မဟာဗျူဟာ ဝဲဩဃထဲက တောင်အာရှ
မဟာဗျူဟာ ဝဲဩဃထဲက တောင်အာရှ
တောင်အာရှဒေသရပ်ဝန်းသည် ဗဟိုအာရှ၊ အရှေ့တောင်အာရှ၊ အနောက်အာရှ၊ အရှေ့အာရှ များနှင့်အကျိုးစီးပွားဆက်စပ်မှု ရှိသည်။ သို့ဖြစ်၍ ကမ္ဘာလုံးဆိုင်ရာ အထိရိုက်ခတ်နိုင်သော ကိစ္စရပ်များက တောင်အာရှတွင်လည်း ရှိနေသည်။
ဗဟိုအာရှ နိုင်ငံများ၏ ပင်လယ်ထွက်ပေါက်ဗျူဟာ
ဗဟိုအာရှ ဒေသတွင်း နိုင်ငံများ၏ အကျိုးစီးပွားဘက်က ကြည့်လျှင် တောင်အာရှနှင့် ဆက်ဆံနေရသော အဓိက အစိတ်အပိုင်းနှစ်ခုရှိသည်။ တစ်ခုက ဗဟိုအာရှ နိုင်ငံများက ရေနံနှင့် သဘာဝဓာတ်ငွေ့ ကြွယ်ဝသော နိုင်ငံများဖြစ်ပြီး ပင်လယ်ပြင်ထွက်ပေါက် မရှိသော နိုင်ငံများဖြစ်သည်။ တောင်အာရှ နိုင်ငံများက ဗဟိုအာရှမှ စွမ်းအင်ကို လိုအပ်သည်။ ဗဟိုအာရှ နိုင်ငံများက တောင်အာရှ နိုင်ငံများ၏ ပင်လယ်ဆိပ်ကမ်းများကို အသုံးပြုခွင့်ရလိုသည်။ အထူးသဖြင့် ပါကစ္စတန်နှင့် အိန္ဒိယ အဖို့ ဗဟိုအာရှမှာ စွမ်းအင်အရင်းအမြစ် ဖြစ်လာသည်။ TAPI ဓာတ်ငွေ့ပိုက်လိုင်း စီမံကိန်းသည် ( တာ့ခ်မင်နစ္စတန်-အာဖဂန်-ပါကစ္စတန်-အိန္ဒိယ) စသည့် နိုင်ငံများကို ဖြတ်သန်းသွားသည်။ ဗဟိုအာရှ နိုင်ငံများအတွက် ပါကစ္စတန်၏ ဂွာဒါ ဆိပ်ကမ်း (Gwadar) သည် အနီးဆုံးပင်လယ်ထွက်ပေါက်ဖြစ်သည်။ ထိုဆိပ်ကမ်း စီမံကိန်း၏ ကြိုးကိုင်ရှင်မှာ တရုတ်ဖြစ်သည်။ တရုတ်အနေဖြင့် ပါကစ္စတန်ဆိပ်ကမ်းမှ တဆင့် ဗဟိုအာရှနှင့် ဆက်သွယ်နိုင်သော လမ်းကြောင်းကို အကောင်အထည်ဖော်လိုသည်။ ထိုလမ်းကြောင်းက တရုတ်၏ CPEC (China-Pakistan Economic Corridor- တရုတ် ပါကစ္စတန် စီးပွားရေး စင်္ကြန်) အတွက် အဓိက ဗျူဟာလည်း ဖြစ်သည်။
တောင်အာရှ အဖို့ အရှေ့တောင်အာရှ (Southeast Asia) နှင့် ဆက်စပ်ရသော ကိစ္စရပ်များထဲတွင် စီးပွားရေးနှင့် လုံခြုံရေး ဆိုင်ရာ ဆက်စပ်မှုက ရှိသည်။ အိန္ဒိယ၏ အရှေ့မျှော် မူဝါဒ (Look East / Act East Policy) အရ အရှေ့တောင်အာရှနှင့် ကုန်သွယ်ရေး တိုးမြှင့်ရန် လိုအပ်သည်။ ထိုလိုအပ်ချက်ကို အကောင်အထည်ဖော်ရန် မြန်မာနှင့် ထိုင်းနိုင်ငံတို့မှ တစ်ဆင့် ကုန်းလမ်း၊ ရေလမ်း ဆက်သွယ်ရေးများကို အိန္ဒိယဘက်က တည်ဆောက်နေသည်။ အိန္ဒိယသမုဒ္ဒရာကနေ အရှေ့တောင်အာရှကို ဖြတ်ပြီး အရှေ့အာရှ (တရုတ်၊ ဂျပန်) ကို သွားသော မလက္ကာရေလက်ကြား (Malacca Strait)လမ်းကြောင်း၏ ဆက်စပ်ရေပြင် လမ်းကြောင်း အစိတ်အပိုင်းအချို့မှာ တောင်အာရှ၏ ထိန်းချုပ်မှုအောက်တွင် ရှိနေသည်။ မလက္ကာရေလက်ကြားသည်လည်း ကမ္ဘာ့ကုန်သွယ်ရေးအတွက် အရေးပါဆုံး လည်ပတ်ကြော (Choke point) များထဲမှ တစ်ခုအပါအဝင် ဖြစ်သည်။
(အနောက်အာရှ ၊ အရှေ့အလယ်ပိုင်း နှင့် တောင်အာရှ) ဆက္စပ္မှုတွင် စွမ်းအင်နှင့် အလုပ်သမား ကိစ္စက အဓိက အချက်ဖြစ်သည်။ တောင်အာရှနိုင်ငံများ၏ လောင်စာဆီ ၈၀% ကျော်မှာ အနောက်အာရှက ဝယ်ယူနေရခြင်း ဖြစ်သည်။ အခြားတဖက်တွင် တောင်အာရှ ၏ သန်းချီသော အလုပ်သမားများက အနောက်အာရှတွင် အလုပ်လုပ်နေကြသည်။ ထိုအလုပ်သမားများက ပြန်ပို့သော နိုင်ငံခြားငွေ (Remittances) များက တောင်အာရှ၏ စီးပွားရေးတွင် အသက်သွေးကြော ဖြစ်သည်။ ထိုပြင် တောင်အာရှနှင့် အရှေ့အလယ်ပိုင်းကြားတွင် ဘာသာရေးနှင့် ယဉ်ကျေးမှု ဆိုင်ရာ ဆက်နွယ်မှုကလည်း ရှိနေသည်။ တောင်အာရှ၏ ပါကစ္စတန်၊ ဘင်္ဂလားဒေ့ရှ်၊ အာဖဂန်နစ္စတန်တို့က အစ္စလာမ်ကမ္ဘာနှင့် ခိုင်မာသော ယဉ်ကျေးမှု၊ ဘာသာရေး ဆိုင်ရာ ဆက်နွှယ်မှုများ ရှိနေသည်။
တောင်အာရှ နှင့် အရှေ့အာရှ အဆက်အစပ်က အရှိန်အဟုန်အပြင်းဆုံး ဗျူဟာမြောက် အားပြိုင်မှုအဖြစ် တည်ရှိနေသည်။ အထူးသဖြင့် အိန္ဒိယနှင့် တရုတ် ပြိုင်ဆိုင်မှု ဖြစ်သည်။ တရုတ်နိုင်ငံက အိန္ဒိယအပေါ် ပုလဲကုံးဗျူဟာ (String of Pearls) ဝိုင်းပတ်ထားပုံမျိုးဖြင့် ပါကစ္စတန်၊ သီရိလင်္ကာ၊ ဘင်္ဂလားဒေ့ရှ်တို့တွင် ဆိပ်ကမ်း တည်ဆောက် ခြေကုပ်ယူထားသည်။ တရုတ်- အိန္ဒိယ တို့၏ ဟိမဝန္တာနယ်စပ် (Himalayan Frontier) တွင် ရှိသော နီပေါ၊ ဘူတန် တို့မှာ တရုတ်နှင့် အိန္ဒိယကို ခြားပေးထားသော ကြားခံနိုင်ငံများ (Buffer States) ဖြစ်နေသည်။ ထိုနိုင်ငံ နှစ်ခု၏ နိုင်ငံရေးတည်ငြိမ်မှုမှာ အင်အားကြီးနှစ်နိုင်ငံလုံး၏ အကျိုးစီးပွားနှင့် တိုက်ရိုက်ဆက်စပ်နေသည်။
တောင်အာရှ၏ အရေးပါမှုဟာ ကမ္ဘာ့လုံးဆိုင်ရာ မဟာဗျူဟာပိုင်း ချန်ထား၍ မရသော အစိတ်အပိုင်းများရှိနေသည်။
- အိန္ဒိယ သမုဒ္ဒရာသည် ကမ္ဘာ့စွမ်းအင် ကုန်သွယ်၏ အဓိက လမ်းမကြီးဖြစ်သည်။ တောင်အာရှ ဒေသတွင္း နိုင်ငံ ၈ ခုတွင် နိုင်ငံ ၅ ခုက အိန္ဒိယ သမုဒ္ဒရာနှင့် တိုက်ရိုက် ထိစပ်နေသည်။ ထိုသို့ ထိစပ်နေခြင်းက ရေကြောင်းထိန်းချုပ်မှုနှင့် ရေပြင်ဆက်စပ်မှု အခွင့်အရေးကို ရစေသည်။
- အိန္ဒိယ- ပါကစ္စတန် စသည့် နျူကလီးယားလက်နက်ပိုင်ရှင် နှစ်နိုင်ငံ ထိပ်တိုက်တွေ့ကြ သော နေရာဖြစ်၍ ကမ္ဘာ့လုံခြုံရေးအတွက် အမြဲစောင့်ကြည့်နေရသည်။
- ကမ္ဘာ့လူဦးရေ၏ ၂၅% နီးပါး ရှိသော လူဦးရေ စျေးကွက်က ရှိနေသည်။ ထိုလူဦးရေက လုပ်သားအင်အားကို ရရှိစေသောကြောင့် အနာဂတ် ကမ္ဘာ့စီးပွားရေး၏ အင်ဂျင်စက်သစ် တစ်ခုလည်း ဖြစ်လာနိုင်သည်။
ထိုသို့ အချက္များ စုဆုံနေ၍ တောင်အာရှတွင် အမေရိကန်၊ အိန္ဒိယ၊ တရုတ် စသော အင်အားကြီး ပါဝါများ စုပြုံတိုးကြသည်။ ရူပဗေဒ သဘောတရားအရ လာရာလမ်းကြောင်းမတူသော လေစီးကြောင်းများ တစ်ခုနှစ်တစ်ခု စုဆုံတိုးကြသောအခါ လေပွေ့ဝဲဂယက္များ ဖြစ်ပေါ်တတ်သည်။ ၂၀၂၂ ခုနှစ်အတွင်း နီပေါ၊ ပါကစ္စတန်နဲ့ သီရိလင်္ကာ တို့တွင် ဖြစ်ခ့ဲသော နိုင်ငံရေး၊ စီးပွားရေး မငြိမ်သက္မှုများက တစ်ကမ္ဘာလုံး စောင့်ကြည့်နေရခြင်းက အထူးအဆန်းမဟုတ်ပေ။
၂၀၂၂ ခုနှစ် ဝဲဩဃ များ
နီပေါတွင် အမေရိကန် စီမံကိန်း MCC နှင့် SPP ကို ကန့်ကွက်ခြင်း
MCC (Millennium Challenge Corporation) စီမံကိန်းမှာ အမေရိကန်မှ နီပေါတွင် ရင်းနှီးမြုပ်နှံ့မည့် အခြေခံအဆောက်အအုံ ဖွံ့ဖြိုးရေး အတွက္ ထောက်ပံ့ရေး စီမံကိန္း ဖြစ်သည်။ MCC တွင် ဒေါ်လာ သန်း ၅၀၀ တန်သော လျှပ်စစ်နှင့် လမ်းတံတား စီမံကိန္းများပါဝင်သည္။ SPP (State Partnership Program) စီမံကိန်းမှာ အမေရိကန် အမျိုးသားအစောင့်တပ်ဖွဲ့ (US National Guard) နှင့် နီပေါစစ်တပ်ကြား ပူးပေါင်းဆောင်ရွက်ရေး စီမံကိန်း ဖြစ္သည်။ ထိုစီမံကိန်းများသည် တရုတ်အပေါ် အမေရိကန်မှ တန်ပြန်မည့်စီမံကိန်း များဖြစ်၍ တရုတ်နှင့် အမေရိကန်ကြားတွင် နီပေါမှာ ကြားညှပ်သွားနိုင်သည်ဟု ဆိုကာ ကန့်ကွက်ကြခြင်းဖြစ်သည်။
နီပေါ တွင် ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ အတွင်း MCC စီမံကိန်းအား လမ်းပေါ်ထွက် ကန့်ကွက် ဆန္ဒပြမှု အပြင်းထန်ဆုံး ဖြစ်ခဲ့သည်။ ဖေဖော်ဝါရီ ၂၀ ရက်တွင် အငြင်းပွားဖွယ်ရာ MCC သဘောတူညီချက်ကို နီပေါအစိုးရက လွှတ်တော်တွင် တင်သွင်းခဲ့သည်။ ထိုနေ့မှာပင် လွှတ်တော်အပြင်ဘက်၌ ရဲနှင့် ဆန္ဒပြသူတွေကြား အကြမ်းဖက်ပဋိပက္ခများ ဖြစ်ခဲ့ကြသည်။ ၂၀၂၂ ဖေဖော်ဝါရီ ၂၇ ရက်တွင် နီပေါလွှတ်တော်မှ MCC ကို "အဓိပ္ပာယ်ဖွင့်ဆိုချက်ဆိုင်ရာ ကြေညာချက်" (Interpretative Declaration) တစ်ခုထည့်ကာ အတည်ပြုလိုက်သည်။ ဇွန်လ ၂၁ ရက်တွင့် SPP စီမံကိန်း၌ မပါဝင်ရန် ဆုံးဖြတ်ခဲ့သည်။
ပါကစ္စတန်၏ ၂၀၂၂ခု နှစ် မတ်- ဧပြီ လများ
နီပေါ၌ ထိုသို့ ပြဿနာများ ဖြစ်နေချိန် ပါကစ္စတန္ တွင္ ဝန်ကြီးချုပ် အီမရန်ခန်းအား ရာထူးမှ ဖယ်ရှားရန် ကြိုးပမ်းမှုများ ဖြစ်နေ ခ့ဲသည္။ ဝန်ကြီးချုပ် အီမရန်ခန်းက သူ့အား ဖြုတ်ချရန် နောက်ကွယ်တွင် အမေရိကန် ကြိုးကိုင်ကြောင်း စွပ်စွဲခဲ့သည်။ ၎င်းက သူ့၏ နိုင်ငံခြားရေးမူဝါဒမှာ အနောက်အုပ်စုထက် ရုရှားနှင့် တရုတ်ဘက်သို့ ပိုယိမ်းခဲ့၍ သူအားဖြုတ်ချခ့ဲကြသည္ဟု ဆိုခ့ဲသည္။ ၂၀၂၂ ခုနှစ် မတ်လ ၈ ရက္ တွင် အီမရန်ခန်းအပေါ် အယုံအကြည်မရှိအဆို (No-confidence motion) ကို လွှတ်တော်တွင် အတိုက်အခံပါတီများ တင္သွင္းခ့ဲသည္။ ဧပြီ လ (၃) ရက္နေ့တွင် လွှတ်တော်ဒုဥက္ကဋ္ဌက အဆိုကို ပယ်ချပြီး လွှတ်တော်အား ဖျက်သိမ်းရန် ကြိုးစားခဲ့သည်။ သို့သော် တရားရုံးချုပ်က အဆိုကို ပါယ်ချကာ လွတ်တော်အား ဖျက်သိမ်းရန် ကြိုးစားခြင်းမှာ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် မညီဟု ဆုံးဖြတ်ခ့ဲသည္။ သို့ဖြစ်၍ ပါကစ္စတန်လွတ်တော် ဆက်လက်တည်ရှိနေပြီး ဧပြီလ ၁၀ ရက်နေ့တွင် မဲခွဲဆုံးဖြတ်ရာ အီမရန်ခန်းအား ရာထူးမှ ဖယ်ရှားလိုက်ကြသည်။ ဧပြီ လ ၁၁ရက် တွင် ရှာဘတ်ရှရစ်ဖ် (Shehbaz Sharif) က ဝန်ကြီးချုပ်သစ် ဖြစ်လာခ့ဲသည်။
သီရိလင်္ကာ၏ ၂၀၂၂ ခုနှစ် မတ် - ဇူလိုင်လ များ
ထိုကာလများတွင္ သီရိလင်္ကာ၌ စီးပွားရေး အကြပ်အတည္းဆိုက်ကာ လူထုအုံကြွမှုကြီး ဖြစ်ပေါ်ခဲ့သည်။ နီပေါက့ဲသို့ပင္ သီရိလင်္ကာကိုလည်း အမေရိကန်ဘက် MCC စီမံကိန်းဖြင့် ထောက်ပံ့ငွေပေးရန် ကြိုးစားခဲ့ဖူးသည်။ သို့သော် ထိုစီမံကိန်းမှာ တရုတ်လိုလားသော အုပ်စုများ၏ ကန့်ကွက္မှုကြောင့် ပျက်ပြယ်ခဲ့ရသည်။ မဟာပါဝါများ၏ အားပြိုင်မှုကြားတွင် သီရိလင်္ကာမှာ အပြိုင်အဆိုင် ကမ်းလှမ်းချက္များကို ရရှိခ့ဲသည္။ ထိုကမ်းလှမ်းချက်များကြား ခွထိုင်ရင်း တရုတ်ထံမှ အတိုးနှုန်းကြီးသော ချေးငွေေ များနှင့် အကျိုးအမြတ်မထွက်သော စီမံကိန်းများကို လုပ်နေ ခ့ဲသည္။။ ၂၀၂၂ ခုနှစ် မတ်လ (၃၁) ရက်တွင် ကိုလံဘိုမြို့ သမ္မတအိမ်တော်ရှေ့တွင် စားနပ်ရိက္ခာနှင့် လောင်စာဆီ ပြတ်လပ်မှုကြောင့် လူထုက စတင်ဆန္ဒပြခဲ့ကြသည်။ ဧပြီ လ ၁၂ရက္ တွင် သီရိလင်္ကာအစိုးရက နိုင်ငံခြားကြွေးမြီ (ဒေါ်လာ ၅၁ ဘီလီယံခန့်) ကို ပြန်မဆပ်နိုင်တော့ကြောင်း (Default) နှင့် ဒေဝါလီခံကြောင်း တရားဝင် ကြေညာခဲ့သည်။ မေလ ၉ ရက်တွင် အကြမ်းဖက္မှုများ ဖြစ်ပွားပြီး ဝန်ကြီးချုပ် မဟင်ဒါ ရာဂျာပက်ဆာ (Mahinda Rajapaksa) ရာထူးမှ နုတ်ထွက်ခဲ့ရသည်။ဇူလိုင်လ ၉ ရက် တွင် ဆန္ဒပြသူ ထောင်ပေါင်းများစွာ သမ္မတအိမ်တော်ထဲ စီးနင်းဝင်ရောက်ခဲ့ကြသည်။ ဇူလိုင်လ ( ၁၃) ရက်၊ ( ၁၄) ရက္များတွင် သမ္မတ ဂိုတာဘာယာ ရာဂျာပက်ဆာ နိုင်ငံမှ ထွက်ပြေးကာ နုတ်ထွက်စာ ပေးပို့ခဲ့သည်။ သီရိလင်္ကာ၏ ဖြစ်စဉ်မှာ အိန္ဒိယနှင့် အမေရိကန်ကို ကျော်ကာ တရုတ်ထံ အရမ်းနီးကပ္သွားခ့ဲခြင်းကြောင့် စူပါပါဝါများကြားတွင် မျှချေဟန်ချက် ပျက်သွားခြင်းဖြစ်သည်။ ထိုသို့ မျှချေဟန်ချက် ပျက်သွားချိန် စီးပွားရေးအကြပ်အတည်းက ပေါ်ပေါက်လာသောအခါ အနောက်အုပ်စု၏ အချိန်မှီ ထောက်ပံ့မှုများ ရရန် ခက်ခဲသွားကာ ပြိုလဲခ့ဲရခြင်း ဖြစ်သည်။
မော်လဒိုက်၏ ၂၀၂၂ ခုနှစ် ဝဲဩဃ များ
၂၀၂၂ ခုနှစ်အတွင်း တောင်အာရှတစ်ခွင် စူပါပါဝါများ၏ အားပြိုင်မှုကြောင့် နိုင်ငံရေး၊ စီးပွားရေးနယ်ပါယ်တွင် ငလျင်လှုပ်သလို ရိုက်ခတ်နေချိန် မော်လ်ဒိုက်သည်လည်း လုံးဝအေးဆေးနေခဲ့ရသည်တော့ မဟုတ်ပေ။ မော်လဒိုက်၌ သီရိလင်္ကာ က့ဲသို့ စီးပွားရေးပြိုမှု၊ ပါကစ္စတန္က့ဲသို့ အစိုးရပြုတ်ကျမှုမျိုးထိ မဖြစ်ခဲ့ပေ။ သို့သော် "အိန္ဒိယ- တရုတ် အားပြိုင်မှု" စက်ကွင်းအတွင်း ပြည်တွင်းနိုင်ငံရေး တင်းမာမှုများဖြင့် လုံးပန်းနေခဲ့ရသည်။
မော်လဒိုက်၏ ကျွန်းစုများအတွင်း ဆိပ်ကမ်းငယ်များ တိုးချဲ့ရန်နှင့် ဖွံ့ဖြိုးရေးစီမံကိန်းများတွင် တရုတ်က အဓိက ငွေချေးသူ၊ ရင်းနှီးမြုပ်နှံသူ ဖြစ်နေသည်။ အိန္ဒိယဘက်က မော်လဒိုက်တွင် တရုတ်လွမ်းမိုးမှုအား တန်ပြန်ရန် ကြိုးစားချိန်တွင် တင်းမာမှုများ စတင်ရှိလာတော့သည်။ ၂၀၂၂ ခုနှစ်အတွင်း မော်လဒိုက် တွင် "India Out" လှုပ်ရှားမှု ဖြင့် အိန္ဒိယဆန့်ကျင်ရေး စိတ်ဓါတ် အမြင့်ဆုံးရောက်ခဲ့သည်။ တရုတ်ဘက်ကို နီးကပ်သော အတိုက်အခံခေါင်းဆောင် (သမ္မတဟောင်း) အဗ္ဗဒူလာယာမင်း (Abdulla Yameen) က ဦးဆောင်ကာ မော်လ်ဒိုက်မှာ အိန္ဒိယစစ်တပ် အခြေစိုက်နေသည်ဟူသော စွပ်စွဲချက်ဖြင့် ကန့်ကွက်ခဲ့ကြကာ အိန္ဒိယ ဆန့္ကျင်ရေးလုပ္လာခ့ဲသည္။ ဧပြီလတွင် ထိုအချိန် သမ္မတတာဝန်ယူထားသူ အီဘရာဟမ် ဆိုလီ (Ibrahim Solih) က "India Out" လှုပ်ရှားမှုအား အမျိုးသားလုံခြုံရေးအပေါ် ထိခိုက်စေသည်ဟုဆိုကာ အမိန့်ဒီကရီထုတ် တားမြစ်ခဲ့ရသည်။
သီရိလင်္ကာ၌ ဆန္ဒပြပွဲများ အရှိန်တက်နေသော ဇွန်လ ၂၁ ရက်နေ့တွင် မော်လဒိုက်မြို့တော် မာလီ (Male) ၌ နိုင်ငံတကာ ယောဂနေ့ အခမ်းအနား ကျင်းပနေသည်။ ထိုအခမ်းအနားကိုအစွန်းရောက်အုပ်စုများက ဝင်ရောက်စီးနင်း ဖျက်ဆီးခဲ့ကြသည်။ ထိုသို့ စီးနင်းမှု၏ ရည်ရွယ်ချက်က အိန္ဒိယ၏ ယဉ်ကျေးမှုလွှမ်းမိုးမှုအား ဆန့်ကျင်ပြခြင်း ဖြစ်သည်။
သီရိလင်္ကာ ဒေဝါလီခံလိုက်တဲ့အချိန်တွင် ကမ္ဘာ့ဘဏ်၊ IMF တို့က မော်လဒိုက် အတွက် သတိပေးချက်များ ထုတ္ပြန်ခ့ဲသည္။မော္လဒိုက် က တရုတ်နှင့် အိန္ဒိယထံမှ ချေးငွေ အများအပြားယူထားသည်။ ၂၀၂၂ ခုနှစ်တွင် နိုင်ငံခြားအရံငွေ လျော့ကျလာသောအခါ "သီရိလင်္ကာနောက် မော်လ်ဒိုက် လိုက္သွားမှာလား" ဆိုသော စိုးရိမ်မှုက ရှိလာခ့ဲသည္။ သို့ရာတွင် အိန္ဒိယ၏ လျင်လျင်မြန်မြန် ကူညီမှုနှင့် ခရီးသွားလုပ်ငန်း (Tourism) က COVID-19 အပြီးတွင် သီရိလင်္ကာထက် ဆန်စွာ ဦးမော့လာနိုင်ခဲ့၍ သီရိလင်္ကာက့ဲသို ဆိုးဆိုးရွားရွား မဖြစ်ခ့ဲ ခြင်းဖြစ်သည်။
ဝဲဩဃ နှင့် အရှုံးမရှိအောင် နှစ်ဖက်ခွ ကစားခြင်း (Hedging)
တောင်အာရှ၏ နိုင်ငံငယ်များသည် စူပါပါဝါများကြားတွင် (Hedging) ဘက်ခွကစားခြင်း ဗျူဟာကို သုံးနေကြသည်။ တရုတ်ထံမှ လမ်းတံတားတွေ လိုချင်သည်၊ အိန္ဒိယထံမှ လောင်စာဆီနှင့် ကုန်စည်လိုချင်သည်၊ အမေရိကန်ထံမှ ထောက်ပံ့ငွေ (Grants) လိုချင်သည်။ ထိုနိုင်ငံငယ်များက ဘက်ခွကစားမှုအား Leverage (အသာစီးရစေရန်) ဘက်ကို ပြောင်းရန်ကြိုးစားကြသည်။ အိန္ဒိယမှ တစ်ခုခုကို ဖိအားပေးလာလျှင် "ငါတို့ တရုတ်ဘက် လှည့်လိုက္မည်" ဆိုသည့် အကွက်ဖြင့် အင်အားကြီးနိုင်ငံများထံမှ ပိုကောင်းသော အခွင့်အရေးကို တောင်းဆိုကြသော ဗျူဟာကို ကျင့်သုံးကြသည်။ ဤဗျူဟာက ထိုနိုင်ငံများ၏ ပြည်တွင်းနိုင်ငံရေး တွင် အပြန်အလှန် ထိုးနှက်ကြသော လက်နက်တစ်ခုလည်း ဖြစ်လာသည်။ အတိုက်အခံပါတီများက အာဏာရအစိုးရအား "နိုင်ငံကို တရုတ်/အိန္ဒိယ လက်ထဲ ထိုးအပ်နေပြီ" လို့ စွပ်စွဲကာ လူထုထောက်ခံမှုရအောင် လုပ်လေ့ရှိကြသည်ပင်။ အဆိုပါ တောင်အာရှ နိုင်ငံငယ်များသည် "အင်အားကြီးနိုင်ငံတွေ၏ ရန်ပွဲ" ထဲတွင် "မြေစာပင်" မဖြစ်လိုကြပေ။ သို့ဖြစ်၍ ဘက်တစ်ခုတည်းတွင် အသေမရပ်နိုင်ကြပေ။ စီးပွားရေးအရ တရုတ်ကို ချဉ်းကပ်သည်။ လုံခြုံရေးအရ အိန္ဒိယကို အားကိုးသည်။ ဒီမိုကရေစီနှင့် ဖွံ့ဖြိုးရေးအတွက် အမေရိကန်ကို မျက်နှာမူသည်။ ထိုသို့ ဘက်ခွကစားမှု (Hedging) ဗျူဟာကို ကိုင်စွဲကြသည်။ ထိုသို့ ဘက်ခွမှု နှင့္ ဘက်ပြောင်းမှု ကစားပွဲများတွင် အဆိုပါတောင်အာရှ နိုင်ငံများ ရင်ဆိုင်ရသော စိန်ခေါ်မှုမှာ ဟန်ချက္မျှချေ ကို မထိန်းနိုင်သော ဒုက္ခကလည်း အမြဲရှိနေသည်။ ၂၀၂၂ ခုနှစ် သီရိလင်္ကာ ဒေဝါလီခံလိုက်ရသော ကိစ္စများ ၊ ၂၀၂၄ ခုနှစ် ဘင်္ဂလားဒေရှ့် ဂျင်ဇီ တော်လှန်ရေး ဖြစ်ရပ်များက စူပါပါဝါများကြားတွင် မျှခြေမထိန်းနိုင်ပါက နိုင်ငံ၏တည်ငြိမ်မှုမှာ အန္တရာယ်ရှိသော ဝဲဩဃထဲ ရောက်သွားတတ်သည်ကိုလည်း တောင်အာရှ၏ နိုင်ငံရေးက မကြခဏ ဖော်ပြနေသည်။
Comments
Post a Comment