

https://en.wikipedia.org/wiki/Mohammad_Ali_Shah_Qajar

https://en.wikipedia.org/wiki/Minor_Tyranny

https://en.wikipedia.org/wiki/1908_bombardment_of_the_Majlis















Comments

Popular posts from this blog

အီရန်၏ "Vahdat" (ဝါးဒတ်) မှသည် "Mostebed" (မိုစတီးဘဒ်) သို့ (၂)

ဆိုဗီယက်ပြည်ထောင်စုပြိုကွဲပြီးနောက် ရုရှားနိုင်ငံ၏ အပြောင်းအလဲ အပေါ်လေ့လာခြင်း

တောင်ကိုးရီးယား၏ (1961)ခုႏွစ္မှ (1988)ခုနှစ် အထိ 27 နှစ်ကာလအကြား စီးပွားရေးတိုးတက်မှုကိုလေ့လာခြင်း