လက်နက်ပါဝါဖြင့် အမဲလိုက်ခြင်းနှင့် ထွက်ခွာခွင့်အား ပိတ်ပင်ခြင်း- ၃
လက်နက်ပါဝါဖြင့် အမဲလိုက်ခြင်းနှင့် ထွက်ခွာခွင့်အား ပိတ်ပင်ခြင်း- ၃
ထွက်ခွာခွင့် နှင့် နိုင်ငံတကာစံနှုန်းများ
အရပ်သားပြည်သူများအား စစ်ပဋိပက္ခဖြစ်ပွားရာဒေသမှ ထွက်ခွာခွင့်မပေးဘဲ ပိတ်ပင်ထားခြင်းသည္နိုင်ငံတကာဥပဒေအရ အလွန်လေးနက်သော ချိုးဖောက်မှုများ ဖြစ်နိုင်သည်။
နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဥပဒေ (International Humanitarian Law - IHL) အရ ပြဌာန်းချက္များ
(က) စစ်ပွဲဖြစ်ပွားနေသည့်ကာလတွင် အရပ်သားများကို ကာကွယ်ရန်အတွက် "ဂျီနီဗာကွန်ဗင်းရှင်းများ" (Geneva Conventions) နှင့် ၎င်း၏ နောက်ဆက်တွဲ စာချုပ်များက ပြဋ္ဌာန်းထားသည်။
(ခ) မည်သည့် လက်နက်ကိုင်အဖွဲ့အစည်းမဆို မိမိတို့ ထိန်းချုပ်ထားသောနယ်မြေအတွင်းရှိ အရပ်သားများ၏ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်ပေးရမည့် တာဝန် (Protection of Civilians)မှာ ရှိသည်။ အရပ်သားများကို ပဋိပက္ခဇုန်အတွင်းမှ ထွက်ခွာခွင့်မပေးဘဲ ပိတ်လှောင်ထားခြင်းသည် ၎င်းတို့၏ အသက်အန္တရာယ်ကို ပိုမိုကြီးမားစေပြီး "ကာကွယ်ပေးရန် ပျက်ကွက်ခြင်း" ဖြစ်သည်။
(ဂ) အကယ်၍ ထွက်ခွာခွင့္အား ပိတ်ပင်ထားခြင်း၏ ရည်ရွယ်ချက္မှာ အရပ်သားများကို အသုံးချ၍ စစ်ရေးအရ အသာစီးယူရန် သို့မဟုတ် လူသားအရင်းအမြစ်ကို အသုံးချရန် (ဥပမာ - ပြိုင်ဘက်အဖွဲ့က တိုက်ခိုက္မှုမလုပ်ရဲအောင် အရပ်သားများကို အကာအကွယ်ယူထားခြင်း) ဖြစ်ပါက၊ ၎င်းသည် "လူသားဒိုင်း" (Human Shield) အဖြစ် အသုံးပြုခြင်းမြောက်သည်။ လူသားဒိုင်းအဖြစ် အသုံးပြုခြင်းကို တားမြစ်ခြင်း (Prohibition of Using Human Shields) မှာ နိုင်ငံတကာ စံနှုန်းဖြစ်သည်။ ထိုစံနှုန်းကို ချိုးဖောက်ပါက စစ်ရာဇဝတ်မှု (War Crime) မြောက်နိုင်သည်။
(ဃ) ပြည်သူလူထုအား မလိုအပ်ဘဲ အန္တရာယ်ဇုန်အတွင်း ထားရှိခြင်းသည်လည်း ရာဇဝတ်မြောက်သည်။ တိုက်ပွဲဖြစ်ပွားနေသော သို့မဟုတ် ဖြစ်ပွားတော့မည့်နေရာမှ အရပ်သားများ ဘေးလွတ်ရာသို့ ရွှေ့ပြောင်းနိုင်ရေးအတွက် လမ်းကြောင်းဖွင့်ပေးရမည်မှာ တာဝန်ရှိသူများ၏ ဝတ္တရားဖြစ်သည်။
နိုင်ငံတကာ လူ့အခွင့်အရေးဆိုင်ရာ ဥပဒေ (International Human Rights Law - IHRL) အရ ပြဌာန်းချက္များ
(က) စစ်ပွဲဖြစ်ပွားနေသည်ဖြစ်စေ၊ မဖြစ်ပွားသည်ဖြစ်စေ လူ့အခွင့်အရေးဆိုင်ရာ အခြေခံဥပဒေများသည် အမြဲတမ်းသက်ဆိုင်သည်။ စစ်ပွဲ ဖြစ်ပွားနေ၍ လူ့အခွင့်အရေးဆိုင်ရာ အခြေခံဥပဒေများကို ချိုးဖောက်ခွင့်ရှိသည်ဟု မှတ်ယူနေ၍မရပေ။
(ခ) နိုင်ငံသားနှင့် နိုင်ငံရေးအခွင့်အရေးဆိုင်ရာ နိုင်ငံတကာသဘောတူစာချုပ် (ICCPR) ၏ အပိုဒ် ၁၂ အရ လူတိုင်းသည် မိမိသဘောဆန္ဒအလျောက် နေထိုင်ရာနေရာကို ရွေးချယ်ပိုင်ခွင့်နှင့် လွတ်လပ်စွာ သွားလာပိုင်ခွင့် သွားလာလှုပ်ရှားခွင့် (Freedom of Movement) ရှိသည်။ အစိုးရ (သို့မဟုတ်) အုပ်ချုပ်သူအဖွဲ့အစည်းအနေဖြင့် ဥပဒေနှင့်အညီ မဟုတ်ဘဲ အကြောင်းမဲ့ ပိတ်ပင်ခြင်းသည် ဤအခွင့်အရေးကို ချိုးဖောက်ခြင်းဖြစ်သည်။
(ဂ) လူတစ်ဦးချင်းစီ၏ လွတ်လပ်စွာ သွားလာမှုကို တရားဝင်အကြောင်းပြချက္မရှိဘဲ (သို့မဟုတ်) ပြည်သူ့အကျိုးစီးပွားအတွက် မဟုတ်ဘဲ ပိတ်ပင်ထားခြင်းသည် အခြေခံလူ့အခွင့်အရေးအား ချိုးဖောက္မှုဖြစ်သည်။ ထို ချိုးဖောက္မှုသည် အာဏာရှိသူ၏ကိုယ်ကျိုး၊ စိတ်ဆန္ဒအရ ဥပဒေမဲ့ ကန့်သတ်ခြင်း၊ စိတ်ကြိုက် ဖမ်းဆီးခြင်း (Arbitrary Detention)၊ "ဥပဒေမဲ့ အကျယ်ချုပ်ထားခြင်း" နှင့် သဘောသဘာဝချင်း တူညီနေသည်။
ကလေးသူငယ်အခွင့်အရေးဆိုင်ရာ သဘောတူစာချုပ် (Convention on the Rights of the Child - CRC)ပါ ပြဌာန်းချက္များ
လူဦးရေအလိုက် (Mass restriction) တစ်စုတစ်စည်းတည်း ပိတ်ပင်မှုတွင် ကလေးသူငယ်များပါ အကြုံးဝင်လာသည်။ နိုင်ငံတကာစံနှုန်းအရ ကလေးသူငယ်ဟူသည် အထူးကာကွယ်စောင့်ရှောက္မှုကို ပေးရသော အုပ်စုများဖြစ်သည်။ အဘယ်ကြောင့် ဆိုသော် ကလေးသူငယ်များသည် လက်နက်ကိုင်ပဋိပက္ခများတွင် အထိခိုက်လွယ်ဆုံးဖြစ်သည်။ ၁၀ နှစ်အရွယ် ကလေးငယ်များသည် စစ်ပွဲ၏ ကြောက္မက္ဖွယ်ကောင်းမှု၊ အစာရေစာပြတ်လပ်မှုနှင့် စိတ်ပိုင်းဆိုင်ရာ ထိခိုက္မှုများကို ခံနိုင်ရည်မရှိကြပါ။ ၎င်းတို့အား ဘေးလွတ်ရာသို့ မသွားစေဘဲ ပိတ်ပင်ထားခြင်းသည် ကလေးသူငယ်များကို စစ်ပွဲ၏အန္တရာယ်ထဲသို့ အတင်းအကျပ် တွန်းပို့ခြင်းဖြစ်ပြီး ကလေးသူငယ်အခွင့်အရေးကို ပြင်းထန်စွာ ချိုးဖောက်ခြင်းဖြစ်သည်။
"လုံခြုံရေး" ဟူသော ခေါင်းစဉ်တပ်ကာ အရပ်သားများကို ပိတ်လှောင်ထားခြင်းသည် နိုင်ငံတကာဥပဒေအရ လက်ခံနိုင်စရာမရှိသည့် စစ်ရာဇဝတ်မှု မြောက်သော လုပ်ရပ်များပင် ဖြစ်သည်။
နိုင်ငံတကာဥပဒေများနှင့် စံနှုန်းများတွင် အရပ်သားများ၏ လွတ်လပ်စွာသွားလာခွင့်နှင့် ကာကွယ်စောင့်ရှောက်ခွင့်တို့နှင့် ပတ်သက်၍ အတိအကျ ပြဋ္ဌာန်းထားသည့် အပိုဒ်များရှိသည်။ နိုင်ငံသားနှင့် နိုင်ငံရေးအခွင့်အရေးဆိုင်ရာ နိုင်ငံတကာသဘောတူစာချုပ် (ICCPR) အပိုဒ် (၁၂) မှာ လွတ်လပ်စွာ သွားလာလှုပ်ရှားခွင့် ကို အာမခံထားသော အပိုဒ်ဖြစ်ဖြစ်သည်။
အပိုဒ် ၁၂(၁) တွင် နိုင်ငံတစ်ခု၏ နယ်မြေအတွင်း တရားဝင်ရောက်ရှိနေသူတိုင်းသည် ထိုနယ်မြေအတွင်း လွတ်လပ်စွာ သွားလာခွင့်နှင့် မိမိနေထိုင်မည့်နေရာကို လွတ်လပ်စွာ ရွေးချယ်ခွင့်ရှိသည် ဟု ပြဌာန်းထားသည်။
အပိုဒ် ၁၂(၂) အရ လူတိုင်းသည် မည်သည့်နိုင်ငံမှမဆို ထွက်ခွာခွင့်ရှိသည်။
ထိုအပိုဒိ ၁၂ ပါ အချက္များကို ကန့်သတ်နိုင်ရန်အတွက် ဥပဒေနှင့်အညီဖြစ်ရမည်ဖြစ်ပြီး၊ ပြည်သူ့လုံခြုံရေး၊ ပြည်သူ့ကျန်းမာရေး သို့မဟုတ် အခြားသူများ၏ အခွင့်အရေးကို ကာကွယ်ရန် လိုအပ်သည့်အခြေအနေမျိုးတွင်သာ အချိုးကျစွာ လုပ်ဆောင်ရမည်ဟု ပြဋ္ဌာန်းထားသည်။
စတုတ္ထမြောက်ဂျီနီဗာကွန်ဗင်းရှင်း (Fourth Geneva Convention) သည် လက်နက်ကိုင်ပဋိပက္ခအတွင်း အရပ်သားများကို ကာကွယ်ရန်အတွက် အဓိကကျသော စာချုပ်ဖြစ်သည်။ ထိုကွန်ဗင့်ရှင်း၏ အပိုဒ် (၃) (Common Article 3) အရ ပဋိပက္ခတွင် ပါဝင်ပတ်သက်ခြင်းမရှိသော အရပ်သားများကို လူသားဆန်စွာ ဆက်ဆံရမည်။ အကြမ်းဖက်ခြင်း၊ အသက်အန္တရာယ်ပြုခြင်း၊ နှိပ်စက်ခြင်းနှင့် လူ့ဂုဏ်သိက္ခာကို ထိခိုက်စေခြင်းများကို တားမြစ်ထားသည်။
ထိုကွန်ဗင့်ရှင်း အပိုဒ် (၄၉) တွင် ပဋိပက္ခဖြစ်ပွားရာဒေသမှ အရပ်သားများကို အဓမ္မရွှေ့ပြောင်းခြင်း (သို့မဟုတ်) ထွက်ခွာခွင့်မပေးဘဲ ပိတ်လှောင်ထားခြင်းကို တားမြစ်ထားသည်။ အရပ်သားများ၏ လုံခြုံရေးအတွက် မဖြစ်မနေ ရွှေ့ပြောင်းပေးရမည့် အခြေအနေမှလွဲ၍ ၎င်းတို့ကို အန္တရာယ်ရှိသည့်နေရာတွင် ပိတ်လှောင်ထားခြင်းသည် နိုင်ငံတကာဥပဒေချိုးဖောက္မှု ဖြစ်သည်။
ULA/AA နှင့် တိုက်ရိုက်သက်ဆိုင်သော နိုင်ငံတကာစံနှုန်း
ဂျီနီဗာကွန်ဗင်းရှင်းများ၏ နောက်ဆက်တွဲစာချုပ် (Protocol II) သည် "နိုင်ငံတကာမဟုတ်သော လက်နက်ကိုင်ပဋိပက္ခများ (Non-International Armed Conflicts) အတွက်" အထူးရည်ရွယ်သည်။ ထိုနောက်ဆက်တွဲစာချုပ် အပိုဒ် (၁၇) တွင် အရပ်သားများအား အဓမ္မရွှေ့ပြောင်းခြင်းကို တားမြစ်ထားသည်။ အရပ်သားများ၏ လုံခြုံရေး သို့မဟုတ် အရေးပေါ် စစ်ရေးလိုအပ်ချက္များအရမှလွဲ၍ အရပ်သားများအား နေရပ်မှ စွန့်ခွာရန် (သို့မဟုတ်) ထွက်ခွာရန် အတင်းအကျပ် မလုပ်ဆောင်ရဟု ပြဋ္ဌာန်းထားသည်။ အရပ်သားများကို ထွက်ခွာခွင့္မပေးဘဲ ပိတ်လှောင်မှု လုပ်ရပ်ကိုလည်း ဤ အပိုဒ် ၁၇ အပေါ် ချိုးဖောက်သော ကိစ္စဟူ၍ သတ်မှတ်ထားသည်။
ကလေးသူငယ်အခွင့်အရေးဆိုင်ရာ သဘောတူစာချုပ် (CRC) အရ အသက် ၁၈ နှစ်အောက် ကလေးသူငယ်များအပေါ် အထူးကာကွယ်ပေးထားသည်။ CRC စာချုပ် အပိုဒ် (၃) တှင် ကလေးသူငယ်များနှင့် သက်ဆိုင်သည့် မည်သည့်အရေးယူဆောင်ရွက်ချက္မဆို "ကလေးငယ်၏ အကောင်းဆုံးအကျိုးစီးပွား" (Best interests of the child) ကို ဦးစားပေးရမည် ဟု ပြဌာန်းထားသည်။ CRC စာချုပ် အပိုဒ် (၁၉) တွင် ကလေးငယ်များကို ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ အကြမ်းဖက္မှုများ၊ ထိခိုက်နစ်နာစေမှုများမှ ကာကွယ်ပေးရမည် ဟု ပြဌာန်းထားသည်။ CRC စာချုပ် အပိုဒ် (၃၈) တွင် လက်နက်ကိုင်ပဋိပက္ခဖြစ်ပွားနေသည့် ဒေသများတွင် ကလေးသူငယ်များကို အကာအကွယ်ပေးရန်မှာ နိုင်ငံများ (နှင့် သက်ဆိုင်ရာအဖွဲ့အစည်းများ၊ လက်နက်ကိုင် တပ်ဖွဲ့များအားလုံး)တွင် တာဝန်ရှိသည်။
အကယ်၍ အုပ်ချုပ်သူအဖွဲ့အစည်းတစ်ရပ်သည် အရပ်သားများကို ပိတ်လှောင်ထားပါက
(၁) ICCPR အပိုဒ် ၁၂ အရ သွားလာခွင့်ကို ချိုးဖောက်ရာရောက်သည်။
(၂) Fourth Geneva Convention အပိုဒ် ၄၉ အရ အရပ်သားများကို အန္တရာယ်မှ ကာကွယ်ရန် ပျက်ကွက်ခြင်း သို့မဟုတ် အဓမ္မထိန်းသိမ်းခြင်းမြောက်သည်။
(၃) CRC အပိုဒ် ၃ နှင့် ၁၉ အရ ကလေးငယ်များ၏ အကျိုးစီးပွားနှင့် လုံခြုံမှုကို လျစ်လျူရှုပြီး ချိုးဖောက်ရာ ရောက်သည်။
ဤအချက္များသည် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးဥပဒေ၏ အခြေခံအုတ်မြစ်များဖြစ်ပြီး၊ မည်သည့်အဖွဲ့အစည်းကမျှ ၎င်းအချက်များအား လိုက်နာစရာမလိုဟု ပြောခွင့် လျစ်လျူရှုခွင့်မရှိပေ။
Comments
Post a Comment