နီပေါ၏ ပါဝါဝဲဩဃကြား ဘက်ခွခြင်း

 နီပေါ၏ ပါဝါဝဲဩဃကြား ဘက်ခွခြင်း


နီပေါနိုင်ငံသည်  တရုတ်၊ အိန္ဒိယ၊ အမေရိကန် ကြားတွင်  "ကျောက်တုံးနှစ်ခုကြားက သစ်ဥသစ်ဖု" (A Yam between two boulders) ဟု တင်စားခံရသော ပထဝီနိုင်ငံရေးအရ အချက်အချာကျသော နိုင်ငံဖြစ်သည်။ အဆိုပါနိုင်ငံကြီး (၃) ခုစလုံးက နီပေါ၌  ဩဇာလွှမ်းမိုးရန် နယ်ပယ်အသီးသီးတွင် ရင်းနှီးမြှုပ်နှံမှုများ အပြိုင်အဆိုင် လုပ်နေကြသည်။ 


အိန္ဒိယနိုင်ငံမှာ နီပေါအတွက် အစဉ်အလာအရ ရိုးရာအင်အားကြီးနိုင်ငံ (Traditional Power) ဖြစ်သည်။ အိန္ဒိယနှင့် နီပေါ ကြားတွင် ယဉ်ကျေးမှု၊ ဘာသာရေး၊ လမ်းပန်းဆက်သွယ်ရေး စသည်နယ်ပါယ်အသီးသီးတွင် အနီးစပ်ဆုံးဖြစ်ပြီး နီပေါ၏ အကြီးဆုံး ကုန်သွယ်ဖက်လည်း ဖြစ်သည်။ အိန္ဒိယ ဘက်က နီပေါတွင် ရေအားလျှပ်စစ် (Hydropower) ပိုင်းတွင် အဓိက ရင်းနှီးမြှုပ်နှံထားသည်။ အာရန် သရီး (Arun-III) ေရအားလျှပ်စစ်စီမံကိန္းက့ဲသို့  အကြီးစားစီမံကိန်းများတွင် အိန္ဒိယသည် ဒေါ်လာသန်းပေါင်းများစွာ ရင်းနှီးထားသည်။ နီပေါမှထွက်သော  လျှပ်စစ်ကို အိန္ဒိယက ပြန်ဝယ်ယူရန် သဘောတူညီချက္များ ရှိသည်။  နီပေါ-အိန္ဒိယ နယ်စပ်တွင် ကုန်စည်စီးဆင်းမှု လွယ်ကူစေရန် ရထားလမ်းများ၊ စစ်ဆေးရေးဂိတ် (Integrated Check Posts) များနှင့်  လောင်စာဆီပိုက်လိုင်းစသည့် ဆက်သွယ်ရေးလမ်းကြောင်းများ ကို အိန္ဒိယ ဘက်က တည်ဆောက်ပေးထားသည်။  ဗုဒ္ဓဘာသာ၊ ဟိန္ဒူဘာသာ စသည့် ဘာသာရးဆိုင်ရာ  ဘုရားဖူးလမ်းကြောင်း(Religious Circuits) စသည့် ဘာသာရေးနှင့် ခရီးသွားလာရေး နယ်ပါယ်များတွင် အိန္ဒိယက အဓိက ကူညီရင်းနှီးပေးထားသည်။ 


တရုတ်နိုင်ငံ (China)မှာ နီပေါအတွက်ပင်မဟုတ်၊ ကမ္ဘာကြီးတစ်ခုလုံးအတွက်လည်း အသစ်ထွက်ပေါ်လာသည့် အင်အား (Emerging Power) ဖြစ်သည်။ နီပေါက့ဲသို့ နိုင်ငံအတွက်ဆိုလျှင် တရုတ်နှင့် အိမ်နီးချင်းဖြစ်နေ၍ တရုတ်၏ ပါဝါ၏ ရိုက်ခတ်မှုကို သိသိသာသာခံရသည်။ တရုတ်၏ ခါးပတ်လမ်း စီမံကိန်း ( Belt and Road Initiative (BRI)) မှတဆင့် နီပေါတွင် တရုတ်၏ ဩဇာလွမ်းမိုးမှုအတွက် အကြီးအကျယ် ခြေကုပ်ယူရန် ကြိုးစားနေသည်။ ပိုခါရာ (Pokhara) နိုင်ငံတကာလေဆိပ်နှင့် ဂေါတမဗုဒ္ဓ လေဆိပ်စီမံကိန်းစသည့် အခြေခံအဆောက်အအုံ (Infrastructure) များတည်ဆောက်ရေးတွင် တရုတ်က နီပေါအား ငွေချေးပေးထားသည်။ ထိုပြင် တရုတ်-နီပေါ နယ်စပ်လမ်းမကြီးများကိုလည်း တရုတ်ဘက်က အဆင့်မြှင့်တင်နေသည်။ ဟိမဝန္တာဖြတ်ကျော် ရထားလမ်း (Trans-Himalayan Railway) မှာ  တိဗက် လာဆာ (Lhasa)မှ  နီပေါ၏ ခေတ္တမန္ဒူ (Kathmandu) အထိ တောင်တန်းများကို ဖြတ်ဖောက္မည့် ရထားလမ်းစီမံကိန်းဖြစ်ပြီး ထိုရထားလမ်းမှာ  တရုတ်၏ တောင်အာရှ ဩဇာကွန်ရက်ကို ဖြန့်ကျက္မည့် အကြီးမားဆုံးနှင့်  ရည်မှန်းချက်အကြီးဆုံး ရင်းနှီးမြှုပ်နှံမှုဖြစ်လာမည် ဖြစ်သည်။ 


နီပေါ၌ အိန္ဒိယ နှင့် တရုတ်ကြား ထိပ်တိုက်တွေ့ကြသော နယ်ပါယ်မှာ ဆက်သွယ်ရေး နယ်ပါယ်ဖြစ်သည်။နီပေါ၏ အင်တာနက် လိုင်းအများစုမှာ ယခင်က အိန္ဒိယထံမှ လာခဲ့သော်လည်း အခုနောက်ပိုင်း တရုတ်အင်တာနက် ကေဘယ်ကြိုးများက တိဗက်ဘက်ကနေတစ်ဆင့် သွယ်တန်း၍ ရင်းနှီး မြုပ်နှံပေးထားသည်။ 


အမေရိကန်ပြည်ထောင်စု (USA) နှင့် တရုတ်သည် ယခု အချိန်၌ နယ်ပါယ်အသီးသီးတွင် ယှဉ်ပြိုင်နေသည်။ တရုတ်ဘက်က ဆင်းရဲသော နိုင်ငံငယ်များ၏ အခြေခံအဆောက်အအုံ တည်ဆောက်ရေး လုပ်ငန်းများတွင် ထဲထဲဝင်ဝင်ပါဝင်လာကာ ငွေကြေးအရင်းအနှီးအား ချေးငွေစနစ်ဖြင့် ဩဇာထူထောင်နေမှုအား တန်ပြန်ရန် အမေရိကန်ဘက္မှ  ဖွံ့ဖြိုးရေးနှင့်တန်ပြန်မဟာ ဗျူဟာကို ခင်းကျင်းလာသည်။ နီပေါနှင့် ပတ္သက်၍ အမေရိကန်အတွက် ဦးတည်ချက္မှာ  တရုတ်၏ BRI ကို တန်ပြန်ရန်နှင့် နီပေါ၏ ဒီမိုကရေစီ ယန္တရားကို ထိန်းကျောင်းရန် အတွက် ရင်းနှီးမြှုပ်နှံမှုများကို လုပ်ဆောင်လာသည်။ MCC (Millennium Challenge Corporation) က့ဲသို့  ဒေါ်လာ သန်း ၅၀၀ တန်ဖိုးရှိသော ထောက်ပံ့ငွေများဖြင့် နီပေါတွင် လျှပ်စစ်ဓာတ်အားလိုင်း (Transmission Lines) ၊ လမ်းပိုင်းဆိုင်ရာများတွင် အဆင့်မြှင့်ရန် လုပ္ဆောင္လာခ့ဲသည္။ MCC စီမံကိန်းက နီပေါသမိုင်းတွင် အမေရိကန်၏ အကြီးဆုံး ရင်းနှီးမြှုပ်နှံမှု ဖြစ်လာခ့ဲသည်။ လူသားချင်းစာနာမှုနှင့် ကျန်းမာရေး နယ်ပါယ်များတွင် USAID မှတဆင့် နီပေါအတွက်  ကျန်းမာရေး၊ ပညာရေး၊ သဘာဝဘေးအန္တရာယ် ကာကွယ်ရေးလုပ်ငန်းများတွင်  နှစ်ပေါင်းများစွာကပင် ရင်းနှီးမြှုပ်နှံပေးထားမှုများရှိသည်။


ထိုက့ဲသို့ စူပါပါဝါများ၏ ရင်းနှီးမြှုပ်နှံမှုတွေကြားတွင် နီပေါအနေဖြင့် မည်သည့်နိုင်ငံဘက်ကိုမှ တဖက်သပ်မရပ်ရဲဘဲ "ဘက်ခွခြင်း (Hedging) ဗျူဟာ" ကို ကျင့်သုံးကာ အကျိုးအမြတ်ရရန် ကြိုးစားနေရသည်။  မည်မျှပင် ဘက်ခွနေပါစေ... စူပါပါဝါဟူသည် ကိုယ်ကသာ တဘက်လူကို လူပါးဝ လူလည်ကျမည်၊ ကိုယ့်ကို တဖက်လူက လူပါးဝ လူလည်ကျမှုကို သည်းခံမည်မဟုတ်ပေ။ သို့ဖြစ်၍ နီပေါရှိ အမေရိကန်၏  MCC ကိစ္စ အပေါ် တရုတ်ဘက်က ကန့်ကွက်သည်။ တရုတ်၏ BRI ကိစ္စကို အိန္ဒိယဘက်က  စိုးရိမ်စိတ် သံသယက အမြဲရှိနေသည်။


နီပေါတွင် တရုတ်၊ အိန္ဒိယ၊ အမေရိကန် ပါဝါသုံးခု ထိပ္တိုက္တိုးခ့ဲမှုက အမေရိကန်၏  MCC (Millennium Challenge Corporation) နှင့် SPP (State Partnership Program) စသည့် စီမံကိန်းများတွင် ပို၍ ထင္သာမြင်သာရှိခ့ဲပ​ြီး နီပေါ၏ နိုင်ငံတွင်းတည်ငြိမ်မှုနှင့် သံတမန် ရေးပေါ်တွက် လှုပ္ခတ္ သွားခ့ဲသည္။


အမေရိကန် စီမံကိန်းများနှင့် နီပေါနိုင်ငံရေး ဇတ်ကောင်တစ်ဦး


အမေရိကန် စီမံကိန်းများနှင့် ပတ်သက်၍ တရုတ်၊ အိန္ဒိယ တို့ထံမှ ဖိအားကို ရင္ဆိုင္ခ့ဲရသူမှာ ထိုအချိန်က ဝန်ကြီးချုပ် ရှာ ဘာဟာဒူး ဒူဘာ (Sher Bahadur Deuba) ဖြစ်သည်။ MCC စာချုပ်အား နီပေါအစိုးရဘက်မှ ၂၀၁၇ ခုနှစ်တွင် လက္မှတ်ရေးထိုးခဲ့သည်။ ၂၀၂၀ ခုနှစ်တွင် နီပေါကွန်မြူနစ်ပါတီအတွင်း သဘောထားကွဲလွဲမှုများ ဖြစ်ပေါ်ခ့ဲသည္။ ထိုသဘောထားကွဲလွဲမှုထဲတွင်  MCC စီမံကိန်းသည်လည်း နိုင်ငံရေးအရ အကြီးအကျယ် ငြင်းခုံစရာ ဖြစ်လာခ့ဲသည္။ MCC စီမံကိန်းအား  လွှတ်တော်တွင် အတည်ပြုရန် ကြိုးစားလာသော အခါပြင်းပြင်းထန်ထန် ကန့်ကွက်ခံလာရတော့သည်။ 


ဝန်ကြီးချုပ် ရှာ ဘာဟာဒူး ဒူဘာ (Sher Bahadur Deuba)က  နီပေါကွန်ဂရက်ပါတီ (Nepali Congress) ၏ ခေါင်းဆောင်တစ်ဦးဖြစ်သည်။ သူက MCC စီမံကိန်းအား လွှတ်တော်တွင် အတည်ပြုနိုင်ရန် အဓိက တွန်းအားပေးခဲ့သူ ဖြစ်သည်။ ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလတွင် ပြည်တွင်းကန့်ကွက္မှုများ  ပြင်းထန်နေသည့်ကြားမှ သူ့၏ ညွန့်ပေါင်းအစိုးရအဖွဲ့က MCC စီမံကိန်းအား လွှတ်တော်တွင် အတည်ပြုနိုင်အောင် လုပ္ဆောင္နိုင္ခ့ဲသည္။ 


ဘာကြောင့် အမေရိကန်၏ MCC စီမံကိန်းနှင့် SPP စီမံကိန်းကို ကန့်ကွက်ကြတာလဲ။


ပထမ တချက်က  တရုတ်နှင့် အမေရိကန်ကြား တင်းမာမှု ကြောင့် ဖြစ်သည်။ ထိုကာလများက တရုတ်နှင့် အမေရိကန်ကြား ကမ္ဘာလုံးဆိုင်ရာ ယှဉ်ပြိုင်မှု ("Global Rivalry") က ပို၍ ပြင်းထန်နေချိန် ဖြစ်သည်။ နီပေါ လူထု၏ နိုင်ငံရေးရေချိန်တွင် ခံစားချက် တစ်ခုရှိသည်။ ထိုခံစားချက္မှာ နီပေါဟူသည် အိန္ဒိယနှင့် တရုတ်ကြားတွင် ညှပ်နေသော နိုင်ငံငယ်တစ်ခုဖြစ်သည်။ ထိုစူပါပါဝါ နှစ်ခု ရန်ဖြစ်ကြလျှင် အလိုလိုနေရင်း နီပေါမှာ ဖွဖွကြေသွားနိုင်သည် ဟူသော ခံစားချက်ဖြစ်သည်။ ထိုခံစားချက်က ပါဝါကြီးများ၏ အားပြိုင်မှုကြားမှ လွတ်အောင်နေခြင်းသည် နီပေါ၏ အကျိုးစီးပွားဖြစ်သည်ဟူသော အမြင်ကို ဖြစ်လာစေသည်။ ထိုအမြင်က MCC နှင့် SPP ကိစ္စတွင် " အမေရိကန်နှင့် တရုတ်ကြားတွင် ညှပ်သွားနိုင်သည်" ဟူသော အမြင်ကို ထပ်ဖြစ်လာစေသည်။


ဒုတိယ အချက်က နိုင်ငံရေးညစ်ပတ်မှု ကြောင့်ဖြစ်သည်။ စူပါပါဝါများကြားတွင် ညှပ်နေမည့်ကိစ္စအား နီပေါလူထု မလိုလားသော ကိစ္စမှာ လူထု၏ သမရိုးကျ နိုင်ငံရေး ဆန္ဒသာ ဖြစ်သည်။ ထိုသမရိုးကျ အမြင်တွင် သူ့အကြောင်းအကျိုးနဲ့သူ ကိုက်ညီမှုက ရှိသည်။ သို့သော် ၂၀၂၂ ခုနှစ်သည်  နီပေါ၌ ရွေးကောက်ပွဲ နီးကပ်လာသော အချိန်ဖြစ်နေသည်။ ထိုအခါ နိုင်ငံရေးပါတီများက နီပေါ လူထု၏ "စူပါပါဝါများကြားတွင် ညှပ်နေမည် ကို မလိုလား" သော အချက်အပေါ်တွင် ကုလားဖန်ထိုးကာ "အချုပ်အခြာအာဏာကို ကာကွယ်ရန် လိုသည်" ဆိုသော အချက္ဖြင့် အာဏာရပါတီအား ထိုးနှက်ကာ လူထု၏ လက်ခုတ်သံကို ခြူကြတော့သည်။ အာဏာရပါတီတွင်လည်း လာဘ်စားခြစားမှုများရှိနေသည်။


ညစ်လုံးအကွက္များ


MCC က့ဲသို့ နှစ်ရှည် နိုင်ငံခြားရင်းနှီးမြုပ်နှံမှု စီမံကိန်းများတွင် ရေရှည်တည်ဆောက်ရေးစီမံကိန်းများအတွက် လုပ်ငန်းစဉ် အဆင့်ဆင့်များ ပါရှိသည်။ အချို့လုပ်ငန်းစဉ်အဆင့်များတွင္ အပြောင်းအလှဲ လုပ်ပေး၍ မရသော အချက္များရှိသည်။ ဆိုလိုချင်သည်က ရှေ့ကအစိုးရတဖွဲ့ လုပ်သွားသည့် အချက်ကို နောက်အစိုးရ ဆက်လက်၍ အကောင်အထည်ဖော်ရမည့် အချက္များရှိသည်။ နောက်အစိုးက ပြန်လည်ပြုပြင် ပြောင်းလဲနိုင်သော အချက္များလည်းရှိသည်။ ထိုပြင် ငွေကြေးအရင်းအနှီးစိုက်ထုတ်ပေးသော နိုင်ငံ၏ ဥပဒေ သက်ရောက်နေသော အပိုင်းလည်းရှိသည်။ စီမံကိန်းကို လက်ခံ အကောင်အထည်ဖော်မည့် နိုင်ငံ၏ ဥပဒေသက်ရောက်သေ အပိုင်းလည်း ရှိသည်။ ထိုသို့ ဥပဒေသက်ရောက်ရာ နယ်ပါယ်များ အပြန်အလှန် လွန်ဆွဲမှုများလည်းရှိသည်။ ဤသဘောတရားများက နိုင်ငံတကာ ရင်းနှီးမြုပ်နှံမှု လုပ်ငန်းစဉ်များတွင် ဖြစ်လေ့ဖြစ်ထ ပြဿနာများ၊ အကျိုးအမြတ်များလည်း ဖြစ်သည်။ ဤအချက္များကို ဖြေရှင်းရန် မှန်ကန်သော နိုင်ငံရေးစိတ်စေတနာ လိုသည်။ သို့သော် နီပေါ နိုင်ငံရေးပါတီများက MCC စီမံကိန်းစာချုပ်အား "နီပေါနိုင်ငံ၏ ပြည်တွင်းဥပဒေများကို ချေဖျက်နိုင်သော  အာဏာသက်ရောက္မှု ရှိနေသည်" ဟုဆိုကာ ကိုယ်လိုရာ တကွက်ကွက်ကာ ထိုးနှက်ကြတော့သည်။  


အမှန်က MCC စီမံကိန်းသည် လျပ်စစ်နှင့် လမ်းများကို အဆင့်မြင့်ရန် စီမံကိန်းသာ ဖြစ်ပြီး SPP စီမံကိန်းကသာ စစ်ရေးနှင့် ကာကွယ်ရေးဆိုင်ရာ စီမံကိန်းဖြစ်သည်။ တရုတ်နှင့် အိန္ဒိယ က နီပေါ၏ လမ်းပန်းဆက်သွယ်ရေးတွင် ရင်းနှီးမြုပ်နှံထားသည်။ အမေရိကန်၏ MCC စီမံကိန်းများတွင် ထိုလမ်းများအား အရည်အသွေးမြင့်ရန် လျပ်စစ်အဆောက်အအုံများ အဆင့်မြင်ရန် အချက္များပါလာသည်။ တရုတ်တို့ ဖောက်ထားသော လမ်းများအား အမေရိကန်က လျပ်စစ်ကြိုးတိုင်များဖြင့် တုတ်နှောင်မည် ဟုလည်း ပြောလျှင်ရပါလိမ့်မည်။ အဘယ်ကြောင့်ဆိုသော လမ်းတံတားများဟူသည် စစ်ရေးအတွက်လည်း အသုံးပြု၍ ရသည်မဟုတ်လော။ အမေရိကန်ကလည်း သူ၏ ရင်းနှီးမြုပ်နှံမှုကို သူတွင်ကာကွယ်ခွင့်ရှိသည်။ တရုတ်ကလည်း သူ၏ ရင်းနှီးမြုပ်နှံမှုကို သူတွင် ကာကွယ်ခွင့်ရှိသည်။ တရုတ်ရင်းနှီးမြုပ်နှံမှုနှင့် အမေရိကန် ရင်းနှီးမြုပ်နှံမှုက တစ်ခုနှင့်တစ်ခု ထပ်နေသည်၊ သို့မဟုတ် နီးကပ်နေသည် ဆိုပါက ပြဿနာက ရှိနေသည်။


MCC စီမံကိန်းမှာ စစ်ရေးနှင့် ကာကွယ်ရေးဆိုင်ရာ အပေါ် တိုက်ရိုက်ချဉ်းကပ်မှုတော့ မဟုတ်ပေ။ SPP စီမံကိန်းကသာ စစ်ရေး၊ ကာကွယ်ရေးဆိုင်ရာနှင့် သက်ဆိုင်နေသည်။ သို့သော် နီပေါ နိုင်ငံရေးပါတီများက MCC စီမံကိန်းအား SPP စီမံကိန်းနှင့် ရောထွေးကာ လူထုကို  အစွန်းကုန် ဖြဲခြောက်ကြတော့သည်။ ၎င်းတို့ ဖြဲခြောက်ပုံက မည်သို့ပင် ဆိုစေ အမေရိကန်၏ ရင်းနှီးမြုပ်နှံမှုများက အမေရိကန် အကျိုးစီးပွားနှင့် ဆိုင်သည်။ ထိုအခါ အမေရိကန်၏ တရုတ်အပေါ်တန်ပြန်မည့် အင်ဒို- ပစိဖိတ် စစ်ရေးဗျူဟာ (Indo-Pacific Strategy) ထဲတွင် နီပေါမှာ ပါသွားနိုင်သည်။  နီပေါအနေဖြင့် နိုင်ငံခြားရေးမူတွင် ဘယ်ဘက်ကိုမှ မပါသော ဘက္မလိုက္မူဝါဒ (Non-aligned policy) ကို ကျင့်သုံးခြင်းက အကောင်းဆုံးဖြစ်သည်။ သို့သော် MCC စီမံကိန်းသည်အမေရိကန်၏ တရုတ်ဆန့်ကျင်ရေး စစ်ရေးမဟာဗျူဟာထဲမှ ထည့်စဉ်းစားပါကလည်း စဉ်းစားလို့ရသည်။ အိမ်နီးချင်း တရုတ်နိုင်ငံနှင့် ဆက်ဆံရေး ကိုလည်း MCC စီမံကိန်းက ရိုက်ခတ်လာမည်ဖြစ်သည်။  တရုတ်နိုင်ငံကလည်း MCC စီမံကိန်းအား အမေရိကန်၏ ခြေကုပ်ယူမှုအဖြစ် မြင်နိုင်သောကြောင့်  နီပေါအတွက် အနာဂတ်တွင် အကျပ်ရိုက်နိုင်သည်" ဆိုပြီး ဖြဲခြောက်ကြသည်။ 


အမှန်ထိုအချက္များမှာ MCC စီမံကိန်းနှင့် မဆိုင်ဘဲ SPP စီမံကိန်းနှင့်သာ ဆိုင်သော အချက္များ ဖြစ်သည်။ SPP စီမံကိန်းမှာ စစ်ရေးနှင့် ကာကွယ်ရေးဆိုင်ရာတွင် ပြည်နယ်ချင်း ချိတ်ဆက္မှု အစီအစဉ် ဖြစ်သည်။ အမေရိကန် အမျိုးသားအစောင့်တပ်ဖွဲ့ (US National Guard) နှင့် နီပေါစစ်တပ်ကြားတွင် ပူးပေါင်းဆောင်ရွက်ရန် ရည်ရွယ်ချက်ဖြစ်သည်။ ထိုအစီအစဉ်ကြောင့် တရုတ်ဘက်က နီပေါအား အမေရိကန်၏ စစ်ရေးမဟာမိတ် အဖြစ် မြင်လာမည်ကို စိုးရိမ်ကြသည်။ တဖက်တွင် အိန္ဒိယသည် နီပေါ၏ လုံခြုံရေးကို အမြဲတန်းစဉ်းစားပေးနေရသည်။ ထိုသို့ စဉ်းစားပေးနေရသည့်အတွက် စစ်ရေးနှင့် ကာကွယ်ရေးဆိုင်ရာ ကိစ္စများတွင် အိန္ဒိယကို ကျော်၍ အမေရိကန်နှင့် ပလူးပလဲ လုပ်နေပါက အိန္ဒိယဘက်က ဖြစ်လာမည့် အမြင်မကြည်မှုကို လည်း လန့်နေရသည်။ ဆိုလိုသည်က  နီပေါတွင် မေရိကန်စစ်တပ် ဩဇာလွှမ်းခြုံလာမှုကို တရုတ်ရော၊ အိန္ဒိယပါ မကြိုက်ကြချေ။  ထိုအချက်က နီပေါကို စစ်တလင်း ဖြစ်သွားစေနိုင်သော အချက်ဟု ပညာရှင်များက ထောက်ပြကသြည်။ 


SPP စီမံကိန်းနှင့် ပတ်သက်သော စာချုပ်မူကြမ်း လျှို့ဝှက်ချက္များ ပေါက်ကြားလာသောအခါ နီပေါစစ်တပ်၏ လွတ်လပ်မှုကို ထိခိုက္မည့် အချက္များ ပါနေသည်ဟုဆိုကာ ဝေဖန်မှုများ ရှိနခေ့ဲသည္။


သို့သော် အခြားတဖက်က မေးခွန်းမှာ နီပေါသည် အမေရိကန်၏ ရင်းနှီးမြုပ်နှံမှုအားလုံးကို ခါထုတ်ကာ အမေရိကန်နှင့် ကင်းကင်းနေနိုင်မည်လော၊ ထိုသို့နေပါက တရုတ်၏ နီပေါအပေါ် ဩဇာလွမ်းမိုးရန် အားထုတ်မှုက လွတ်မည်ဟု အာမခံချက် ရှိပါသလော ဆိုသော မေးခွန်းက ရှိလာသည်။


နောက်ပိုင်းတွင်  အငြင်းပွားမှုများ အများကြီးရှိ နေ ခ့ဲသော်လည္း  နီပေါလွှတ်တော်မှ MCC စီမံကိန်းဟူသည် စစ်ရေးနှင့် ကာကွယ်ရေးဆိုင်ရာ ဂဏ္ဍများနှင့် မဆိုင်ဟူသော "အဓိပ္ပာယ်ဖွင့်ဆိုချက်ဆိုင်ရာ ကြေညာချက်" (Interpretative Declaration) တစ်ခုထည့်ကာ MCC စီမံကိန်းအား ၂၀၂၂ ခုနှစ်တွင် အတည်ပြုခဲ့တော့သည်။ SPP စီမံကိန်းကိုတော့ လူထုကန့်ကွက္မှုကြောင့် ရပ်ဆိုင်းထားလိုက်သည်။


ထိုသို့ စူပါပါဝါများ ဆုံချက်ကြောင့် ဝဲဂယက် ဖြစ်လာကာ နီပေါ၌ နိုင်ငံရေး အပြောင်းအလဲ ဖြစ်ပေါ်လာခ့ဲသည္။ ၂၀၂၂ ခုနှစ်နှောင်းပိုင်းတွင် ဝန်ကြီးချုပ် ရှာ ဘာဟာဒူး ဒူဘာ (Sher Bahadur Deuba) နုတ်ထွက္ ခ့ဲရပြီး ပုရှ်ပါ ကမလ် ဒါဟဲလ် ပရာချန်ဒရာ (Pushpa Kamal Dahal Prachanda) က ဝန်ကြီးချုပ်သစ် ဖြစ်လာခ့ဲသည္။ ပုရှ်ပါ ကမလ် ဒါဟဲလ် ပရာချန်ဒရာ (Pushpa Kamal Dahal Prachanda) က ၂၀၂၄ ခုနှစ်အထိ တာဝန္ယူခ့ဲပြီးနောက္ ကေပီ ရှာမာ အိုလီ (K. P. Sharma Oli) က ဝန်ကြီးချုပ် ဖြစ်လာသည်။ ဝန်ကြီးချုပ် ကေပီ ရှာမာ အိုလီ လက်ထက်တွင် ဂျင်ဇီ တော်လှန်ရေး ဖြစ်ခ့ဲ ပြီး လက်ရှိ ၂၀၂၆ ခုနှစ် တွင် လူငယ်နိုင်ငံရေးသမား ဘာလင်ဒရာ ရှား ( Balendra Shah) က ဝန်ကြီးချုပ် ဖြစ်လာသည်။


လက်ရှိ နီပေါ၏ စီးပွားရေးမှာ တရုတ်ထက် အဆ ၄၀၀ ခန့်ငယ်သည်။ အမေရိကန်ထက် အဆ ၆၀၀ ခန့်ငယ်သည်။ အိန္ဒိယ ထက် အဆ ၁၀၀ ခန့်ငယ်သည်။ နီပေါ နိုင်ငံရေး ရပ်ဝန်းတွင် အမေရိကန်နှင့် တရုတ်အားပြိုင်မှု အမြဲတစေ အငြင်းအခုံ ဖြစ်နေသော အချက်တစ်ခုရှိသည်။ ထိုအချက်က နီပေါ နိုင်ငံ အနေဖြင့်  စီးပွားရေးအရ အဆ ၄၀၀ မက ကွာခြားသော တရုတ်နိုင်ငံ၏ ဘေးတွင် ရှိနေပြီး အမေရိကန်၏ အကူအညီကို ယူမည်လား၊ ငြင်းမည်လား ဆိုသော ဒွိဟ ပင်ဖြစ်သည်။ ထို ဒွိဟသည် နီပေါအတွက် အစဉ်အလာအရ ရိုးရာအင်အားကြီးနိုင်ငံ (Traditional Power) ဖြစ်သော အိန္ဒိယ ကို မျက်ကွယ်ပြုနိုင်သော ဒွိဟ မဟုတ်သေးပေ။ အဘယ်ကြောင့် ဆိုသော နီပေါအား ပင်လယ်ပြင်ကို ခေါ်ဆောင်ပေးမည့်သူမှာ တရုတ်လည်းမဟုတ်၊ အမေရိကန်လည်းမဟုတ်ဘဲ အိန္ဒိယသာ ဖြစ်နေသောကြောင့် ဖြစ်သည်။ 



အိန္ဒိယနိုင်ငံ၏ အခန်းကဏ္ဍမှာ နီပေါ အတွက် ပင်လယ်ပြင်သို့ ဖြတ်သန်းရာ (Transit Issues) လည်း ဖြစ်သည်။ နီပေါ သို့မဟုတ် ဘူတန် တို့သည်  ပင်လယ်ပြင်ကို သွားမည်ဆိုပါက ကြားက အိန္ဒိယနိုင်ငံကို မဖြစ်မနေ ဖြတ်ရမည် ဖြစ်သည်။ လက်ရှိတွင် နီပေါနဲ့ ဘူတန်တို့အား အိန္ဒိယဘက်မှ ကလက္ကတား ( Kolkata) နှင့် ဟာလ်ဒီးယား ( Haldia) ဆိပ်ကမ်းများကို အသုံးပြုခွင့် ပေးထားသည္။ အိန္ဒိယ ဘက်က နီပေါနှင့် ဘူတန်အား ဘင်္ဂလားဒေရှ့်၏ စစ်တကောင်းဆိပ်ကမ်းအထိ ဆွဲခေါ်ကာ ပင်လယ်ပြင် ရနံကို ရှူခွင့်ပေးထားသည်။ ဘင်္ဂလားဒေ့ရှ်သည် နီပေါနှင့် ဘူတန်အတွက် အိန္ဒိယပြီးပါက နောက်ထပ် အနီးဆုံး၊အဆင်ပြေဆုံး ပင်လယ်ထွက်ပေါက် ဖြစ်သည်။  အိန္ဒိယပိုင်နက်ထဲက အရေးပါသော ကြက်လည်ပင်း စင်္ကြန့် (Siliguri Corridor) ကျဉ်းမြောင်းမြေနေရာကို ဖြတ်လိုက်သည်နှင့် ဘင်္ဂလားဒေ့ရှ် တန်းရောက်သွားသည်။ ဘင်္ဂလားဒေ့ရှ်၏ စစ်တကောင်း ( Chittagong)၊ မောင်လ ( Mongla ) ဆိပ်ကမ်းများကို အသုံးပြုခွင့်ရရန် နီပေါနှင့် ဘူတန်တို့က သဘောတူညီချက်ရထားသည်။ 


ပါဝါဟူသည် အကြပ်အတည် ဖိအားနှင့် အခွင့်အရေးကို တပြိုင်နက်ယူ လာတတ်သည်။ နီပေါသည် စူပါပါဝါများထံမှ ဖိအားကိုလည်းရသည်၊ အခွင့်အရေးကိုလည်းရသည်၊ စူပါပါဝါများက ဆွဲချပစ်လိုက်သော ဝဲဩဃကို လည်း သတိထား ရှောင်တိမ်းနေရသည်။ ဤ သဘောတရားကား နီပေါ၌ မည်သည့်အစိုးရတက်တက် ရင်ဆိုင်နေရမည့် ကိစ္စသာဖြစ်သည်။


ကိုးကား

https://www.iiss.org/online-analysis/online-analysis/2026/04/nepals-youngest-prime-minister-wins-but-faces-challenges/

https://mofa.gov.np/content/1450/nepal-china-relations/

https://www.orfonline.org/expert-speak/nepal-s-political-reset-and-the-limits-of-change-in-nepal-china-ties

https://www.nepjol.info/index.php/nprcjmr/article/view/92437


https://www.drishtiias.com/daily-updates/daily-news-editorials/resetting-india-nepal-cooperation

https://kathmandupost.com/money/2026/02/01/india-maintains-rs12-8-billion-aid-for-nepal

https://radionepalonline.com/en/2026/04/03/427546.html

https://risingnepaldaily.com/news/78224


https://english.ratopati.com/story/59062/what-is-the-american-understanding-of-nepals-relations-with-india-and-china

https://www.mcanp.org/en/Content/IndividualData/News/21253

https://www.attorneynepal.com/blog/investing-in-nepal-from-usa

https://np.usembassy.gov/state-partnership-program-factsheet/

https://english.nepalnews.com/s/explainers/why-the-u-s-army-band-played-at-tundikhel-a-gesture-of-friendship-not-intervention/

http://english.scio.gov.cn/m/pressroom/2022-06/24/content_78288814.htm?hl=en-GB

https://kathmandupost.com/national/2022/06/20/nepal-government-decides-not-to-move-ahead-with-us-government-s-state-partnership-program





Comments

Popular posts from this blog

အီရန်၏ "Vahdat" (ဝါးဒတ်) မှသည် "Mostebed" (မိုစတီးဘဒ်) သို့ (၂)

ဆိုဗီယက်ပြည်ထောင်စုပြိုကွဲပြီးနောက် ရုရှားနိုင်ငံ၏ အပြောင်းအလဲ အပေါ်လေ့လာခြင်း

တောင်ကိုးရီးယား၏ (1961)ခုႏွစ္မှ (1988)ခုနှစ် အထိ 27 နှစ်ကာလအကြား စီးပွားရေးတိုးတက်မှုကိုလေ့လာခြင်း