လက်နက်ကိုင် တပ်ဖွဲ့တစ်ခု၏ တာဝန် နှင့် သစ္စာခံမှု-၇
လက်နက်ကိုင် တပ်ဖွဲ့တစ်ခု၏ တာဝန် နှင့် သစ္စာခံမှု-၇
နေရာမှားသော သစ္စာခံမှု နှင့် မျက်နှာလိုက်ဝါဒ
လက်နက်ကိုင်တပ်ဖွဲ့တစ်ခု၏ တပ်ရင်း တပ်စိတ် သို့မဟုတ် အစိတ်အပိုင်းတရပ်ရပ်တွင် လက်နက်ကိုင်ရခြင်း၏ လူသားစံတန်ဖိုးကို ဦးတည်မနေပါက ထို တပ်ရင်း တပ်စိတ် သို့မဟုတ် အစိတ်အပိုင်းတရပ်ရပ်ထဲ "နေရာမှားသော သစ္စာခံမှု" မှာ ကြိမ်းသေ ရှိနေပြီဖြစ်သည်။ ထိုသို့ရှိနေပါက ထို တပ်ရင်း တပ်စိတ် သို့မဟုတ် အစိတ်အပိုင်းများတွင် အောက်ပါ အင်္ဂါရပ်များဖြစ်ပေါ်လာသည်။
၁။ တပ်ဖွဲ့ဝင်များမှာ ကျင့်ဝတ်၊စံနှုန်းပေါ်တွင် သစ္စာမခံဘဲ မိမိထက် ရာထူးကြီးသူ (မိမိတို့ တပ်စိတ်၏ ခေါင်းဆောင်) ထံတွင်သာ သစ္စာခံပြခြင်း။
၂။ ထိုအခြေအနေကိုပင် ခေါင်းဆောင် ဖြစ်သူကိုယ်တိုင် နှစ်သက် ကြေနပ်နေခြင်း။
စသည့် အင်္ဂါရပ်များ ပေါ်ပေါက်လာတော့သည်။
မျက်နှာလိုက် ဝါဒ (Favoritism)
အဆိုပါ အင်္ဂါရပ် နှစ်ခုကို ခွဲခြမ်းစိတ်ဖြာကြည့်ပါက ထို တပ်ရင်း၊ တပ်စိတ်၊ တပ်စု ထဲတွင် သာမန်တပ်ဖွဲ့ဝင်များနှင့် ခေါင်းဆောင်တို့၌ "မိမိ ကိုယ်ကျိုးစီးပွား သို့မဟုတ် ကိုယ်ကျိုး အမြတ် ကို ဗဟိုပြုမှု" ကို တွေ့ရမည်ဖြစ်သည်။ လက်နက်ကိုင်ခြင်းဆိုသည်မှာ "လူသားဂုဏ်သိက္ခာကို လေးစားမှု နှင့် လူသားတန်ဖိုးကို လေးစားမှုဖြင့် လက်နက်ကိုင်ခြင်းဖြစ်သည်" ဆိုသော ကျင့်ဝတ်၊ စံနှုန်းက ထိုအင်္ဂါရပ် နှစ်ခုအောက်တွင် မြောင်းထဲ ရောက်ကုန်ပြီဖြစ်သည်။ ခေါင်းဆောင်ဖြစ်သူကလည်း မိမိ၏ လက်အောက်ငယ်သားများအား ကျင့်ဝတ်စံနှုန်း အပေါ်တွင်သာ သစ္စာခံရန် မထိန်းကျောင်း၊ လက်အောက်ငယ်သားများကလည်း ကျင့်ဝတ် စံနှုန်းထက် မိမိထက် ရာထူးလုပ်ပိုင်ခွင့်ရှိသူကို ဖားယား ကာ မိမိအတွက်အကျိုးအမြတ်ကိုသာ ရှာရန် ကြိုးစားကြသည်။ နဂိုကပင် လက်နက်ကို ကိုင်ဆောင်ထားသူများဖြစ်၍ သာမန် လူထုထက် မိမိကိုယ်ကို အင်အားရှိသည်ဟု မာန်ဝင်နေသော စိတ်ဘဝင်ကလည်းရှိနေသည်။ ဤ အခြေအနေမျိုးက သာမန်လူထုအတွက် ကျောချမ်းစရာ ဖြစ်လာတော့သည်။ "အဘယ်ကြောင့် ဆိုသော ကျင့်ဝတ်၊ စံနှုန်းကို မျက်ကွယ်ပြုကာ မိမိအကျိုးအမြတ်အတွက် ဦးတည်နေသော လက်နက်ကိုင်ထားသူဟူသည် လူထုအတွက် အချိန်မရွေး အန္တရာယ်ပေးနိုင်ချေ ရှိနေသောကြောင့်ဖြစ်သည်။" ဤသို့ဖြင့် အကျိုးဆက်က
၁။ မျက်နှာလိုက် ဝါဒ (Favoritism) ထွန်းကားလာခြင်း
၂။ ကျင့်ဝတ်၊ စံနှုန်းအပေါ် ယုံကြည်သော တပ်ဖွဲ့ဝင်များ ချောင်ထိုးခံရခြင်း။
၃။ အရည်အချင်းအပေါ် အကဲဖြတ်မှုထက် အဖားကောင်းမှုကသာ နေရာနှင့် လုပ်ပိုင်ခွင့် အတွက် အခွင့်အရေး ဖြစ်လာခြင်း။
၄။ မိမိအတ္တကို ဗဟိုပြုလာသော အခါ ကြီးနိုင်ငယ်ညှင်း ဓလေ့၊ ရာထူးလုပ်ပိုင်ခွင့်ဖြင့် ဆက်ဆံသော ဓလေ့ အားကောင်းလာခြင်း။
၄။ ကျင့်ဝတ်စံနှုန်းအပေါ် ဖောက်ဖျက်နေမှု (misconduct) များကို ဖော်ထုတ်ရန် ပျက်ကွက်ခြင်း၊ အခွင့်မသာခြင်း။
၅။ ကျင့်ဝတ်စံနှုန်း ဖောက်ဖျက္မှုများကို ဖော်ထုတ်သူများ၊ ကျင့်ဝတ်စံနှုန်းကို တောင်းဆိုသူ (Whistleblower) များအား မတရားအာဏာပြ နှိပ်ကွပ်မှု (Retaliation) အလေ့အထ အားကောင်းလာခြင်း။
စသည့် အချက္များ ဖြစ်ပေါ်လာတော့သည်။
ဤအကျိုးဆက္များက အရပ်ဘက်- စစ်ဘက် ဆက်ဆံရေးကို ဆိုးဝါးစွာ ထိခိုက်စေတော့သည်။
အရပ်ဘက္မှ ဖော်ထုတ်မှု အပေါ် လက်တုန့်ပြန်ခြင်း
လက်နက်ကိုင် တပ်ဖွဲ့ တစ်ခုတွင် တပ်ဖွဲ့ဝင်များသည် ကျင့်ဝတ်စံနှုန်း ဖောက်ဖျက္မှုများရှိနေပါက ထိုအချက္များကို ဖော်ထုတ်ရန် တာဝန်မှာ တပ်ဖွဲ့ဝင်များတွင် ရှိသလို ပြည်သူတွင်လည်းရှိသည်။ လက်နက်ကိုင် တပ်ဖွဲ့ဝင်များ ကျင့်ဝတ်စံနှုန်းကို သွယ်ဖယ်နေပါက ကျင့်ဝတ်စံနှုန်းအတိုင်း ပြုမှုရန် ပြည်သူတွင်လည်း တောင်းဆိုခွင့်ရှိသည်။ ပြည်သူ သည် မိမိအား ကာကွယ်ရန် ကတိကဝတ်ပြုထားသော လက်နက်ကိုင်တပ်ဖွဲ့၏ ကျင့်ဝတ်စံနှုန်း ပျက်ယွင်းမှုများကို ဖော်ထုတ်သူ (Whistleblower) အဖြစ် ရပ်တည်ခွင့်လည်းရှိသည်။ သို့သော် နေရာမှားသော သစ္စာခံမှု အလေ့အထ အားကောင်းနေပါက ထိုသို့ ဖော်ထုတ်ပေးသည့် Whistleblower များကို မတရားအာဏာပြ နှိပ်ကွပ်မှု (Retaliation) က ပြုလာတော့သည်။ တပ်ဖွဲ့ဝင်မဟုတ်သော အရပ်ဘက္မှ (Whistleblower) များကို လက်တုန့်ပြန်ပုံများတွင်
၁။ ဖော်ထုတ်သူအား အုပ်စုဖွဲ့ တိုက်ခိုက်ခြင်း၊ ဝန်မခံဘဲ ငြင်းဆိုခြင်း။
၂။ ဖော်ထုတ်သူအား ပြည်သူဘက္မှာ နားလည်မှုလွဲရန် သတင်းမှားများဖြင့် ထိုးနှက် တိုက်ခိုက်ခြင်း။
၃။ ခြိမ်းခြောက်ခြင်း၊ လက်စဖျောက်ခြင်း၊ ဖမ်းဆီးခြင်း။
၄။ အနုနည်းဖြင့် ပြန်လည် ဆွဲဆောင်ခြင်း၊ မက္လုံးပေးခြင်း။
စသည့်အချက္များ ပါဝင်ပါသည်။
အတွင်းစည်းမှ ဖော်ထုတ်သူများအား လက်တုန့်ပြန်ခြင်း
တပ်ကြပ်ကြီးချုပ် ဒေးဗစ် အာရ်ချဒ်ဘန်း ( Master Sgt. David R. Chadburn) က "နေရာမှားသော သစ္စာခံမှု" ကြောင့် ဖြစ်လာသော ပြဿနာများကို အမေရိကန် စစ်ဘက်၏ နာမည်ကျော် အဆင့်မြင့် တပ်ကြပ်ကြီးချုပ် လေ့ကျင့်ရေးသင်တန်း (Sergeants Major Course) တွင် အောက်ပါအတိုင်း လက်ချာ ပေးထားပါသည်။
လက်နက်ကိုင် တပ်ဖွဲ့တစ်ခု၏ "သစ္စာစောင့်သိမှု" (Loyalty) ဆိုင်ရာ အဓိပ္ပာယ်ဖွင့်ဆိုချက္မှာ မွန်မြတ်သည်ဟု ထင်စရာရှိသည်။ သို့သော် ထို မွန်မြတ်မှုကိုပင် အဓိပ္ပာယ်ကောက်ယူရန် လွဲမှားနိုင်မှုက ရှိနေပါသည်။ အမေရိကန်တွင် လက်နက်ကိုင် တပ်ဖွဲ့ဝင်များမှာ အမေရိကန်ပြည်ထောင်စု ဖွဲ့စည်းပုံအခြေခံဥပဒေ၊ တပ်မတော်၊ မိမိတို့၏ တပ်ဖွဲ့နှင့် အခြားသော စစ်သည်များအပေါ် သစ္စာစောင့်သိကြရမည်ဟု ပြဋ္ဌာန်းထားသည်။ သို့သော် ဤကဲ့သို့ အရပ်ဘက် စစ်ဘက် ဆက်ဆံရေး၊ ဒီမိုကရေစီ၊ လွတ်လပ်ခွင့်နှင့် စစ်ဘက်ဆိုင်ရာ စံနှုန်းများကြား ချည်နှောင်ထားသော အင်စတီကျူးရှင်းဆိုင်ရာ ကတိကဝတ်များအား အသေးစိတ်မရေးဘဲ အနှစ်ချုပ်လျှက် " ဖွဲ့စည်းပုံအခြေခံဥပဒေ၊ တပ်မတော်၊ မိမိတို့၏ တပ်ဖွဲ့နှင့် အခြားသော စစ်သည်များအပေါ် သစ္စာစောင့်သိကြရမည်" ဟု တိကျရေရာမှုမရှိသော အဓိပ္ပာယ်ဖွင့်ဆိုချက်ကြောင့် တပ်ဖွဲ့ဝင်များတွင် သစ္စာစောင့်သိမှုကို တလွဲတချော်သဘောပေါက်၍ နေရာလွဲမှားစွာ ကျင့်သုံးမိကြတော့သည်။
နေရာမှားသော သစ္စာခံမှု (Misplaced Loyalty) ဆိုသည်မှာ တပ်ဖွဲ့ဝင်များအနေဖြင့် မိမိတို့ လက်နက်ကိုင်တပ်ဖွဲ့၏ မြင့်မြတ်သော တာဝန်ဝတ္တရားများနှင့် တန်ဖိုးထားမှုများကို ဘေးဖယ်ကာ တစ်ဦးတစ်ယောက်ချင်းအပေါ် သစ္စာစောင့်သိမှုကို ပို၍ ဦးစားပေးမိခြင်း ဖြစ်သည်။ ဤသို့ဖြစ်လာပါက မျက်နှာလိုက်ခြင်း၊ အကျင့်ပျက်ခြစားမှုများကို သတင်းမပို့ခြင်းနှင့် အမှားကို ထောက်ပြသူများ (Whistleblowers) အပေါ် လက်စားချေခြင်း စသည့် ကျင့်ဝတ်ဖောက်ဖျက္မှုများကို ဖြစ်ပေါ်လာတော့သည်။
ခေါင်းဆောင်တစ်ဦးချင်းစီ သို့မဟုတ် အခြားတပ်ဖွဲ့ဝင်များအပေါ် သစ္စာစောင့်သိနေခြင်းသည် အကျင့်ပျက်ခြစားမှုများကို သတင်းပို့ရန် တားဆီးထားသကဲ့သို့ ဖြစ်နေတတ်သည်။ ထိုသို့ သတင်းမပို့ခြင်း သို့မဟုတ် လျစ်လျူရှုခြင်းသည် နေရာမှားသော သစ္စာခံမှု၏ ဆိုးကျိုးတစ်ခုပင် ဖြစ်သည်။
အရာခံဗိုလ်များ (NCOs) နှင့် အထက်အရာရှိများသည် ဖြစ်ရပ်များကို ဖုံးကွယ်ပေးခြင်းဖြင့် တစ်ဦးကိုတစ်ဦး ကာကွယ်ပေးလေ့ရှိကြောင်း စစ်ဘက်ဆိုင်ရာဌာန က ဖော်ထုတ်ထားသည်။ ဤသို့ ကျင့်ဝတ်ဖောက်ဖျက္မှုများအပေါ် အပြန်အလှန် အကာအကွယ်ပေးမှုများက လက်နက်ကိုင်တပ်ဖွဲ့အတွင်း " လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်မှုနှင့် စော်ကားမှု ဖြစ်စဉ်များ"၊ " ကျင့်ဝတ်စံနှုန်းနှင့် သွယ်ဖယ်နေသော လုပ်ရပ်များ" ကို သတင်းပို့မှု နည်းပါးသွားစေသည်။ အခြားဥပမာတစ်ခုမှာ တပ်စုမှူး (Platoon leader) က အရက္မူးနေသော တပ်စုတပ်ကြပ်ကြီး (Platoon sergeant) ကို အကာအကွယ်ပေးသည့်အနေဖြင့် ကိုယ်လက်လေ့ကျင့်ခန်း မလုပ်ဘဲ အနားယူစေကာ အမှားကို ဖုံးကွယ်ပေးခြင်းမျိုး ဖြစ်သည်။ နေရာမှားသော သစ္စာခံမှုကြောင့် အမှားကို သတင်းမပို့ဘဲနေခြင်းမှာ အဖွဲ့အစည်းကို ပျက်စီးစေတော့သည်။
ထို့ပြင် နေရာမှားသော သစ္စာခံမှုသည် လက်စားချေမှုများကို ဖြစ်စေပြီး ယုံကြည်မှုနှင့် စည်းလုံးညီညွတ်မှုကို ပိုမိုယိုယွင်းပျက်စီးစေသည်။ အပြစ်ရှိသော လုပ်ဖော်ကိုင်ဖက် သို့မဟုတ် အပြစ်ရှိသော ခေါင်းဆောင်အပေါ် သစ္စာစောင့်သိလွန်းခြင်းကြောင့် အမှန်တရားကို ထောက်ပြသူများအပေါ် လက်စားချေ တိုက်ခိုက်ခြင်းများ ပြုလုပ်တတ်ကြသည်။
လက်စားချေခြင်းကို အဓိကအားဖြင့် အုပ်စုနှစ်စု ခွဲခြားနိုင်သည်။
ပထမ တမျိုးမှာ လူမှုရေးအရ လက်စားချေခြင်း (Social retaliation) ဖြစ်သည်။ အမှန်တရားကို ဖော်ထုတ်သော တပ်ဖွဲ့ဝင်အား ဝိုင်းပယ်ခြင်း၊ နှောင့်ယှက်ခြင်းနှင့် လုပ်ဖော်ကိုင်ဖက္များက အပြစ်တင်ခြင်း စသည့် ပုံစံကို ကျင့်သုံးကြသည်။
ဒုတိယ တမျိုးမှာ သက္မွေးဝမ်းကျောင်းအရ လက်စားချေခြင်း (Professional retaliation) ဖြစ်သည်။ အမှန်တရားကို ဖော်ထုတ်သော တပ်ဖွဲ့ဝင်၏ အခွင့်အရေးများ ရုပ်သိမ်းခြင်း၊ ရာထူးတိုး သို့မဟုတ် သင်တန်းများ ပိတ်ပင်ခြင်းနှင့် မကောင်းသော နေရာများသို့ ပြောင်းရွှေ့ခြင်း စသည့် ပုံစံများ ဖြစ်သည်။
ဥပမာအားဖြင့် - တပ်စုခေါင်းဆောင်၏ လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက္မှု (သို့မဟုတ်) ကျင့်ဝတ် စံနှုန်းနှင့် မညီသော လုပ်ရပ် ကို သတင်းပို့သည့် တပ်ဖွဲ့ဝင် တစ်ဦးအား အခြားတပ်ဖွဲ့ဝင်များက ဝိုင်းဝန်းအပြစ်တင်ခြင်းသည် နေရာမှားသော သစ္စာခံမှုကြောင့် ဖြစ်ရသည့် လက်စားချေမှုပင် ဖြစ်သည်။ လက်နက်ကိုင် တပ်ဖွဲ့တစ်ခု၌ သစ္စာခံမှုတွင်ပင် ဤကဲ့သို့သော "မှောင်မိုက်သော အခြမ်း" (Shadow side) မျိုးကရှိတတ်သည်ပင်။ ဤ အချက်များ လက်နက်ကိုင် တပ်ဖွဲ့ အပေါ် ဆိုးရွားစွာ သက်ရောက္မှုရှိစေသည်။
"ကြံခိုင်မှုတွင် ကျင့်ဝတ်လည်း ပါရသည်"
“လက်နက်ကိုင် တပ်ဖွဲ့ဝင်များအား ကြံ့ခိုင်မှုကို မြှင့်တင်ပေးသော သင်တန်းများတွင်ပင် တပ်ဖွဲ့ဝင်တစ်ဦးအတွက် အဓိကထားရမည့် ကျင့်ဝတ်တန်ဖိုးများနှင့် ပတ်သက်သော လက်တွေ့လေ့ကျင့်ခန်းတွင် ပါဝင်ရမည်ဖြစ်သည္။ လက်နက်ကိုင်တပ်ဖွဲ့ တစ်ခု၏ မူလ ကျင့်ဝတ်တန်ဖိုးများအပေါ် ဘက်စုံလေ့ကျင့်သင်ကြားပေးခြင်းက "ကျင့်ဝတ်နှင့်ညီညွတ်သော စစ်မှုထမ်းခြင်း"၏ အခြေခံအုတ်မြစ်ကို တည်ဆောက်ရန်တွင္ မရှိမဖြစ်လိုအပ်ချက္ဖြစ်သည်။ ကြံခိုင်မှုသင်တန္းများသည် တပ်ဖွဲ့ဝင်တစ်ယောက္အတွက် တိုက်ခိုက်ရေးစွမ်းရည်များကို အထောက်အကူပြုရန် သက်သက္မျှသာ မဟုတ်ဘဲ " သစ္စာစောင့်သိမှု၏ စစ်မှန်သောအဓိပ္ပာယ်"ကို တပ်ဖွဲ့ဝင္များ နားလည်သဘောပေါက်စေရန် ကူညီပေးရမည့် သင်တန်းများလည်း ဖြစ်သည်။
ဆက်ရန်
အပိုင်း (၁)
https://burmese.bnanews.net/articles/16546/
အပိုင်း (၂)
https://burmese.bnanews.net/news/16991/
အပိုင်း (၃)
https://burmese.bnanews.net/articles/18026/
အပိုင်း (၄)
https://burmese.bnanews.net/articles/18108/
အပိုင်း (၅)
https://burmese.bnanews.net/articles/26402/
အပိုင်း (၆)
https://burmese.bnanews.net/articles/26931/
ကိုးကား
https://www.armyupress.army.mil/Journals/NCO-Journal/Archives/2024/August/The-Shadow-Side-of-Loyalty/hl/en-GB/
Comments
Post a Comment