စစ်ပွဲ၊ လူဦးရေလိုအပ်ချက်၊ မယားပြိုင်စနစ် အတွေးအခေါ်နှင့် အာရက္ခ

 စစ်ပွဲ၊ လူဦးရေလိုအပ်ချက်၊ မယားပြိုင်စနစ် အတွေးအခေါ်နှင့် အာရက္ခ


လူ့အဖွဲ့အစည်းတစ်ခုဟာ စစ်ဖြစ်နေစဉ်အတွင်းနဲ့ ပြန်လည်တည်ဆောက်ရေးကာလများအတွက် လူဦးရေလိုအပ်ချက်အရ မယားပြိုင်စနစ် ကျင့်သုံးသင့်သလား?


ဒီမေးခွန်းရဲ့ အဖြေကို သမိုင်းရှူဒေါင့်ဘက်က ဖြေရရင် မကျင့်သုံးသင့် သလို ကျင့်သုံးဖို့မလိုပါဘူး။ ဥပမာ ခေတ်သစ်စစ္ပွဲတွေဖြစ်တ့ဲ ဒုတိယ ကမ္ဘာစစ်အတွင်းနဲ့ စစ်ပြီးနောက် ပြန်လည်ထူထောင်ရေးအတွင်း နိုင်ငံတွေရဲ့ အခြေအနေကို လေ့လာကြည့်တ့ဲအခါ အဲဒီ နိုင်ငံတွေမှာ "မယားပြိုင် စနစ်ကို မကျင့်သုံးပါဘူး"။ 

သမိုင်းသုတေသန အထောက်အထားအရ ဒုတိယကမ္ဘာစစ်အတွင်းမှာ လူအသေအပျောက် အများဆုံးနိုင်ငံကတော့ ဆိုဗီယက်ယူနီယံ (Soviet Union) ဖြစ်ပါတယ်။ အဲဒီနောက္မှာတော့ တရုတ်နိုင်ငံ က ဒုတိယ အများဆုံး ဖြစ်ပါတယ်။


ဆိုဗီယက်ယူနီယံ ဒုတိယ ကမ္ဘာစစ်မှာ လူပေါင်း ၂၇ သန်း ခန့် (စစ်သား ၈ သန်းကျော်နဲ့ အရပ်သား ၁၉ သန်းနီးပါး) သေဆုံးခဲ့ပါတယ်။ ဒါဟာ ထိုစဉ်က ဆိုဗီယက်လူဦးရေရဲ့ ၁၄% နီးပါး ေသဆုံးခ့ဲတာပါ။ တရုတ်နိုင်ငံက လူပေါင်း ၁၅ သန်းမှ သန်း ၂၀ ကြား သေဆုံးခဲ့ပါတယ်။


ဒီတော့ ဆိုဗီယက်ယူနီယံနဲ့ တရုတ်မှာ မယားပြိုင်ယူခဲ့ကြသလား?


ဆိုဗီယက်ယူနီယံနဲ့ တရုတ်မှာ အမျိုးသားဦးရေ အလွန်အမင်း နည်းပါးသွားပေမဲ့ မယားပြိုင်စနစ်ကို ကျင့်သုံးဖို့ မစဉ်းစားခဲ့ကြပါဘူး။ အကြောင်းရင်းခံတွေက အမျိုးသမီးတွေဟာ အမျိုးသားတွေနဲ့ အခွင့်အရေးအရ တန်းတူညီမျှမှုရှိတယ် ဆိုတာကို ကွန်မြူနစ်ဝါဒ လက်ခံပါတယ်။ မယားပြိုင်စနစ်ဟာ အမျိုးသမီးတွေကို နှိမ်ချရာရောက်တယ်လို့ ယူဆတဲ့အတွက် လုံးဝ ခွင့်မပြုပါဘူး။ ကျား/မ တန်းတူညီမျှမှု အယူအဆက ဒီနိုင်ငံတွေရဲ့ လူသားအရင်းအမြစ်ပြဿနာကို ဖြေရှင်းပေးသွားပါတယ်။ 


အမျိုးသားတွေ မရှိတော့တဲ့အခါ ဆိုဗီယက်နဲ့ တရုတ် အမျိုးသမီးတွေဟာ ကလေးမွေးဖို့ထက် စက်ရုံတွေမှာ လုပ်ကိုင်တာ၊ လယ်ယာစိုက်ပျိုးတာနဲ့ စစ်တိုက်တာတွေကို တက်ကြွစွာ လုပ်ဆောင်ခဲ့ကြပါတယ်။ ဒါက လုပ်သားလိုအပ်ချက်ထဲ အမျိုးသမီးတွေ ဝင်ရောက်လာတာပါပဲ။ 

နောက်တစ်ခုက အစိုးရတွေရဲ့ ဖြေရှင်းပုံ မူဝါဒ အပိုင်ပါ။ ဆိုဗီယက် အစိုးရက မယားပြိုင်စနစ်အစား "မိခင်ဆုတံဆိပ်" တွေပေးပြီး ကလေးများများမွေးတဲ့ မိခင်တွေကို ထောက်ပံ့ကြေးပေးတဲ့ နည်းလမ်းနဲ့ လူဦးရေကို ပြန်လည်မြှင့်တင်ခဲ့ပါတယ်။


ဒါက ဒုတိယ ကမ္ဘာစစ်မှာ လူသေဆုံးမှု (တနည်း အမျိုးသားဦးရေ သေဆုံးမှု) များတ့ဲ ဆိုဗီယက်နဲ့ တရုတ် တို့ရဲ့ အချက်အလက်ပါ။  


ဒီလို ဆိုရင် နူကလီးယားဒဏ္သင့္ခ့ဲတ့ဲ ဂျပန် ကကော ပြန်လည်ထူထောင်ရေးအတွက် မယားပြိုင် စနစ်ကို ကျင့်သုံးခ့ဲသလား။ ပြီးရင် ပြင်သစ်၊ အမေရိကန်နဲ့ တရုတ်ကို ရင္ဆိုင္ခ့ဲရတ့ဲ ဗီယက်နမ်ကော မယားပြိုင် စနစ်ကို ကျင့်သုံးခ့ဲသလား။ 


ဂျပန်နဲ့ ဗီယက်နမ် နှစ်နိုင်ငံလုံး စစ်ဒဏ်ကြောင့် လူအများကြီး သေဆုံးခဲ့ပေမဲ့ မယားပြိုင်စနစ်ကို မလုပ်ခဲ့ကြပါဘူး။

ဂျပန်နိုင်ငံဟာ ဒုတိယ ကမ္ဘာစစ်မှာ ရှုံးပြီးနောက်ပိုင်း အမေရိကန်ရဲ့ လွှမ်းမိုးမှုနဲ့အတူ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုတွေ လုပ်ခဲ့ပါတယ်။ ၁၉၄၇ ခုနှစ် ဂျပန်ဖွဲ့စည်းပုံအခြေခံဥပဒေမှာ အိမ်ထောင်ရေးကို နှစ်ဦးသဘောတူညီမှုနဲ့ တန်းတူညီမျှမှုအပေါ်မှာပဲ အခြေခံရမယ်လို့ ပြဋ္ဌာန်းပြီး တစ်လင်တစ်မယားစနစ်ကို ခိုင်မာအောင် လုပ်ခဲ့ပါတယ်။


ဗီယက်နမ်ဟာ ဆယ်စုနှစ်ပေါင်းများစွာ ပြင်သစ်၊ အမေရိကန်နဲ့ စစ်ပွဲတွေ ကြုံခဲ့ရပေမဲ့ ကွန်မြူနစ်အစိုးရက ၁၉၆၀ ပြည့်နှစ်မှာ "အိမ်ထောင်ရေးနှင့် မိသားစုဥပဒေ" ကို ထုတ်ပြန်ပြီး မယားပြိုင်စနစ်ကို တရားဝင် ပိတ်ပင်ခဲ့ပါတယ်။ အမျိုးသမီးတွေကို စစ်မြေပြင်နဲ့ ထောက်ပံ့ရေးမှာ အင်အားတစ်ရပ်အနေနဲ့ အသုံးချခဲ့တာက ပိုများပါတယ်။


ဘာကြောင့် စစ်ဖြစ်ပေမဲ့ မယားပြိုင်စနစ်ကို မလုပ်ကြတာလဲ?


သမိုင်းမှာ စစ်ဖြစ်လို့ လူဦးရေလျော့သွားတဲ့အခါ ခေတ်သစ် လူ့ဘောင် နိုင်ငံတော်တော်များများက မယားပြိုင်စနစ်ကို မရွေးချယ်ကြတော့ပါဘူး။ မယားပြိုင် စနစ်အစား သူတို့သုံးတ့ဲနည္းလမ္းတွေထဲမှာ


(က)-  အမျိုးသမီးများကို လုပ်ငန်းခွင်ထဲခေါ်သွင်း ခ့ဲပါတယ်။ အမျိုးသားတွေနေရာမှာ အမျိုးသမီးတွေ အစားထိုးဝင်ရောက် လုပ်ကိုင်စေပြီး စီးပွားရေးကို လည်ပတ်စေပါတယ်။ ဒီအနေအထားဟာ အမျိုးသမီးတွေအတွက် ငွေကြေးနဲ့ ဆုံးဖြတ်ချက်ချပိုင်ခွင့်တွေမှာ ပိုပြီး အမှီအခိုကင်းလာကြပါတယ်။ အဲဒီလိုအမှီအခိုကင်းမှုက စားဝတ်နေရေး အပိုင်းမှာ အမျိုးသား လင်ယောကျ် ားတွေကို ဝန်ထုတ်ဝန်ပိုး လျော့လာစေပါတယ်။


(ခ)-  ကလေးမွေးဖွားမှုကို အားပေးဖို့အတွက် ငွေကြေးထောက်ပံ့တာ၊ ကျန်းမာရေး စောင့်ရှောက်တာမျိုးတွေနဲ့ အမျိုးသမီးတွေကို လူမှုဖူလုံရေး မြှင့်တင်ပေးပါတယ်။ 


(ဂ)- ၂၀ ရာစုနောက်ပိုင်းမှာ "လူ့အခွင့်အရေး" နဲ့ "အမျိုးသမီးအခွင့်အရေး" စတ့ဲ ခေတ်သစ် ယဉ်ကျေးမှု တန်ဖိုးတွေက ကမ္ဘာတစ်ဝန်း ပြန့်နှံ့နေပါပြီ။ အဲဒီလို ယဉ်ကျေးမှု အတွေးအခေါ် မြင့်မားလာတ့ဲ အခြေအနေမှာ မယားပြိုင်စနစ်ကို ကျင့်သုံးဖို့ဆိုတာ နိုင်ငံရေးအရရော လူမှုရေးအရပါ အလွန်မှ ရှက်စရာကောင်းပြီး ဆိုးကျိုးတွေ များလို့ ဖြစ်ပါတယ်။


အာရက္ခဒေသ မှာ ဘာတွေ ဖြစ်နေသလဲ?


အာရက္ခဒေသ မှာ တလင်တမယား ပြဿနာတွေ ရှိနေတယ်၊ ဒီပြဿနာတွေကို တရားရုံးတွေက ကိုင်တွယ်မှု အားနည်းတယ်လို့ အသံတွေထွက်နေပါတယ်။ 


စစ်ပွဲ ပဋိပက္ခဒေသ တွေမှာ ဖိုဝါဒကြီးစိုးမှု (Patriarchy) ဟာ ရှိလာတတ်ပါတယ်။ စစ်ပွဲတွေဟာ လူ့အဖွဲ့အစည်းရဲ့ ရှေ့ကို ရောက်လာတာနဲ့အမျှ သူရဲကောင်းဝါဒ နေရာမှာ ဖိုဝါဒက အလိုက်သင့်နေရာဝင် ယူသွားတ့ဲ သဘောပါ။ စစ်ပွဲ ပဋိပက္ခဒေသမှာ စားဝတ်နေရေး ကြပ်တည်းတတ်ပါတယ်။ ဒီကြပ်တည်းမှုက အမျိုးသမီးတွေအပေါ် ရိုက်ခတ်မှုက အလွန်ကြီးမားပါတယ်။ စားဝတ်နေရေး အကြပ်အတည်းနဲ့ ဖိုဝါဒ ကြီးစိုးမှု ရောစပ္လာတ့ဲအခါ "နောက်လင်၊ နောက္မယား" ပြဿနာ တွေက ရှိလာပါတယ်။ အရပ်အခေါ် "ဗိုလ်လုပွဲ" ပြဿနာတွေရဲ့ အနက်ရှိုင်းဆုံး  တနေရာမှာ စားဝတ်နေရေး အကြပ်အတည်းနဲ့ အမျိုးသမီးများအပေါ် ဘဝ မျှော်လင့်ချက် ပျောက္မှု ဆိုတ့ဲ လူမှုရေးဆိုင်ရာ မလုံခြုံမှု ပြဿနာက ရှိနေတာပါ။


ဒီပြဿနာဟာ ရေတိုမဟုတ်ပါဘူး။ ရေတို၊ ရေရှည် အစီအစဉ်တွေနဲ့ ဖြေရှင်းရမယ့် လူမှုရေးနဲ့ လူသားချင်းစာနာမှု အကြပ်အတည်းကိစ္စပါ။ အမျိုးသမီးများအတွက် အလုပ်အကိုင် အခွင့်အလမ်းဖော်ဆောင်မှုနဲ့ လူမှုရေးအထောက်အပံပေးမှုတွေနဲ့ ဖြေရှင်းဖို့လိုပါတယ်။ အမျိုးသမီးတွေ လုပ်ကိုင်နေ တ့ဲ အလုပ်အကိုင်တွေကို အထောက်အပံပေးဖို့ နဲ့ အခွန်ကင်းလွတ်မှု၊ အခွန်လျော့ပေါ့မှုတွေ ပေးပြီး အမျိုးသမီးတွေကို စီးပွားရေး အခွင့်အလမ်းတွေ ဖန်တီးဖို့လိုပါတယ်။ စီးပွားရေးဟာ စစ်ပွဲကို အဆုံးအဖြတ် ပေးနိုင်တ့ဲအထိ သက်ရောက်တတ်ပါတယ်။

ဒီကြားထဲ ပေါက်တက်ကရ ဖိုဝါဒီတွေရဲ့ " လူဦးရေများအောင် မိန်းမ များများယူရမယ် ဆိုတ့ဲ " အသံကြောင်ကျားတွေ ထွက်လာပါတယ်။ အဲဒီ ဖိုဝါဒီတွေကို ပြောချင်တာ တစ်ခုက Polygamy isn't Nation Building ဆိုတာပါပဲ။ မယားပြိုင်စနစ်နဲ့ ခေတ်သစ်ကမ္ဘာကြီးမှာ နိုင်ငံတော် တည်ဆောက်လို့မရပါဘူး။ ဒါကို အကြောက်အကန် ငြင်းလာရင် အဲလို ဖိုဝါဒီ အူကြောင်ကျားတွေကို သက်သေတစ်ခုပြလို့ရပါတယ်။ ရခိုင်မှာ လက်ရှိ အချိန်ထိ လူသားလိုအပ်ချက် မရှိသေးပါဘူး။ အဲလို မရှိသေးလို့ဘဲ ULA/AA ရဲ့ စစ်မှုထမ်း မူဝါဒမှာ ရခိုင်မှာ စစ်မှုထမ်းနိုင်တ့ဲ ဦးရေ တစ်သန်းနီးပါး ရှိတယ်လို့ တရားဝင်ပြောထားတာ ပါ။ ပြီးရင် အမျိုးသမီးတွေကိုလည်း အမျိုးသားတွေနဲ့ တန်းတူ စစ်သင်တန်းတက်ခိုင်းနေပါပြီ။ စစ်သင်တန်းလို အခြေအနေ မျိုးထိ အမျိုးသမီးတွေကို ဆွဲသွင်း ပြီးခါမှ ဘာဖြစ်လို့ အမျိုးသမီးတွေကို လေးစားမှုပေးဖို့ကို ကြောက်နေကြတာလဲ။ ဒါထက် သေချာတ့ဲ သက်သေ လည်း မရှိတော့ပါဘူး။


ကမ္ဘာပေါ်က တိုးတက်နေ တ့ဲ လူ့ဘောင်တွေဟာ မယားပြိုင်စနစ်ကို မကျင့်သုံးသင့်တ့ဲ အရာ အဖြစ် သတ်မှတ်တာဟာ မယားပြိုင်စနစ်ရဲ့ ဆိုးကျိုးတွေကို သင်ခန်းစာယူနိုင်ခ့ဲလို့ပါ။


ဒါကြောင့် ရခိုင်ဒေသမှာ လူဦးရေတိုးဖို့အတွက် မယားပြိုင်စနစ်လိုတယ် ဆိုတ့ဲ အချို့ ဖိုဝါဒီ အူကြောင်ကျားတွေရဲ့ အယူအဆဟာ ခေတ်သစ်ကမ္ဘာ့သမိုင်းနဲ့ နှိုင်းယှဉ်ရင် အလွန်ထူးဆန်းပြီး လက်တွေ့မကျတဲ့ အယူအဆဖြစ်သလို လူသားချင်းစာနာမှုကို မျက်ကွယ်ပြုမှုလည်း ဖြစ်ပါတယ်။

အာဏာရှင်စနစ်နဲ့အတူ ဖိုဝါဒီစနစ်ကိုလည်း ဆန့်ကျင်ဖို့လိုပါတယ်။


(မှတ်ချက္- ဒီဆောင်းပါးဟာ စစ်ပွဲ၊ လူဦးရေလိုအပ်ချက်၊ မယားပြိုင်စနစ် အတွေးအခေါ်နှင့် ရခိုင်ဒေသရဲ့ လူသားချင်းစာနာမှု အကြပ်အတည်းကို မူဝါဒ ပိုင်းနဲ့ စနစ်ရဲ့ လိုအပ်ချက် အပေါ် ဆက်စပ် ရှူမြင်ပုံကို တင်ဆက်သာဖြစ်ပြီး ပုဂ္ဂိလိက ကိစ္စတွေကို မရည်ရွယ်ပါဘူး)









Comments

Popular posts from this blog

အီရန်၏ "Vahdat" (ဝါးဒတ်) မှသည် "Mostebed" (မိုစတီးဘဒ်) သို့ (၂)

ဆိုဗီယက်ပြည်ထောင်စုပြိုကွဲပြီးနောက် ရုရှားနိုင်ငံ၏ အပြောင်းအလဲ အပေါ်လေ့လာခြင်း

တောင်ကိုးရီးယား၏ (1961)ခုႏွစ္မှ (1988)ခုနှစ် အထိ 27 နှစ်ကာလအကြား စီးပွားရေးတိုးတက်မှုကိုလေ့လာခြင်း