တပါတီ စနစ်ရောဂါနှင့် လခြမ်းမြေ- ၂
တပါတီ စနစ်ရောဂါနှင့် လခြမ်းမြေ- ၂
တပါတီစနစ်ကို ကျင့်သုံးမယ်ဟု လခြမ်းမြေအာရက္ခမှာ အသံထွက်နေတာရှိပါတယ်။ ဒီနေရာမှာ မသဲကွဲတ့ဲ အခြေအနေ ၂ ရပ်က ရှိနေပါတယ်။ ပထမ အခြေအနေက ကနဦးရှေ့ပိုင်းနိုင်ငံရေးအင်စတီကျူရှင်းတွေကို တည်ဆောက်ရာမှာ မြန်ဆန်အောင် တပါတီစနစ်နဲ့ သွားမယ်။ ပြီးရင် အချိန်ကာလ တစ္ခုကြာလာတ့ဲအခါ ပါတီစုံဘက်ကို သွားမယ် ဆိုတ့ဲ အခြေအနေပါ။
ဒုတိယ အခြေအနေက တပါတီစနစ်နဲ့ပဲ အမြဲသွားမယ်။ သို့မဟုတ် တပါတီ စနစ်နဲ့ သွားနေမယ့် အချိန်ကာလ ဟာကြာနေမယ် ဆိုတ့ဲ အခြေအနေပါ။
ဒီအခြေအနေ နှစ်ရပ်စလုံးဟာ တစ်ခုနဲ့ တစ်ခု တောင်မြောက်လို ဖြစ်နေပေမယ့် ဒီအခြေအနေ နှစ်ရပ်ထဲက တစ်ခုနဲ့တော့ ရခိုင်ဟာ ကျိမ်းသေ ဖြတ်သန်းရမှာတော့ သေချာပါတယ်။ အထူးသဖြင့် ULA/AA ထိန်းချုပ်နယ်မြေတွေမှာပါ။ အဲဒီ အခြေအနေ နှစ်ခုထဲမှာ တစ်ခုခုနဲ့ ဖြတ်သန်းရမယ်ဆိုရင်တောင် ဘယ်လို အခြေအနေမှာပဲ ဖြစ်ဖြစ် တပါတီ စနစ်နဲ့ နိုင်ငံတည်ဆောက်ရေးကို ကနဦး ဖြတ်သန်းရမယ့် အချိန်ကာလ တစ်ခုက ရှိနေပါတယ်။
တစ်ပါတီစနစ်ရောဂါနှင့် တရုတ်၊ မွောကျကိုးရီးယား၊ လာအို ဆောင်းပါး မှာ ဖော္ပြခ့ဲတ့ဲ အတိုင်းပါပဲ။ အဲဒီ နိုင်ငံတွေမှာ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီကို ဘယ်လောက်ပဲ ဖွဲ့စည်းပုံအခြေခံဥပဒေက အာမခံထားပါစေ တပါတီစနစ်ကြောင့် အဲဒီအခွင့်အရေးတွေကို တရုတ်၊ မြောက်ကိုးရီးယားနဲ့ လာအို ပြည်သူတွေဟာ အနောက် ဥရောပ နိုင်ငံလို မခံစားရပါဘူး။ ဒါပေမယ့် သူတို့တွေမှာ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ အာမခံချက်က ရှိထားပါသေးတယ်။ ခံစားခွင့်ရတာ မရတာကို ခဏထားဖွဲ့စည်းပုံ အ ခြေခံဥပဒအေရ ပဋိညာဉ်ပြု အာမခံချက်ပေးထားတာက လူထုအတွက် တချိန်မဟုတ် တချိန် အဆိုပါအခွင့်အရေးအတွက် တောင်းဆိုဖို့ နိုင်ငံရေး လမ်းစရှိနေပါသေးတယ်လို့ ဆိုရပါလိမ့်မယ်။
ဒီမိုကရေစီနည်းကျ တင်းကျပ်သောဗဟိုချုပ္ကိုင္ရေး
အဲဒီ တရုတ်၊ မြောက်ကိုးရီးယား၊ လာအို စတ့ဲ နိုင်ငံတွေမှာ သူ့တို့ရဲ့ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ကြည့်ရင် " Democratic Centralism" ဆိုတ့ဲ ဝေါဟာရတစ်ခုပါနေတာကို တွေ့ရမှာပါ။ ဗဟိုမှာ အာဏာအလုံးစုံကို ချုပ်ကိုင်ထားမယ်။ အဲဒီ ဗဟိုကို အောက်ခြေက ဒီမိုကရေစီနည်းကျ ရွေးချယ်မယ် ဆိုတ့ဲ သဘောပါ။ ဒါပေမယ့် တပါတီစနစ် ပုံစံဘက်ကို အလွန္အကျွံရောက္ေနတဲ့ သူတို့ရဲ့ ဦးဆောင်စနစ်ဟာ အောက်ခြေက ဒီမိုကရေစီတန်ဖိုးကို အပြည့်အဝ မဖော်ဆောင်နိုင်ပါဘူး။ ဘာကြောင့်ဆို အာဏာကို ဗဟိုဆိုတ့ဲ နေရာမှာ စုံပုံထားလိုက္တ့ဲအခါ ဗဟိုနေရာကို ရောက်လာသူ (သို့မဟုတ်) လူတစ်စုဟာ အာဏာရဲ့ လွမ်းမိုးခြင်းကို ခံလိုက်ရလို့ပါပဲ။ အာဏာရှိတ့ဲသူအနားမှာ ဝိုင်းရံခစားသူတွေများပါတယ်။ အခွင့်အရေးတွေကို လိုချင်သူတွေများပါတယ်။ ဒီလိုနဲ့ သစ္စာတော်ခံသူအုပ်စုတွေကို အခွင့်အရေးတွေ လုပ်ပိုင်ခွင့်တွေကို ပေးလာပါတော့တယ်။ ဒီအခြေအနေမျိုးဟာ သာမန်ပုထုဇဉ် လူသားဗီဇ အရသာပဲ ဖြစ်ပါတယ်။ လူသားဗီဇ ဖြစ်တာမို့လို့ တရုတ်ပဲ ဖြစ်ဖြစ် အာဖရိက အီရီထရီးယားပဲ ဖြစ်ဖြစ် အရှေ့ဥရောပသား ဘယ်လာရုဇ်ပဲ ဖြစ်ဖြစ် ဘယ်သူမဆို အဲဒီ ဗီဇ အခြေအနေရဲ့ လွမ်းမိုးမှုကို ခံရမှာ ဖြစ်ပါတယ်။ ဒီတော့ ဗဟိုအာဏာအတွက်၊ အခွင့်အရေး လုပ်ပိုင်ခွင့်အတွက် တပါတီအတွင်းမှာပဲ အုပ်စုတွေ ဖွဲ့ကြတာပါပဲ။ အဲဒီ အုပ်စုအချင်းချင်း ပါတီတွင်း ပွတ်တိုက္မှု၊ ယှဉ်ပြိုင်မှုတွေဟာ တပါတီ ကြီးစိုးတ့ဲ စနစ်တွေမှာ တွေ့ရပါတယ်။ အုပ်စုတစ်ခုနဲ့ တစ်ခုကြားမှာ အမြစ်ဆွဲနုတ် အပြတ်ရှင္းတ့ဲ အလေ့အထတွေဟာလည်း တပါတီစနစ်အတွင်းမှာ ဖြစ်လာတတ်ပါတယ်။ ဥပမာ တရုတ်မှာ ခေါင်းဆောင်အပြောင်းအလဲ ဖြစ်လာရင် အရာရှိကြီးတွေကို အဂတိမှုတွေနဲ့ ကိုင်ကြတာဟာ အဂတိတိုက်ဖျက်ရေးသက်သက်မဟုတ်ဘဲ နိုင်ငံရေး အမြစ်ဖြတ်ကြတာလည်း ဖြစ်ပါတယ်။ ဒီလိုနဲ့ အုပ္စုအားပြိုင်ကြတ့ဲ အစဉ်အလာက ကြီးစိုးလာတ့ဲအခါ တရုတ်လူထုဟာ မိမိစိတ်ကြိုက်လူကို ရွေးကောက်ရတာမဟုတ်ဘဲ ကွန်မြူနစ်ပါတီ အုပ်စုများရဲ့ ပွဲထုတ္လာတ့ဲ သူတွေကိုပဲ ရွေးကောက်ပေးရသလို ဖြစ်လာပါတယ်။ ဒါဟာ အချုပ်အခြာအာဏာဖြစ်စဥ်မှာ လူထုရဲ့ လွတ်လပ်စွာ ရွေးချယ်ခွင့် ကို ကန့်သတ်ခံရတာလည်း ဖြစ်ပါတယ်။
ဒီသဘောကို အဝေးကြီးမှာ သွားရှာနေစရာမလိုပါဘူး။ ULA ထဲမှာ မရှိဘူးလားဆိုရင် အားလုံးမဟုတ်ရင်လည်း အချို့သော အရေအတွက်ဟာ ရှိတာပါပဲ။ ဒီလိုပြောလို့လည်း ULA အားလုံးအပေါ်မှာ ဝါးလုံးရှည်နဲ့ ရမ်းနေတာတော့မဟုတ်ပါဘူး။ အာဏာလုပ်ပိုင်ခွင့်ရှိသူကို ဝိုင်းရံခစားမှုတွေ၊ အခွင့်အရေးရှာမှုတွေ၊ အုပ်စုဖွဲ့မှုတွေဟာ လူသားဗီဇအရ ULA ထဲမှာလည်း ရှိတာပါပဲ။ ဒါကြောင့်လည်း BBC Burmese ရဲ့ AA ထူထောင်မှု ၁၇ နှစ်မြောက် အတွက် ဆောင်းပါးမှာ " အေအေရဲ့ အုပ်ချုပ်ရေးနဲ့ စီးပွားရေးကဏ္ဍတွေမှာ ဆွေမျိုးကောင်းစားရေးဝါဒတွေလုပ်လာတယ်လို့ ဒေသခံတွေရဲ့ ပြောဆိုချက်တွေရှိလာတာမျိုးတွေ၊ အေအေရဲ့ ဒေသတာဝန်ရှိသူတွေနဲ့ တပ်ဖွဲ့ဝင်တချို့ က အာဏာပြတာ၊ လုပ်ပိုင်ခွင့်တွေကို ကျော်လွန်ပြီးလုပ်ကြတာတွေ၊ အခွန်အခတွေ အဆမတန် တိုးမြှင့်ကောက်ခံတဲ့ ကိစ္စမျိုးတွေ၊ အေအေတပ်ဖွဲ့ဝင်တချို့ရဲ့ လုပ်ရပ်တွေကို အလုံးစုံ မကြိုက်ကြပေမဲ့ ဒီအပေါ် ဒေသခံ လူထုဟာ ဆန့်ကျင်မှုတွေ မလုပ်ရဲကြတဲ့အထိ ဖြစ်နေကြတာတွေ" ရှိနေတယ်လို့ ဖော်ပြထားပါတယ်။ ၁၇ နှစ်ကြိမ်မြောက် AA တပ်မွေးနေ့ တပ်မှူးချုပ် သဝဏ်လွှာမှာ "စစ်ပွဲတွေကြား ဒုက္ခသုခနဲ့ ရှင်သန်နေ တ့ဲ ပြည်သူလူထုကို လေးစားစာနာမှုရှိဖို့ ပြည်သူ့သားကောင်း သမီးကောင်း ဖြစ်ကြောင်း မှန္ကန်တ့ဲ အပြုအမှုတွေနဲ့ သက်သေပြကြဖို့" ကိုလည်း ဗိုလ်ချုပ် ထွန်မြတ်နိူင်က သူရဲ့ တပ်ဖွဲ့ဝင်တွေကို တိုက်တွန်းထားတာရှိပါတယ်။
တစ်ပါတီရောဂါဖြင့် ဒီမိုကရေစီနှင့် လူ့အခွင့်အရေး သေဆုံးခြင်း
ဒီမိုကရေစီရဲ့ အနှစ်သာရက "ရွေးချယ်ခွင့် (Choice) ပါ။ ပြည်သူတွေမှာ မူဝါဒချင်း မတူညီတဲ့ ပါတီအမျိုးမျိုးထဲကနေ မိမိတို့အကျိုးစီးပွားကို ဖော်ဆောင်ပေးမယ့်သူကို ရွေးချယ်ပိုင်ခွင့် ရှိရပါတယ်။ တပါတီစနစ်မှာတော့ ပြိုင်ဘက်မရှိတဲ့အတွက် ရွေးကောက်ပွဲဆိုတာဟာ "ရွေးချယ်မှု" မဟုတ်ဘဲ "အတည်ပြုပေးရုံ" သက်သက် (Rubber Stamp) ဖြစ်သွားပါတယ်။ ဒါဟာ ပြည်သူ့အချုပ်အခြာအာဏာကို ပိတ်ပင်လိုက်တာပါပဲ။
ဒီမိုကရေစီမှာ အစိုးရက အမှားလုပ်ရင် ထောက်ပြမယ့် အတိုက်အခံပါတီ၊ လွတ်လပ်တဲ့ တရားစီရင်ရေးနဲ့ သတင်းမီဒီယာတွေ ရှိပါတယ်။ တပါတီစနစ်မှာတော့ - အစိုးရ၊ လွှတ်တော်နဲ့ တရားရုံး အားလုံးကို ပါတီတစ်ခုတည်းကပဲ ချုပ်ကိုင်ထားပါတယ်။ အပြန်အလှန် ထိန်းကျောင်းမှု (Checks and Balances) ကင်းမဲ့ခြင်း သွားပါတယ်။ အမှားကို အမှားလို့ ပြောမယ့်သူ မရှိတဲ့အခါ အာဏာရှင်ဆန်တဲ့ ဆုံးဖြတ်ချက်တွေဟာ အတားအဆီးမရှိ ထွက်ပေါ်လာပြီး ဒီမိုကရေစီရဲ့ "တရားဥပဒေစိုးမိုးမှု" (Rule of Law) ကို ပျက်စီးစေပါတယ်။
ဒီမိုကရေစီဟာ လူ့အဖွဲ့အစည်းအတွင်းက မတူကွဲပြားတဲ့ အသံတွေ၊ လူနည်းစု အခွင့်အရေးတွေနဲ့ သဘောထားကွဲလွဲမှုတွေကို နေရာပေးပါတယ်။ တပါတီစနစ်ကတော့ "ပါတီရဲ့ အယူဝါဒဟာ အမှန်တရား" လို့ သတ်မှတ်ထားတဲ့အတွက် - ပါတီနဲ့ သဘောထားမတိုက်ဆိုင်သူတွေကို "သစ္စာဖောက်" ဒါမှမဟုတ် "ရန်သူ" လို့ တံဆိပ်ကပ် နှိပ်ကွပ်တတ်ပါတယ်။ ဒါဟာ အများသဘောထားကွဲလွဲမှုကို လက္မခံခြင်း (Lack of Pluralism) ဖြစ်ပြီး လူ့အဖွဲ့အစည်းရဲ့ လွတ်လပ်စွာ တွေးခေါ်ခွင့်နဲ့ တီထွင်ဖန်တီးနိုင်စွမ်းကို သတ်ပစ်လိုက်တာနဲ့ အတူတူပါပဲ။
ဒီမိုကရေစီအစိုးရဟာ အလုပ်မလုပ်ရင် နောက်တစ်ကြိမ် ရွေးကောက်ပွဲမှာ ရှုံးနိမ့်မှာကို ကြောက်ရပါတယ်။ တပါတီစနစ်မှာတော့ အာဏာကနေ ပြုတ်ကျသွားမယ့် အန္တရာယ် မရှိသလောက်ဖြစ်နေတဲ့အတွက် -ခေါင်းဆောင်တွေဟာ ပြည်သူ့ဆန္ဒထက် ပါတီတွင်း အာဏာတည်မြဲရေးကိုပဲ ဦးစားပေးလာပါတယ်။ပြည်သူတွေအပေါ် တာဝန်ခံရမယ့်အစား ပါတီအထက်လူကြီးတွေအပေါ်မှာပဲ မျက်နှာလုပ်ရတဲ့ စနစ် (Top-down approach) ဖြစ်သွားပါတယ်။ ဒီလိုနဲ့ တာဝန်ခံမှုနှင့် တာဝန်ယူမှု (Accountability) အလေ့အထဟာ ပျောက်ဆုံးသွားရပါတော့တယ်။
ဒီမိုကရေစီ ရှင်သန်ဖို့အတွက် မှန်ကန်တဲ့ သတင်းအချက်အလက် လိုပါတယ်။ တပါတီစနစ်ဟာ ၎င်းတို့ရဲ့ အာဏာကို ကာကွယ်ဖို့အတွက် -သတင်းတွေကို ဆင်ဆာဖြတ်ပါတယ်။ သတင်းအချက်အလက် စီးဆင်းမှုကို ပိတ်ဆို့ပါတယ်။ ဝါဒဖြန့်ချိရေး (Propaganda) တွေနဲ့ ပြည်သူကို မျက်စိပိတ် နားပိတ် လုပ်ပါတယ်။ သတင်းမှန် မရရှိတဲ့ လူ့အဖွဲ့အစည်းမှာ ဒီမိုကရေစီရဲ့ အသိပညာအခြေခံ ဆုံးဖြတ်ချက်တွေ ချမှတ်ဖို့ မဖြစ်နိုင်တော့ပါဘူး။
ဒီမိုကရေစီဆိုတာ "အားလုံးပါဝင်ခွင့်" ဖြစ်ပြီး တပါတီစနစ်ဆိုတာကတော့ "တစ်စုတစ်ဖွဲ့တည်းက အပိုင်စီးခွင့်" ဖြစ်နေတာပါ။
တရုတ်တွေ ဘာကြောင့် တိုးတက်လာရတာလဲ
တရုတ်တွေ တိုးတက္မှုရှိလာရတာဟာ " ငတ်ပြီး အသေမခံလို စိတ်" (Survival Instinct) နဲ့"လက်တွေ့(Pragmatism) အတွက် မူလလမ်းကြောင်းမှသွယ်ဖယ်ပိုင်ခွင့်" ရခ့ဲတာကြောင့် ဆိုနိုင်ပါတယ်။
၁၉၇၀ ပြည့်လွန်နှစ်တွေမှာ တရုတ်ပြည်ဟာ အလွန်ဆင်းရဲနေပြီး ကွန်မြူနစ်စနစ်က ပျက်စီးလုနီးပါး ဖြစ်နေခဲ့ပါတယ်။ တိိန့်ရှောင်ဖိန် (Deng Xiaoping) နဲ့ ခေါင်းဆောင်သစ်တွေက "ပါတီဆက်လက် တည်မြဲချင်ရင် ပြည်သူတွေ ဗိုက်ဝဖို့လိုတယ်" ဆိုတာကို သဘောပေါက်ခဲ့ကြပါတယ်။ သူတို့ဟာ လက်ဝဲ ကွန်မြူနစ် အယူဝါဒထက် "ရလဒ်" ကိုဦးစားပေးတဲ့ Pragmatism (လက်တွေ့ဆန်မှု) ကို ကျင့်သုံးလာပါတော့တယ်။ "ကြောင်ဖြူဖြစ်ဖြစ် ကြောင်မည်းဖြစ်ဖြစ် ကြွက္မိဖို့ပဲ အရေးကြီးတယ်" ဆိုတဲ့ နာမည်ကြီးစကားဟာ အဲဒီကနေ လာတာပါ။ ဒါကြောင့် အရင်းရှင်စနစ် ဈေးကွက်စီးပွားရေး (Market Reform) ကို ခွင့်ပြုလိုက်ပြီး ထွက်လာတဲ့ စီးပွားရေးအသီးအပွင့်တွေကို ပါတီရဲ့ တရားဝင်မှု (Legitimacy) အဖြစ် ပြန်သုံးခဲ့ပြီး လက်ဝဲ လက်ယာ အူကြောင်ကြား ဖြစ်ခွင့္ရခ့ဲပါတော့တယ္။
တရုတ်ကွန်မြူနစ်ပါတီ (CCP) ဟာ နိုင်ငံရေးအရ တင်းကျပ်ပေမယ့် ပါတီတွင်း ရာထူးတက်ဖို့အတွက်တော့ အလွန်ခက်ခဲတဲ့ စံနှုန်းတွေကို ချမှတ်ထားပါတယ်။ ပါတီတွင်းမှာ နေရာရဖို့ဆိုရင် ၂တင်းကျပ်သော အရည်အချင်းစစ် (Internal Meritocracy) မှုကို ထားရှိပါတယ်။ မြို့နယ် ဒါမှမဟုတ် ပြည်နယ်အုပ်ချုပ်ရေးမှူးတစ်ယောက် ရာထူးတက်ချင်ရင် သူ့နယ်မြေရဲ့ GDP တိုးတက္မှု၊ အလုပ်အကိုင် ဖန်တီးနိုင်မှုနဲ့ တည်ငြိမ်မှုတွေကို ပြသရပါတယ်။ ထိပ်ပိုင်းခေါင်းဆောင်တစ်ယောက် ဖြစ်မလာခင် ဆယ်စုနှစ်နဲ့ချီပြီး အောက်ခြေကနေ အဲလိုမျိုး စွမ်းဆောင်ရည်ပြခဲ့ရတဲ့သူတွေကိုပဲ ရွေးချယ်ပါတယ်။ ဒါဟာ "အမျိုးအနွယ်" ထက် "အရည်အချင်း" ကို အခြေခံတဲ့ Meritocracy ကို ပါတီတွင်းမှာ ခိုင်ခိုင်မာမာ တည္ဆောက္ထားခ့ဲတာ ဖြစ်ပါတယ်။
အဲဒီအချိန်တုန်း တရုတ်ဟာ မူဝါဒတစ်ခုကို တစ်နိုင်ငံလုံး တစ်ပြိုင်နက် မလုပ်ခ့ဲပါဘူး။ မူဝါဒတစ်ခု အတွက် စမ်းသပ်ကွင်း (Pilot Zones) တွေထားပါတယ်။ အစောပိုင်းမှာ "ရှန်ကျန်း" (Shenzhen) လို မြို့တွေကို စီးပွားရေးဇုန်အဖြစ် သတ်မှတ်ပြီး ဈေးကွက်စနစ်ကို အရင်စမ်းသပ်ပါတယ်။အောင်မြင်မှသာ တဖြည်းဖြည်း တစ်နိုင်ငံလုံးကို ဖြန့်ပါတယ်။ ဒီလို စမ်းသပ်မှုနှင့် လိုက်လျောညီထွေဖြစ်မှု (Policy Experimentation)က အမှားအယွင်းရှိရင်လည်း ကြီးကြီးမားမား မထိခိုက်ဘဲ စနစ်တကျ ပြုပြင်ပြောင်းလဲနိုင်ခဲ့ပါတယ်။ ဒီလိုနဲ့ တရုတ်ဟာ "ဈေးကွက်စီးပွားရေး" ကနေ ရလာတဲ့ အရင်းအမြစ်နဲ့ ငွေကြေးတွေကို "အရည်အချင်းရှိတဲ့ အုပ်ချုပ်သူတွေ" (Meritocrats) က စနစ်တကျ ပြန်လည်စီမံခန့်ခွဲတဲ့ ပုံစံကို တည်ဆောက်နိုင်ခဲ့ပါတယ်။ တခြားနိုင်ငံတွေမှာတော့ အာဏာရှင်စနစ်က "မိမိလူ/ဆွေမျိုး" ကိုပဲ နေရာပေးလေ့ရှိတတ်တာကြောင့် စီးပွားရေးကိုလည်း ကိုယ်ကျိုးအတွက်ပဲ အသုံးချလာကာ တရုတ်လို မအောင်မြင်ကြတာ ဖြစ်ပါတယ်။
ဒါပေမဲ့ အခု ရှီကျင့်ဖျင်လက်ထက္မှာ တရုတ်ဟာ အာဏာကို တစ်ဦးတည်းလက်ထဲ ပိုစုစည်းလာတဲ့အတွက် တိိန့်ရှောင်ဖိန် နဲ့ ခေါင်းဆောင်တွေ မျိုးစေ့ချပေးခ့ဲတ့ဲ Meritocracy စနစ် ပျက်ပြားသွားမယ့် စိန်ခေါ်မှုတွေလည်း ရှိနေပါပြီ။ ဒီစိန်ခေါ်ချက်ကပဲ တပါတီစနစ်ရဲ့ အားနည်းချက် ကို မီးမောင်းထိုး ပြနေတာပါ။
ဒီတော့ လခြမ်းမြေအတွက် ရှေ့လာမည့် ဖြစ်စဉ်နှစ်ရပ် ဘက်ကိုပြန်သွားပါမယ်။ ပထမ အခြေအနေက ကနဦးရှေ့ပိုင်းနိုင်ငံရေးအင်စတီကျူရှင်းတွေကို တည်ဆောက်ရာမှာ မြန်ဆန်အောင် တပါတီစနစ်နဲ့ သွားမယ်။ ပြီးရင် အချိန်ကာလ တစ္ခုကွာလာတ့ဲအခါ ပါတီစုံဘက်ကို သွားမယ် ဆိုတ့ဲ အခြေအနေပါ။ ဒုတိယ အခြေအနေက တပါတီစနစ်နဲ့ပဲ သွားမယ်။ သို့မဟုတ် တပါတီ စနစ်နဲ့ သွားနေမယ့် အချိန်ကာလ ဟာကြာနေမယ် ဆိုတ့ဲ အခြေအနေပါ။
ဘယ်သူမဆို လခြမ်းမြေမှာ ဒုတိယ အခြေအနေမျိုး ဖြစ်နေတာကိုတော့ လိုချင်ကြမှာ မဟုတ်ပါဘူး။ ပထမ အခြေအနေကလည်း Meritocracy ကို အခြေခံနေပါတယ်။ Meritocracy ဆိုတာကလည်း ဒီမိုကရေစီလွတ်လပ်ခွင့်နဲ့ ဘက္မလိုက်ခြင်းမှာပဲ ပိုပြီးနေသားကြတတ်တာပါ။ ဆွေမျိုးကောင်းစားရေးဝါဒ နဲ့ ပါတီအထက်လူကြီးတွေအပေါ်မှာပဲ မျက်နှာလုပ်ရတဲ့ စနစ် (Top-down approach) က အရည်အချင္းကိုသာ နေရာပေးတ့ဲ Meritocracy ကို ပျက်စီးစေပါတယ်။
ဘာကြောင့် လခြမ်းမြေမှာ တပါတီရောဂါ ထ လာကြပါသလဲ။ ဖြစ်တန်ရာ က နိုင်ငံတည်ဆောက်ရေးအတွက် စတင္လိုအပ္တ့ဲ အင်စတီကျူးရှင်းတွေကို အကောင္အထည္ဖော္တ့ဲအခါ မြန်မြန်ဆန်ဆန် ထိရောက်စေချင်လို့ တပါတီစနစ် ဗဟိုချုပ်ကိုင်မှုစနစ်နဲ့ အချိန်ကာလ တစ်ခုထိ သွားချင်တာ ဖြစ်ပါလိမ့်မယ်။ အဲဒီလို တည်ဆောက်ရေးဖြစ်စဉ်မှာ ULA/AA ဟာ ဦးဆောင်သူ ဖြစ်ပါတယ်။ ဒါက ULA/AA ကိုယ်တိုင်လည်း လုပ်ရပ်များစွာ၊ ပေးဆပ်မှုများစွာနဲ့ ဦးဆောင်သူနေရာ အတွက် လူထုထံမှာ သက်သေ ထူထားပြီးသားပါ။
ဒါပေမယ့် တရုတ်မှာတောင် တရုတ်ကွန်မြူနစ်ပါတီ တစ်ခုတည်းမဟုတ်ဘဲ နောက်ထပ် နိုင်ငံရေးပါတီ ၈ ခုလောက်ရှိနေတာကိုလည်း သတိပြုမိစေချင်ပါတယ်။ တရုတ်စနစ်က ကွန်မြူနစ်ပါတီရဲ့ ဦးဆောင်မှုနောက်ကို အဲဒီပါတီတွေ လိုက်ကြ၊ အတိုက်အခံ လုပ်ရင် ပျောက်သွားမယ် ဆိုတ့ဲ သဘောမျိုးပါ။
ဗဟို အာရှ ရဲ့ ထိုင်ခုံစွဲပါတီစနစ် (Dominant Party)
ဗဟိုအာရှနိုင်ငံတွေ (ကာဇက်စတန်၊ ကာဂျစ္စတန်၊ တာဂျစ်ကစ္စတန်၊ တာ့ခ်မင်နစ္စတန်နဲ့ ဥဇဘက်ကစ္စတန်) ရဲ့ နိုင်ငံရေးစနစ်ဟာ သူတို့ရဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေစာအုပ်ကြီးထဲမှာတော့ ပါတီစုံဒီမိုကရေစီစနစ် လို့ ဖော်ပြထားပေမဲ့ လက်တွေ့မှာတော့ အာဏာရထားတ့ဲ (Dominant Party) တစ်ခုကပဲ အာဏာအလုံးစုံကို ကိုင္ထားတ့ဲ စနစ်ဖြစ်နေပါတယ်။ ဒါကို ပါတီစုံ အယောင်ဆောင် တပါတီစနစ် (De Facto One-Party Dominance) လို့ လည်းဆိုကြပါတယ်။ အချို့ ဗဟိုအာရှ နိုင်ငံတွေမှာ နိုင်ငံရေး ပါတီတွေအများကြီးရှိပေမဲ့ တကယ့်လက်တွေ့အာဏာကတော့ လက်ရှိသမ္မတကို ထောက်ခံတဲ့ အာဏာရပါတီ (Dominant Party) တစ်ခုတည်းမှာပဲ ရှိနေတတ်ပါတယ်။အတိုက်အခံပါတီတွေဟာ အင်အားနည်းအောင် လုပ်ဆောင်ခံရတာမျိုး ဒါမှမဟုတ် အစိုးရကို လိုလားတဲ့ ပါတီအငယ်လေးတွေသာ ဖြစ်နေတတ်ပါတယ်။
ဒီဗဟိုအာရှနိုင်ငံတွေရဲ့ ထူးခြားချက်က ပါတီစနစ်ထက် သမ္မတရဲ့ လုပ်ပိုင်ခွင့် က ပိုပြီးအရေးပါနေ တ့ဲ သမ္မတဗဟိုပြုစနစ် (Strong Man Presidency) ဖြစ်နေတာပါ။ သမ္မတတွေဟာ သက်တမ်းရှည်ကြာစွာ အုပ်ချုပ်လေ့ရှိပြီး အုပ်ချုပ်ရေး၊ ဥပဒေပြုရေးနဲ့ တရားစီရင်ရေးကဏ္ဍ အားလုံးအပေါ်မှာ ဩဇာညောင်းကြပါတယ်။ ဗဟိုအာရှနိုင်ငံတွေဟာ တရားဝင်အားဖြင့် တပါတီစနစ် မဟုတ်ပါဘူး။ ဒါပေမဲ့ လက်တွေ့မှာတော့ အာဏာရပါတီကပဲ အရာရာကို ထိန်းချုပ်ထားတဲ့ "ပါတီကြီးတစ်ခု လွှမ်းမိုးတဲ့စနစ်" မျိုး ဖြစ်နေပါတယ်။
အဲလို (Strong Man ) ပုံစံတွေကလည်း ကမ္ဘာနိုင်ငံရေးမှာ ဒုနဲ့ဒေးပါပဲ။ ပါတီစုံစနစ် ဖြစ်နေရင်တောင် တပါတီကပဲ အမြဲလွမ်းမိုးနေတတ်တ့ဲ သဘောတွေက အများကြီးပါ။ကမ္ဘောဒီးယားက ဟွန်ဆန်တို့ စင်ကာပူက လီကွန်းယူတို့ဟာလည်း "ပါတီကြီးတစ်ခု လွှမ်းမိုးတဲ့စနစ်" (Dominant Party)ထဲက လူတွေပါပဲ။
လခြမ်းမြေနဲ့ ပတ်သက်လို့ ကောက်ချက်တစ်ခုတော့ ရှိပါတယ်။ တကယ်လို့ တည်ဆောက်ရေးကာလမှာ ပါတီစုံ ဖြစ်ခ့ဲရင္တောင္ ULA ဟာ အမြဲလွမ်းမိုးနေ တ့ဲ "ပါတီကြီးတစ်ခု" အဖြစ် အချိန်ကာလ တစ်ခု ထိ ဆက်ရှိနေမှာ သေချာပါတယ်။ တပါတီစနစ်နဲ့ "ပါတီကြီးတစ်ခု လွှမ်းမိုးတဲ့စနစ်" ကြားမှာ ကိုယ့်ကိုကိုယ် ယုံကြည်ချက္ရှိတ့ဲ ဒီမိုကရေစီ နိုင်ငံရေးဇ တစ်ခုပဲ ကွာပါတယ်။
တကယ်လို့ တော်လှန်ရေးကာလ ဖြစ်နေလို့ ဒီမိုကရေစီကို ကျင့်သုံးလို့မရဘူးလို့ ပြောနေရင်လည်း အဲဒီလိုပြောနေသူတွေကို ဒါဆိုဘာကြောင့် KNU လို ဒီမိုကရက်အဖွဲ့အစည်းမျိုးက ရှိနေရတာလဲ လို့ပဲ ပြန်မေးရပါလိမ့်မယ်။
ကိုးကား
BBC ဆောင်းပါး
https://www.bbc.com/burmese/articles/cz0enr3g3lro
ဗဟိုအာရှ
https://www.hrw.org/europe/central-asia
https://www.osce.org/odihr/elections
https://freedomhouse.org/countries/freedom-world/scores
တရုတ်
- The China Model: Political Meritocracy and the Limits of Democracy (Book) (Link: Princeton University Press - The China Model)
- Policy Experimentation in China's Economic Rise (Link: Studies in Comparative International Development (Heilmann))
- Authoritarian Resilience (Journal of Democracy) (Link: Journal of Democracy - Authoritarian Resilience)
- Council on Foreign Relations (CFR) - The CCP's Legitimacy Puzzle
- Deng Xiaoping and the Transformation of China by Ezra Vogel. ( Link: Harvard University Press)
Comments
Post a Comment