လက်နက်ပါဝါဖြင့် အမဲလိုက်ခြင်းနှင့် ထွက်ခွာခွင့်အား ပိတ်ပင်ခြင်း- (နိဂုံး)

 လက်နက်ပါဝါဖြင့် အမဲလိုက်ခြင်းနှင့် ထွက်ခွာခွင့်အား ပိတ်ပင်ခြင်း- (နိဂုံး)


အတင်းအဓမ္မ စစ်မှုထမ်းခိုင်းခြင်း (Forced Conscription) သည် နိုင်ငံတစ်ခုအတွက် လိုအပ်ချက်အရ ဥပဒေနှင့် အညီဆောင်ရွက်နိုင်သော်လည်း အခြားတဖက်တွင်  နိုင်ငံတကာဥပဒေများနှင့် စံနှုန်းများအရ အလွန်လေးနက်သော လူ့အခွင့်အရေးချိုးဖောက္မှုနှင့် စစ်ရာဇဝတ်မှုမြောက်သည့် လုပ်ရပ်တစ်ခုလည်း ဖြစ်သွားနိုင်သည်။ 


 အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ (ILO) ၏ စံနှုန်းများ အရ 

အတင်းအဓမ္မ စစ်မှုထမ်းခိုင်းခြင်းကို အဓိကအားဖြင့် "အတင်းအဓမ္မလုပ်အားပေးခိုင်းစေမှု" (Forced Labour) အဖြစ် သတ်မှတ်သည်။ ILO Convention No. 29 (Forced Labour Convention) သဘောတူစာချုပ်အရ လူတစ်ဦးကို ၎င်းတို့၏ ဆန္ဒမပါဘဲ အတင်းအဓမ္မ လုပ်အားပေးခိုင်းစေခြင်းကို တားမြစ်ထားသည်။ စစ်မှုထမ်းခြင်းသည် နိုင်ငံတော်၏ တာဝန်ဖြစ်သည်ဟု အချို့က အကြောင်းပြတတ်သော်လည်း၊ ဥပဒေမဲ့ ဖမ်းဆီးခေါ်ဆောင်၍ အတင်းအကျပ် စစ်မှုထမ်းခိုင်းခြင်းသည် ဤစာချုပ်ပါ စံနှုန်းများကို ပြင်းထန်စွာ ချိုးဖောက်ခြင်းဖြစ်သည်။


နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဥပဒေ (IHL)မှာ လက်နက်ကိုင်ပဋိပက္ခများအတွင်း အရပ်သားများကို ကာကွယ်ရန် ပြဋ္ဌာန်းထားသော ဥပဒေများဖြစ်သည်။

စတုတ္ထဂျီနီဗာကွန်ဗင်းရှင်း (Fourth Geneva Convention) ၏ အပိုဒ် ၅၁ တှင် သိမ်းပိုက်ထားသော နယ်မြေအတွင်းရှိ အရပ်သားများကို သိမ်းပိုက်သူ (Occupying Power) က ၎င်းတို့၏ လက်နက်ကိုင်တပ်ဖွဲ့များတွင် ပါဝင်ရန် အတင်းအကျပ် စေခိုင်းခြင်းကို တားမြစ်ထားသည်။

စတုတ္ထဂျီနီဗာကွန်ဗင်းရှင်း နောက်ဆက်တွဲစာချုပ် (Protocol II) - အပိုဒ် ၄ အရ လက်နက်ကိုင်ပဋိပက္ခတွင် ပါဝင်ခြင်းမရှိသော (သို့မဟုတ်) ပါဝင်ခြင်းကို ရပ်ဆိုင်းလိုက်သော အရပ်သားများအား လက်နက်ကိုင်တပ်ဖွဲ့များတွင် အတင်းအကျပ် ပါဝင်ခိုင်းခြင်းကို တားမြစ်သည်။

ကလေးသူငယ်အခွင့်အရေးဆိုင်ရာ စံနှုန်းများ (CRC & Optional Protocols) အရ ကလေးသူငယ်များကို စစ်မှုထမ်းခိုင်းခြင်းသည် အဆိုးရွားဆုံးသော လူ့အခွင့်အရေးချိုးဖောက္မှုဖြစ်သည်။ Optional Protocol to the Convention on the Rights of the Child စာချုပ်အရ အသက် ၁၈ နှစ်အောက် ကလေးငယ်များကို လက်နက်ကိုင်တပ်ဖွဲ့များတွင် စစ်မှုထမ်းခိုင်းခြင်း (သို့မဟုတ်) တိုက်ပွဲများတွင် အသုံးချခြင်းကို တားမြစ်ထားသည်။

အသက် ၁၅ နှစ်အောက် ကလေးငယ်များကို စစ်မှုထမ်းခိုင်းခြင်းသည် နိုင်ငံတကာရာဇဝတ်ခုံရုံး (ICC) ၏ ရောမသတ်မှတ်ချက္များ (Rome Statute) အရ စစ်ရာဇဝတ်မှုဖြစ်သည်။


ULA/AA နှင့် သက်ဆိုင်သော စံနှုန်းများ


အစိုးရမဟုတ်သော လက်နက်ကိုင်အဖွဲ့အစည်းများနှင့် တရားဝင်မှု (Non-State Armed Groups)


နိုင်ငံတကာဥပဒေအရ အစိုးရမဟုတ်သော လက်နက်ကိုင်အဖွဲ့အစည်းများ (Non-State Armed Groups) သည် အရပ်သားများကို "စစ်မှုထမ်း" ဟုခေါ်ကာ အတင်းအကျပ် ခေါ်ဆောင်ခွင့် မရှိပါ။

နိုင်ငံတော်အစိုးရတစ်ရပ် ဖြစ်နေသည့်တိုင်အောင် ဥပဒေနှင့်အညီ စစ်မှုထမ်းစနစ်ကို ကျင့်သုံးနိုင်သည့် အခွင့်အရေးရှိသော်လည်း၊ ထိုဥပဒေသည်လည်း လူ့အခွင့်အရေးစံနှုန်းများနှင့် ကိုက်ညီရမည်။ သို့သော် အစိုးရမဟုတ်သော အဖွဲ့များက အရပ်သားများကို ဖမ်းဆီးခေါ်ဆောင်ပြီး စစ်မှုထမ်းခိုင်းခြင်းသည် "ပြန်ပေးဆွဲခြင်း" (Abduction) နှင့် "အတင်းအဓမ္မ ခေါ်ဆောင်ခြင်း" (Forced Recruitment) သာ ဖြစ်သည်။ ၎င်းသည် နိုင်ငံတကာဥပဒေအရ မည်သည့်အခါမျှ တရားဝင်မှု မရှိပါ။


နိုင်ငံတကာ လူ့အခွင့်အရေးဆိုင်ရာ ဥပဒေ (IHRL) အရ 

လွတ်လပ်စွာ နေထိုင်ခွင့်အား ချိုးဖောက်ခံရမှု နှင့် ကိုယ်ကျိုးအတွက် မဟုတ်ဘဲ ဖမ်းဆီးခြင်း (Arbitrary Detention) တို့မှာ ရာဇဝတ်မှုမြောက်သော လုပ်ရပ်မြားဖွစ်သညျ။ အတင်းအဓမ္မ ခေါ်ဆောင်သွားပြီး သင်တန်းပေးခြင်း သို့မဟုတ် တိုက်ခိုက်ခိုင်းခြင်းသည် လူတစ်ဦးချင်းစီ၏ လွတ်လပ်ခွင့်ကို ဥပဒေမဲ့ ကန့်သတ်ခြင်းဖြစ်သည်။


စစ်ပွဲဥပဒေ၏ အခြေခံမူအရ အရပ်သားများနှင့် တိုက်ခိုက်သူများကို အမြဲတမ်း ခွဲခြားထားရမည်။ အရပ်သားများကို စစ်မှုထမ်းရန် အတင်းအကျပ် ဆွဲသွင်းခြင်းသည် ဤအခြေခံမူကို ဖျက်ဆီးခြင်းဖြစ်ပြီး အရပ်သားများအတွက္ အကာအကွယ် ဖြစ်စေသော အရပ်သားဖြစ်တည်မှု (Distinction Principle) ကို ဖျက်ဆီးပစ်ခြင်းလည်း ဖြစ်သည်။


အတင်းအဓမ္မ စစ်မှုထမ်းခိုင်းခြင်းသည် -


(၁) ILO Convention No. 29 (Forced Labour Convention)  အရ အရပ်သားများ၏ လွတ်လပ်စွာ လုပ်ကိုင်စားသောက်ခွင့်ကို ပိတ်ပင်ခြင်း ဖြစ်သည်။ 


(၂) နိုင်ငံတကာ လူ့အခွင့်အရေးဆိုင်ရာ ဥပဒေ (IHRL) အရ အရပ်သားများကို လက်နက်ကိုင်ပဋိပက္ခအတွင်း အဓမ္မဆွဲသွင်းခြင်းဖြစ်ကာ အရပ်သားများအတွက္ အကာအကွယ် ဖြစ်စေသော အရပ်သားဖြစ်တည်မှု (Distinction Principle) ကို ဖျက်ဆီးပစ်ခြင်းလည်း ဖြစ်သည်။ အရပ်သားများကို လက်နက်ကိုင်ပဋိပက္ခအတွင်း အဓမ္မဆွဲသွင်းခြင်းမှာ ပြန်ပေးဆွဲခြင်းနှင့် ဥပဒေမဲ့ ထိန်းသိမ်းခြင်း ပြစ်မှုကို ကျူးလွန်ခြင်းနှင့် အတူတူ ဖြစ်သည်။


(၃) ကလေးသူငယ်များ၏ အသက်အရွယ်အလိုက် ကာကွယ်မှုကို ရက်စက်စွာ ချိုးဖောက်ခြင်း လည်းဖြစ်သည်။


ထိုအပြုအမှုများသည်  နိုင်ငံတကာ ဥပဒေအဆင့်ဆင့်ကို ချိုးဖောက်နေခြင်းလည်း ဖြစ်သည်။ မည်သည့်အဖွဲ့အစည်းက လုပ်ဆောင်သည်ဖြစ်စေ၊ ဤလုပ်ရပ်များသည် နိုင်ငံတကာဥပဒေအရ တရားမဝင်သည့်အပြင် ရာဇဝတ်မှုမြောက်သော လုပ်ရပ်များ ဖြစ်သည်။


ပြီး။



Comments

Popular posts from this blog

အီရန်၏ "Vahdat" (ဝါးဒတ်) မှသည် "Mostebed" (မိုစတီးဘဒ်) သို့ (၂)

ဆိုဗီယက်ပြည်ထောင်စုပြိုကွဲပြီးနောက် ရုရှားနိုင်ငံ၏ အပြောင်းအလဲ အပေါ်လေ့လာခြင်း

တောင်ကိုးရီးယား၏ (1961)ခုႏွစ္မှ (1988)ခုနှစ် အထိ 27 နှစ်ကာလအကြား စီးပွားရေးတိုးတက်မှုကိုလေ့လာခြင်း