သီဟိုဠ်နှင့် ရာဂျာပတ်ဆာဒဏ်ရာ- ၃
သီဟိုဠ်နှင့် ရာဂျာပတ်ဆာဒဏ်ရာ- ၃
ဆွေမျိုးကောင်းစားရေး + အချောင်ခိုမူဝါဒ= ပြိုလဲခြင်း
အများယောင်၍ နောက္ က လိုက်ယောင်သော လူ့ဘောင့် (Bandwagoned Society) တွင် ဆွေမျိုးကောင်းစားရေး (Nepotism) က ရှင်သန်တတ်သည်။ အများယောင်၍ လိုက်ယောင်သော လူ့ဘောင် (Bandwagoned Society) တွင် ပွင့်လင်းမြင်သာမှု၊ အကျိုးအကြောင်း ဆက်စပ်ဝေဖန်မှု ကို ပိတ်ပင်တတ်သည်။ လူ့ဘောင်တစ်ခု၏ ပွင့်လင်းမြင်သာမှုနှင့် အကျိုးအကြောင်း ဆက်စပ်ဝေဖန်မှုကို အုပ်ချုပ်သူဘက္မှ ပိတ်ပင် လိုက်သည်နှင့် လူထုအား အကြောက်တရားရိုက်သွင်းကာ အာဏာပြ ဖိနှိပ်အုပ်ချုပ်မှုက တဆက်တည်း ဖြစ်လာတတ်သည်။ တချိန်က "လူထု၏ သူရဲကောင်း"များ သည် " ကြမ်းကြုတ္ သော အုပ်ချုပ်သူ (Tyranny)များ"၊ လူထုအား ဂုတ်သွေးစုတ်သူများ ဖြစ်သွားကြသော ရေခံမြေခံမှာ လူထု၏ အများယောင်၍ လိုက်ယောင်သော (Bandwagoned cultures) အလေ့အထ ကြောင့်ဖြစ်သည်။
သီဟိုဠ်အား ဒေဝါလီခံရအောင် ပြုလုပ္ခ့ဲသူ ရာဂျာပတ်ဆာမိသားစု များသည် တချိန်တုန်းက တမီလ်ကျားသူပုန်များကို တိုက္ ခိုက္ ခ့ဲသူ သူရဲကောင်းများ ဖြစ်သည်။ ရာဂျာပတ်ဆာ အုပ်စုများကိုလည်း သီဟိုဠ် ဆင်ဟာလာ ဗုဒ္ဓဘာသာဝင်များက အလွန်မြှောက်စားခဲဲ့ကြသည်။ တချိန်တုန်းက သီဟိုဠ်လူ့ဘောင်တွင် "သင်သည် မည်သည့်နိုင်ငံရေးသဘောတရားကိုမှ နားလည်နေစရာမလို၊ သင့်ပါးစပ်မှ ရာဂျာပတ်ဆာ အုပ်စုကိုသာ ထောက်ခံ ပြနေလိုက်ပါ၊ သင်ကား အလိုလို လူရာဝင်သွားမည်" ဆိုသော (Bandwagoned cultures) ဖြစ် ရပ္အလွန္ အားကောင်း ခ့ဲဖူးသည္။
သီဟိုဠ်အပေါ် အိန္ဒိယ နှင့် အမေရိကန် တို့၏ ရင်းနှီးမြုပ်နှံမှုက သီဟိုဠ် ပညာတတ်လူလတ်တန်း ကို တိုးတက်လာရန် ဦးတည်ထားသည်။ ဆိုလိုချင်သည်က အမေရိကန်ဘက်မှ ရင်းနှီးမြုပ်နှံမှုများတွင် မည်မျှပင် လူပါးဝအမြတ်ထုတ်နေပါစေအုံး သူတို့ဝင်လာသော ရင်းနှီးမြုပ်နှံ့မှုက လူသားအရင်းအမြစ်ကို အကျိုးပြုနေသေးသည်။ အမေရိကန်နှင့် အိန္ဒိယ တို့၏ ရင်းနှီးမြုပ်နှံ့မှု အရင်းအနှီးများပေါ်တွင် အုပ်ချုပ်သူ ရာဂျာပတ်ဆာ အုပ်စုအနေဖြင့် အဂတိလုပ်ပိုင်ခွင့်က အလွန်နည်းပါးသည်။ တရုတ်တို့၏ ရင်းနှီးမြုပ်နှံမှုက ထိုသို့မဟုတ်ပေ။ အုပ်ချုပ်သူ ရာဂျာပတ်ဆာ တို့အတွက် ဇီးသီးပန်းမှောက် အဂတိ လုပ်ပိုင်ခွင့်က ရှိလာသည်။ တဖက်တွင် ရာဂျာပတ်ဆာ အုပ်စုက အခွန်များကို ဖြေလျော့ပေးထားလိုက်သော အခါ လူထုက လတ်တလောတွင် မနောခွေ့ ကြ၍ ရာဂျာပတ်ဆာအုပ်စုအတွက် နိုင်ငံရေး လက်ခုတ်သံက ပိုကျယ်လိုက်တော့သည်။
ဤသို့ဖြင့် တရုတ်တို့၏ ချေးငွေဖြင့် တည်ဆောက်လာသော အခြေခံ အဆောက်အအုံစီမံကိန်းများ အပေါ် ရာဂျာပတ်ဆာ အုပ်စု၏ လာဘ်ပေးလာဘ်ယူမှု ကြောင့် "စီမံကိန်းတန်ဖိုးများမှာ အမှန်တကယ် ကုန်ကျစာရိတ်ထက် ပိုများနေကာ တန်ဖိုးပိုထွက်နေသည်။ ထို ပိုနေသော ကုန်ကျစရိတ်များမှာ ပြည်သူ့ဘဏ္ဍာဖြင့် ပြန်ဆပ်ရသောအခါ နိုင်ငံ၏ စီးပွားရေး အခြေခံအဆောက်အအုံ ယိုင်နဲ့လာသည်။ အဂတိလိုက်စားမှုကြောင့် ဈေးကွက်ထဲတွင် လွတ်လပ်စွာ ယှဉ်ပြိုင်မှု မရှိတော့ပေ။ လူတစ်စုမှ ကုန်စည်များကို လက်ဝါးကြီးအုပ် ထိန်းချုပ်လိုက်သည်။ ထိုသို့ လက်ဝါးကြီးအုပ်မှုက ၎င်းတို့ စိတ်ကြိုက် ဈေးတင်ရောင်းချမှုများ ဖြစ်ပေါ်လာပြီး ငွေကြေးဖောင်းပွမှုနှင့် ကုန်စျေးနှုန်းကြီးမြင့်မှု ကို ပိုမိုဆိုးရွားစေတော့သည်။
ငွေကြေးဖောင်းပွမှုနှင့် ကုန်စျေးနှုန်းကြီးမြင့်မှု တို့ မဖြစ်ခင် ငွေသား ပြတ်တောက္မှုက အရင်ဖြစ်တတ်သည်။ "အခွန်လျော့ပေါ့ပေးမှု" ကြောင့် အစိုးရဆီ ဝင်ရမည့် ဘဏ္ဍာငွေများ အကြီးအကျယ် လျော့နည်းသွားသည်။ လူထုက အခွန်ဆောင်ရမှုနည်းသည်ကိုသာ မြင်နေကြသည်။ အမှန်မှာ တရုတ်ချေးငွေ ဖြင့် လည်ပတ်နေသော ဆောက်လုပ်ရေး ကန်ထရိုက်လုပ်ငန်းများသည်လည်း အခွန်ဆောင်ရမှု နည်းသွားသည်ကို မမြင်ကြပေ။ ထိုလုပ္ငန္းများ အခွန္ဆောင်ရနည်းလေ ကန်ထရိုက္လုပ်သူအတွက္ အကျိုးရှိလေပင္။ ရာဂျာပတ်ဆာ အုပ်စု၏ အခွန်ဖြေလျော့မှုက "လူထုအတွက် ဟူသည် ငါအတွက်" အကွက်သာဖြစ်သည်။ တစ်ဖက်တွင် "ဆင်ဖြူတော်စီမံကိန်း" များအတွက် ယူထားသော အကြွေးများကို အတိုးနှင့် ပြန်ဆပ်နေရသည်။ အခွန်ဖြေလျော့မှုကြောင့် အစိုးရတွင် ငွေမရှိတော့ခြင်း (The Revenue Gap) ဖြစ်လာသည်။ အစိုးရမှ ဝန်ထမ်းလစာပေးရန်နှင့် အကြွေးဆပ်ရန် ငွေမရှိသောအခါ "ငွေစက္ကူများ အမြောက်အမြား ရိုက်ထုတ်တော့" သည်။ ခက်သည်က လူထုအတွက် ကုန်ထုတ်လုပ်မှု တိုးမလာသောအခါ ဈေးကွက်ထဲ ကုန်ပစ္စည်းက အရေအတွက် မတိုးဘဲ ငွေသားများသာ များလာခ့ဲသည္။ ဤသို့ဖြင့် ငွေတန်ဖိုး ကျဆင်းကာ ကုန်ဈေးနှုန်း တက်လာသော (Inflation) ဖြစ်လာတော့သည်။
အခြေခံ အဆောက်အအုံ စီမံကိန်းများက ငွေဝင် ရမည်ဖြစ်သည္။ (အထူးသဖြင့် ဒေါ်လာ ဝင်ငွေ) ပြန်ရ ရမည်ဖြစ်သည်။ သို့်သော် "ဆင်ဖြူတော်စီမံကိန်း" ဖြစ်နေ၍ သုံးစွဲမှုကလည်းမရှိ၊ ဝင်ငွေ လည်း မရပေ။ သို့သော် ထိုစီမံကိန္းများအတွက် အကြွေးက ပြန်ဆပ်နေရသည္။ အကြွေး ပြန်ဆပ်နေရမှုကြောင့် နိုင်ငံခြားအရန်ငွေ ပြတ်တောက်သွားတော့သည်။ "နိုင်ငံခြားငွေ လက်ဝါးကြီးအုပ်မှု" ကြောင့်လည်း မှောင်ခိုဈေးကွက္ တွင္ ဒေါ်လာဈေး အဆမတန် တက်လာသည်။ မည်သူတို့က ဒေါ်လာစျေးကို လက်ဝါးကြီးအုပ်၍ မှောင်ခိုစျေးဖွင့်ကာ အကျိုးအမြတ်ယူနေသနည်း ဆိုသော လက်ဝါးကြီးအုပ်သူမှာ ရာဂျာပတ်ဆာ အသိုင်းအဝိုင်း သာဖြစ်နေသည်။ ဤသို့ဖြင့် နိုင်ငံခြားငွေ ပြတ်လပ်မှုနှင့် ငွေလဲနှုန်း တဖက်စောင်းနင်းဖြစ်မှု (Currency Depreciation) များက ရှိလာတော့သည်။ ပြဿနာက သီဟိုဠ် လူထုအတွက် မရှိမဖြစ် လိုအပ်သော စားအုန်းဆီ၊ ဂျုံ၊ လောင်စာဆီ နှင့် ဆေးဝါးများကို ပြည်ပမှ ဒေါ်လာနှင့် ဝယ်နေရသည်။ ဒေါ်လာရှားပြီး သီရိလင်္ကာရူပီးငွေ တန်ဖိုးထိုးကျသွားသောအခါ သွင်းကုန်ဈေးနှုန်းမှာ အဆမတန် မြင့်တက် သွားတော့သည်။ ဤအချက်ကလည်း ငွေကြေးဖောင်းပွမှုကို အရှိန်အဟုန်ဖြင့် တွန်းတင်လိုက်သော အချက္များထဲက တစ်ချက်ဖြစ်သည်။
ထိုအခါ ဒေါ်လာစျေးကို ထိန်းညှိ့ရန် ပြည်တွင်းက ဒေါ်လာများ အပြင်ကို မထွက်အောင် လုပ်လာတော့သည်။ လုပ်သည့်အခါ စစ်အသုံးစာရိတ် လျော့ချမှု၊ ဘတ်ဂျက်အလေအလွင့် အပေါ် ပြန်စိစစ်မှု စသည့် အချက္များကို မလုပ်။ ဓာတ်မြေဩဇာ မဝယ်ရ ဟူသာ သာမန် အောက်ခြေလူထုနှင့် သက်ဆိုင်သော နယ်ပါယ်ထဲမှ အရာကိုသာ လာပိတ်တော့သည်။ ပြည်တွင်းဖြစ်ကို အားပေးပါ ဟုသာ ခပ်တည်တည်ဖြင့် အော်ပြကြသည်။ မြေဩဇာ ပိတ်ပင်မှု (ဓာတုကင်းလွတ် စိုက်ပျိုးရေးမူဝါဒအမှား) ကြောင့် ပြည်တွင်း ဆန်နှင့္ စားကုန္ သီးနှံထုတ်လုပ်မှု ၅၀% နီးပါး ကျဆင်းသွားတော့သည်။ ဤသို့ဖြင့် ကုန်ထုတ်လုပ်မှု ကျဆင်းခြင်း (Supply Shock) က ရုတ်တရက် ဖြစ်သွားသည်။ စီးပွားရေးသဘောတရားအရ ပစ္စည်းက ရှားပါးပြီး ဝယ်သူ များနေလျှင် ဈေးတက်သည်။ ပြည်တွင်း အစားအသောက် ပြတ်လပ်သွားသောအခါ အခြေခံစားသောက်ကုန်ဈေးနှုန်းများ တစ်ဟုန်ထိုး တက်သွားပြီး ငွေကြေးဖောင်းပွမှု အဆိုးဆုံးအခြေအနေ (Hyper-inflation) ဘက်ကို ထပ္ မံ တွန်းပို့လိုက်ပြန်သည်။
ဤသို့ဖြင့် ရာဂျာပတ်ဆာ အုပ်စုလက်ချက်ဖြင့် သီဟိုဠ်တွင္
- စီမံကိန်းအမှား ကြောင့် အကြွေးတင်ကာ ဒေါ်လာမရှိ ဖြစ်လာသည်။
- အခွန်လျှော့မှု ကြောင့် အစိုးရ ငွေပြတ်ပြီး ငွေစက္ကူ ဒလဟော ရမ်းသန္းရိုက်ထုတ်ကာ ငွေဖောင်းပွမှု ဖြစ်လာသည်။
- လက်ဝါးကြီးအုပ်မှု ကြောင့် ကုန်ဈေးနှုန်း ထိန်းမရနိုင္ဘဲငွေတန်ဖိုး မရှိ ဖြစ်သွားသည်။
ဤ သို့ဖြင့် သီဟိုဠ် ဒေဝါလီ ခံလိုက်ရတော့သည်။ ရာဂျာပတ်ဆာ အုပ်စုကတော့ သပိတ်လွယ် အိပ်လွယ် စူစူဖြိုးဖြိုး ဖြင့် လစ်ထွက်သွားသည်။ သီဟိုဠ်ကား စုတ်ပြတ်သတ်လျက် ကျန်ခ့ဲသည္။
ထိုရောဂါကို မည်သို့ ကုမည်နည်း။
ရာဂျာပတ်ဆာ အုပ်စု တရုတ်ချေးငွေများဖြင့် ပျော်မဆုံးဖြစ်နေမှုကို အိန္ဒိယနှင့် အမေရိကန်က ကြည့်မရပေ။ ရာဂျာပတ်ဆာ အုပ်စု တရုတ်နှင့် ပလူးပလဲ လိုအပ်သည်ထက် ပိုလုပ်နေသည်ဟု မြင်လာသည်။ ဤ အချက်ကြောင့္ သီဟိုဠ် အကြပ်အတည်းအောက်ကို ရောက်သောအခါ အနောက်အုပ်စု၏ အကူအညီကို ချက်ချင်းမရ ဖြစ်သွားသည်။ အမေရိကန်နှင့် အနောက်အုပ်စုကလည်း သီဟိုဠ်အား IMF ကတဆင့် ကြပ်တော့သည်။
IMF ဆီက ချေးငွေရရန် သီဟိုဠ်သည် နိုင်ငံ၏ စီးပွားရေးစနစ်တစ်ခုလုံးကို အကြီးအကျယ် ခွဲစိတ်ပြုပြင်ရတော့သည်။ ဆက်လက်တာဝန်ယူရသည့် အစိုးရအတွက်ရော၊ ပြည်သူတွေအတွက်ပါ "ခါးသီးသော ဆေးတစ်ခွက်" ကို ကြိတ်ကာမျိုချရတော့သည်။ IMF က "သီဟိုဠ်အား စီးပွားရေးအကြပ်အတည်းမှ ရုန်းထွက်ချင်လျှင် အသုံးစရိတ်လျှော့၊ ဝင်ငွေတိုးအောင်လုပ်" ဆိုသည့် ကတိကဝတ်ကို အရင်ချည်နှောင်တော့သည်။ လူထု၏ ကုန်ထုတ်လုပ်မှုကို အားကောင်းစေသော အခွန်ဖြတ်တောက္မှုမဟုတ်ဘဲ နိုင်ငံရေးလူပါးဝသည့် အခွန်ဖြတ်တောက်မှုဖြင့် လက်ခုတ်သံ ခြူသည့် အချောင်ဝါဒကို IMF က ထိုးနှက်တော့သည်။ ဤသို့ဖြင့် လက်ရှိတာဝန်ဆက်ယူရသော သီဟိုဠ်အစိုးရမှာ ပြည်သူ၏ အမုန်းကို လည်စင်းခံကာ ဆေးခါးကို သောက်ရတော့သည်။
ဆေးခါးကြီးများ
ရာဂျာပတ်ဆာ အုပ်စုအစိုးရလက်ထက်က လျှော့ချခဲ့သော အခွန်များကို IMF က ပြန် တိုးခိုင္းခ့ဲသည္။ အခွန်စနစ်ကို အတင်းအကျပ် တိုးမြှင့်ခြင်း (Tax Hikes) အတွက် IMF ဘက်က လူထု ရေရှည်ခံနိုင်ရည်ရှိရန် အသေးစိတ် လမ်းညွှန်ချက္များ ပေးခ့ဲသည္။ ယခင်က အခွန်မဆောင်ရသော လစာအဆင့်ရှိသူများအား ဝင်ငွေခွန် (Income Tax) ဆောင်ခိုင်းလိုက်ကာအခွန်နှုန်းထားများကိုလည်း တိုးမြှင့်လိုက်သည်။ ကုန်ပစ္စည်းများအပေါ် ကောက်ခံသော တန်ဖိုးမြှင့် အခွန် VAT ကို ၈% မှ ၁၅% (နောက်ပိုင်း ၁၈%) အထိ တိုးမြှင့်လိုက်၍ ကုန်ဈေးနှုန်းများ ခုန်တက်သွားတော့သည်။
ယခင်က သီဟိုဠ် အစိုးရအဆက်ဆက်သည် လျှပ်စစ်ခ၊ ရေခ၊ လောင်စာဆီများကို လူထု ဈေးသက်သာရန် အစိုးရက ငွေစိုက်ထုတ်ပေး (Subsidy ပေး) ကာ အရှံးခံ၍ ပြန်ရောင်းပေးကြသည်။ ထိုသို့ ထောက်ပံ့မှု (Subsidies) များကို IMF က ဖယ်ရှားမှု (Removal) လုပ်ခိုင်းသည်။ ဤအချက်က သီဟိုဠ်လူထုအတွက် ခါးသီးလွန်းသော အချက်ဖြစ်သည်။ ထိုသို့ ထောက်ပံမှုများကို ရပ်တန့်လိုက်သည့်အတွက် လျှပ်စစ်ခများ တစ်နှစ်အတွင်း ၆၅% မှ ၂၀၀% နီးပါးအထိ အဆင့်ဆင့် တက်သွားသည်။ လောင်စာဆီ၊ ဓာတ်ဆီ၊ ဒီဇယ်နဲ့ ဂတ်စ်ဈေးများကို ကမ္ဘာ့ပေါက်ဈေးအတိုင်း လွှတ်ပေးရသည့်အတွက် သယ်ယူပို့ဆောင်ရေးစရိတ်များ အဆမတန် မြင့်တက်ကုန်တော့သည်။
အရှုံးပေါ်နေသော SriLankan Airlines၊ ရေနံနှင့် လျှပ်စစ်လုပ်ငန်းများ က့ဲသို့ နိုင်ငံပိုင်လုပ်ငန်းများအတွက် အစိုးရက ငွေစိုက်ထုတ်ပေးမှုကို ရပ်တန့်ခိုင်းသည်။ ထိုလုပ်ငန်းများကို ပုဂ္ဂလိကဆီ ရောင်းချမှု က့ဲသို့ နိုင်ငံပိုင်လုပ်ငန်းများကို ပုဂ္ဂလိကပိုင်ပြုလုပ်ခြင်း (Privatization) အပိုင်းကို အကောင်အထည်ဖော်ခိုင်းသည်။ ထိုသို့မလုပ်နိုင်ပါက ထိုလုပ်ငန်းများကို ဖျက်သိမ်းခိုင်းသည်။ ဤအချက်က အစိုးရဝန်ထမ်းများအတွက် အလုပ်အကိုင် မမြဲနိုင်မှုအပေါ် စိုးရိမ်မှုနှင့် အလုပ်ပြုတ်မှုများကို ဖြစ်လာစေသည်။
အစိုးရအား အတင်းအသုံးစရိတ် လျှော့ချခြင်း (Austerity Measures) ကို IMF က ပြုလုပ်ခိုင်းသည်။ နိုင်ငံတော်ဘတ်ဂျက် လိုငွေပြမှုကို လျှော့ချရန် အစိုးရက အသုံးစရိတ်များကို အတင်းချွေတာရသည်။ ဝန်ထမ်းအသစ်ခန့်မှုများကို ရပ်ဆိုင်းထားသည်။ကျန်းမာရေးနှင့် ပညာရေးကဏ္ဍများတွင် အသုံးစရိတ်များ လျော့ကျသွားသည့်အတွက် ပြည်သူ့ဝန်ဆောင်မှုများ အရည်အသွေး ကျဆင်းလာသည်။
ထိုခါးသီးသော ဆေးများကြောင့် နိုင်ငံ၏ စီးပွားရေး ကိန်းဂဏန်း (Macroeconomics) အပိုင်းတွင္ ပြန်ကောင္းလာခ့ဲသည္။ သို့ရာတွင် Micro level အဆင့်တွင် လူလတ်တန်းစားနှင့် ဆင်းရဲသားများ ကြားညှပ်သွားတော့သည်။ ထိုလူတန္းစားများအတွက် ဝင်ငွေက တိုးမလာဘဲ အခွန်က တိုးလာနေသည်။ ကုန်ဈေးနှုန်း တက္မှုနှင့် အစိုးရ၏ အထောက်အပံ ရုတ်သိမ်းမှုများက လူအတော်များများတွင် အစားအစာ လျှော့စားရမှု၊ သားသမီးများ ကျောင်းထုတ်ရမှု မျိုးထိ ဖြစ်လာသည်။
ဆေးခါးကြီး၏ အကျိုးသက်ရောက္မှုများ
IMF လမ်းညွှန်ချက်အတိုင်း လုပ်ဆောင်ခဲ့သော "ဆေးခါးကြီး" ကြောင့် အကျိုးရလဒ်နှင့် ဆိုးကျိုးများကို ချိန်ခွင်လျှာညှိပြီး ကြည့်ပါက အောက်ပါအတိုင်း တွေ့ရမည်ဖြစ်သည်။
ရရှိသော အကျိုးကျေးဇူးများ (The Pros)
နိုင်ငံတကာ ယုံကြည်မှု ပြန်ရလာခ့ဲသည္။ IMF နှင့် သဘောတူညီချက်က "သီဟိုဠ် စီးပွားရေး ပြန်ကောင်းရန် အမှန်တကယ် အနာခံ၍ ပြုလုပ်နေပြီ" ဆိုသော အချက်ပြမှုကို ဖြစ်စေသည်။ ဤသည်က တခြားနိုင်ငံများနှင့် ကမ္ဘာ့ဘဏ် (World Bank) တို့မှ အကူအညီများ ပြန်ပေးလာကြသည်။
အစိုးရက ငွေစက္ကူ ဒလဟော ရမ်းသန်းရိုက်ထုတ်မှုအား ရပ်ကာ အတိုးနှုန်းများကို မြှင့်၍ ငွေကြေးဖောင်းပွမှုကို ထိန္းချုပ္နိုင္ခ့ဲသည္။ ယခင်က ၇၀% အထိ တက်ခဲ့သော ကုန်ဈေးနှုန်းမှာ အခု ၅% ဝန်းကျင်အထိ သိသိသာသာ ပြန်ကျသွားသည်။ ငွေကြေးပြန်တည်ငြိမ်လာသည့်အတွက် နိုင်ငံခြားငွေ ပြန်ဝင်လာသည်။ ထိုအခါ အခြေခံကုန်စည်များဖြစ်သော ဆေးဝါး၊ လောင်စာဆီ၊ ချက်ပြုတ်ဂတ်စ်များကို ပြန်လည်တင်သွင်းနိုင်ကာ တန်းစီရသော ဒုက္ခ လွတ်မြောက်သွားသည်။
အသုံးစရိတ်ချွေတာခြင်း၊ အခွန်တွေ တိုးကောက်ခြင်း၊ ငွေဖောင်းပွမှုကို ထိန်းချုပ်ခြင်းတို့ကြောင့် နိုင်ငံတော်၏ ဘဏ္ဍာတိုက္ထဲတွင် ငွေသားများပြန်ရှိလာသည်။ တည်ငြိမ်သော ငွေသားက ငွေလှဲနှုန်းကို အထောက်အကူ ဖြစ်စေ၍ နိုင်ငံခြားငွေ အရန်အတိုင်းအတာတစ်ခုအထိ ပြန်ရှိလာသည်။
ဖြစ်ပေါ်လာသော ဆိုးကျိုးများ (The Cons)
အသုံးစရိတ်ချွေတာခြင်း၊ အခွန်တွေ တိုးကောက်ခြင်း၊ အလုပ္လက္မ့ဲများ ဖြစ်ပေါ်ခြင်း၊ ထောက်ပံမှုများကို ရပ်တန့်ခြင်းတို့ကြောင့် ဆင်းရဲနွမ်းပါးမှု နှုန်း မြင့်တက်လာသည်။ ကမ္ဘာ့ဘဏ်၏ အဆိုအရ သီဟိုဠ်တွင် ဆင်းရဲနွမ်းပါးမှုနှုန်း နှစ်ဆနီးပါး တက်သွားသည်။ လူလတ်တန်းစား အများအပြားမှာ ဆင်းရဲသားအဆင့်သို့ ပြန်ရောက်သွားကြသည်။ ဆင်းရဲမွဲတေမှုက လူမှုအကြပ်အတည်းကို ဖြစ်စေကာ ဦးနှောက်ယိုစီးမှု (Brain Drain) ဖြစ်စဉ်များရှိလာတော့သည်။ အခွန် အဆမတန် တိုးကောက္မှုကြောင့်လူနေမှုစရိတ် မြင့်လာကာ ဆရာဝန်၊ အင်ဂျင်နီယာနှင့် ကျွမ်းကျင်ပညာရှင် ထောင်ပေါင်းများစွာ နိုင်ငံစွန့်ခွာ၍ ပြည်ပကို ထွက်ခွာသွားကြသည်။
အစားအသောက်ဈေးနှုန်းများ မြင့်တက်နေဆဲဖြစ်၍ အခြေခံလူတန်းစား မိသားစုများတွင် အသား၊ ငါးနှင့် အာဟာရဖြစ်မည့် အစားအစာများကို လျှော့စားလာရသည်။ ကလေးငယ်များတွင် အာဟာရချို့တဲ့မှု ပြဿနာ ပိုများလာသည်။
အခွန်တိုးပြီး အတိုးနှုန်းမြှင့်လိုက်သောကြောင့် လုပ်ငန်းရှင်များတွင် ရင်းနှီးမြှုပ်နှံမှု အသစ်များလုပ်ရန် ဗဟိုဘဏ်မှ အကူအညီမယူနိုင်တော့ပေ။ ဤသို့ဖြင့် စီးပွားရေးလုပ်ငန်းငယ်များ အများအပြား ပိတ်သိမ်းခဲ့ရကာ စီးပွားရေး ကျုံ့သွားသည်။
သီဟိုဠ် ဘာတွေ ရှေ့ဆက်ဖြစ်လာမလဲ
လက်ရှိအခြေအနေမှာ သီဟိုဠ်အတွက် "နိုင်ငံတော်ကို ကယ်တင်ရန် ပြည်သူများက စတေးခံနေရသော အခြေအနေ" ဖြစ်သည်။ သီဟိုဠ်၏ နိုင်ငံရေးအထိုင်မှာ " ဒီမိုကရက် ဆိုရှယ်လစ်" အထိုင်ဖြစ်သည်။ သို့ဖြစ်၍ အစိုးရမှ ပြည်သူ့အတွက် အထောက်အပံပြုခြင်းဟူသည် သီဟိုဠ်အတွက္ ယဉ်ကျေးမှုတစ်ရပ် ဖြစ်နေပြီ ဖြစ်သည်။ ရာဂျာပတ်ဆာ အုပ်စုကလည်း ထိုယဉ်ကျေးမှုကို ကောင္းကောင္းအသုံးချသြှားကာ ဒေဝါလီခံရအောင္ လုပ်ခဲဲ့ပြီဖြစ်သည်။ ယခုကား ထိုအထောက်အပံကို ဖြတ်တောက်ကာ ရာဂျာပတ်ဆာ အုပ်စု ပေးသွားသော ဒဏ်ရာကို ကုနေရသည်။ ဆေးခါးကြီးက အမေရိကန်နှင့် အိန္ဒိယ တို့ရင္းနှီးမြုပ်နှံခ့ဲသော အသေးစား ၊အလတ်စား ၊ပုဂ္ဂလိက လုပ်ငန်းရှင်၊ လူလတ်တန်းစားအပေါ် အတော်ပင် ခါးသက်စေ ခ့ဲသည္။ ထိုခါးသက္မှုကပင် သီဟိုဠ် လူလတ်တန်းစား အနေဖြင့် အမေရိကန်နှင့် အိန္ဒိယ တို့အကူအညီကို ပို၍ မျှော်လင့်နေရသော အခြေအနေကို တွန်းပို့နေသည်။ IMF ကသီဟိုဠ်၏ နိုင်ငံပိုင်လုပ်ငန်းများကို ပုဂ္ဂလိကပိုင် လုပ်ခိုင်းနေသည်။ အမေရိကန်နှင့် အိန္ဒိယ တို့က သီဟိုဠ်၏ ပုဂ္ဂလိက ဂဏ္ဍတွင် လက်တံရှည်ထားသည်။ ထိုလုပ်ငန်းများက မကြာခင် အမေရိကန်နှင့် အိန္ဒိယ တို့၏ ဂွင်ထဲ ရောက်လာမည်ဖြစ်သည်။ တရုတ်ရင်းနှီးမြုပ်နှံမှုများက သူတို့ ထုံးစံအတိုင်း ဒေသခံများကို အလုပ်အကိုင် အခွင့်အလှမ်းပေးမှုက နည်းသည်။ ဤအချက်က သီဟိုဠ်တွင် တရုတ်အပေါ် အမြင်မကြည်မှုကို ဖြစ်လာစေမည် ဖြစ်သည်။ လက်ရှိ အနေအထားတွင်တော့ သီဟိုဠ်၏ ပုဂ္ဂလိက စီးပွားရေး ဂဏ္ဍတွင် အမေရိကန်နှင့် အိန္ဒိယက မည်မျှ မြန်မြန် ဝင်ရပ်ပေးသည် ဆိုသည့်အချက်က သီဟိုဠ်အတွက် အသက်ရှူပေါက် ဖြစ်သည်။
မည်သို့ပင်ဆိုစေ " ဒီမိုကရက် ဆိုရှယ်လစ်" စံအရ အစိုးရမှ ပြည်သူ့အတွက် အထောက်အပံပြုခြင်းရမည်ဟူသော ယဉ်ကျေးမှုက သီဟိုဠ်လူ့ဘောင်တွင် အမြစ်တွယ်နေပြီဖြစ်သည်။ ပုဂ္ဂလိက ဂဏ္ဍကို ပိုမိုကျယ်ပြန့်ရန်အတွက် လက်ရှိတွင် အစိုးရမှ အထောက်အပံ ပေးမည့် ကိစ္စကို ရပ်တန့်ထားရသည်။
တဖက်တွင်တော့ သီဟိုဠ် လူထုအတွက် စိတ်မရှည်စရာများက ရှိနေပြီဖြစ်သည်။ မကြာခင်က ပြုလုပ်ခဲ့သော ရွေးကောက်ပွဲတွင် ဆေးခါးကြီး ပြုပြင်ပြောင်းလဲမှုများကို မခံနိုင်တော့သော ပြည်သူများက လက်ဝဲယိမ်းခေါင်းဆောင် အနူရာ ကူမာရာ ဒစ္စာနာယကေ ကို သမ္မတအဖြစ် ရွေးချယ်တင်မြှောက်လိုက်ကြသည်။ လက်ဝဲယိမ်းသမ္မတအား တင်မြှောက်ခြင်းဟူသည် "အစိုးရမှ ပြည်သူအား အထောက်အပံပေးမှု" ကို ပြန်လိုချင္သည္ဟု ပြောခြင္းလည်း ဖြစ်သည်။
လက်ရှိသီဟိုဠ်၏ အုပ်ချုပ်သူ၏ စိန်ခေါ်ချက္မှာ " ဒီမိုကရက် ဆိုရှယ်လစ်" ၏ (welfare plan) နှင့် ပုဂ္ဂလိက ဂဏ္ဍစီးပွားရေးကို ပြန်လည်နာလန်ထူခြင်း နှစ်ခုအား တပြိုက်နက် တွန်းတင်ရမည့် ပြဿနာ ဖြစ်သည်။
Comments
Post a Comment