စူပါပါဝါများ၏ဝဲဩဃထဲ ဝါးမြိုခံလိုက်ရသော သီဟိုဠ် -၁
စူပါပါဝါများ၏ဝဲဩဃထဲ ဝါးမြိုခံလိုက်ရသော သီဟိုဠ် -၁
သီဟိုဠ်ကျွန်းသည် အိန္ဒိယသမုဒ္ဒရာ နိုင်ငံတကာရေကြောင်းပေါ်တွင် ရှိနေသော နိုင်ငံဖြစ်သည်။ သီဟိုဠ်ကျွန်းအကြောင်း ပြောမည်ဆိုပါက သီဟိုဠ်ကျွန်း၏ တောင်ဘက် နိုင်ငံတကာရေကြောင်း (The Main Route) ကိုလည်း ထည့်ပြောရမည်ဖြစ်သည်။ ကမ္ဘာ့အရှေ့ဘက်အခြမ်း တရုတ်၊ ဂျပန်၊ အရှေ့တောင်အာရှ တို့မှ သင်္ဘောများနှင့် ကမ္ဘာ့ အနောက်ဘက်အခြမ်း ဥရောပ၊ အာဖရိက၊ အရှေ့အလယ်ပိုင်း တို့မှ သင်္ဘောများမှာ သီဟိုဠ်ကျွန်း၏ တောင်ဘက်စွန်းနားမှ ကပ်၍ ပတ်မောင်းကြရသည်။ ထိုသို့အချက်အခြာကျမှုကြောင့် ထိုလမ်းကြောင်းသည် ကမ္ဘာ့အလုပ်အရှုပ်ဆုံး ပင်လယ်ရေကြောင်း လမ်းမကြီးများထဲတွင် တစ်ခုဖြစ်နေသည်။ သီဟိုဠ် တောင်ဘက်စွန်းတွင် တရုတ် ရင်းနှီးမြုပ်နှံထားသော ဟမ်ဘန်တိုတာ ဆိပ်ကမ်း (Hambantota Port) ရှိသည်။ ထိုဆိပ်ကမ်းအား တရုတ်က အိန္ဒိယ သမုဒ္ဒရာတွင် ဖြတ်သန်းသွားလာနေသော သင်္ဘောကြီးများကို ဝန်ဆောင်မှုပေး၍ အကျိုးအမြတ်ယူရန် ဗျူဟာမြောက် ရည်ရွယ်ထားသည်။
သီဟိုဠ်ကျွန်း၏ မြောက်ဘက် အိန္ဒိယနှစ်နီးကပ်နေသော ရေလက်ကြားအား ပါ့ခ် ရေလက်ကြား (Palk Strait) ဟု ခေါ်သည်။ ထိုရေလက်ကြားတွင် အဒမ်တံတား (Adams Bridge) သိုမဟုတ် Ram Setu ဟုခေါ်သော သဲသောင်ခုံတန်းများနှင့် ကျောက်တန်းကြီးတစ်ခု ရှိနေသည်။ ထိုသို့ သဲသောင်ခုံတန်းနှင့် ကျောက်တန်းကြီး ကြောင့် ထိုရေလက်ကြား မှာ ရေတိမ်နေသည်။ ထိုရေလက်ကြား၏ နေရာအတော်များများတွင် ရေအနက် ၁ မီတာ မှ ၁၀ မီတာလောက်သာ ရှိသည်။ သို့ဖြစ်၍ သင်္ဘောကြီးများ ဖြတ်၍မရပေ။ ကုန်သေတ္တာတင် သင်္ဘောကြီးများ (Cargo Ships) နှင့် ရေနံတင် သင်္ဘောကြီးများမှာ ရေအနက် အနည်းဆုံး ၁၂ မီတာ မှ ၁၅ မီတာအထက်ထိ လိုအပ်သည်။ ပါခ့် ရေလက်ကြား တွင် လှေငယ်များ၊ ငါးဖမ်းသင်္ဘောငယ်များသာ ဖြတ်မောင်းကြသည်။
အိန္ဒိယအစိုးရက ထို ပါခ်ရေလက်ကြား ရေတိမ်နေသော ပြဿနာကို ဖြေရှင်းရန် ဆီတူဆမုဒရမ် သင်္ဘောတူးမြောင်း စီမံကိန်း (Sethusamudram Shipping Canal Project)ကို အကောင်အထည်ဖော်ရန် ကြိုးစားခ့ဲဖူးသည္။ ထို စီမံကိန်းက ပါခ်ရေလက်ကြားတွင် တူးဖော်ကာ သင်္ဘောကြီးများ ဖြတ်သန်း၍ရအောင် ပြုလုပ်မည့် စီမံကိန်းဖြစ်သည်။ သို့ရာတွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးအရ သန္တာကျောက်တန်းများမှာ ဆိုးဆိုးဝါးဝါး ပျက်စီးသွားမည်ဖြစ်သည်။ ဘာသာရေးအရထိုကျောက်တန်း မှာ ရာမမင်းသား တည်ဆောက်ခဲ့သော တံတားဖြစ်သည်ဟု ဆိုကာ ဟိန္ဒူဘာသာဝင်များက ထိုကျောက်တန်းကို အထိမခံကြ။ သို့ဖြစ်၍ နိုင်ငံတကာ သင်္ဘောကြီးများမှာ သီဟိုဠ်နှင့် အိန္ဒိယကြားက ပါခ် ရေလက်ကြားကို မဖြတ်နိုင်ဘဲ သီဟိုဠ် တောင်ဘက္မှ ကွေ့ပတ်သွားနေကြခြင်းဖြစ်သည်။ သို့ဖြစ်၍ သီဟိုဠ်၏ တောင်ဘက်ဆိပ်ကမ်းများမှာ ပထဝီဝင်အရ အလွန်အရေးပါသော နေရာတွင် ရှိနေခြင်းဖြစ်သည်။
ထိုတောင်ဘက် ဆိပ်ကမ်းများအား တရုတ်ဝင်တိုးလာသောအခါ သီဟိုဠ်သည်လည်း စူပါ ပါဝါကြီးများ၏ အားပြိုင်မှုကြား ရောက္သွားခ့ဲသည္။ တရုတ်၊ အိန္ဒိယ၊ အမေရိကန်တို့၏ သီဟိုဠ် တွင် ရင်းနှီးမြုပ်နှံ့မှု ကိုကြည့်ပါက စူပါ ပါဝါများ၏ အားပြိုင်မှုများကို တွေ့ရမည် ဖြစ်သည်။
တရုတ်ရင်းနှီးမြုပ်နှံမှုများ
သီဟိုဠ်တွင် တရုတ် ရင်းနှီးမြှုပ်နှံမှုများက အခြေခံအဆောက်အအုံ ကဏ္ဍများတွင် အဓိကရှိနေသည်။ ဟမ်ဘန်တိုတာ ဆိပ်ကမ်း (Hambantota Port) မှာ သီဟိုဠ်တောင်ဘက်ခြမ်းမှာရှိ အကြီးဆုံး ဆိပ်ကမ်းစီမံကိန်းတစ်ခုဖြစ်သည်။ ထိုဆိပ်ကမ်းနား ရေပြင်ပေါ်မှ နိုင်ငံတကာ သင်္ဘောများ ဖြတ်သန်းသွားရသည်။ ဟမ်ဘန်တိုတာ ဆိပ်ကမ်း (Hambantota Port) စီမံကိန်း၏ နာမည်ကြီးမှု နောက်တမျိုးမှာ တရုတ်က အကြွေးနှင့် သိမ်းပိုက်သွားသော ဆိပ်ကမ်း အဖြစ်လည်း နာမည်ကြီးပါသည်။ လက်ရှိတွင် သီဟိုဠ် အစိုးရက အကြွေးပြန်မဆပ်နိုင်သည့်အတွက် တရုတ်ကုန်သည်ဆိပ်ကမ်းကုမ္ပဏီ ( China Merchants Port Holdings) ကို (၉၉) နှစ် ငှားရမ်းစာချုပ်ဖြင့် လွှဲပြောင်းပေးထားရသော စီမံကိန်းလည်း ဖြစ်သည်။ နောက်ထပ် တရုတ်လက်တံတစ်ခုမှာ ကိုလံဘို ဆိပ်ကမ်းမြို့တော် (Colombo Port City) စီမံကိန်း ဖြစ်သည်။ ကိုလံဘိုမြို့ကမ္းနားတွင် ပင်လယ်ကို မြေဖို့ပြီး တည်ဆောက်နေသော စီးပွားရေးဇုန်အသစ် ဖြစ်သည်။ ထိုဇုန်အသစ်က တရုတ်၏ ခါးပတ်လမ်း Belt and Road Initiative (BRI) စီမံကိန်း အောက္ရှိ အကြီးမားဆုံးသော ရင်းနှီးမြှုပ်နှံမှုတစ်ခုဖြစ်သည်။ တရုတ်တို့က ကိုလံဘိုဆိပ်ကမ်းအား နိုင်ငံတကာ ပင်လယ်ရေကြောင်းကုန်သွယ်မှု တွင် သူ့ကြိုးကိုင်ထားနိုင်သော အပြည်ပြည်ဆိုင်ရာ ဘဏ္ဍာရေးနှင့် စီးပွားရေးအချက်အချာနေရာဖြစ်လာရန် ရည်ရွယ်ထားသည္။ ကိုလံဘို ဆိပ်ကမ်းမြို့တော်စီမံကိန်းနှင့် ဆက်စပ်၍ ကိုလံဘို တောင်ဘက် ကွန်တိန်နာဆိပ်ကမ်း (Colombo South Container Terminal) စီမံကိန်းလည်းရှိနေသည်။ တရုတ်ကုမ္ပဏီက ရင်းနှီးမြှုပ်နှံ တည်ဆောက်ထားကာ တောင်အာရှ ရေနက်ဆိပ်ကမ်းများတွင် တစ်ခုအပါအဝင် ဖြစ်လာမည် အနေအထားတွင် ရှိသည်။ လျှပ်စစ်စွမ်းအင်နှင့် စက္မှုဇုန်များ တည်ဆောက်ရေးတွင်လည်း တရုတ်ပါဝင်နေသည်။ နိုရောချိုလိုင်း (Norochcholai) ကျောက္မီးသွေးဓာတ်အားပေးစက်ရုံမှာ သီဟိုဠ်၏ လျှပ်စစ်လိုအပ်ချက် အမြောက်အမြားကို ဖြည့်ဆည်းပေးနေသော စက်ရုံဖြစ်ကာ တရုတ်နိုင်ငံ၏ ချေးငွေ ဖြင့် တည်ဆောက်လည်ပတ်နေခြင်းဖြစ်သည်။ ထိုပြင် သယ်ယူပို့ဆောင်း နယ်ပါယ်များဖြစ်သော အမြန်လမ်းမကြီးများ (ဥပမာ- Southern Expressway) နှင့် မာတာလာ ရာဂျာပတ်ဆာ အပြည်ပြည်ဆိုင်ရာ လေဆိပ် (Mattala Rajapaksa International Airport) တည်ဆောက်ရေးတွင်လည်း တရုတ်ဘက်၏ ရင်းနှီးမြှုပ်နှံမှု၊ ချေးငွေနှင့် အခြားအကူအညီ အများအပြားကို ရယူထားသည်။ မာတာလာ ရာဂျာပတ်ဆာ အပြည်ပြည်ဆိုင်ရာ လေဆိပ် (Mattala Rajapaksa International Airport)ကား လည်ပတ်မှုအားနည်းသောကြောင့် "ကမ္ဘာ့အခြောက်သွေ့ဆုံး လေဆိပ်" ဟု အခေါ်ခံနေရသော နေရာဖြစ်သည်။
အိန္ဒိယ၏ ရင်းနှီးမြုပ်နှံမှု
သီဟိုဠ်ရှိ အိန္ဒိယ ရင်းနှီးမြှုပ်နှံမှုများမှာ တရုတ်နှင့်မတူပေ။ သို့သော် အိန္ဒိယ ဝင်တိုးသော နယ်ပါယ်များမှာ သီဟိုဠ်အတွက် အရေးကြီးသော စွမ်းအင်၊ နည်းပညာ၊ ခရီးသွားလုပ်ငန်း၊ ပို့ဆောင်ရေး ကဏ္ဍ များတွင် ဖြစ်နေသည်။ အိန္ဒိယဖက္မှ သီဟိုဠ်၏ စွမ်းအင်လိုအပ်ချက်အား ဖြည့်ဆည်းရန် စွမ်းအင်ကဏ္ဍ (Energy Sector) တွင် အကြီးအကျယ် ရင်းနှီးမြှုပ်နှံပေးထားသည်။ ထရင်ကိုမာလီး (Trincomalee) ရေနံသိုလှောင်ကန်မှာ ဗျူဟာမြောက် အရေးပါသည့် အရာ ဖြစ်သည်။ ထိရေနံသိုလှောင်ကန်များမှာ အိန္ဒိယရေနံကုမ္ပဏီ (IOC) ၏ ပူးပေါင်းစီမံခန့်ခွဲမှု အောက်တွင် ရှိနေသည်။ အိန္ဒိယ၏ အာဒါနီ အုပ်စု (Adani Group ) ကုမ္ပဏီ ဘက္မှ လေစွမ်းအင်စီမံကိန်း များတွင် ရင်းနှီးမြုပ်နှံထားသည်။ သီဟိုဠ် မြောက်ပိုင်းရှိ မန်နာ (Mannar) နှင့် ပုဏ္ဏားရင် (Pooneryn) နေရာများတွင် ဒေါ်လာ သန်း ၄၄၀ ကျော် တန်ဖိုးရှိသော လေစွမ်းအင် လျှပ်စစ်ထုတ်လုပ်ရေး စီမံကိန်းများရှိနေသည်။ နေရောင်ခြည်စွမ်းအင် တွင်လည်း အိန္ဒိယ၏ ခြေတံလက်တံများ ရှိနေသည်။ အိန္ဒိယ အမျိုးသား အပူစွမ်းအင် ကော်ပိုရေးရှင်း (NTPC) က နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံအား တည်ဆောက်ရန် ဇိုင်းပြင်းနေသည်။ တရုတ်၏ လွှမ်းမိုးမှုအပေါ် တန်ပြန်ရန် ကိုလံဘိုဆိပ်ကမ်းတွင် အိန္ဒိယဘက်က ခြေကုပ်ယူလာသည်။ ကိုလံဘိုဆိပ်ကမ်း၏ အနောက်ဘက် ကွန်တိန်နာဆိပ်ကမ်း (West Container Terminal (WCT))ကို အာဒါနီ အုပ်စု ( Adani Group) က ဦးဆောင်ပြီး ရင်းနှီးမြှုပ်နှံနေသည်။ သီဟိုဠ်၏ မီးရထားလမ်းပိုင်းများ အဆင့်မြှင့်တင်ရန် ရထားတွဲများ ဝယ်ယူနိုင်ရန် အိန္ဒိယက ချေးငွေ (Lines of Credit) များဖြင့် ကူညီရင်းနှီးမြှုပ်နှံနေသည်။ အိန္ဒိယ ဆက်သွယ်ရေးကုမ္ပဏီကြီးဖြစ်သော Airtel မှာ သီရိလင်္ကာ ဆက်သွယ်ရေးစျေးကွက္ တွင္ အဓိကနေရာက ပါဝင်ထားပြီး Airtel Sri Lanka ဆက်သွယ်ရေးလုပ္ငန္းကိုတည်ဆောက်ထားသည်။ သီဟိုဠ်၏ Digital ကတ်စနစ် (Unique Digital Identity) အတွက် အိန္ဒိယဘက္မှ နည်းပညာ၊ ရန်ပုံငွေအကူအညီ ပေးထားသည်။ ကိုလံဘိုမြို့တွင် အိန္ဒိယ၏ နာမည်ကြီး ITC အုပ်စုက ဒေါ်လာ သန်း ၃၀၀ ကျော် ရင်းနှီးမြှုပ်နှံပြီးကာ ITC Ratnadipa Hotel အဆင့်မြင့် ဟိုတယ်ကြီးကို ဖွင့်လှစ်ကာ ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်းများတွင် နေရာယူထားသည်။ Tata Motors နှင့် Mahindra က့ဲသို့ အိန္ဒိယ ကုမ္ပဏီများက သီဟိုဠ်တွင် ကားတပ်ဆင်ရေးနှင့် ကားအရောင်းပြခန်းများ ဖွင့်လှစ်ထားသည်။ ထူးခြားချက္မှာ အိန္ဒိယ၏ ရင်းနှီးမြှုပ်နှံမှုများသည် များသောအားဖြင့် သီဟိုဠ်အစိုးရနှင့် အစိုးရချင်း ချိတ်ဆက္မှု (G2G) ထက် ပုဂ္ဂလိက ကဏ္ဍ (Private Sector) ပူးပေါင်းဆောင်ရွက္မှု တွင် ပိုများနေသည်။ သီဟိုဠ် စီးပွားရေး အကြပ်အတည်းကာလအတွင်းအိန္ဒိယက အရေးပေါ် ကူညီများ ပေးခဲ့ပြီးနောက်ပိုင်း နှစ်နိုင်ငံ စီးပွားရေး ပူးပေါင်းဆောင်ရွက္မှုက ပိုမို အားကောင်းလာခဲ့သည်။
အမေရိကန်၏ ရင်းနှီးမြုပ်နှံမှု
အမေရိကန်ပြည်ထောင်စု၏ သီဟိုဠ်ရှိ ရင်းနှီးမြှုပ်နှံမှုများမှာ တရုတ်၊ အိန္ဒိယက့ဲသို့ အခြေခံအဆောက်အအုံ တည်ဆောက်ရေးပိုင်းတွင် ပါဝင်မှု သိပ်မရှိပေ။ သို့ရာတွင် အထည်အလိပ်၊ စွမ်းအင်၊ နှင့် ဘဏ္ဍာရေးဆိုင်ရာ အထောက်အပံ့များတွင် အမေရိကန်၏ လက်တံများက ပိုရှည်နေသည်။ အမေရိကန်ဘက္မှ တရုတ်အပေါ် တန်ပြန်သည့်အနေဖြင့် International Development Finance Corporation (DFC) စီမံကိန်းကို ရေးဆွဲထားသည်။ ထိုစီမံကိန်းထဲတွင္ ကိုလံဘိုဆိပ်ကမ်းရှိ အနောက်ဘက် ကွန်တိန်နာဆိပ်ကမ်း စီမံကိန်း (West Container Terminal - WCT) လည်းပါဝင်သည်။ WCT စီမံကိန်းအတွက် အမေရိကန်က ဒေါ်လာ ၅၅၃ သန်း ရင်းနှီးမြှုပ်နှံထားသည်။ ဤစီမံကိန်းသည် အိန္ဒိယ၏ အာဒါနီ အုပ်စု ( Adani Group) နှင့် ပူးပေါင်းဆောင်ရွက္မှု ဖြစ်ကာ ဒေသတွင်း တရုတ် လွှမ်းမိုးမှုကို တန်ပြန်ရန် ဗျူဟာမြောက် လုပ်ဆောင်ချက်ဖြစ်သည်။ အထည်အလိပ်နှင့် အဝတ်အထည် ကဏ္ဍ (Apparel Sector) တွင် အမေရိကန်သည် သီရိလင်္ကာ၏ အကြီးဆုံး ပို့ကုန်စျေးကွက်ဖြစ်သည်။ Victoria's Secret, Gap, Nike စသော နာမည်ကြီး အမေရိကန်အမှတ်တံဆိပ်များမှာ သီဟိုဠ်ရှိ Brandix၊ MAS Holdings ကုမ္ပဏီကြီးများနှင့် ရေရှည်လက်တွဲကာ ရင်းနှီးမြှုပ်နှံ ထုတ်လုပ်နေကြသည်။ အမေရိကန်အခြေစိုက် စွမ်းအင်ကုမ္ပဏီတစ်ခုဖြစ်သော ( New Fortress Energy )သည် သီဟိုဠ်၏ သဘာဝဓာတ်ငွေ့ (LNG) ကဏ္ဍတွင် ရင်းနှီးမြှုပ်နှံရန် သဘောတူညီချက်များ ရယူထားသည်။ သီဟိုဠ်၏ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးအဆင့်မြှင့်တင်မှုတွင် အမေရိကန်၏ အရေးပါမှုကို ဖော်ပြ နေသည်။ အမေရိကန်၏ ( Sysco LABS) က့ဲသို့ နည်းပညာကုမ္ပဏီအချို့သည် သီဟိုဠ်တွင် နည်းပညာဖွံ့ဖြိုးရေးဗဟိုဌာန (R&D Centers) တွေကို ဖွင့်လှစ်ကာ နည်းပညာနှင့် ဝန်ဆောင်မှု (Tech & Services) အပိုင်းတွင် ဒေသခံ လူငယ်ထောင်ပေါင်းများစွာကို အလုပ်အကိုင် ပေးထားသည်။ ရင်းနှီးမြှုပ်နှံမှု တိုက်ရိုက်မဟုတ်သော ဖွံ့ဖြိုးရေးအကူအညီများတွင် USAID မှတစ်ဆင့် သီဟိုဠ်၏ စိုက်ပျိုးရေး၊ အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်း (SME) များတွင် ဒေါ်လာသန်းပေါင်းများစွာ ကူညီပံ့ပိုးပေးထားသည်။ သီဟိုဠ်၌ အမေရိကန်၏ ရင်းနှီးမြှုပ်နှံမှုပုံစံမှာ ပုဂ္ဂလိကလုပ်ငန်းများ (Private Sector) ကို အားပေးသောပုံစံဖြစ်သည်။ မကြာသေးမီနှစ်များအတွင်း အိန္ဒိယနှင့် ပူးပေါင်းကာ ဆိပ္ကမ္းက့ဲသို့ အခြေခံအဆောက်အအုံ စီမံကိန်းများတွင် အမေရိကန်သည် တိုးဝင်လာသည်။ အမေရိကန်ဘက္မှ သီဟိုဠ်တွင္ အစိုးရချင်း ချိတ်ဆက္မှုများ ပြုရသော စီမံကိန်းများကိုပိုမိုလုပ္ဆောင္လာခ့ဲသည္။ အမေရိကန်မှာ မည်သို့ပင်ဆိုစေ သီဟိုဠ်အတွက် ငြင်းဆန်ခွင့်မရှိသော အရေးအပါဆုံးသော စီးပွားဖက်နိုင်ငံ တစ်နိုင်ငံ အဖြစ် ရပ်တည်နေသည်။
ဤသို့ရင်းနှီးမြုပ်နှံမှုများ ရှိနေသည့်ကြားကပင် ၂၀၂၂ ခုနှစ်တွင် သီဟိုဠ်သည် စီးပွားရေးပြိုလဲကာ ဒေဝါလီခံလိုက်ရသော ဘဝကို ရောက်သွားရသည်။ ၂၀၂၂ခု နှစ် သီဟိုဠ် စီးပွားရေးပြိုလဲမှုမှာ အစိုးရ၏ စီမံခန့်ခွဲမှု လွဲမှားမှုကြောင့်ဟု ပြောဆိုကြသော်လည်း အိန္ဒိယ၊ တရုတ်၊ အမေရိကန် တို့၏ ပါဝါ အားပြိုင်မှု အကျိုးဆက်လည်း ဖြစ်သည်ဟု ဆိုကြသည်။
ဆက်ရန်
Comments
Post a Comment