လက်နက်ပါဝါဖြင့် အမဲလိုက်ခြင်းနှင့် ထွက်ခွာခွင့်အား ပိတ်ပင်ခြင်း- (၂)
လက်နက်ပါဝါဖြင့် အမဲလိုက်ခြင်းနှင့် ထွက်ခွာခွင့်အား ပိတ်ပင်ခြင်း- (၂)
အကြွင်းမ့ဲ လုပ်ပိုင်ခွင့်မဟုတ္၊ အာဏာပြပိုင်ခွင့်မဟုတ်
လက်နက်ကိုင် အဖွဲ့အစည်းများ အနေဖြင့် မဖြစ်မနေ စစ်မှုထမ်းခိုင်းခြင်း၊ ထွက်ခွာခွင့်အား ပိတ်ပင်ခြင်း တို့သည် ပြည်သူ့အကျိုးအတွက်သာ ဖြစ်ရမည်ဖြစ်သည်။
အတင်းအကျပ် စစ်မှုထမ်းခိုင်းခြင်း လုပ်ပိုင်ခွင့်နှင့် ရာဇဝတ်မှုများ
အတင်းအကျပ် စစ်မှုထမ်းခြင်း (Forced Conscription) သည် နိုင်ငံတစ်နိုင်ငံ၏ ကာကွယ်ရေးနှင့် လုံခြုံရေးအတွက် နိုင်ငံတော်အာဏာပိုင်များက ဥပဒေဖြင့် သတ်မှတ်ဆောင်ရွက်ခွင့်ရှိသည့် လုပ်ရပ်တစ်ခုဖြစ်သော်လည်း၊ အချို့သော နည်းလမ်းများနှင့် အခြေအနေများတွင် နိုင်ငံတကာ လူ့အခွင့်အရေးဥပဒေ (International Human Rights Law) နှင့် နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာဥပဒေ (International Humanitarian Law) တို့ကို ပြင်းထန်စွာ ချိုးဖောက်ပြီး စစ်ရာဇဝတ်မှု (War Crimes) သို့မဟုတ် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှု (Crimes Against Humanity) မြောက်နိုင်ပါသည်။
မည်သည့်အချိန်တွင် မဖြစ်မနေ စစ်မှုထမ်းခိုင်းမှုသည် ဥပဒေမဲ့ဖြစ်စေပြီး ရာဇဝတ်မှုမြောက်စေသည့် အဓိကအချက္များ ဖြစ်သွားသနည်း။
မည်သည့် အခြေအနေတွင် မဆို ကလေးစစ်သား စုဆောင်းခြင်း (Recruitment of Child Soldiers)မှာ စစ်ရာဇဝတ်မှု ဖြစ်သည်။နိုင်ငံတကာဥပဒေအရ အသက် ၁၅ နှစ်အောက် ကလေးငယ်များကို လက်နက်ကိုင်တပ်ဖွဲ့တွင် စုဆောင်းခြင်းသည် စစ်ရာဇဝတ်မှုမြောက်ပါသည်။ အရွယ်မရောက်သေးသူများ: အသက် ၁၈ နှစ်အောက် ကလေးသူငယ်များကို စစ်ပွဲများတွင် အတင်းအကျပ် ပါဝင်ခိုင်းခြင်း၊ ရှေ့တန်းသို့ ပို့ဆောင်ခြင်းသည် နိုင်ငံတကာစံနှုန်းများအရ အကြီးမားဆုံး ချိုးဖောက္မှုတစ်ခု ဖြစ်သည်။
လူမျိုးရေး၊ ဘာသာရေး၊ လေယူလေသိမ်း၊ လူတန်းစား သို့မဟုတ် နိုင်ငံရေးအမြင်ကို အခြေခံပြီး (specific) အုပ်စုကိုသာ ရွေးချယ်၍ စစ်မှုထမ်းခိုင်းခြင်းအား ခွဲခြားဆက်ဆံပြီး စုဆောင်းခြင်း (Discriminatory Conscription) အဖြစ်သတ်မှတ်ထားသည်။ ဤလုပ်ရပ်၏ သက်ရောက္မှုသည် တဖက်တွင် အင်မတန်ဆိုးဝါးပြင်းထန်သော စစ်ရာဇဝတ်မှုများကို ဖြစ်ပေါ်စေတတ်သည်။ ဤသို့စုဆောင်းခြင်းသည် လူမျိုးတစ်မျိုးမျိုးအား ပျက်စီးစေရန် ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်ခြင်းဖြစ်ပါက ၎င်းသည် မျိုးတုံးသတ်ဖြတ်မှု (Genocide) သို့မဟုတ် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုအထိ မြောက်နိုင်ပါသည်။
အတင်းအကျပ် မဖြစ်မနေစစ်မှုထမ်းခိုင်းခြင်း၏ အကျိုးဆက်တစ်ခုတွင် စုဆောင်းခံရသော လူများအား ကျေးကျွန်သဖွယ် ဆက်ဆံခြင်း၊ ကျွန်ပြုခြင်းနှင့် အဓမ္မလုပ်အားပေးခိုင်းစေခြင်း (Forced Labor/Slavery) တို့ ဖြစ်လာတတ်သည်။ စစ်မှုထမ်းစေခြင်းအကြောင်းပြချက်ဖြင့် စစ်ရေးကိစ္စမဟုတ်သော လုပ်ငန်းများတွင် အတင်းအကျပ် ခိုင်းစေခံရမှုများ ရှိလာတတ်သည်။ အမိန့်နာခံတတ်မှုကို သင်ကြားခြင်းအကြောင်းပြချက်ဖြင့် လူသားဂုဏ်သိက္ခာကို ချေမွပစ်ခြင်းဆိုသော ရာဇဝတ်မှုမျိုး ရှိနေတတ်သည်။ ထိုပြင် စစ်သားများကို အရပ်ဘက် စက်ရုံအလုပ်ရုံများတွင် လုပ်အားပေးခိုင်းခြင်း၊ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းများအတွက် အခမဲ့လုပ်သားအဖြစ် အသုံးပြုခြင်းက့ဲသို့ "ကျွန်ပြုခြင်း" (Slavery) သို့မဟုတ် "အဓမ္မလုပ်အားပေးခိုင်းစေခြင်း" စသည့် ကိစ္စမျိုးများသည်လည်း ရာဇဝတ်မှု မြောက်သည်။
မဖြစ်မနေ စစ်မှုထမ်းခိုင်းခြင်းအား အကောင်အထည်ဖော်ရာတွင် ဥပဒေအရ သတ်မှတ်ထားသော စံနှုန်းများအတိုင်း မဟုတ်ဘဲ ဥပဒေမဲ့ ဆောင်ရွက်ခြင်း (Lack of Due Process) သည် လူ့အခွင့်အရေးချိုးဖောက္မှု ဖြစ်သည်။
ဥပဒေနှင့်အညီ ဆင့်ခေါ်ခြင်းမဟုတ်ဘဲ လမ်းပေါ်တွင် ဖမ်းဆီးခေါ်ဆောင်သွားခြင်း၊ လမ်းခရီးတွင် ဖမ်းဆီးထားခြင်း၊ ငွေကြေးဖြင့် ပြန်ရွေးခိုင်းခြင်း၊ လူစားရှာခိုင်းခြင်း တို့မှာ ပြန်ပေးဆွဲခြင်း (Kidnapping) မှုအဖြစ် ဥပဒေကြောင်းအရ အဓိပ္ပါယ္သက္ရောက္သည္။
မိသားစုဝင်များအား ပြန်ပေးဆွဲမည်၊ ပိုင်ဆိုင်မှုများ သိမ်းဆည်းမည်ဟု ခြိမ်းခြောက်ပြီး စစ်မှုထမ်းခိုင်းခြင်းမှာ ခြိမ်းခြောက် အကြပ်ကိုင်မှု မြောက်သည်။
စစ်မှုထမ်းရန် ငြင်းဆန်သူများကို ဖမ်းဆီးခြင်း၊ နှိပ်စက်ညှင်းပန်းခြင်း၊ ဥပဒေအား လိုရာဆွဲကာ ထောင်ချခြင်း တို့မှာ ညှင်းပန်းနှိပ်စက် မှု မြောက်သည်။
အတင်းအကျပ် စစ်မှုထမ်းခိုင်းထားသူများကို စစ်ရေးအရ အန္တရာယ်များသော နေရာများတွင် (ဥပမာ - တိုက်ခိုက္မှုဖြစ်ပွားနေသည့် နေရာများတွင် ရှေ့ပြေးအဖြစ်) ပို့ဆောင်ခြင်းသည် နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှုဥပဒေအရ စစ်ရာဇဝတ်မှုမြောက်သည်။ ဤအချက်သည် လူသားများကို ဒိုင်းကာ သဖွယ် အသုံးချမှု (Human Shields) ဖြစ်သည်။
နိုင်ငံတကာ ဥပဒေအရ ကျူးကျော်သိမ်းပိုက်ထားသော နယ်မြေ (Occupied Territory) ရှိ ပြည်သူများကို သိမ်းပိုက်သူက အတင်းအကျပ် စစ်မှုထမ်းခိုင်းခြင်းသည် ဂျီနီဗာကွန်ဗင်းရှင်း (Geneva Conventions) အရ တားမြစ်ထားသော လုပ်ရပ်ဖြစ်သည်။ ထိုအချက်အား သိမ်းပိုက်ခံထားရသော နယ်မြေမှ ပြည်သူများအား စစ်ပွဲအတွင်း စစ်မှုထမ်းခိုင်းခြင်း (Conscription in Occupied Territories) ဟုခေါ်သည်။
ဤအချက္များသည် အတင်းအကျပ်စစ်မှုထမ်းခိုင်းခြင်းနှင့် ပတ်သက်၍ နိုင်ငံတကာ ရာဇဝတ်ခုံရုံး (ICC) သို့မဟုတ် အခြားသော နိုင်ငံတကာတရားစီရင်ရေးယန္တရားများက တရားစွဲဆိုနိုင်သည့် အခြေခံအချက္များလည်း ဖြစ်သည်။
ထွက်ခွာခွင့်အား ပိတ်ပင်ခြင်း လုပ်ပိုင်ခွင့်နှင့် ရာဇဝတ်မှုများ
ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲဖြစ်ပွားနေသည့်ကာလတွင် အုပ်ချုပ်သူအဖွဲ့အစည်း (သို့မဟုတ်) လက်နက်ကိုင်အဖွဲ့အစည်းတစ်ခုက မည်သူကိုမျှ အပြင်ထွက်ခွင့်မပြုဘဲ ပိတ်ပင်ထားခြင်းသည် နိုင်ငံတကာလူ့အခွင့်အရေးနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ စံနှုန်းများအရ အလွန်အရေးကြီးသော မေးခွန်းတစ်ခုဖြစ်သည်။
နိုင်ငံတကာဥပဒေ ၏ အခြေခံ လူ့အခွင့်အရေးဆိုင်ရာ စံနှုန်းများအရ လူတိုင်းတွင် "မိမိဆန္ဒအလျောက် သွားလာလှုပ်ရှားခွင့်" နှင့် "နေရပ်စွန့်ခွာခွင့်" တို့ ရှိသည်။ ဤအခွင့်အရေးသည် အသက်အရွယ်မရွေး သက်ဆိုင်သည်။
အကယ်၍ ကလေးသူငယ်အဆင့်သာ ရှိသေးသောာသူများ၏ သွားလာလှုပ်ရှားခွင့်ကို ပိတ်ပင်ခြင်းမှာ ကလေးသူငယ်အခွင့်အရေးဆိုင်ရာ သဘောတူစာချုပ်များ (Convention on the Rights of the Child) နှင့် ဆန့်ကျင်နေနိုင်ပြီး၊ မိသားစုများအား အဓမ္မခွဲခြားခြင်း သို့မဟုတ် အန္တရာယ်ရှိသည့်နေရာတွင် ဖိအားပေးကာ နေခိုင်းထားခြင်းမျိုး ဖြစ်စေနိုင်သည်။
ပိတ်ပင်ခြင်း၏ သဘောသဘာဝ ရည်ရွယ်ချက်
ပိတ်ပင်ခြင်း၏ သဘောသဘာဝ အရ နိုင်ငံတကာစံနှုန်းများအရ လူဦးရေအလိုက် (Mass restriction) တစ်စုတစ်စည်းတည်း ပိတ်ပင်ခြင်းသည် အလွန်အမင်း ပြင်းထန်သော ကန့်သတ်ချက် (Disproportionate measure) ဖြစ်သည်။ အကယ်၍ ထိုကန့်သတ်ချက်သည် လူသားချင်းစာနာထောက်ထားမှုအရ အသက်အန္တရာယ်မှ ကာကွယ်ရန်အတွက္မဟုတ်ဘဲ အုပ်ချုပ်ရေး (သို့) စစ်ရေးအရသာ ဦးတည်နေပါက ၎င်းသည် အခြေခံလူ့အခွင့်အရေး ချိုးဖောက္မှုဟု သတ်မှတ်နိုင်သည်။
နိုင်ငံရေး၊ စစ်ရေး ရည်ရွယ်ချက်အတွက် အရပ်သားများအား တိုက်ပွဲဇုန်အတွင်း ဆက်လက်နေထိုင် စေခြင်း
လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဥပဒေ (IHL)အရ လက်နက်ကိုင်ပဋိပက္ခဖြစ်ပွားနေသည့် ဒေသများတွင် အရပ်သားများကို ကာကွယ်ရန်မှာ အဓိကတာဝန်ဖြစ်သည်။
အရပ်သားများကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းခွင့်ကို ပိတ်ပင်၍ မရကောင်းချေ။ ပဋိပက္ခဖြစ်ပွားရာဒေသမှ အရပ်သားများအနေဖြင့် မိမိတို့၏ အသက်အန္တရာယ်ကင်းရှင်းရေးအတွက် ဘေးလွတ်ရာသို့ တိမ်းရှောင်ခွင့်ရှိသည်။ အုပ်ချုပ်သူအဖွဲ့အစည်းအနေဖြင့် ၎င်းတို့အား တိုက်ပွဲဇုန်အတွင်း ဆက်လက်နေထိုင်ရန် အတင်းအကျပ် ပိတ်ပင်ထားခြင်းသည် အရပ်သားများကို "Human Shield" (လူသားဒိုင်း) အဖြစ် အသုံးပြုသကဲ့သို့ ဖြစ်စေနိုင်ပြီး နိုင်ငံတကာဥပဒေအရ ပြင်းထန်သော ရာဇဝတ်မှုမြောက်နိုင်သည်။
စစ်ရေးနှင့် လူသားချင်းစာနာမှု အပေါ် ခွဲခြားခြင်း မရှိတော့ဘဲ နယ်မြေခံလူထုအပေါ် လူသားချင်းစာနာမှု အကြပ်ဆိုက်စေသည့်အထိ စစ်ပုံသွင်းခြင်းမျိုးမှာ လူသားမျိုးနွယ်အပေါ် ဖိနှိပ်ညှင်းပန်းမှုများ ဖြစ်လာရန် လက်ယှပ်ခေါ်နေခြင်းဖြစ်သည်။ အကယ်၍ ပိတ်ပင်ရခြင်း၏ အကြောင်းရင်းမှာ စစ်ရေးအရ အသာစီးရရန် (သို့မဟုတ်) လူသားအရင်းအမြစ်ကို ထိန်းချုပ်ရန် ဖြစ်ပါက၊ ၎င်းသည် နိုင်ငံတကာစံနှုန်းများနှင့် မည်သို့မျှ မကိုက်ညီပါ ။နိုင်ငံတကာစံနှုန်းများအရ ထိုလုပ်ရပ်များ၏ အဖြေမှာ "တရားဝင်မှုမရှိပါ"။
မဖြစ်မနေ စစ်မှုထမ်းခိုင်းခြင်းဖြစ်စေ၊ ထွက်ခွာခွင့်အား ပိတ်ပင်ခြင်းဖြစ်စေ တရားဝင်မှု (Legitimacy) ရှိသော ဥပဒေတစ်ခု (သို့မဟုတ်) အမိန့်တစ်ခု ဖြစ်ရန်အတွက် ဥပဒေ အင်္ဂါရပ် အခြေခံအချက္များ (လိုအပ်မှု၊ အချိုးအစားညီမျှမှု၊ ခွဲခြားဆက်ဆံမှုမရှိခြင်း) နှင့် ပြည့်မီရမည်။ လူဦးရေအလိုက် (Mass restriction) တစ်စုတစ်စည်းတည်း အပေါ်ထွက်ခွာမှုကို ပိတ်ပင်ခြင်းသည် အဆိုပါစံနှုန်းများကို ကျော်လွန်နေသည်။
ထွက်ခွာခွင့်အား ပိတ်ပင်ခြင်းတွင် ချွင်းချက်အရ တစ်ခုတည်းသော အရပ်သားများ ထွက်ပြေးမည့်လမ်းကြောင်းတွင် ပိုမိုကြီးမားသော အန္တရာယ်များ (ဥပမာ - မိုင်းကွင်းများ၊ တိုက်ရိုက်ပစ်ခတ်မှုများ) ရှိနေ၍ ၎င်းတို့၏ အသက်အန္တရာယ်ကို ကာကွယ်ရန်အတွက် ယာယီလမ်းကြောင်းပေးခြင်း (သို့မဟုတ်) ရွှေ့ပြောင်းပေးခြင်းမျိုးသာ ဖြစ်ရမည်။ သို့သော်လည်း ၎င်းသည် "ပိတ်ပင်ခြင်း" မဟုတ်ဘဲ "ဘေးကင်းရေးစီမံချက်" ဖြစ်ရမည်။
အကယ်၍ အုပ်ချုပ်သူအဖွဲ့အစည်းက အရပ်သားများအား ရခိုင်ပြည်နယ်အတွင်းမှ မထွက်ခွာစေရန် လူဦးရေအလိုက် (Mass restriction) တစ်စုတစ်စည်းတည်း ပိတ်ပင်ခြင်းသည် အလွန်အမင်း ပြင်းထန်သော ကန့်သတ်ချက် (Disproportionate measure) သည် -
လွတ်လပ်စွာ သွားလာလှုပ်ရှားခွင့်ကို ချိုးဖောက်ခြင်းဖြစ်သည်။
ကလေးသူငယ်အခွင့်အရေးနှင့် ဆန့်ကျင်နေသည်။
အရပ်သားများကို အန္တရာယ်ရှိသည့် နေရာတွင် ပိတ်လှောင်ထားခြင်းဖြစ်၍ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဥပဒေများကို ချိုးဖောက်နေခြင်းဖြစ်သည်။
ထို့ကြောင့် နိုင်ငံတကာစံနှုန်းအရ ဤလုပ်ရပ်များသည် တရားဝင်မှုမရှိသည့်အပြင် အခြေခံလူ့အခွင့်အရေးကို ဆိုးရွားစွာ ချိုးဖောက်နေခြင်းဖြစ်သည်ဟု ယူဆနိုင်ပါသည်။
ဆက်ရန်
Comments
Post a Comment