လခြမ်းမြေ၏ အခွန်စနစ်အပေါ် ဗုဒ္ဓ ကျမ်းဂန်များဘက္မှ ချဉ်းကပ်ခြင်း
လခြမ်းမြေ၏ အခွန်စနစ်အပေါ် ဗုဒ္ဓ ကျမ်းဂန်များဘက္မှ ချဉ်းကပ်ခြင်း
ဗုဒ္ဓတရားတော်များမှ ပြောသော အခွန်
ဗုဒ္ဓတရားတော်များတွင် အုပ်ချုပ်သူသည် ပြည်သူ့ထံမှ အခွန်မကောက္မှီ ပြည်သူ့ကို ဝန်ဆောင်မှုနှင့် အထောက်အပံပေးရန် ကိုသာ အရင် သွန်သင်ထားသည်။ တနည်းအားဖြင့် ဗုဒ္ဓတရားတော်များတွင် ပြည်သူထံမှ အခွန်အခ မကောက်ခံမှှီ ပြည်သူလူထု၏ လူမှုစီးပွားဘဝ တိုးတက်လည်ပတ်မှုကို အရင်ပြုလုပ်ရန် လမ်းညွှန်ထားသည်။
ဤသို့ပြောလျှင် လခြမ်းမြေ၌ရှိသော အချို့ပုဂ္ဂိုလ်များက "အခွန်မကောက်လျှင် အစိုးရ မည်သို့ အုပ်ချုပ်မည်နည်း" ဟုဆိုကာ မျက်ဖြူလန်အောင် ကမူးကရူး တုန့်ပြန်ကြအုံးမည်ဖြစ်သည်။ ထိုသို့ တုန့်ပြန်ကြသည့် ပုဂ္ဂိုလ်များအား ပြန်၍ မေးခွန်းထုတ်ရမည်မှာ " အစိုးရ/ အုပ်ချုပ်သူ ၏ အရိုးရှင်းဆုံး တာဝန်မှာ မည်သည့်အရာဟု ထင်ပါသနည်း" ဟုသာ ပြန်မေးရမည်ဖြစ်သည်။ ထိုမှသာ အုပ်ချုပ်သူသည် အခွန်ကို ဘာကြောင့် ကောက်ရသည် ဟူသော အချက်ကို ပို၍ ရှင်းရှင်းလင်းလင်း မြင်လာမည် ဖြစ်သည်။ ဆိုလိုချင်သည်က နိုင်ငံရေးတွင် " မည်သို့အုပ်ချုပ်သည် ဆိုသည်အရာက မည်သို့အခွန်ကောက်သည် ဆိုသည်ထက် ပို၍ အရေးကြီးသောကြောင့်" ဖြစ်သည်။ အုပ်ချုပ်မှုကောင်းမွန်လျှင် အခွန်ဆိုသော ကိစ္စရပ်သည်လည်း အလိုလို ချောမွေ့လာမည်ဖြစ်သည်။ သို့ဖြစ်၍ "အခွန်မကောက်လျှင် အစိုးရ မည်သို့ အုပ်ချုပ်မည်နည်း" ဆိုသော အချက္မှာ "မည်သို့ အုပ်ချုပ်နေသည်" ဆိုသော အချက်ကို အဝေဖန်မခံလို၊ လူထုရှေ့တွင် မစစ်ကြောလို၍ ရှောင်ဖယ်နေသော စကားသာဖြစ်သည်။
"အခွန်နှင့် အုပ်ချုပ်မှုစနစ် မည်သည်က အရင်လာရမည်နည်း" ဆိုသော မေးခွန်းတွင် စစ်ကြောဆင်ခြင်ရမည့် အဓိက အနှစ်သာရ အပိုင်းမှာ " အစိုးရ/ အုပ်ချုပ်သူ ၏ အရိုးရှင်းဆုံး တာဝန်မှာ မည်သည့်အရာဟု ထင်ပါသနည်း" ဟူသော အချက်သာဖြစ်သည်။
ဤ မေးခွန်းအပေါ် ဗုဒ္ဓ၏ အဖြေအား စက္ကဝတ္တိသီဟနာဒသုတ် (Cakkavatti Sihanada Sutta) ၏ အပိုဒ် ( ၈၄)၏ အမေးအဖြေ တွင် တွေ့နိုင်သည်။ ၎င်းအပိုဒ် ( ၈၄)၏ အမေးအဖြေ ကို ပထမပိုင်းနှင့် ဒုတိယပိုင်း ခွဲကာ ဖော်ပြပါမည်။
စက္ကဝတ္တိသီဟနာဒသုတ် အပိုဒ် ၈၄ ၏ ပထမပိုင်း
အမေး။ ။ စကြာမင်း (ကောင်းမွန်သော အုပ်ချုပ်သူ) ၏ ကျင့်ဝတ်ဟူသည် အဘယ်ပါနည်း။
အဖြေ။ ။ အုပ်ချုပ်သူ သည် တရားကိုသာ အမှီပြုရမည်၊ တရားကို အရို အသေပြုရမည်၊ တရားကို အလေးပြုရမည်၊ တရားကို မြတ်နိုးရမည်၊ တရားကို ပူဇော်ရမည်၊ တရားကို တုပ်ဝပ်ရမည်၊ တရားကို တံခွန်သဖွယ်ပြုရမည်၊ တရားကို မှန်ကင်းကဲ့သို့ ပြုရမည်၊ တရားကိုသာ အကြီးအမှူးပြုရမည်၊ ထိုသို့ တရားမျှတမှု ကို ကျင့်သုံး၍
- သားမယားစသည်၌လည်းကောင်း၊ (ဆွေမျိုး မိသားစုများ ပါဝင်ပတ်သက်နေသော ကိစ္စ ကိုဆိုလို)
- စစ်သည်ဗိုလ်ပါ၌လည်းကောင်း၊ (အဖွဲ့ဝင်၊ တပ်ဖွဲ့ဝင်များ ပါဝင်ပတ်သက်နေသော ကိစ္စ ကိုဆိုလို)
- အရံမင်းတို့၌လည်းကောင်း (မဟာမိတ်အုပ်စုများ၊ အိမ်နီးချင်းနိုင်ငံများနှင့် ဆိုင်သော ကိစ္စ ကိုဆိုလို)
- ပုဏ္ဏားနှင့် အမျိုးသားတို့၌လည်း ကောင်း (ပညာတတ်၊ ပညာရှင် များ ပါဝင်ပတ်သက်နေသော ကိစ္စ ကိုဆိုလို)
- နိဂုံးဇနပုဒ်သားတို့၌လည်းကောင်း၊ (တောင်ပိုင်း၊ မြောက်ပိုင်း၊ လူနည်းစု များနှင့် ဆိုင်သော ကိစ္စကို ဆိုလို)
- သမဏဗြာဟ္မဏတို့၌လည်းကောင်း၊ (အာဏာ လုပ်ပိုင်ခွင့် ရှိသူများ၊ ပညာရပ် အလိုက် တတ်သိနားလည်သူများ ပါဝင်နေ သောကိစ္စ ကို ဆိုလို)
- သားငှက်တို့၌လည်း ကောင်း၊ (သဘာဝ ပတ်ဝန်းကျင် နှင့် ဆိုင်သောကိစ္စ ကို ဆိုလို)
စသည့် ကိစ္စရပ်များတွင် "တရားနှင့်လျော်သော စောင့်ရှောက္မှု ကာကွယ်မှု လုံခြုံစေမှု"ကို ပေးရမည်ဟု ဆိုထားသည်။
" အစိုးရ/ အုပ်ချုပ်သူ ၏ အရိုးရှင်းဆုံး တာဝန်မှာ မည်သည့်အရာဟု ထင်ပါသနည်း" ဟူသော အဖြေကို အပိုဒ် ၈၄ ၏ ပထမပိုင်း အရ ဖြေရလျှင် " လူထုနှင့် ပတ်ဝန်းကျင် အပေါ် "တရားနှင့်လျော်သော စောင့်ရှောက္မှု ကာကွယ်မှု လုံခြုံစေမှု" ကို ပေးခြင်းဟု ဖြေရပါလိမ့်မည်။
စက္ကဝတ္တိသီဟနာဒသုတ် အပိုဒ် ၈၄ ၏ ဒုတိယ ပိုင်း
တရားနှင့်လျော်သော စောင့်ရှောက္မှု ကာကွယ်မှု လုံခြုံစေမှုအား အကောင်အထည်ဖော်ခြင်း
၁- နိုင်ငံတော်၌ အနိုင်အထက် နှိပ်စက္မှုများ မဖြစ်စေလင့်၊
၂- နိုင်ငံ တော်၌ ပစ္စည်းဥစ္စာ မရှိသူတို့အားလည်း ပစ္စည်းဥစ္စာကို ပေးကမ်းလော့၊
၃- နိုင်ငံတော်၌ အကြင်သမဏဗြာဟ္မဏ (ပညာမာန်၊ အာဏာမာန်၊ လုပ်ပိုင်ခွင့်မာန် ရှိသူ)တို့သည် မာန်ယစ်ခြင်း မေ့လျော့ခြင်းတို့မှ ရှောင်ကြဉ်ကြကုန်၏၊ သည်းခံခြင်း ကောင်းသော မွေ့လျော်ခြင်း၌ တည်ကြကုန်၏၊ မိမိ၏ စိတ်ကို ဆုံးမကြကုန်၏၊ မိမိ၏ စိတ်ကို ငြိမ်သက် စေကြကုန်၏၊ မိမိ၏ စိတ်ကို ငြိမ်းအေးစေကြကုန်၏၊
၄- ထိုသမဏဗြာဟ္မဏတို့ထံ လျောက်ပတ်သောအခါ ချဉ်းကပ်၍ မေးမြန်းလေလော့၊ စုံစမ်းလေလော့ အဘယ်သည် ဆောင်ရွက်ရန်ကောင်းသောအရာ (ကုသိုလ်)ပါနည်း၊ အဘယ်သည် ဆောင်ရွက်ရန် မကောင်းသော အရာ ( အကုသိုလ်)ပါနည်း၊ အဘယ်သည် အပြစ်ရှိပါသနည်း၊ အဘယ်သည် အပြစ်မရှိပါသနည်း၊ အဘယ်ကို မှီဝဲအပ်ပါသနည်း၊ အဘယ်ကို မမှီဝဲ အပ်ပါသနည်း၊ အဘယ်တရားသည် ရှည်စွာသော ကာလပတ်လုံး အစီးအပွါးမဲ့ ခြင်းငှါ ဆင်းရဲ ခြင်းငှါ ဖြစ်ပါသနည်း၊ အဘယ်တရားသည် ရှည်စွာသော ကာလ ပတ်လုံး အစီးအပွါးရှိခြင်းငှါ ချမ်းသာခြင်းငှါ ဖြစ်ပါသနည်းဟု (မေးမြန်းလေလော့၊ စုံစမ်းလေလော့)။ ထို (သမဏဗြာဟ္မဏ) တို့၏ စကားကို ကြားနာ၍ အကုသိုလ်တရားကို ကြဉ်ရှောင်လော့၊ ကုသိုလ်တရားကို ဆောက်တည်၍ ကျင့်လေလော့၊ ချစ်သား ဤသည်ကား စကြဝတေးမင်း (ကောင်းမွန်သော အုပ်ချုပ်သူ)တို့၏ အပြစ်ကင်းသော ကျင့်ဝတ် တည်းဟု (ပြောကြား၏) ဟု ဖော်ပြထားသည်။
စက္ကဝတ္တိသီဟနာဒသုတ် အပိုဒ် ၈၄ အရ အုပ်ချုပ်သူ၏ အရိုးရှင်းဆုံးတာဝန်မှာ " တရားမျှတမှု ဖြင့် ပြည်သူလူထုနှင့် ပတ်ဝန်းကျင်ကို ကာကွယ်စောင့်ရှောက်ရန် ဖြစ်သည်။ ပြည်သူလူထုနှင့် ပတ်ဝန်းကျင်အား ဘေးကင်းလုံခြုံအောင် ထားနိုင်ရမည် ဖြစ်သည်" ဟု ဗုဒ္ဓက ဆိုထားသည်။ ထိုပြင် ဗုဒ္ဓ က ပြည်သူလူထုနှင့် ပတ်ဝန်းကျင်အား ဘေးကင်းလုံခြုံအောင် ထားနိုင္ရန် အုပ်ချုပ်သူဘက်က မဖြစ်မ နေ ဆောင်ရွက်ရမည့် ကိစ္စများကိုလည်း ပြောထားသည္။ အုပ်ချုပ်သူများဘက္မှ မဖြစ်မနေ ဆောင်ရွက်ရမည့် ပထမဆုံး အချက္မှာ " နိုင်ငံတော်၌ အနိုင်အထက် နှိပ်စက္မှုများ မဖြစ်စေလင့်" ဟူသော အချက်ဖြစ်သည်။ ဤအချက်က ဩဇာအာဏာရှိသူများ၊ လုပ်ပိုင်ခွင့် ရှိသူများ၊ အင်အားကြီးသူများ ထင်တိုင်း မကြဲကြရန် ပြောထားခြင်းဖြစ်သည်။ ဒုတိယ အချက္မှာ " နိုင်ငံ တော်၌ ပစ္စည်းဥစ္စာ မရှိသူတို့အားလည်း ပစ္စည်းဥစ္စာကို ပေးကမ်းလော့၊" ဟူသော အချက္မှာ အရင်းအနှီးမရှိသော ပြည်သူလူထုကို အလုပ်လုပ်နိုင်ရန် အထောက်အပံ အရင်းအနှီးများ ပေးခိုင်းခြင်းဖြစ်သည်။"
အုပ်ချုပ်မှု၌ တရားမျှတသော်လည်း ပြည်သူလူထုအပေါ် အရင်းအနှီး အထောက်အပံ မရှိခ့ဲလျှင္ ထိုအုပ်ချုပ်မှုသည် ဘာဖြစ်လာမည်နည်း။
ဒီမေးခွန်းအဖြေအား ဗုဒ္ဓက စက္ကဝတ္တိသီဟနာဒသုတ် အပိုဒ် ၉၁ နှင့် အပိုဒ် ၉၄ တို့တွင် အောက်ပါအတိုင်း ဖြေထားသည်။
အပိုဒ် ၉၁
"ရဟန်းတို့ ထိုအခါ မင်းမျိုးဖြစ်သော ဦးထိပ်၌ အဘိသိက်သွန်းပြီးသော မင်း (အုပ်ချုပ်သူ)သည် အမှုဆောင် အမတ်များ မင်းတိုင်ပင်အမတ်များ ဘဏ္ဍာရေးအမတ်များ အမတ်ချုပ်များ စစ်သည်ဗိုလ်ပါများ တံခါးမှူးများနှင့် ပညာရှိ (ပုရောဟိတ်) အမတ်များတို့ကို စည်းဝေးစေ၍ အပြစ်ကင်းသော စကြဝတေးမင်း ကျင့်ဝတ် (ကောင်းမွန်သော အုပ်ချုပ်မှု စနစ်) ကို မေး၏။ မေးသည်ရှိသော် ထိုအမတ်တို့သည် အပြစ်ကင်းသော စကြဝတေးမင်း ကျင့်ဝတ် (ကောင်းမွန်သော အုပ်ချုပ်မှု စနစ်) ကို ထိုမင်းအား ဖြေကြားကုန်၏။
"ထိုအမတ်တို့၏ (စကားကို) ကြား၍ ထိုမင်းသည္တရားနှင့်လျော်သော စောင့်ရှောက္မှု ကာကွယ်မှု လုံခြုံစေမှုကို စီရင်၏။"
"ပစ္စည်းဥစ္စာ၊ မရှိသူတို့အား ပစ္စည်းဥစ္စာကိုကား မပေး။"
ပစ္စည်းဥစ္စာ မရှိသူတို့အား ပစ္စည်းဥစ္စာ မပေးသည်ရှိသော် ဆင်းရဲခြင်း ပွါးများလာ၏။ ဆင်းရဲခြင်း ပွါးများလာသောအခါ ယောကျာ်းတစ်ယောက် သည် သူတစ်ပါးတို့ မပေးသော ဥစ္စာကို ခိုးလိုသော စိတ်ဖြင့် ခိုးယူ၏။........
အပိုဒ် ၉၄
"ရဟန်းတို့ ဤသို့လျှင် ပစ္စည်းဥစ္စာမရှိသူတို့အား ပစ္စည်းဥစ္စာကို မပေးသော် ဆင်းရဲခြင်း ပွါးများလာ၏၊ ဆင်းရဲခြင်း ပွါးများလာသော် မပေးသော ဥစ္စာကို ခိုးယူမှု ပွါးများလာ၏၊ ခိုးယူမှု ပွါး များလာသော် လက်နက်ပွါးများလာ၏၊ လက်နက်ပွါးများလာသော် အသက်သတ်မှု ပွါးများလာ၏၊ အသက် သတ်မှု ပွါးများလာသော် ထိုသတ္တဝါတို့၏ အသက်သည်လည်း ဆုတ်ယုတ်လာ၏၊ အဆင်းသည်လည်း ဆုတ်ယုတ်လာ၏၊.........."
အဆိုပါ စက္ကဝတ္တိသီဟနာဒသုတ် အပိုဒ် ၉၁ နှင့် အပိုဒ် ၉၄ တွေအရ "အုပ်ချုပ်မှု၌ တရားမွ်တ သော်လည်း ပြည်သူလူထုအပေါ် အရင်းအနှီး အထောက်အပံ မရှိခ့ဲလျှင္ ထိုအုပ်ချုပ်မှုသည် ဘာဖြစ်လာမည်နည်း" ဆိုသောမေးခွန္း အဖြေမှာကား လူအဖွဲ့အစည်း တည်ငြိမ်တိုးတက္မှုက ပျက်သွားနိုင်သည်ဟု ဆိုထားသည်။
ကောင်းမွန်သော အုပ်ချုပ်မှု စံနှုန်း နှင့် ကုဋဒန္တသုတ် (Kutadanta Sutta)
မည်သည့်အနေအထားတွင် အခွန်ကောက်သင့်သနည်း။
အုပ်ချုပ်သူများမှ မည်သို့ ကောင်းမွန်သော စံနှုန်းဖြင့် အုပ်ချုပ်သင့်သည်၊ မည်သည့်အနေအထားတွင် အခွန်အား ကောက်သင့်သည် ဆိုသည့်အချက်အား ကုဋဒန္တသုတ် (Kutadanta Sutta) အပိုဒ် ၃၃၈ တွင် ဗုဒ္ဓက အပြည့်အစုံ ပြောထားသည်။
ကုဋဒန္တသုတ် (Kutadanta Sutta) အပိုဒ် ၃၃၈
( အခွန်မကောက်သင့်သည့် အချိန်)
"ပုဏ္ဏား ဤသို့ မိန့်ဆိုသော် ပုရောဟိတ်ပုဏ္ဏားသည် မဟာဝိဇိတမင်းအား ဤစကားကို လျှောက်၏။ အသျှင်မင်း၏ နိုင်ငံ၌ (ခိုးသူ) ဆူးငြောင့်ရှိ၏၊ (ခိုးသူ) နှိပ်စက်ခြင်းရှိ၏၊ ရွာကို ဖျက်ဆီးခြင်းတို့သည်လည်း ထင်ကုန်၏၊ နိဂုံးကို ဖျက်ဆီးခြင်းတို့သည်လည်း ထင်ကုန်၏၊ မြို့ကို ဖျက်ဆီးခြင်းတို့သည်လည်း ထင်ကုန်၏၊ ခရီးသွားတို့ကို လုယက်ခြင်းတို့သည်လည်း ထင်ကုန်၏။အသျှင်မင်းသည် ဤသို့ (ခိုးသူ) ဆူးငြောင့်ရှိသော (ခိုးသူ) နှိပ်စက်ခြင်းရှိသော နိုင်ငံ၌ အခွန် အတုပ်ကိုကောက်ယူငြားအံ၊ "ထို (သို့ကောက်ယူခြင်း) ကြောင့် အသျှင်မင်းသည် မပြုသင့်သည်ကို ပြုသည် ဖြစ်ရာ၏၊"
ကုဋဒန္တသုတ် (Kutadanta Sutta) အပိုဒ် ၃၃၈
(ပြည်တွင်း အကြပ်အတည်းအပေါ် အုပ်ချုပ်သူ၏ ကိုင်တွယ်ပုံ အမှား)
"(ဤအရာ၌) (ထိုအကြပ်အတည်း၌) အသျှင်မင်းအား ဤသို့ အကြံသည် ဖြစ်သော်လည်း ဖြစ်ရာ၏၊ ငါသည်ဤခိုးသူဆူးငြောင့်ကို သတ်ဖြတ်ခြင်းဖြင့်လည်းကောင်း၊ နှောင်ဖွဲ့ခြင်းဖြင့်လည်းကောင်း၊ကဲ့ရဲ့ရှုတ်ချခြင်းဖြင့်လည်းကောင်း၊ (တိုင်းပြည်မှ) နှင်ထုတ်ခြင်းဖြင့်လည်းကောင်း ဖယ်ရှားအံ့ဟု ဖြစ်သော်လည်း ဖြစ်ရာ၏၊ (သို့ရာတွင်) ဤနည်း ဖြင့်ဤခိုးသူဆူးငြောင့်ကို အကြွင်းမဲ့ ဖယ်ရှားခြင်း မဖြစ်နိုင်ပါ၊ သတ်ဖြတ် ညှဉ်းဆဲ ခံရသည်မှ ကြွင်းကျန်သောခိုးသူတို့သည် နောက်အခါ၌ မင်း၏ နိုင်ငံကို ညှဉ်းဆဲကုန်လတ္တံ့၊"
ကုဋဒန္တသုတ် (Kutadanta Sutta) အပိုဒ် ၃၃၈
(ဗုဒ္ဓ ညွှန်ပြသော ပြည်တွင်း အကြပ်အတည်း ဖြေရှင်းနည်း)
"စင်စစ်မူကား ဤ (ဆိုလတ္တံ့သော) အစီအရင်ကို စွဲမှီ၍ ဤနည်းဖြင့် သာလျှင် ယင်းခိုးသူ ဆူးငြောင့်ကို အကြွင်းမဲ့ ဖယ်ရှားခြင်း ဖြစ်နိုင်ပါ၏၊ သို့ဖြစ်၍ အသျှင်မင်း၏ နိုင်ငံ၌ လယ်ယာလုပ်မှု နွားမွေးမှုတို့ကို့အားထုတ်ကုန်သော သူတို့အား အသျှင်မင်းသည် မျိုးရိက္ခာကို ထောက်ပံ့ပေးကမ်းပါလော့၊ အသျှင်မင်း၏ နိုင်ငံ၌ ကုန်သွယ်မှုကို အားထုတ်ကုန်သော သူတို့အား အသျှင်မင်းသည် အရင်းအနှီးကိုထောက်ပံ့ပေးကမ်းပါလော့၊အသျှင်မင်း၏ နိုင်ငံ၌ မင်းမှုထမ်းအလုပ်တို့ကို အားထုတ်ကုန်သော သူတို့အား အသျှင်မင်းသည် လခရိက္ခာကို စီမံပေးပါလော့၊ (ဤသို့ ပြုသည်ရှိသော်) ထိုနိုင်ငံသူ နိုင်ငံသားတို့သည်လည်း မိမိတို့ အလုပ်အကိုင်၌ အားထုတ်နေကုန်သည် ဖြစ်၍ အသျှင်မင်း၏ နိုင်ငံကိုမညှဉ်းဆဲကုန်လတ္တံ့၊ အသျှင်မင်းအား များပြားသော (ဥစ္စာစပါး) အစုသည်လည်း ဖြစ်လတ္တံ့၊ နိုင်ငံ၌ငြိမ်းချမ်းခြင်းရှိသည် ဖြစ်၍ (ခိုးသူ) ဆူးငြောင့် မရှိသည် ဖြစ်၍ (ခိုးသူ) နှိပ်စက်ခြင်း မရှိသည် ဖြစ်၍နိုင်ငံသူ နိုင်ငံသားတို့သည်လည်း (အချင်းချင်း) နှစ်လိုဝမ်းမြောက် ကုန်လျက် သားသမီးတို့ကို ရင်ခွင်၌ကစေကုန်လျက် အိမ်တို့ကို မပိတ်ကုန်ဘဲလျက် နေကြရ သကဲ့သို့ ဖြစ်ကုန်လတ္တံ့ဟု လျှောက်၏။
ပြည်သူလူထု၏ ချွေးနှဲစာ အပေါ် ထားရှိရမည့် ကျင့်ဝတ်
ဓမ္မပဒ၊ ပုပ္ဖဝဂ်၊ ဂါထာအမှတ် (၄၉) တွင်
"ပျားကောင်သည် ပန်းပွင့်၏ အရောင်အဆင်းနှင့် အနံ့ကို မဖျက်ဆီးဘဲ ပျားရည်ကိုသာ ဆောင်ယူသွားသကဲ့သို့၊ ပညာရှိသူတော်စင်သည် ရွာ၌ (ဆွမ်းခံကြွရာတွင်) နေထိုင်ရမည်" ဟု ဖော်ပြထားသည်။ ဤ အပိုဒ်သည် ပြည်သူလူထု၏ ချွေးနှဲစာအပေါ် မှီခိုနေရသော သာသနာထဲမှ ရဟန်းများအတွက်ပင် မဟုတ်ပေ အုပ်ချုပ်သူများ အနေဖြင့်လည်း နှလုံးသွင်းရမည့် စံနှုန်းတစ်ခု ဖြစ်သည်။ တရားမျှတမှုကို ဖော်ဆောင်လိုသော အုပ်ချုပ်သူ သည် ပြည်သူတို့၏ စီးပွားရေးကို မထိခိုက်စေဘဲ၊ ပြည်သူတို့ မပင်ပန်းစေဘဲ အခွန်ကို ကောက်ခံသင့်သည်"။
အခွန်ဆိုသည်မှာ ပြည်သူတို့ကို လည်မျိုနင်းကာ ညှစ်ထုတ်ခြင်းမဟုတ်ပေ၊ ပြည်သူတို့၏ စီးပွားရေး အဆင်ပြေချောမွေ့နေသည့်အခြေအနေမှ ရသင့်ရထိုက်သော ဝေစုကိုသာ ရယူခြင်းသာဖြစ်သည်။
အခွန်မကောက္မှီ စီးပွားရေးကို မြှင့်တင်ပေးခြင်း
ကုဋဒန္တသုတ်တွင် အုပ်ချုပ်သူသည် အခွန်ကောက်ခံရန် အတင်းအကျပ် မလုပ်ဆောင်မီ ပြည်သူတို့၏ အခြေခံစီးပွားရေး တိုးတက်အောင် ဦးစွာဆောင်ရွက်ပေးရမည်ဟု ဖော်ပြထားပါသည်။
လယ်သမားများအတွက် မျိုးစေ့နှင့် စိုက်ပျိုးရေးအတွက် လိုအပ်သော ထောက်ပံ့မှုများ ပေးခြင်း၊ ကုန်သည်များအတွက် ကုန်သွယ်မှုပြုလုပ်နိုင်ရန် လိုအပ်သော မတည်ရင်းနှီးငွေများ ထောက်ပံ့ခြင်း၊ စျေးကွက် ရှာပေးခြင်း၊ လူထုအတွက္ အလုပ်အကိုင္ အသက် မွှေးဝမ်းကျောင္းများ ဖန်တီးခြင်း၊ ဝန်ထမ်းများအတွက် လုပ်ငန်းခွင်တွင် သင့်လျော်သော လုပ်ခလစာများ ပေးခြင်း စသည့်အချက္များကို အုပ်ချုပ်သူဘက်က အရင်ဖြည့်ဆည်းပေးရမည် ဖြစ်သည်။ အုပ်ချုပ်သည် ဆိုပါက ထိုအခြေခံအချက္များကို ဖြည့်ဆည်းနိုင်သော အစွမ်းအစနှင့္ အကြံအစည္သည်လည်း ရှိရမည်ဖြစ်သည်။
ဤကဲ့သို့ ပြည်သူတို့၏ စီးပွားရေးအဆင်ပြေလာသောအခါ အခွန်ကောက်ခံစရာမလိုဘဲ သို့မဟုတ် နည်းလမ်းတကျ ကောက်ခံသော်လည်း ပြည်သူတို့ မပင်ပန်းကြတော့ဘဲ နိုင်ငံတော် ဘဏ္ဍာရေးလည်း တိုးတက်လာမည်ဖြစ်ကြောင်း ဟောကြားထားပါသည်။
အခွန်ကောက်ခံခြင်းထက် "ကာကွယ်စောင့်ရှောက်ခြင်း" (Rakkha) ကို ပိုမိုအလေးပေးထားခြင်း
စက္ကဝတ္တိသီဟနာဒသုတ် (Cakkavatti Sihanada Sutta)တွင် စကြာမင်းတစ်ပါး (ကောင်းမွန်သော အုပ်ချုပ်သူ)၏ တာဝန်ကို ဖော်ပြရာ၌ အခွန်ကောက်ခံခြင်းထက် "ကာကွယ်စောင့်ရှောက်ခြင်း" (Rakkha) ကို ပိုမိုအလေးပေးထားပါသည်။
အုပ်ချုပ်သူသည် မိမိနိုင်ငံအတွင်းရှိ ပြည်သူများအား (လူသားများသာမက တိရစ္ဆာန်များပါမကျန်) ဘေးကင်းလုံခြုံမှုရှိအောင် စောင့်ရှောက်ရမည်။ ထို့နောက် လိုအပ်သူတို့အား ပစ္စည်းဥစ္စာပေးကမ်းခြင်း ကိုလည်း ပြုလုပ်ရမည်ဟု ဆိုပါသည်။ ဤသည်မှာ အခွန်အခသည် နိုင်ငံတော်၏ လုံခြုံရေးနှင့် ပြည်သူ့အကျိုးအတွက်သာ ဖြစ်သင့်ကြောင်း ပုံဖော်ထားခြင်း ဖြစ်သည်။
ဗုဒ္ဓ၏ သွန်သင်ချက်အရ အခွန်အခကောက်ခံခြင်းသည်-အဓမ္မ မဖြစ်ရ ပေ ။ပြည်သူတို့ ဆင်းရဲဒုက္ခရောက်စေမည့် အခွန်မျိုး မဖြစ်ရ။ အခွန်ဟူသော သဘောသည် အပြန်အလှန် ဖြစ်ရမည်။ နိုင်ငံတော်က ပြည်သူတို့၏ စီးပွားရေးကို မြှင့်တင်ပေးခြင်းနှင့် ပြည်သူတို့က နိုင်ငံတော်ကို အခွန်ထမ်းဆောင်ခြင်းဟူသော အပြန်အလှန် အကျိုးပြုမှု ဖြစ်ရမည်။ အခွန်နှင့် ပတ်သက်၍ လက်တွေ့ ဓမ္မဓိဋ္ဌာန် ကျရမည်။ အခွန်ကောက်ခံခြင်း၏ ရည်ရွယ်ချက်သည် တိုင်းပြည်သာယာဝပြောရေးနှင့် ငြိမ်းချမ်းရေးအတွက်သာ ဖြစ်ရမည်။
ဗုဒ္ဓ၏ က အုပ်ချုပ်ရေးတွင် အခွန်ကောက်ခံခြင်းသည် အုပ်ချုပ်သူ၏ လောဘကို ဖြည့်ဆည်းခြင်းမဟုတ်ဘဲ၊ တိုင်းပြည်နှင့် လူမျိုး၏ အကျိုးစီးပွားကို ဖော်ဆောင်သည့် ကိရိယာတစ်ခုအဖြစ် တည်ရှိရန်သာ လမ္းညွှန်ခ့ဲသည္။
လခြမ်းမြေ၏ အခွန်စနစ်
ပွင့်ပွင့်လင်းလင်းပြောရပါမူ လက်ရှိ လခြမ်းမြေတွင် ကျင့်သုံးနေသော အခွန်စနစ်တွင် ဗုဒ္ဓကျမ်းဂန်များနှင့် ဆန်းစစ်ပါက အုပ်ချုပ်သူများဘက္မှ ပြုပြင်ရမည် အရာများရှိနေသည်ကို တွေ့ရမည်ဖြစ်သည်။ လက်ရှိတွင် အာရက္ခလူထုသည် အခွန်ကောက်ခံခြင်းထက် "ကာကွယ်စောင့်ရှောက်ခြင်း" (Rakkha) ကို ပိုမိုလိုအပ်နေသည်။ လုပ်ပိုင်ခွင့် အာဏာရှိသူများက ပါဝါဩဇာပြမှုများကိုလည်း ပြန်လည်ထိန်းသိမ်းရန် လိုအပ်နေသည်။ အာရက္ခ လူထု၏ လူမှုစီးပွားဘဝသည် အခွန်ထက် အထောက်အပံများကို ပိုမိုလိုအပ်နေသည်။ အာရက္ခလူထုသည် အလုပ်အကိုင် အသက္မွှေးဝမ်းကျောင်းများကို လိုအပ်နေသည္။ကုဋဒန္တသုတ် (Kutadanta Sutta) အရ ဆိုပါက မငြိမ်မသက် လုံခြုံမှုမရှိသော ကာလ တွင် အခွန်ကို မကောက်သင့်ပေ။
ဘာဆက်လုပ်နိုင်မည်နည်း
လခြမ်းမြေ၌ အုပ်ချုပ်သူများဘက္မှ လူထုလည်မျိုကို ညစ်ကာ အခွန္ကောက္ခြင္းထက် ပိုကောင်းသောငွေရှာရန် နည်းလမ်းများရှိပါသည်။ လခြမ်းမြေတွင် ရေမြေ သယံဇာတ အရင်းအမြစ်များရှိသည်။ ထိုအရင်းအမြစ်များအပေါ် လူထုကို မထိခိုက်စေဘဲ ငွေရှာ၍ရသည်။ စျေးကွက်ရှာ၍ ရသည်။ အလုပ်အကိုင်အခှင့်အလမ်းမြား ဖန် တီး၍ရသည်။ လက်ရှိတွင် လခြမ်းမြေ၌ စီးပွားရေးကို လက်ဝါးကြီးအုပ်သလို ဖြစ်နေသည့် အခွင့်အရေးကြောင့် အကျိုးအမြတ်များရရှိသူများလည်း ရှိနေသည်။ ထိုသူများသည် ပြည်သူရေးရာဝန်ဆောင်မှု လုပ်ငန်းများနှင့် ကုန်ထုတ်လုပ်မှု လုပ်ငန်းများတွင် ရရှိထားသော အကျိုးအမြတ်များမှ အချို့တဝက်ကို ရင်းနှီးမြုပ်နှံသင့်ပါသည်။
Comments
Post a Comment