ဝှက်ဖဲကိုယ်စီကိုင်ထားသော ကစားပွဲတွင် ကြေးပုံအော လောင်းခိုင်းခြင်း
ဝှက်ဖဲကိုယ်စီကိုင်ထားသော ကစားပွဲတွင် ကြေးပုံအော လောင်းခိုင်းခြင်း
လူထု၏ အသက်၊ သွေး၊ ချွေး ကို ချပေးရယူရင်းနှီးကာ လှုပ်ရှားနေသော နိုင်ငံရေး၊ တော်လှန်ရေးအဖွဲ့အစည်းတစ်ခု တွင် ထိုအဖွဲ့အစည်း၏ "နိုင်ငံရေး ပဋိညာဉ် (Political Charter)" နှင့် "အနာဂတ်ဗျူဟာ" ကို အသက်၊ သွေး၊ ချွေးကို ပေးထားရသော လူထုသည် သိခွင့်ရှိသည်။
အာဏာရလာပါက သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရလာပါက မည်သည့် ပုံစံစနစ်မျိုးဖြင့် အုပ်ချုပ်မည်နည်း ဆိုသော အချက်အပေါ်တွင် လူထုဘက္မှ သိပိုင်ခွင့်ရှိသည်။ ထို သိပိုင်ခွင့်အား တော်လှန်ရေး၊ နိုင်ငံရေး အဖွဲ့အစည်းများမှလည်း ရှင်းပြရန် တာဝန်ရှိသည်။
မိမိတို့၏ မူဝါဒများအပေါ် လူထုဘက္မှ သိပိုင်ခွင့်ကို လမ်းဖွင့်ပေးခြင်းနှင့် လူထုအား ရှင်းပြခြင်း စသည့် ကိစ္စရပ်မှာ တော်လှန်ရေး၊ နိုင်ငံရေးအဖွဲ့အစည်းတစ်ခုအတွက် လူထုစည်းရုံးရေး လုပ်ငန်းစဉ်ဖြစ်သည်။
လူထုအားစည်းရုံးခြင်း၊ လူထုနှင့် စဉ်ဆက္မပြတ်ထိတွေ့ခြင်း တွင် လူထု၏ ယုံကြည်မှုရရန် အရေးကြီးသော ချဉ်းကပ်နည်းမှာ လူထုဘက္မှ မိမိတို့ တော်လှန်ရေး၊ နိုင်ငံရေး အဖွဲ့အစည်းအား များများ မေးခွန်းထုတ်ခိုင်း ခြင်းဖြစ်သည်။ မိမိတို့၏ မူဝါဒ အပေါ် လူထုအား များများဆွေးနွေးဝေဖန်ခိုင်းသော နယ်ပါယ် ပိုမိုကျယ်ဝန်းလာရန် အစီအစဉ်များကိုလည်း လူထုစည်းရုံးရေး လုပ်ငန်းစဉ်တွင် ရေးဆွဲထားရမည် ဖြစ်သည်။
တော်လှန်ရေး၊ နိုင်ငံရေးအဖွဲ့အစည်းဟူသည် "လူ့အဖွဲ့အစည်းအတွင်း ကာလကြာရှည် ဖြစ်ပျက်နေသော ဆင်းရဲဒုက္ခကို ကုစားရန်" ပေါ်လာသော အဖွဲ့အစည်းသာ ဖြစ်သည်။ မိမိတို့အဖွဲ့အစည်းအပေါ် ဝေဖန်ခွင့်မရှိ၊ မေးခွန်းထုတ်ခွင့်မရှိ၊ မိမိတို့ ပြောသမျှကိုသာ လိုက်နာဟူသော ပုံစံဖြင့် လူထုအား ယုံကြည်မှုထက် အကြောက်တရားကို ပိုပေးသော ထိတွေ့မှုများက ရလဒ်ကို ပြောင်းပြန်ထွက်လာစေသည်။
ဆင်းရဲဒုက္ခ၏ ဇစ်မြစ်ကို ဆွဲနုတ်၍ စနစ်ကို တည်ဆောက်ခြင်း
အထက်တွင် ဆိုခ့ဲသည့်အတိုင္းပင္ ဆင်းရဲဒုက္ခကို ကုစားရန် ပေါ်လာသော အဖွဲ့အစည်း ဖြစ်သည် ဆိုပါလျှင် ကိုယ်ကုစားရမည့် ဆင်းရဲ ဒုက္ခ၏ ဇစ်မြစ်ကိုလည်း လူထုဘက်သို့ မျက်နှာမူ၍ ဆန်းစစ်ပြရဲ ရန်လည်း လိုအပ်သေးသည်။ ရခိုင်လူထုသည်လည်းကောင်း၊ မြန်မာလူ့အဖွဲ့အစည်းသည်လည်းကောင်း အာဏာရှင်စနစ်ကို မလိုလားကြပေ။ အာဏာရှင်စနစ်က ဆင်းရဲဒုက္ခကို ဖြစ်စေသည်ဟု လက်ခံထားကြသည်။ မြန်မာလူ့အဖွဲ့အစည်းတွင် အာဏာရှင်စနစ်ပေါ်လာခြင်း၏ ဇစ်မြစ်မှာ လူမျိုးစုများ၏ တန်းတူညီမျှ မှုပျောက်ဆုံးနေမှုကြောင့်ဖြစ်သည်။ သို့ဖြစ်၍ ဆင်းရဲ ဒုက္ခ၏ ဇစ်မြစ်ကို တိုက်ဖျက်ရန် မိမိတို့အတွက် တန်းတူညီမျှမှုကို ရရှိရန်လိုသည်။ တန်းတူညီမျှမှု မရသမျှကာလပတ်လုံး အာဏာရှင်စနစ်၏ ခါးသီးမှုကို ခံစားနေရမည်ဖြစ်သည်။
ဤတွင် ရခိုင်လူထုနှင့် မြန်မာလူ့အဖွဲ့အစည်း အတွက် ခါးသီးသော အာဏာရှင်စနစ်၏ ရိုက်ခတ်မှုဟူသည်ကိုလည်း ဆန်းစစ်ရန် လိုလာသည်။ ရခိုင်လူထု ဖြစ်စေ၊ မြန်မာ လူ့အဖွဲ့အစည်း ဖြစ်စေ မိမိတို့အား အာဏာလုပ်ပိုင်ခွင့်ရှိသူက တရားမျှတမှုမရှိစွာ ဆက်ဆံခြင်းကို မလိုချင်၊ အနိုင်ကျင့်စော်ကားမှုကို မလိုချင်၊ မည်သည့်အာဏာပါဝါ ရှေ့တွင်မဆို ပြည်သူလူထုတွင် တန်ဖိုးထားသင့်သော လူဂုဏ်သိက္ခာနှင့် အညီသာ ဆက်ဆံခံလိုကြသည်။ သို့သော် လွန္ခ့ဲသော ဆယ်စုနှစ် လေးငါးခု ကပင် ယနေ့အချိန်ထိ ရခိုင်လူထုဖြစ်စေ၊ မြန်မာလူ့အဖွဲ့အစည်းဖြစ်စေ အာဏာပါဝါ ရှေ့တွင် တန်းတူညီမျှမှု၊ လူသားဂုဏ်သိက္ခာ ရှိပါသည်ဟူသော ခံစားချက္မျိုးက ခမ်းခြောက်နေ ခ့ဲရပြီ ဖြစ်သည်။
ပြဿနာက ရခိုင်လူထုနှင့် မြန်မာလူ့အဖွဲ့အစည်းတွင် အကယ်၍ ဆင်းရဲ ဒုက္ခကို ကုစားပေးမည့် သူများကိုယ်တိုင်က အာဏာရှင်ဆန်လာလျှင် မည်သို့ ပြုကြမည်နည်း ဆိုသည့် ပြဿနာ ဖြစ်သည်။ ဤမေးခွန်းက တော်လှန်ရေး၊ နိုင်ငံရေးတွင် ကိုယ်ကျိုးမဖက် ပေးဆပ်မှုသက်သက်ဖြင့် အငတ်ငတ်အပြတ်ပြတ် ခံလာခ့ဲသော ပုဂ္ဂိုလ်တစ်ချို့အပေါ်တွင်တော့ တရားမည် မဟုတ်ပေ။ သို့သော် ထိုသို့ ပေးဆပ်လာသော ပုဂ္ဂိုလ်များ ကိုယ်တိုင်ကလည်း ဤမေးခွန်းက လိုအပ်ချက် ဖြစ်သည်ကိုလည်း အသိအမှတ်ပြုကြမည်သာ ဖြစ်သည်။
ဆင်းရဲ ဒုက္ခကို ကုစားပေးမည့် သူများကိုယ်တိုင်က အာဏာရှင် မဖြစ်လာစေရန် လူထုဘက်က ဆောင်ရွက်၍ ရသော အချက်အချို့က ရှိပါသည်။ သို့သော် ထိုအချက်များသည်ပင်လျှင် လက်နက်ပါဝါ ဖြင့် အမိန့်အာဏာ တည်မှုကိုသာ အရသာတွေ့နေသော၊ ကိုယ်ကျိုး အတ္တရှာသော အုပ်စုများဘက္မှ အပြင်းအထန်းဖိနှိပ်ထားမည့် အချက္များလည်း ဖြစ်သည်။
အဖွဲ့အစည်း၏ "နိုင်ငံရေး ရည်မှန်းချက် (Political Vision)" ရှင်းလင်းစွာ ချပြခိုင်းနေရန် လိုအပ်သည်။ ဤအချက်က "တော်လှန်ရေးအောင်မြင်ပြီး နောက်ထပ်အာဏာရှင် ဖြစ်လာမည်လော " ဆိုတဲ့မေးခွန်းအတွက် တစ်စုံတစ်ရာ အထိန်းအကွပ် ဖြစ်လာမည် ဖြစ်သည်။
စနစ်ကို တည်ဆောက်ခြင်းထက် "အာဏာကို အစားထိုးခြင်း(The Substitution Effect)" သာဖြစ်သွားမည်ကို ဟန့်တားနိုင်မည့် နည်းလမ်းများကို လူထုသည် ကိုယ့်အချင်းချင်းသော်လည်းကောင်၊ အဖွဲ့အစည်းကိုသော် လည်းကောင်း မေးခွန်းထုတ်ကြရန် လိုအပ်သည်။ အကယ်၍ တော်လှန်ရေးအဖွဲ့အစည်းတစ်ခု၏ လုပ်ရပ်သည် "စနစ်" (System) ကို တည်ဆောက်နေခြင်းမျိုး မဟုတ်တော့ဘဲ မိမိတို့မနှစ်သက်၍ ဖယ္ရှားခ့ဲသော နေရာမှ စနစ်လည်ပတ်မှုကို ထပ်မံ ပုံတူကူးနေသလို ဖြစ်နေပါက ထိုလုပ်ရပ်မှာ စနစ် ထက် "ပုဂ္ဂိုလ်" ကိုသာ ပြောင်းလဲရန် ရည်မှန်းချက်ထားသလို ဖြစ်နေမည်။ ဌာနဆိုင်ရာယန္တယားများတွင် လည်ပတ်မှု စနစ်ကိုသာ ပုံတူကူးသလို ဖြစ်နေ၍ အာဏာရလာသော အခါ အရင်အစိုးရ၏ နေရာကိုသာ အစားထိုး ဝင်ယူသွားသလိုသာ ဖြစ်နေမည်ဖြစ်သည်။ မည်မျှပင် တော်လှန်ရေးလုပ်လုပ် အုပ်ချုပ်ပုံစံ စနစ် (Governance) မပြောင်းလျှင်၊ အာဏာရှင်ဟောင်းနေရာ၌ အာဏာရှင်သစ် တက်လာရန်သာ ရှိတော့သည်။
"စစ်ရေးအမြင်သာရှိပြီး နိုင်ငံရေးအမြင်မရှိခြင်း" (The Military-First Trap) အပေါ် လူထုဘက္မှ ပြန်လည် ကိုင်တွယ်နိုင်ရန်လိုသည်။ တော်လှန်ရေးအဖွဲ့အစည်းများတွင် စစ်ရေးကို အောင်မြင်အောင် လုပ်နိုင်သော်လည်း နိုင်ငံရေးအပေါ် စီမံခန့်ခွဲမှုတွင်ပါ "အမိန့်ပေးစနစ်" (Command and Control) ကိုပဲ သုံးတတ်ကြသည်။ တိုင်းပြည်တစ်ခုအပေါ် အုပ်ချုပ်ရန်အတွက် ဒီမိုကရေစီ၊ ဥပဒေစိုးမိုးရေး၊ စီးပွားရေးစီမံခန့်ခွဲမှုနှင့် လူ့အခွင့်အရေးနယ်ပါယ်များကို နားလည်သော "အရပ်သားနိုင်ငံရေး အမြင်" (Civilian Political Vision) လိုအပ်ကြောင်းကို လူထုသည် ခဏခဏ အပြန်အလှန်အသိပေးနေရန် လိုအပ်သည်။ ထိုသို့ အသိမပေး၊ စောင့်မကြည့်ပါက စစ်တပ်စတိုင်လ်ပုံစံဖြင့် အုပ်ချုပ်မှုက ထပ်မံ အမြစ်တွယ်လာမည် ဖြစ်သည်။
မည်သို့ပင်ဖြစ်စေ လူထုအတွက်တော့ "ဝေဖန်မှုကင်းမဲ့ခြင်း" (Lack of Accountability) အခြေအနေမျိုးကို အတွန်းပို့ခံနေရမည် ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် သွေးထွက်သံယို ဖြစ်သော တော်လှန်းရေးများသည် စိတ်လည်း မရှည်တတ်ကြပေ။ သို့ဖြစ်၍ ဒီမိုကရေစီ၊ ဥပဒေစိုးမိုးရေး၊ စီးပွားရေးစီမံခန့်ခွဲမှုနှင့် လူ့အခွင့်အရေးနယ်ပါယ်၊ အရပ်သားနိုင်ငံရေး အမြင် ဆိုသည့်အချက္များအပေါ် စစ်ရေးဘက္မှ ပုဂ္ဂိုလ်များနှင့် ၎င်းတို့အနီးတွင် အခွင့်အရေးရနေသူများက နားခါးနေတတ်သည်။ သို့သော် လူထုအနေဖြင့် (Lack of Accountability) အခြေအနေမျိုး ကို ဝေဖန်မှု မပြုလျှင်လည်း ရင်ဆိုင်ရမည်၊ ဝေဖန်မှုပြုနေလျှင်လည်း ရင်ဆိုင်ရမည်သာ ဖြစ်သည်။ ဝေဖန်မှု မပြုဘဲရင်ဆိုင်မှုက ဝေဖန္မှုပြုခြင်းထက္ ရေရှည်တွင် ဆိုးကျိုးကို ပိုများစေသည်။ ဝေဖန်မှု ပြုပါကလည်း လတ်တလောတွင် "ဒလန်" ဟု တံဆိပ်ကပ်ခံရမှုက ရှိလာနိုင်သည်။
လူထုကို အမှန်တကယ် နိုင်ငံရေး ရေချိန်မြင့်ပေးရဲသလား
မိမိ အခွင့်အရေးကို သဘောပေါက်လာသော လူထုသည် အာဏာရှင်ကို ရင်ဆိုင်နိုင်သော စွမ်းအားရှိသည်။ လူထုကို နိုင်ငံရေးရေချိန် မမြင့်ဘဲ ခေါင်းဆောင်ကို ဘုရားသဖွယ် ကိုးကွယ်ပြကာ ဟန်ဆောင်ပြခြင်း၊ အကျိုးအကြောင်းမေးခွန်းထုတ်သူများကို အဖွဲ့အစည်းထဲမှ ဘေးဖယ်ထုတ်ခြင်း စသည့် အခြေအနေမျိုးက မိမိတို့၏ တော်လှန်ရေး၊ နိုင်ငံရေး အဖွဲ့အစည်းအား မိမိကိုယ်တိုင်ကပင် အာဏာရှင်လမ်းကြောင်းပေါ်ကို တည့်တည့်တိုးဝင်ခိုင်းနေသလို ဖြစ်စေတော့သည်။
မည်သို့ကာကွယ်ကြမည်နည်း (The Path to Avoid Dictatorship)
ကာကွယ်လိုပါက လူထုအား အောက်ပါ အချက္များအတွက် လမ်းဖွင့်ပေးရမည် ဖြစ်သည်။
လက်ရှိတွင် "စစ် ဘယ်အချိန် တွင် ပြီးမည်နည်း"၊ "စစ်နိုင်ပါက ဘာလုပ်မည်နည်း" ဆိုသော မေးခွန်းမျိုးက ဖြေရမည်သူများအတွက် အကျဉ်းအကြပ် ဖြစ်နေနိုင်သည်။ ထိုသို့မေးခွန်းမျိုးထက် လူထုဘက္မှ "စစ်နိုင်လျှင် မည်သည့်စနစ်ဖြင့် မည်သို့အုပ်ချုပ်မည်နည်း၊ မိမိဒေသ၊ မိမိလူမျိုးစုများအတွက် အာဏာကို မည်သို့ ခွဲဝေမည်နည်း" ဆိုသော အချက္များကို လူထုသည် ကိုယ့်အချင်းချင်းကို လည်းကောင်း၊ တော်လှန်ရေး နိုင်ငံရေး အဖွဲ့အစည်းကိုသော်လည်းကောင်း အမြဲမေးခွန်းထုတ်နေသင့်သည်။
တော်လှန်ရေးသမားများ အာဏာရှင် ဖြစ်မဖြစ်ဆိုသည်က ၎င်းတို့၏ "စေတနာ" ထက် ၎င်းတို့တည်ဆောက်ထားသော "စနစ် (System/Constitution)" အပေါ်တွင်သာ မူတည်ပါသည်။
ဝှက်ဖဲလား၊ အခက်အခဲလား
အဖွဲ့အစည်းများ၏ အခက်အခဲ (The Nuance of Revolution) မှာ လာမည့်အနာဂတ်အတွက်စနစ်၊ မူဝါဒ၊ ၊ဖွဲ့စည်းပုံအခြေခံဥပဒေ စသည့်အချက္များကို တော်လှန်ရေးကာလထဲတွင် အပြည့်အစုံရေးဆွဲရန်မှာအခက်အခဲတချို့ ရှိနိုင်သည်။ပြောင်းလဲနေသော အခြေအနေ (Fluidity)အရ တော်လှန်ရေးကာလထဲတွင် နယ်မြေ၊ မဟာမိတ်၊ အခြေအနေ စသည်တို့က အချိန်နှင့် အမျှ ပြောင်းလဲနေသည်။ တချို့သော နိုင်ငံရေးညှိနှိုင်းမှုများအတွက် မိမိလိုလားချက်အသေးစိတ်ကို အစောကြီး ချပြလိုက်ခြင်းက ပြိုင်ဘက်အတွက် အားသာချက် ဖြစ်သွားနိုင်သလို၊ မဟာမိတ်အဖွဲ့အစည်းများကြားတွင်လည်း အငြင်းပွားစရာများ ဖြစ်လာနိုင်သည်။ ထိုအခြေအနေများကြောင့် "နည်းပညာပိုင်းဆိုင်ရာ ဖွဲ့စည်းပုံအသေးစိတ်"အပေါ် ဗျူဟာမြောက် လျှို့ဝှက်ချက် (Strategic Ambiguity) အဖြစ်ထားရှိပြီး လူထုအား ချပြရန်တစ်ခုကို စောင့်ကောင်းစောင့်နေနိုင်သည်။ ထို့ကြောင့် အနာဂတ်အတွက် ဖွဲ့စည်းပုံ၊ စနစ်၊ မူဝါဒ အပြီးသတ် ချမှတ်ဖို့ထက် "အခြေခံမူဝါဒများ (Core Principles)" ကို ချမှတ်ထားခြင်းက ပိုလက်တွေ့ကျလာသည်။
လူထု အနေဖြင့် မိမိတို့ တော်လှန်ရေး၊ နိုင်ငံရေးအဖွဲ့အစည်း၏ "အခြေခံမူဝါဒများ (Core Principles)" ကို ခဏ ခဏ မေးခွန်းထုတ်ရန်လိုသည်။ မူဝါဒ ပိုင်း၊ စံနှုန်းပိုင်းများနှင့် ပတ်သက်၍ ဗျူဟာမြောက် လျှို့ဝှက်ချက် (Strategic Ambiguity) အဖြစ်ထားရမည့် အစိတ်အပိုင်းများရှိသော်လည်း လူထုကို ပွင့်ပွင့်လင်းလင်း ချပြ၍ ရသော "အခြေခံမူဝါဒများ (Core Principles)"၊ စံတန်ဖိုးများက တော့ ရှိနေမည် ဖြစ်သည်။
ရှိရှိသမျှ အရာခပ်သိမ်းကုန်တို့သည် တော်လှန်ရေး ကာလဖြစ်၍ ဗျူဟာမြောက် လျှို့ဝှက်ချက် (Strategic Ambiguity) ဆိုကာ လူထုအပေါ် ဝှက်ဖဲ ထား ချဉ်းကပ်နေ၍ မရပေ။ အဘယ်ကြောင့် ဆိုသော လက်ရှိတွင် လူထုအား ဘဝ၊အသက်၊ မိသားစု၊ မျှော်လင့်ချက်များကို စွန့်ခိုင်းကာ " ထွက်ခွာမှုအားပိတ်ပင်ခြင်း၊ စစ်မှုထမ်းခိုင်းခြင်း" စသည်တို့ဖြင့် ကြေးပုံအော လောင်းခိုင်းနေပြီ ဖြစ်သည်။
လူထုအတွက် ပုံအောရမည့်လောင်းကြေးက တန်ပါသလား
လူထု၏ အသက်၊ သွေး၊ ချွေး ကို ချပေးရယူရင်းနှီးကာ လှုပ်ရှားနေသော နိုင်ငံရေး၊ တော်လှန်ရေးအဖွဲ့အစည်းတစ်ခု တွင် ထိုအဖွဲ့အစည်း၏ "နိုင်ငံရေး ပဋိညာဉ် (Political Charter)" နှင့် "အနာဂတ်ဗျူဟာ" ကို အသက်၊ သွေး၊ ချွေးကို ပေးထားရသော လူထုသည် သိခွင့်ရှိသည်။ ရှိရှိသမျှ အရာခပ်သိမ်းကုန်တို့သည် တော်လှန်ရေး ကာလဖြစ်၍ ဗျူဟာမြောက် လျှို့ဝှက်ချက် (Strategic Ambiguity) မဟုတ်သေးပေ။ မည်သည့်အတွက် ပေးဆပ်ရမည်ကို လူထုသည် သိခွင့်ရှိသည်။
အကယ်၍ တော်လှန်ရေး၊နိုင်ငံရေး ရည်မှန်းချက် (Political Vision) အပေါ် လူထုအတွက် ရှင်းလင်းမှုမရှိပါက တော်လှန်ရေးအောင်မြင်ပြီးနောက်တွင် အာဏာရှင်အသစ်များပေါ်ပေါက်လာရန် အလားအလာ အလွန်များလှသည်။ သို့ဖြစ်၍ လူထုအနေဖြင့် မိမိတို့၏ တော်လှန်ရေး၊ နိုင်ငံရေးအဖွဲ့အစည်းအား အချစ် (သို့မဟုတ်) အကြောက်တရား တစ်မျိုးတည်းဖြင့် ကြည့်နေချင်းထက် "စနစ်တကျ စောင့်ကြည့်သော နိုင်ငံသား" အဆင့်မျိုးဖြင့် စောင့်ကြည့်နေမှသာ မိမိတို့ ပုံအောရသော ကြေး မရှံုးမည်ဖြစ်သည်။
Comments
Post a Comment