လူထုဝေဖန်မှုနှင့် နောက္ ပြန်လှည့်မရတော့တ့ဲ တန်ဖိုး၊ မျှော်လင့်ချက်

 လူထုဝေဖန်မှုနှင့် နောက်ပြန်လှည့်မရတော့တ့ဲ တန်ဖိုး၊ မျှော်လင့်ချက် 



လက်ရှိ အနေအထားမှာ လူ့ထုကို   ULA/AA ဘက်က နိုင်ငံရေးဖြစ်စဉ်/ စစ်ရေးဖြစ်စဉ်တွေမှာ ပိုပြီး ရင်းနှီးမြှုပ်နှံပေးဆပ် ခိုင်းလိုပုံ ရပါတယ်။ ယခင်ကာလတွေတုန်းက ULA/AA အပေါ် လူထုဟာ "ငါတို့ရဲ့ အဖွဲ့အစည်း၊ ငါတို့ရဲ့ နိုင်ငံ" ဆိုတ့ဲ ရင္းနှီးမြုပ်နှံထားတ့ဲ ပုံစံနဲ့ ထောက်ခံမှု ခိုင်ခိုင်မာမာ ရှိနေ ခ့ဲပေမယ့္ လက်ရှိမှာတော့ ပိုမို ပေးဆပ်ခိုင်းချင်ပုံပါ။  အသက်၊ ချွေး၊ သွေး၊ ဘဝ၊ အချိန် ဆိုတ့ဲ အရင်းအနှီးတွေကို လူထုက ULA/AA အပေါ် ပေးတာပဲ ဖြစ်ဖြစ်၊ ULA/AA ကပဲ  လူထုဆီက တောင်းဆို ရယူတာပဲ ဖြစ်ဖြစ် ဒါဟာ လူထုဘက်ကို  ULA/AA ဆီ ကနေ "အမြင့်ဆုံး စံနှုန်း" ကို မျှော်လင့် ခိုင်းလိုက်တာနဲ့ တူပါတယ်။ ဘာကြောင့်ဆို ပေးရတ့ဲ အရင်းအနှီးကလည်း လူထုအနေနဲ့ကြည့်ရင် များလွန်း ကြီးလွန်းလို့ပါ။ 


အဲလို ပေးဆပ္ရတ့ဲ အရင္းအနှှီးက​ြီးလာတ့ဲအခါ ULA/AA အပေါ် လူထုဟာ ပိုပြီး နက်ရှိုင်းလေးလံ ဖိစီးတဲ့ နိုင်ငံရေး အမှန်တရားနဲ့ ချဉ်းကပ်လာမှာလည်း မြေကြီးလက်ခ မလွဲပါဘူး။ လူထုရဲ့ အဆိုပါချဉ်းကပ်မှုအပေါ် ULA/AA အနေနဲ့  "သတင်းမီဒီယာတွေကို ထိန်းချုပ်ဖို့၊ လူထုအသံတိတ်စေဖို့"  ဆိုတဲ့ လမ်းကြောင်းနဲ့သာ တုန့်ပြန်မယ်ဆိုရင် ကိုယ့်အပေါ် လူထုယုံကြည်မှု ကင်းသွားအောင် လုပ်သလို ဖြစ်သွားပါလိမ့်မယ်။


မြန်မာနိုင်ငံရေးမှာ အချို့အဖွဲ့အစည်းတွေက "တော်လှန်ရေးအဖွဲ့" အဖြစ်နဲ့ပဲ ရပ်တည်နေချိန်မှာ၊ ULA/AA အနေနဲ့ "အစိုးရတစ်ရပ်" ပုံစံမျိုးကို တည်ဆောက်နေတာပါ။ "ကိုယ်ပိုင်အုပ်ချုပ်ရေး" ကနေ အကောင်အထည်ဖော်မှု  "အစိုးရယန္တရား" တည်ဆောက်မှု (Institutionalization) ဖြစ်စဉ်ထဲကို ULA/AA ဟာ တိုးဝင်လာနေပါတယ်။ အစိုးရတစ်ရပ်ဆိုတာ လူထုရဲ့ ခံစားချက်နဲ့ မီဒီယာရဲ့ စောင့်ကြည့်ခြင်းကို မလွှဲမရှောင်သာ လက်ခံရပါမယ်။ မီဒီယာကို ဖိနှိပ်တဲ့ အစိုးရဟာ "အာဏာရှင်အစိုးရ" ဖြစ်ပြီး၊ မီဒီယာနဲ့အတူ ပူးပေါင်းဆောင်ရွက်တဲ့ အစိုးရကမှ "ဒီမိုကရေစီဆန်တဲ့ အစိုးရ" ဖြစ်ပါတယ်။

ULA/AA ဟာ  ဒီမိုကရေစီလမ်းကြောင်းကို လျှောက္မယ့် အဖွဲ့အစည်းလို့ပဲ ယူဆ ရပါတယ်။ ဒီတော့ မိမိအ ပေါ် ဝေဖန်မှုတွေကို ULA/AA ဟာ "အစိုးရတစ်ရပ်ရဲ့ မဖြစ်မနေ ရင်ဆိုင်ရမယ့် တာဝန်" အဖြစ်ပဲ သတ်မှတ်နိုင်လိမ့်မယ်လို့ပဲ ယူဆရပါတယ်။


ဝေဖန်ထောက်ပြ အဖြေရှာတ့ဲ "နိုင်ငံရေးယဉ်ကျေးမှု" (Political Culture)


လူ့ထုကို   ULA/AA ဘက်က နိုင်ငံရေးဖြစ်စဉ်/ စစ်ရေးဖြစ်စဉ်တွေမှာ ပိုပြီး ရင်းနှီးမြှုပ်နှံပေးဆပ် ခိုင်းလိုက်ခြင်းဟာ တဖက္မှာ ရခိုင်လူထုကို "မေးခွန်းထုတ်တတ် သူတွေ" ဖြစ်အောင် ULA/AA ကိုယ်တိုင် ဖန်တီးပေးလိုက်တာနဲ့တူပါတယ်။ အရင်ကဆိုရင် "ဗိုလ်ချုပ်ပြောရင် မှန်တယ်" ဆိုတဲ့ ခေတ်မျိုး ရှိကောင်းရှိနိုင်ပေမဲ့၊ အခုတော့ "ဒါ ဘာကြောင့်လဲ၊ ဒါ ဘယ်လိုလဲ" ဆိုတဲ့ မေးခွန်းတွေက လူထုထဲမှာ ပျံ့နှံ့နေပါပြီ။

ဒါကို ULA/AA ဘက်ကသာ "ဘာမှ မမေးနဲ့" ဆိုတဲ့ ပုံစံမျိုး ပြန်လုပ်လိုက်ရင်၊ အဲဒီမေးခွန်းထုတ်တတ်တဲ့ လူထုကပဲ ULA/AA အပေါ် ဖိအား ဖြစ်စေမှာပါ။ ဒီလို အနေအထားက ULA/AA အတွက်  "ကံကောင်းခြင်းလား၊ အခက်အခဲလား" ဆိုရင် ULA/AA အတွက် အင်မတန်မှ "ခက်ခဲပေမဲ့ အကျိုးရှိတဲ့ အနေအထား" ပါ။ ဘယ်လို အခက်အခဲလည်းဆိုရင်  ဘာပဲလုပ်လုပ် ဝေဖန်ထောက်ပြမှုတွေကို အမြဲတမ်း တံခါးဖွင့်ထားရပါတော့မယ္။ အမှားလုပ်ရင် ချက်ချင်း အဝေဖန်ခံရပါတော့မယ္။ အေးအေးဆေးဆေး "အာဏာပြ" လို့ မရတော့ပါဘူး။


အကျိုးအမြတ်က  အဲလို ဝေဖန်စောင့်ကြည့်မှုကြောင့်ပဲ ULA/AA  အဖွဲ့အစည်းအတွင်းမှာ "အကျင့်ပျက်ခြစားမှု (Corruption)" ကို လျှော့ချနိုင်လာမယ်။ "စွမ်းဆောင်ရည် (Efficiency)" ကို မြှင့်တင်နိုင်လာမယ်။ အမှားကင္းတ့ဲ၊ အမှားနည်းတဲ့ အစိုးရတစ်ရပ် မဟုတ်ပေမယ့် အမှားကို ချက်ချင်း ပြုပြင်နိုင်တ့ဲ အစိုးရမျိုး အဖြစ် ပုံရိပ်ပေါ်လာမှာပါ။ ဝေဖန်ထောက်ပြ အဖြေရှာမှုတွေက ULA/AA အပေါ် ကျင့်ဝတ်သိက္ခာပိုင်းမှာ လူထုယုံကြည်မှု ပိုရလာတ့ဲ အကျိုးဆက်အထိ သက်ရောက်ပါတယ္။


ရခိုင်ပြည်နယ်မှာ လူထုရဲ ဝေဖန်ထောက်ပြမှု အခန်းကဏ္ဍက "သတင်းပေး" သက်သက် ထက်လည်းပိုပါတယ်။ လောလောဆယ် ရခိုင်အနေအထားမှာ  "လူတစ်စုရဲ့ အာဏာ" ထဲမှာပဲ လည်ပတ်နေသေးတာပါ။ ဒါပေမယ့်  "လူထုရဲ့ ဝေဖန်စောင့်ကြည့်မှု" ကလည်းရှိလာတာမို့ ULA/AA ဟာ ကျန်တဲ့အဖွဲ့အစည်းတွေထက် အများကြီး ပိုပြီး "ရှင်သန်နိုင်စွမ်း" (Resilience) ရှိလာမှာပါ။ ရှင်သန်နိုင်စွမ်းရှိမှုဟာ တန်ဖိုးတစ်ခုလည်းဖြစ်ပါတယ်။ အဲဒီတန်ဖိုးက မြင့်သွားပြီဆိုရင် နောက်ပြန်လှည့်ပြီး ပြန်ကျဖို့က ခက်ပါတယ်။ ဒါဟာ "ကံကောင်းမှု" ဆိုရင် ရခိုင်လူထုအတွက်တင်မကဘဲ၊ ULA/AA ကိုယ်တိုင်အတွက်လည်း တကယ်ကို ရဲရင့္တ့ဲ ကံကောင်းခြင်းပါပဲ။


တကယ်လို့ ULA/AA ဟာ လူထုရဲ့ ဝေဖန်ထောက်ပြမှုတွေကိုအကောင်းဘက်ကနေ ပြန်လည်သုံးသပ်ပြီး ပြုပြင်စရာကို ပြုပြင်နေမယ်ဆိုရင်  မြန်မာနိုင်ငံရဲ့ နိုင်ငံရေး လမ်းကြောင်းမှာလည်း စံနမူနာ တစ်ခုဖြစ်နေမှာပါ။


Comments

Popular posts from this blog

အီရန်၏ "Vahdat" (ဝါးဒတ်) မှသည် "Mostebed" (မိုစတီးဘဒ်) သို့ (၂)

ဆိုဗီယက်ပြည်ထောင်စုပြိုကွဲပြီးနောက် ရုရှားနိုင်ငံ၏ အပြောင်းအလဲ အပေါ်လေ့လာခြင်း

တောင်ကိုးရီးယား၏ (1961)ခုႏွစ္မှ (1988)ခုနှစ် အထိ 27 နှစ်ကာလအကြား စီးပွားရေးတိုးတက်မှုကိုလေ့လာခြင်း