အီရန်၏ "Vahdat" (ဝါးဒတ်) မှသည် "Mostebed" (မိုစတီးဘဒ်) သို့ (နိဂုံး)
အီရန်၏ "Vahdat" (ဝါးဒတ်) မှသည် "Mostebed" (မိုစတီးဘဒ်) သို့ (နိဂုံး)
တူရကီနိုင်ငံဟာ စက်မှုလူ့အဖွဲ့အစည်းအဖြစ် ကူးပြောင်းရာမှာ ဥရောပနိုင်ငံတွေနဲ့မတူဘဲ နိုင်ငံတော်က ဦးဆောင်တဲ့ စနစ် (State-led Industrialization) နဲ့ အဓိက သွားခဲ့တာဖြစ်ပါတယ်။ လွယ်လွယ်ပြောရရင် အထက်က အောက္ ကိုသွားတ့ဲ စနစ်နဲ့ ဆောင်ရွက်ခ့ဲတာပါ။
တန်ဇီမတ် ကာလ ( Tanzimat Period) အော့တိုမန်ခေတ်နှောင်းပိုင်းတွေမှာ ပြုပြင်ပြောင်းလဲမှုတွေကို တူရကီဟာ ဆောင်ရွက်လာရပါတယ်။ မဆောင်ရွက်ရင်လည်း ဥရောပရဲ့ စက္မှုထွန်းကားမှုကို ရင်ဆိုင်နိုင်တော့မှာ မဟုတ်မှန်း တူရကီ အုပ်ချုပ်သူ ဘုရင်နဲ့ နန်းတော်က သဘောပေါက်လာပါတယ်။ အထူးသဖြင့် တူရကီက သူရဲ့စစ်တပ်ကို ဥရောပစက္မှုနိုင်ငံတွေရဲ့ စစ်တပ်နဲ့ ယှဉ်ရင် တူတူတန်တန်ဖြစ်ချင္ပါတယ္။ ဒီလိုနဲ့ တူရကီမှာ စစ်ဘက်ဆိုင်ရာ စက္မှုလုပ်ငန်းတွေ ပေါ်လာပါတယ်။ အဲဒီ စက်ရုံတွေက စစ်တပ်အတွက် လိုအပ်တဲ့ လက်နက်၊ ယူနီဖောင်းနဲ့ သင်္ဘောကျင်းတွေကို စတင်တည်ဆောက်ပါတယ်။ အခြားအခြေခံ အဆောက်အအုံ လုပ်ငန်းတွေ၊ အထူးသဖြင့် ရထားလမ်းတွေ ဖောက်လုပ်ခဲ့ပေမယ့် နည်းပညာနဲ့ ရင်းနှီးမြှုပ်နှံမှု အများစုဟာ နိုင်ငံခြားသား (အထူးသဖြင့် ဂျာမနီနဲ့ ဗြိတိန်) တွေရဲ့ လက်ထဲမှာပဲ ရှိနေပါသေးတယ်။
မူစတာဖာ ကေမယ်လ် အာတာတပ် (Mustafa Kemal Atatrk) နှင့် နိုင်ငံတော်ဦးဆောင်သော စက္မှုစနစ် (၁၉၂၃ - ၁၉၃၈)
တူရကီဟာ အစ္စလမ်ယဉ်ကျေးမှုထဲက ပီပြင်တ့ဲ ဒီမိုကရေစီနဲ့ စက္မှုလူ့ဘောင်ကို ပြောင္းလဲရာမှာ မူစတာဖာ ကေမယ်လ် အာတာတပ် လိုပုဂ္ဂိုလ်မျိုး နေရာရလာတာလည်း ပါပါတယ်။ မုစတာဖာ ကေမယ်လ် အာတာတပ် လိုမျိုး ပုဂ္ဂိုလ်တွေကို သမိုင်းပညာရှင်တွေကြားမှာ အငြင်းပွားစရာဖြစ်ပေမယ့် "ပြုပြင်ပြောင်းလဲရေးသမား အာဏာရှင်" (Reformist Authoritarian/Autocrat) လို့ ခေါ်ဆိုရပါလိမ့်မယ်။ ဒါမှမဟုတ် ဒီမိုကရေစီကို အတင်းအားဓမ္မ ပေးဖို့ကြိုးစားတ့ဲ အာဏာရှင် (Enlightened/Modernizing Autocrat) လို့လည်း ခေါ်ရမလားပါဘဲ။ လက်ရှိ အီရန်မှာဖြစ်ဖြစ် ကျန္ တ့ဲ ဖိနှိပ္ခံနရေတ့ဲ အစ္စလမ်ကမ္ဘာမှာ ပညာတတ်လူငယ်တွေ လိုချင်နေတာလည်း မူစတာဖာ ကေမယ်လ် အာတာတပ် လိုပုဂ္ဂိုလ်မျိုး ပါပဲ။
တူရကီသမ္မတနိုင်ငံ ထူထောင်ပြီးနောက္မှာတော့ မူစတာဖာ ကေမယ်လ် အာတာတပ်ဟာ "စီးပွားရေးအရ လွတ်လပ်မှုမရှိရင် နိုင်ငံရေးလွတ်လပ်မှုဟာ မခိုင်မြဲဘူး" ဆိုတဲ့ ဝါဒကို ကိုင်စွဲခဲ့ပါတယ်။ တူရကီ ပုဂ္ဂလိက လုပ်ငန်းရှင်တွေမှာ ငွေကြေးမလုံလောက်တဲ့အတွက် အစိုးရကပဲ စက်ရုံကြီးတွေကို တိုက္ရိုက္တည္ဆောက္တ့ဲ " နိုင်ငံတော်က အရင်လုပ်ဝါဒ (Etatism )" ကို အာတာတပ်က အကောင်အထည္ဖော်ခ့ဲပါတယ္။ ပြီးရင်သူက ဆိုဗီယက်ယူနီယံရဲ့ ပုံစံကို နမူနာယူပြီး ငါးနှစ်တာ စီးပွားရေးစီမံကိန်း၊ စက္မှုစီမံကိန်းတွေ ချမှတ်ကာ သကြား၊ အထည်အလိပ်၊ စက္ကူနဲ့ သံမဏိစက်ရုံတွေကို နိုင်ငံအနှံ့ တည်ဆောက်ပါတယ်။ ဒါက ထုတ္ကုန္ရှိတ့ဲ လူ့ဘောင်ဘက်ကို တွန်းပို့တာလည်း ဖြစ်ပါတယ်။ စက္မှုလုပ်ငန်းတွေကို ငွေကြေးထောက်ပံ့ဖို့ Smerbank နဲ့ Etibank တို့လို နိုင်ငံပိုင်ဘဏ်စနစ်တွေကို တည်ထောင်ခဲ့ပါတယ်။
မုစတာဖာ ကေမယ်လ် အာတာတပ် (Mustafa Kemal Atatrk) လုပ်ဆောင်ခဲ့တဲ့ လူမှုယဉ်ကျေးမှု ပြုပြင်ပြောင်းလဲမှုတွေဟာ အစ္စလာမ်ကမ္ဘာမှာ အစွန်းရောက်ဆုံးနဲ့ အမြန်ဆန်ဆုံး ပြုပြင်ပြောင်းလဲမှုတွေလို့ ဆိုနိုင်ပါတယ်။ သူဟာ တူရကီကို "အရှေ့တိုင်းဆန်တဲ့ အင်ပါယာဟောင်း" ဘဝကနေ "အနောက်တိုင်းဆန်တဲ့ ခေတ်မီနိုင်ငံ" ဖြစ်အောင် အင်တိုက်အားတိုက် ပြောင်းလဲခဲ့တာပါ။
ကယ်လီဖိတ် (Caliphate) စနစ်ကို ဖျက်သိမ်းခြင်း
အော့တိုမန် စူလတန်ဘုရင်တွေဟာ တစ်ကမ္ဘာလုံးက ဆွန်နီမွတ်စလင်တွေရဲ့ ခေါင်းဆောင် "ကယ်လီဖာ" အဖြစ် ခံယူခဲ့ကြတာပါ။ ၁၉၂၄ ခုနှစ်မှာ အာတာတပ်က ဒီစနစ်ကို လက်ရဲ ဇက်ရဲ ဖျက်သိမ်းလိုက်ပါတယ်။ဒါဟာ ဘာသာရေးနဲ့ နိုင်ငံရေးကို လုံးဝခွဲထုတ်လိုက်တဲ့ ပထမဆုံး ခြေလှမ်းဖြစ်ပြီး အစ္စလာမ်ကမ္ဘာတစ်ခုလုံးကို တုန်လှုပ်သွားစေခဲ့ပါတယ်။
အက္ခရာနှင့် ဘာသာစကား ပြုပြင်ပြောင်းလဲမှု- (၁၉၂၈) ခုနှစ်
တူရကီလူမျိုးတွေရဲ့ နေ့စဉ်ဘဝကို အကြီးမားဆုံး ပြောင္းလဲပစ္လိုက္တ့ဲ အချက်တစ်ခုလည်း ဖြစ်ပါတယ်။ ယခင်က တူရကီစာကို အာရပ်အက္ခရာနဲ့ ရေးခဲ့ရာကနေ အနောက်တိုင်းသုံး လက္တင်အက္ခရာ (A, B, C...) နဲ့ အတင်းပြောင်းရေးခိုင်းခဲ့ပါတယ်။ဒီအချက်က လူထုစာတတ်မြောက္မှုကို မြန်ဆန်စေဖို့နဲ့ အာရပ်ကမ္ဘာရဲ့ ယဉ်ကျေးမှုဩဇာကနေ ခွဲထွက်ပြီး ဥရောပနဲ့ ပိုမိုနီးစပ်သွားစေဖို့ ဖြစ်ပါတယ်။
ဝတ်စားဆင်ယင်မှုနှင့် ဥပဒေရေးရာ ပြောင်းလဲမှု
အာတာတပ်ဟာ လူတွေရဲ့ အတွေးအခေါ်ကို ပြောင်းလဲဖို့ အပြင်ပန်းပုံစံကိုပါ ပြောင်းလဲခဲ့ပါတယ်။ ရိုးရာဝတ်စုံဖြစ်တဲ့ "Fez" (အနီရောင်ဦးထုပ်) ဝတ်ဆင်ခြင်းကို ပိတ်ပင်ခဲ့ပြီး အနောက်တိုင်းစတိုင် ဦးထုပ်တွေပဲ ဝတ်ခိုင်းခဲ့ပါတယ်။ ယခင်က တူရကီမှာ မျိုးရိုးအမည် မရှိကြပါဘူး။ ၁၉၃၄ မှာ လူတိုင်း မျိုးရိုးအမည် တစ်ခုစီ မဖြစ်မနေ ယူခိုင်းခဲ့ပါတယ်။ (သူကိုယ်တိုင်လည်း အရင်က မျိုးရိုးနာမည်မရှိပါဘူး။ ဒါပေမယ့် သူ့ကိုသူ "အာတာတပ်" - တူရကီတို့၏ ဖခင် ဆိုတဲ့ အမည်ကို ယူခဲ့တာပါ)။ အစ္စလမ် ဘာသာရေးဥပဒေ (Sharia) အစား ဆွစ်ဇာလန်နဲ့ အီတလီ ဥပဒေတွေကို အခြေခံတဲ့ ခေတ်မီ တရားမဥပဒေတွေကို အသုံးပြုခဲ့ပါတယ်။
အမျိုးသမီး အခွင့်အရေး
အာတာတပ်ဟာ အမျိုးသမီးတွေကို လူ့အဖွဲ့အစည်းရဲ့ ရှေ့တန်းကို ထုတ်ပေးခဲ့ပါတယ်။၁၉၃၄ ခုနှစ်မှာ တူရကီအမျိုးသမီးတွေကို မဲပေးပိုင်ခွင့်နဲ့ အရွေးချယ်ခံပိုင်ခွင့် ပေးခဲ့ပါတယ်။ဒါဟာ ပြင်သစ်နဲ့ အီတလီတို့လို ဥရောပနိုင်ငံ တချို့ထက်တောင် စောနေတာ ဖြစ်ပါတယ်။ဒီလို လက်ရဲ ဇက်ရဲ ပြုပြင်ပြောင်းလဲမှုတွေကြောင့် တူရကီဟာ ဆယ်စုနှစ်အနည်းငယ်အတွင်းမှာပဲ လုံးဝ ဥရောပဆန်တဲ့ နိုင်ငံတစ်ခု ဖြစ်သွားခဲ့ပါတယ်။ ဒါပေမဲ့ တစ်ဖက္မှာလည်း ရိုးရာဘာသာရေးကို အလေးထားတဲ့ ကျေးလက်လူထုနဲ့ ခေတ်မီလိုတဲ့ မြို့ပြလူတန်းစားကြားမှာ ယဉ်ကျေးမှု ကွဲပြားမှု (Cultural Divide) ကြီး တစ်ခု ပေါ်ပေါက်ခဲ့ပြီး အဲဒီပြဿနာက ဒီနေ့ခေတ် တူရကီနိုင်ငံရေးအထိ သက်ရောက္မှု ပြဿနာက ရှိနေဆဲ ဖြစ်ပါတယ်။ ဒီအချက်က တူရကီအတွက် အာတာတပ္ထားရစ္ခ့ဲတ့ဲ ပြဿနာထုတ်ကြီးတစ်ခုပါပဲ။
ဘာပဲပြောပြော အာတာတပ် ဒီလိုလုပ်နေတာကို အားကျနေတာက အီရန်ရဲ့ ပညာတတ်လူလတ်တန်းစား နိုင်ငံရေးအလွှာပါပဲ။ ဒါကြောင့် အီရန်မှာ ဗိုလ်ချုပ် ရီဇာရှား (Reza Shah) တို့ အာဏာသိမ်းပြီး အာတာတပ်လို လုပ်ဖို့ ကြိုးစားခ့ဲတာပါ။ ၁၉၂၀ ခုနှစ် ကျော်မှာ ရီဇာရှား Reza Shah က အာတာတပ်ကို အတုယူပြီး ဒီလို ပြုပြင်ပြောင်းလဲရေးတွေ လုပ်ဖို့ အတွက် သူ့ကိုသူ အီရန်ဘုရင် ရေဇာရှား ပါလဗီ (Reza Shah Pahlavi) အဖြစ်ကြေ ငြာပါတယ္။ တူရကီက အာတာတပ်ကို သူ့ရဲ့ စံပြပုဂ္ဂိုလ်အဖြစ် သတ်မှတ်ပြီး အီရန်ကို အတင်းအဓမ္မ ခေတ်မီအောင် ပြောင်းလဲဖို့ ကြိုးစားခဲ့ပါတော့တယ္။ ဒီလိုနဲ့ အီရန်မှာ လက်ရှိ နိုင်ငံရေးပြဿနာရဲ့ ကောက်ကြောင်းတွေက ထင်ထင်ရှားရှားပေါ်လာပါတော့တယ်။
တူရကီနဲ့ အီရန် နှိုင်းယှဉ်ချက်
ဘာသာရေးခေါင်းဆောင်များ၏ ဩဇာအာဏာ (Power of Clerics)
ဒါဟာ အီရန်အတွက် အကြီးမားဆုံး အဟန့်အတားပါ။ အာတာတပ်ဟာ တူရကီလွတ်လပ်ရေးတိုက်ပွဲမှာ အမျိုးသားသူရဲကောင်းဖြစ်ခဲ့လို့ ဘာသာရေးခေါင်းဆောင်တွေကို နှိမ်နင်းဖို့ လူထုထောက်ခံမှု အပြည့်ရှိခဲ့ပါတယ်။ ပြီးတော့ တူရကီက ဆွန်နီခေါင်းဆောင်တွေဟာ အစိုးရလက်အောက်ခံ ဖြစ်ခဲ့ကြတာပါ။ အီရန်ရဲ့ ရှီအာ (Shia) ဘာသာရေးခေါင်းဆောင်တွေဟာ ဘုရင်နဲ့ သီးခြား ရပ်တည်ကြပြီး ဘဏ္ဍာရေးအရလည်း လွတ်လပ်ကြပါတယ်။ ရေဇာရှားက သူတို့ကို ဖိနှိပ်ဖို့ ကြိုးစားတဲ့အခါ သူတို့က လူထုနဲ့ ပူးပေါင်းပြီး ဘုရင်ကို "အနောက်တိုင်းရဲ့ ရုပ်သေး" လို့ စွပ်စွဲကာ ပြင်းပြင်းထန်ထန် ပြန်လည် တိုက်ခိုက်ခဲ့ပါတော့တယ္။
စစ်တပ်၏ သဘာဝ (Military Origin)
အာတာတပ်ဟာ တူရကီအော့တိုမန်စစ်တပ်ထဲက ခေတ်မီတဲ့ အရာရှိငယ်တွေနဲ့အတူ တော်လှန်ရေးလုပ်ခဲ့တာပါ။ သူ့မှာ ခေတ်မီတဲ့ အုပ်ချုပ်ရေးယန္တရား အဆင်သင့်ရှိနေပါတယ်။ ရေဇာရှားကတော့ ရုရှားတွေ လေ့ကျင့်ပေးထားတဲ့ Cossack Brigade ထဲက ထွက်လာသူပါ။ သူ အာဏာရလာတဲ့အခါမှာ သူ့ကို အထောက်အပံ့ပေးမယ့် ခေတ်မီပညာတတ် အဖွဲ့အစည်း မရှိသလောက်ပါပဲ။ ဒါကြောင့် သူဟာ ပြုပြင်ပြောင်းလဲရေးအတွက် စစ်တပ်ကိုပဲ အားကိုးပြီး အကြမ်းဖက် ဖိနှိပ် တဲ့ နည်းလမ်းကို သုံးခဲ့ရပါတယ်။
အမျိုးသားရေးဝါဒ (Nationalism)
အာတာတပ်ဟာ "တူရကီလူမျိုး" ဆိုတဲ့ ဂုဏ်သိက္ခာကို မြှင့်တင်ပြီး ခေတ်မီအောင် လုပ်ခဲ့နိုင်ပါတယ်။ဥပမာ- တူရကီစာ ပြောင်းသုံးခြင်းက လူထုကို စည်းရုံးနိုင်ခဲ့ပါတယ်။ရေဇာရှားကလည်း ရှေးဟောင်း ပါရှန်း (Persian) ဂုဏ်သိက္ခာကို ပြန်ဖော်ထုတ်ခဲ့ပေမဲ့ အီရန်မှာက လူမျိုးစုပေါင်းစုံ (အာရပ်၊ ကဒ်၊ လူရီ စသည်ဖြင့်) ရှိနေတာကြောင့် ပါရှန်းဝါဒဟာ လူတိုင်းကို မစည်းရုံးနိုင်ခဲ့ပါဘူး။
နိုင်ငံခြားသားများ၏ စွက်ဖက္မှု (Foreign Interference)
အီရန်ရဲ့ အကြီးမားဆုံး ကံဆိုးမှုကတော့ "ရေနံ" ရှိနေတာပါပဲ။
တူရကီမှာ ရေနံ မရှိတဲ့အတွက် နိုင်ငံခြားအင်အားကြီးတွေက တူရကီရဲ့ ပြည်တွင်းရေးကို အီရန်လောက် စွက်ဖက္မှု မရှိခဲ့ပါဘူး။အီရန်မှာတော့ ဗြိတိန်နဲ့ ရုရှားတို့က ရေနံနဲ့ နယ်မြေအတွက် ရေဇာရှားကို အမြဲတမ်း ဖိအားပေးနေခဲ့ပါတယ်။ နောက်ဆုံးမှာတော့ ဒုတိယကမ္ဘာစစ်အတွင်းမှာ ရေဇာရှားကို ဗြိတိန်နဲ့ ဆိုဗီယက်တို့ကပဲ နန်းချလိုက်ပါတော့တယ်။
စနစ်တည်ဆောက်သူနှင့် ပုဂ္ဂိုလ်ရေးအာဏာတည်ဆောက်သူ
အာတာတပ်ဟာ "စနစ်" (System) တစ်ခုကို တည်ဆောက်ခဲ့ပြီး သူသေသွားတဲ့နောက္မှာတောင် တူရကီဟာ သူ့လမ်းကြောင်းအတိုင်း ဆက်သွားနိုင်ခဲ့ပါတယ်။ ရေဇာရှားကတော့ "ပုဂ္ဂိုလ်ရေး အာဏာ" (Personal Dictatorship) ကိုပဲ တည်ဆောက်ခဲ့လို့ သူနန်းကျသွားတဲ့အခါ သူလုပ်ခဲ့တဲ့ ပြုပြင်ပြောင်းလဲမှု တော်တော်များများဟာ အီရန်လူထုကြားမှာ အမြစ်မတွယ်နိုင်ခဲ့ဘဲ နောက်ပိုင်းမှာ ၁၉၇၉ အစ္စလာမ်မစ် တော်လှန်ရေး ဖြစ်ပေါ်လာဖို့ အစပျိုးပေးသလို ဖြစ်ခဲ့ပါတယ်။
အီရန်နိုင်ငံရဲ့ ခေတ်သစ်သမိုင်းမှာ "ရေနံ" ဟာ ကောင်းချီးတစ်ခုထက် ကျိန်စာတစ်ခုလို ဖြစ်ခဲ့ပါတယ်။ အီရန်ရဲ့ နိုင်ငံရေး၊ တော်လှန်ရေးနဲ့ ဘုရင်စနစ် ပြိုလဲမှုတွေအားလုံးရဲ့ နောက်ကွယ်မှာ ရေနံနဲ့ ဗြိတိန်တို့ရဲ့ အခန်းကဏ္ဍက အဓိကနေရာမှာ ရှိနေပါတယ်။
အီရန်မှာ ရေနံမတွေ့ခင်ကတည်းက ဗြိတိန်စီးပွားရေးသမား ဝီလျံ နောခ့် ဒါစီ ( William Knox D'Arcy) ဟာ အီရန်ဘုရင် ကာဂျာ ရှား (Qajar Shah) ဆီကနေ အီရန်တစ်နိုင်ငံလုံးရဲ့ ရေနံတူးဖော်ခွင့်ကို နှစ်ပေါင်း ၆၀ ကြာ အပိုင်ယူခဲ့ပါတယ်။ ဒါကို အီရန်တွေက ၁၉၀၁ ခုနှစ် ဒါစီ အခွင့်အရေး (The D'Arcy Concession ) လို့ခေါ်ကြပါတယ်။
ဒီစာချုပ်အရ အီရန်အစိုးရဟာ အမြတ်ငွေရဲ့ ၁၆ ရာခိုင်နှုန်း ပဲ ရပြီး ကျန်တာကို ဗြိတိန်က အကုန်ယူပါတယ်။၁၉၀၈ ခုနှစ်မှာ ရေနံကို အမြောက်အမြား တွေ့ရှိတဲ့အခါ ဗြိတိန်အစိုးရက ရှယ်ယာအများစုကို ဝယ်ယူလိုက်ပြီး အင်္ဂလို ပါရှန်း ရေနံကုမ္ပဏီ Anglo-Persian Oil Company (APOC) ကို ထူထောင်ခဲ့ပါတယ်။ ဒါဟာ ဒီနေ့ခေတ် ဗြိတိသျှ ရေနံ BP (British Petroleum) ရဲ့ အစပါပဲ။
ရေဇာရှား (Reza Shah) အာဏာရလာတဲ့အခါမှာ ဗြိတိန်က ရေနံအမြတ်တွေ အဆမတန် ယူနေတာကို မကျေနပ်ပါဘူး။၁၉၃၂ ခုနှစ်မှာ သူက ဒါစီစာချုပ်ကို မီးရှို့ဖျက်ဆီး လိုက်ပြီး စာချုပ်သစ်ချုပ်ဖို့ ဗြိတိန်ကို ဖိအားပေးခဲ့ပါတယ်။ ဒါပေမဲ့ ဗြိတိန်ရဲ့ ရေတပ်အင်အားနဲ့ နိုင်ငံရေးဖိအားကြောင့် အီရန်ဟာ အရင်ထက်စာရင် အခြေအနေ နည်းနည်းလေးပဲ ပိုကောင်းတဲ့ စာချုပ်ကို ပြန်ချုပ်ခဲ့ရပါတယ်။ ဒါဟာ ရေဇာရှားအတွက်တော့ သိက္ခာကျစရာ ဖြစ်ခဲ့ပါတယ်။
ဒုတိယကမ္ဘာစစ် ဖြစ်လာတဲ့အခါမှာ ရေနံဟာ ဗြိတိန်စစ်တပ်အတွက် အသက်သွေးကြော ဖြစ်လာပါတယ်။ ရေဇာရှားဟာ ဂျာမနီနဲ့ နီးစပ်တဲ့ ဆက်ဆံရေးရှိနေတာကြောင့် ဗြိတိန်နဲ့ ဆိုဗီယက်တို့က အီရန်ကို ကျူးကျော်ဝင်ရောက်ခဲ့ပါတယ်။
ရည်ရွယ်ချက်ကတော့ အီရန်ရေနံကို ထိန်းချုပ်ဖို့ နဲ့ ဆိုဗီယက်စစ်တပ်ဆီ လက်နက်ထောက်ပံ့မယ့် လမ်းကြောင်းကို အကာအကွယ်ပေးဖို့ပါ။ နောက်ဆုံးမှာ ရေဇာရှားကို နန်းချပြီး သူ့သားဖြစ်သူ မိုဟာမက္ ရီဇာ ပါလဗီ Mohammad Reza Pahlavi ကို နန်းတင်ခဲ့ပါတယ်။
အီရန်သမိုင်းမှာ အထင်ရှားဆုံးကတော့ ဝန်ကြီးချုပ် မိုဟာမက္ မိုစ်ဆာဒဂျ် ( Mohammad Mossadegh) ရဲ့ အခန်းကဏ္ဍပါ။ မိုဆာဒဂျ် က "အီရန်ရေနံဟာ အီရန်ပြည်သူတွေ ပိုင်ရမယ်" ဆိုပြီး ရေနံလုပ်ငန်းအားလုံးကို ပြည်သူပိုင် (Nationalization) သိမ်းလိုက်ပါတယ်။ဗြိတိန်က ဒါကို လက္မခံဘဲ အီရန်ရေနံကို ကမ္ဘာက မဝယ်အောင် ပိတ်ဆို့မှု (Embargo) လုပ်ပါတော့တယ်။နောက်ဆုံးမှာတော့ ၁၉၅၃ ခုနှစ်မှာ ဗြိတိန် (MI6) နဲ့ အမေရိကန် (CIA) တို့ ပူးပေါင်းပြီး မိုဆာဒဂျ် ကို အိုပရေးရှင်း အေဂျက္စ် (Operation Ajax) နဲ့ အာဏာသိမ်း လိုက်ပါတယ်။
ဒီဖြစ်ရပ်ကြောင့် အီရန်ပြည်သူတွေကြားမှာ "အနောက်နိုင်ငံတွေဟာ ငါတို့ရဲ့ ဒီမိုကရေစီကို ဖျက်ဆီးပြီး ငါတို့သယံဇာတကို ခိုးယူနေသူတွေ" ဆိုတဲ့ အမုန်းတရား ကိန်းအောင်းသွားပါတယ်။ ဒါဟာ ၁၉၇၉ ခုနှစ်မှာ ဖြစ်ပွားခဲ့တဲ့ အစ္စလာမ်မစ် တော်လှန်ရေးရဲ့ အဓိက အကြောင်းရင်းခံတစ်ခု ဖြစ်လာခဲ့တာပါ။
၁၉၅၃ ခုနှစ်၊ ဗြိတိန်နဲ့ အမေရိကန် (CIA/MI6) တို့ ပူးပေါင်းပြီး ဝန်ကြီးချုပ် မိုစ်ဆာဒဂျ်ကို အာဏာသိမ်း လိုက်တဲ့ ဖြစ်စဉ် ဟာ အီရန်ဘုရင် မိုဟာမက္ ရီဇာ ပါလဗီ အတွက်တော့ "အာဏာပြန်ရခြင်း" ဖြစ်ပေမဲ့၊ အီရန်နိုင်ငံအတွက်တော့ "အာဏာရှင်စနစ်ဆီ ပြန်လှည့်သွားခြင်း" ဖြစ်ပါတယ်။ ဒီအာဏာသိမ်းမှုအပြီးမှာ ဘုရင်ရဲ့ အုပ်ချုပ်ရေး ပြောင်းလဲသွားပါတယ်။
အာဏာမသိမ်းခင်က ဘုရင်ဟာ ဖွဲ့စည်းပုံအခြေခံဥပဒေအရ အကန့်အသတ်ရှိတဲ့ (Constitutional Monarch) ဘုရင်တစ်ပါး ဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ ၁၉၅၃ နောက်ပိုင်းမှာတော့ လွှတ်တော် (Majlis) ကို အမည်ခံသက်သက် ဖြစ်အောင် လုပ်လိုက်ပါတယ်။
အစိုးရအဖွဲ့၊ စစ်တပ်နဲ့ တရားရေးဌာနအားလုံးကို ဘုရင်ကပဲ တိုက်ရိုက် ထိန်းချုပ်ထားတဲ့ အကြွင်းမဲ့ အာဏာရှင် (Absolute Monarchy) စနစ်ကို ကျင့်သုံးလာပါတယ်။
ဘုရင်ရဲ့ အာဏာကို ကာကွယ်ဖို့နဲ့ အတိုက်အခံတွေကို နှိမ်နင်းဖို့ အမေရိကန်နဲ့ အစ္စရေးတို့ရဲ့ အကူအညီနဲ့ SAVAK လို့ခေါ်တဲ့ အလွန် ရက်စက်တဲ့ လျှို့ဝှက်ရဲတပ်ဖွဲ့ကို ၁၉၅၇ ခုနှစ်မှာ ဖွဲ့စည်းခဲ့ပါတယ်။ နိုင်ငံရေးသမားများ၊ ကျောင်းသားများ၊ ကွန်မြူနစ်များနဲ့ ဘာသာရေးခေါင်းဆောင်များအပေါ် ထောက်လှမ်းခြင်း၊ ဖမ်းဆီးခြင်း၊ ညှဉ်းပန်းနှိပ်စက်ခြင်းတွေကို ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်ခဲ့ပါတယ်။ ဒါက ပြည်သူတွေကြားမှာ ဘုရင်အပေါ် အကြီးအကျယ် မုန်းတီးမှုကို ဖြစ်ပေါ်စေခဲ့ပါတယ်။
အာဏာသိမ်းမှုမှာ အမေရိကန်က ကူညီခဲ့တာကြောင့် ဘုရင်ဟာ အမေရိကန်ရဲ့ အမာခံမဟာမိတ် ဖြစ်လာခဲ့ပါတယ်။ ရေနံကရတဲ့ ဝင်ငွေအမြောက်အမြားနဲ့ အမေရိကန်ဆီကနေ ခေတ်မီလက်နက်တွေ အများအပြား ဝယ်ယူခဲ့ပါတယ်။ ၁၉၆၀ ပြည့်နှစ်မှာ White Revolution (အဖြူရောင်တော်လှန်ရေး) ဆိုပြီး ဘုရင်ဟာ မြေယာပြုပြင်ပြောင်းလဲရေး၊ ပညာရေးနဲ့ အမျိုးသမီးအခွင့်အရေးတွေကို အတင်းအကျပ် ပြုလုပ်ခဲ့ပါတယ်။ ဒါတွေက အပေါ်ယံကြည့်ရင် ခေတ်မီသလိုရှိပေမဲ့၊ ဘာသာရေးအဖွဲ့အစည်းတွေကို ထိခိုက်စေတဲ့အတွက် အထူးသဖြင့် အာယာတိုလာ ခိုမေနီ (Ayatollah Khomeini) ကဲ့သို့သော ဘာသာရေးခေါင်းဆောင်တွေရဲ့ အကြီးအကျယ် ဆန့်ကျင်မှုကို ခံခဲ့ရပါတယ်။
ဘုရင်ရဲ့ ခေတ်မီရေးလုပ်ငန်းစဉ်တွေ (Modernization) ဟာ ပြည်သူအများစုရဲ့ ယဉ်ကျေးမှုနဲ့ ကိုက်ညီမှုမရှိဘဲ၊ အမေရိကန်ရဲ့ အကျိုးစီးပွားကိုသာ ဦးစားပေးနေတယ်လို့ ပြည်သူတွေက ခံယူလာကြပါတယ်။
ဆင်းရဲချမ်းသာ ကွာဟမှု မြင့်မားလာတာ၊ အကျင့်ပျက်ခြစားမှုများလာတာနဲ့ လွတ်လပ်စွာ ပြောဆိုခွင့်မရှိတာ တို့ကြောင့် ၁၉၇၉ ခုနှစ်မှာတော့ အီရန်ပြည်သူတွေ အလုံးအရင်းနဲ့ ထွက်လာပြီး အစ္စလာမ်မစ် တော်လှန်ရေး နဲ့ ဘုရင်ကို နန်းချကာ အစ္စလာမ်မစ်သမ္မတနိုင်ငံ (Islamic Republic) ကို ထူထောင်ခဲ့ပါတယ်။
ပြောချင်တာက အီရန်စကားမှာ "Mostebed" (မိုစတီးဘဒ်) ဆိုတာ ဖိနှိပ်ချုပ်ချယ်သူ အာဏာရှင် လို့ အဓိပ္ပါယ် ရပါတယ္။ အဲဒီ မိုစတီးဘဒ် တွေက အီရန်ရဲ့ ဒီမိုကရစေီကိုလို ချင္တ့ဲ အုပ်စုမှာရော ဘာသာရေးအုပ်စုမှာပါ ရှိလာပါတယ်။ ဒီတော့ အီရန်ဟာ ဝါဒတ် ညီညွှတ်မှုကို ရလိုက် ပြီးရင် မိုစတီးဘဒ် ဖိနှိပ်သူကို နေရာပေးလိုက်နဲ့ ဖြစ်နေပါတယ်။
ဘုရင် မိုဟာမက္ ရီဇာ ပါလဗီ ဟာ အီရန်ကို ခေတ်မီနိုင်ငံတစ်ခု ဖြစ်အောင္ တည်ဆောက်ချင်ခဲ့သူပါ။ ဒါပေမယ့် သူ့အုပ်ချုပ်ရေးက အာဏာရှိတ့ဲသူတွေက ချမ်းသာလာပြီး သာမန်လူထုက ဆင်းရဲနေပါတယ်။ ဆင်းရဲချမ်းသာ ကွာဟမှု မြင့်မားသွားပါတယ်။ ဒါက အုပ်ချုပ်ရေးစနစ်ထဲမှာ အကျင့္ပျက်ခြစားမှုတွေ ရှိေနတယ္ဆိုတ့ဲ လက္ခဏာပါ။ အကျင့်ပျက်ခြစားမှုက ပွင့်လင်းမြင်သာမှုကို ကြောက်လန့်ပါတယ်။ အဲဒီအခါ လူထုရဲ့ လွတ်လပ်စွာ ပြောဆိုခွင့်ကို အကြောင်းအမျိုးမျိုး ပြပြီး ပိတ်ပင်ပါတော့တယ်။ SAVAK လို့ခေါ်တဲ့ အလွန် ရက်စက်တဲ့ လျှို့ဝှက်ရဲတပ်ဖွဲ့ကို ၁၉၅၇ ခုနှစ်မှာ ဖွဲ့စည်းပြီး နိုင်ငံရေးသမားများ၊ ကျောင်းသားများ၊ ကွန်မြူနစ်များနဲ့ ဘာသာရေးခေါင်းဆောင်များအပေါ် ထောက်လှမ်းခြင်း၊ ဖမ်းဆီးခြင်း၊ ညှဉ်းပန်းနှိပ်စက်ခြင်းတွေကို ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်ခဲ့ပါတယ်။ ဒါက ပြည်သူတွေကြားမှာ ဘုရင်အပေါ် အကြီးအကျယ် မုန်းတီးမှုကို ဖြစ်ပေါ်စေခဲ့ပါတယ်။
သယံဇာတ ကျိမ်စာ ဟာ အီရန်အပေါ်သင့်နေပါတယ်။ ဒါပေမယ့် အဲဒီအချိန်တုန်းက အီရန်ဟာ ရေနံဆီက အကျိုးအမြတ်မခံစားရဘူးဆိုရင် တူရကီက အာတာတပ်အတွက်လည်း သယံဇာတဆိုတာ အားကိုးလောက်စရာ မရှိခ့ဲပါဘူး။ အာတာတပ် စက်ရုံတွေကို လုပ်ငန်းရှင်တွေ အရင်းအနှီးမရှိလို့ မထူထောင်နိူင်ရင် အစိုးရက ငွေစိုက်ပြီး ထူထောင်ပေးပါတယ်။ အာတာတပ်က ငါးနှစ်တာ စီးပွားရေးစီမံကိန်း၊ စက်မှုစီမံကိန်းတွေ ချမှတ်ကာ သကြား၊ အထည်အလိပ်၊ စက္ကူနဲ့ သံမဏိစက်ရုံတွေကို နိုင်ငံအနှံ့ တည်ဆောက်ပါတယ်။ ဒါက ထုတ်ကုန်ကို အခြေ ခံတ့ဲ စက္မှုလူ့ဘောင်တရပ်ကို ဖြစ်ပေါ်စေပါတယ်။ စက်မှုလူ့ဘောင်တစ်ရပ်ဟာ ဒီမိုကရေစီကို သွားဖို့အတွက် အခြေခံအရင်းအမြစ်လည်း ဖြစ်ပါတယ်။ တူရကီက အာတာတပ်ဟာလည်း "(မိုစတီးဘဒ်)" ဖိနှိပ်သူပါပဲ။ ဒါပေမယ့် သူက ဒီမိုကရေစီအတွက် လူမှုအဆောက်အအုံနဲ့ စက္မှုလူ့ဘောင်ကို လမ်းခင်းဖို့အတွက် ဖြစ်လာတ့ဲ မိုစတီးဘဒ် ပါ။ အီရန် ရင္ဆိုင္ရတ့ဲ နိုင်ငံရေးအကြပ်အတည်းမျိုးကို တူရကီကလည်း အနည်းနဲ့အများဆိုသလို ရင္ဆိုင္ခ့ဲရတာပါပဲ။
လက်ရှိမှာတော့ အီရန်ဟာ စိုက်ပျိုးရေးသက်သက် စီးပွားရေးစနစ်က လွတ်မြောက်ပြီး စက်မှုအခြေခံ (Industrial Base) ကို တည္ဆောက္ထားနိုင္တ့ဲ နိုင်ငံဖြစ်နေပါပြီ။ ဒါပေမယ့် စီးပွားရေးဆိုင်ရာ ပြင်ပဖိအားနဲ့ နည်းပညာပိုင်းဆိုင်ရာ ပိတ်ဆို့မှုကြောင့်"ဖွံ့ဖြိုးပြီး စက္မှုနိုင်ငံ" (Developed Industrialized Nation) အဆင့်ကို အပြည့်အဝ မရောက်နိုင်သေးပါဘူး။ စက္မှုလုပ်ငန်းတွေနဲ့ ရုန်းကန် နေရတဲ့ အနေအထားမျိုးမှာ ရှိနေတာပါ။ အီရန်ရဲ့ စက္မှုလုပ်ငန်းကို အစပြုခ့ဲသူတွေက ပါလာဗီမင်းဆက် နှစ်ခုပါပဲ။ ပါလဗီ ခေတ် (The Pahlavi Era) က ၁၉၂၅ ခုနှစ်က နေ ၁၉၇၉ ခုနှစ် အထိ) နှစ်ပေါင်း ၅၄ နှစ္ကြာခ့ဲပါတယ္။ ပါလဗီခေတ်ကာလ စက္မှုလုပ်ငန်းဟာ လူသားအရင်းအမြစ်ကိုပါ တိုးတက်လာစေ တ့ဲ တူရကီလိုတော့မဟုတ္ပါဘူး။ သယံဇာတကိုသာ အခြေ ခံတ့ဲ စက္မှုလုပ်ငန်းပါပဲ။ ထုတ်ကုန်ကို အခြေခံတ့ဲ စက္မှုလုပ်ငန်းနဲ့ သယံဇာတကိုအခြေခံတ့ဲ စက္မှုလုပ်ငန်းက လူသားအရင်းအမြစ်တိုးတက္မှုအပေါ် ကွာခြားပါသေးတယ်။ အယာတိုလာခိုမေနီတို့ ကပင် အခုအချိန်ထိ ကာလမှာတော့ ပါလဗီခေတ်က လည္ပတ္ခ့ဲတ့ဲ စက္မှုလုပ်ငန်းတွေကို ကိုယ့်အားကိုယ်ကိုး ( Self-reliant) ပုံစံမျိုးနဲ့ ထိန္းထိမ္းထားရတ့ဲကာလ တွေပါ။
အီရန်ရဲ့ ခေတ်မှီဖွံ့ဖြိုးရေးဝါဒီတွေနဲ့ ဘာသာရေးအလွှာကြားမှာ အားပြိုင်မှုတွေ ရှိပြီး အဲဒီအချက္ ကပဲ မိုစတီးဘဒ် တွေကို အုပ်စုနှစ်ခုစလုံးမှာ ရှိလာစေပါတယ်။ အီရန်လူထုဟာ ဘယ်လိုအုပ်စုက မိုစတီးဘဒ်ပဲ ဖြစ်ဖြစ် သူ့လက်အောက္မှာ ကြပ်တည်းပိတ်လှောင်မွန်းကြပ်လာရင် ထပြီး ပေါက္ ကွဲတတ္ ပြီး လွတ်လပ်မှုကို တောင္းဆိုကာ အုပ်ချုပ်နေ တ့ဲ မိုစတီးဘဒ်ကို ဖြုတ်ချတတ်ပါတယ်။ ဒါပေမယ့် အဲဒီ အုပ္ချုပ္နေ တ့ဲသူနေရာမှာ မိုစတီးဘဒ် နောက်တမျိုးက ထပ်ပေါ်လာတတ်ပါတယ်။ ပြီးရင် အီရန်လူထုက အနောက်ဒီမိုကရေစီနိုင်ငံတွေရဲ့ စွက်ဖက္မှုကြောင့် သူတို့ရဲ့ လွတ်လပ်ခွင့်တွေ ဆုံးရှုံးတာကိုလည်း နဖူးတွေ့ ဒူးတွေ့ ခံစားထားဖူးသူတွေ ဖြစ်တော့ အနောက်အုပ်စုကိုလည်း မယုံကြပါဘူး။
လက်ရှိမှာတော့ အယာတိုလာ တို့လက်ထက္မှာ အီရန်ဟာ စက်မှုလုပ်ငန်းတွေကို ကိုယ့်အားကိုယ်ကိုး ( Self-reliant) ပုံစံမျိုးနဲ့ ထိန္းထိမ္းထားရတ့ဲ အနေအထားမျိုးဖြစ်လို့ လုံးဝစိုက်ပျိုးရေးကို အခြေ ခံထားရတ့ဲ လူ့အဖွဲ့အစည်းလည်း မဟုတ်တော့ပါဘူး။ စက္မှုလုပ်ငန်းတွေကို ကိုယ့်အားကိုယ်ကိုး ပုံစံနဲ့ လည္ပတ္ ေနရတ့ဲ အခြေအနေက တဖက္မှာ အီရန်ရဲ့ ပညာရေးကို အတိုင်းအတာတစ်ခုထိ မြင့်လာစေ ခ့ဲပါတယ္။ အဲဒီ ပညာရေးကို ရရှိထားတ့ဲ လူငယ်တွေက အယာတိုလာ အုပ်စုတို့ ဖိနှိပ်နေတာကို ပြန်ပြီးဆန့်ကျင့်လာနေ တ့ဲ အချိန်ပါ။ အမေရိကန်နဲ့ အစ္စရေးကလည်း အီရန်ကို တိုက်နေပါပြီ။ အမေရိကန်သမ္မတ ထရန့်က အီရန်ကို အုပ်ချုပ်သူအပြောင်းအလဲ ဖြစ်ရမယ်လို့လည်း ဆိုထားပါတယ်။ ဒီတချိန်မှာ တူရကီက အာတာတပ်လို လူမျိုးနဲ့ အီရန်ရဲ့ ရှိအိုက်အလွှာက သဘောထားအလယ္အလတ္ ရှိတ့ဲ အုပ်စုတွေ အားကောင်းလာရင်တော့ အီရန်လူ့အဖွဲ့အစည်းဟာ သားရွှေအိုးထမ်းကိန်းဖြစ်မှာပါ။ ဒါပေမယ့် ဒီအမြင်ကလည်း မရရောလှတ့ဲ မှန်းဆချက်သာ ဖြစ်ပါတယ်။ တကယ်လို့ သမိုင်းတပတ်ပြန်လည်ရင်တော့ အီရန်ဟာ ပါလဗီ ခေတ်ထဲ ပြန်ရောက်သွားနိုင်ပြီး ခေတ်မှီတိုးတက်ရေးလုပ်ငန်းစဉ်တွေနဲ့ ဘာသာရေးအလွှာကြား ထိပ်တိုက်တိုး ပြဿနာသံသရာထဲ ပြန်ရောက်သွားနိုင်ပါတယ်။
ကိုးကား
https://en.wikipedia.org/wiki/Young_Turks
https://en.wikipedia.org/wiki/Young_Turk_Revolution
https://en.wikipedia.org/wiki/Mustafa_Kemal_Atat%C3%BCrk
https://en.wikipedia.org/wiki/Pahlavi_dynasty
https://en.wikipedia.org/wiki/Iranian_Revolution
Comments
Post a Comment