မလွတ်မြောက်သေးသော ရခိုင်ဒေသ၏ မြေသိမ်းကျိမ်စာ- ၂
မလွတ်မြောက်သေးသော ရခိုင်ဒေသ၏ မြေသိမ်းကျိမ်စာ- ၂
တရုတ်နိုင်ငံ၏ ကျေးလက်ဒေသ မြေသိမ်းယူမှုအား ဖောျပွခ့ဲ ပြီးနောက် မြို့ပြမြေယာနှင့် အိမ်ရာသိမ်းယူခြင်း (Urban Expropriation) ကို ထပ်မံ တင်ပြပါမည်။ တရုတ်ပြည်၏ မြို့ပြဒေသတွင် စီးပွားရေးလုပ်ငန်း လုပ်ကိုင်ခွင့်သက်တမ်း ဖြစ်စေ၊ နေထိုင်ခွင့်သက်တမ်း ဖြစ်စေ၊ မြေအသုံးချမှုဆိုင်ရာ ကိစ္စရပ်တစ်ခုခု ရရှိထားသောမြေပေါ်ရှိ အိမ်ရာ၊ အဆောက်အအုံ များကို ဖျက်သိမ်းသောအခါ လျှော်ကြေးစနစ် (၂) မျိုးရှိသည်။ ထို ၂ မျိုးထဲမှ ကြိုက်ရာ ရွေးချယ်ခွင့်ရှိသည်။
ပထမ စနစ်မှာ ငွေကြေးအလိုက်ပေးခြင်း (Monetary Compensation) ဖြစ်သည်။ ဖျက်သိမ်းခံရသော အိမ်ယာ၊ အဆောက်အအုံ၏ ဈေးကွက်ပေါက်ဈေးကို တွက်ချက်ကာ ငွေသားအပြည့်အဝ ပေးသည်။ ( အရေးကြီးဆုံးအချက္မှာ အိမ်ခြံမြေတန်ဖိုး ဖြတ်ရာတွင် အစိုးရမှ စွက်ဖက္မှုကင်းသော လွတ်လပ်သည့် အကဲဖြတ်အဖွဲ့မျက တွက်ချက်ရခြင်း ဖြစ်သည်။)
ဒုတိယ စနစ်မှာ အိမ်ရာချင်း အစားထိုးလဲလှယ်ခြင်း (Property Title Exchange) ဖြစ်သည်။ အစိုးရက တည်ဆောက်ပေးသော တခြားနေရာရှိ အိမ်ရာအသစ် (သို့မဟုတ်) တိုက်ခန်းအသစ်ကို အစားထိုးလဲလှယ်ပေးခြင်းဖြစ်သည်။ တန်ဖိုးချင်း ကွာဟချက်ရှိလျှင် ငွေကြေးအတိုးအလျှော့ ပြန်လုပ်ကြသည်။
ထိုစနစ် (၂) မျိုးစလုံးတွင် အပိုဆောင်းစရိတ်များ ကိုလည်း အစိုးရက ထည့်သွင်း၍ လျှော်ကြေးနစ်နာကြေးပေးရသည်။ ပြောင်းရွှေ့စရိတ်များ၊ အိမ်အသစ်မရခင် ကြားကာလ နေထိုင်ရန် အိမ်ငှားခ ထောက်ပံ့ကြေး (Temporary Resettlement Allowance) များကို တရုတ်ကွန်မြူနစ် အစိုးရက တာဝန်ယူရသည်။
တရုတ်မြေယာဥပဒေ၊ မူဝါဒများ၏ သမိုင်းကို ပြန်ကြည့်ပါက ဒဏ်ရာ ဒဏ်ချက် များပြည့်နက်နေသည်ကို တွေ့ရမည် ဖြစ်သည်။ တရုတ်၏ မြေယာဆိုင်ရာ လုပ်ထုံးလုပ်နည်းများအား ပြောင်းလဲလာမှုများက တရုတ်ပြည်၏ ဖွံ့ဖြိုးတိုးတက္မှုနှင့်အတူ လိုက်ပါ ပြောင်းလဲနေရသည်။ တရုတ်တွင် ယခင်ကာလများက မြေသိမ်းလျှင် အဓိကရုဏ်းများ၊ မကျေနပ်မှုများ အလွန္များခ့ဲသည္။ အစိုးရက ဈေးပေါပေါ ဖြင့် သိမ်းကာ အိမ်ခြံမြေ လုပ်ငန်း Real Estate ကုမ္ပဏီများကို ဈေးကြီးကြီးဖြင့် ပြန်ရောင္းစားခ့ဲသော ဓလေ့တစ်ခုက ရှိခ့ဲသည္။ ဤအချက်က လုပ်ပိုင်ခွင့်ရှိသူနှင့် ၎င်းတို့၏ ပါတနာ စီးပွားရေးသမားများအတွက် အခွင့်အလမ်းတစ်ခု အသွင် ရှိနေသည်ဟု ထင်စရာရှိသော်လည်း ရလဒ်က ပြောင္းပြန်ထွက်ခ့ဲတော့သည္။ လူမှုရေးဆိုင်ရာ ပြဿနာများကို ဖြစ်လာခ့ဲပြီး ကုန်ထုတ်လုပ်မှုအပေါ် ရိုက်ခတ်တော့သည်။
နောက်ပိုင်းတွင် တရုတ်ကွန်မြူနစ်တို့ မြေယာဆိုင်ရာမူဝါဒတွင် လက်ဝဲ ဆန်မှုကို စွန့်၍ လက်ယာအရင်းရှင် အတွေးအခေါ်ကိုသာ ပြေးကိုင်ရတော့သည်။ ယခင်က မြေကို ဘယ်သူမှ မပိုင် နိုင်ငံတော်ကသာ ပိုင်သည်ဟု ကွန်မြူနစ်များလုပ်ထားသည်။ နိုင်ငံတော်က ပိုင်သည်ဟု သတ်မှတ်ထားချိန်က အာဏာရှိသူက နိုင်ငံတော်နေရာ ဝင်ယူ၍ ကိုယ်ကျိုးရှာမှုက လမ်းပွင့်နေသည်။ ထိုအခါ တရုတ်ကွန်မြူနစ်တို့ ဖြေရှင်းပုံ နိုင်ငံတော်က ရေထု မြေထုကို ပိုင်သော်လည်း တသီးပုဂ္ဂလပိုင်ဆိုင်မှုအား မြေယာမူဝါဒတွင် ထည့်သွင်းလိုက်ရတော့သည်။ ထည့်သွင်းပုံက အရင္းရှင္နိုင္ငံများက့ဲသို့ ပြောင်ပြောင်တင်းတင်းမဟုတ် တရုတ်နည်း တရုတ်ဟန် နို့ကို မစို့ရဲ စို့ရဲ စတိုင်လ်မျိုး။ ဤသို့ဖြင့် တရုတ်ကို ဖွံ့ဖြိုးမှုလမ်းကြောင်းကို ဦးတည်စေသော ဥပဒေပြင်ဆင်ချက်ကို ပြုလုပ်ရတော့သည်။ ဥပဒေပြင်ဆင်ချက်အရ "အများပြည်သူအကျိုးစီးပွား (Public Interest)" အတွက်သာ မြေသိမ်းခွင့်ရှိတော့ကာ စီးပွားဖြစ်သက်သက် စီမံကိန်းများအတွက် ဆိုပါက (မြေအသုံးပြုခွင့်ရထားသူ) နှင့် ကုမ္ပဏီကြား ဈေးကွက်ပေါက်ဈေးအတိုင်း၊ ပုံမှန်အတိုင်း ညှိနှိုင်းဝယ်ယူရသော စနစ်ကို ပြောင်းလဲကျင့်သုံးလာရတော့သည်။
ထို့အပြင် မြေမသိမ်းခင် ဒေသခံများ၏ သဘောထားကို တောင်းခံရသည့် အပြင်၊ လျှော်ကြေးနှုန်းထားကို အများပြည်သူသိအောင် ကြိုတင်ကြေညာပြီး ကန့်ကွက်လိုပါက လူထုကြားနာပွဲ (Public Hearing) များ လုပ်ပေးရန် ဥပဒေအရ ပြဋ္ဌာန်းထားရတော့သည်။
တရုတ်တို့ လက်ရှိကျင့်သုံးနေသော မြေယာ မူဝါဒအချို့အား အနည်းငယ် ဖော်ပြလိုက်ပါသည်။
တရုတ်နိုင်ငံတွင် "မြေသိမ်းယူခြင်း" (တရားမဝင် မြေယာသိမ်းယူခြင်း၊ အဓမ္မ ရွှေ့ပြောင်းခိုင်းခြင်း သို့မဟုတ် ခွင့်ပြုချက်မရှိဘဲ ကျူးကျော်သိမ်းပိုက်ခြင်း) ကို တရားမဥပဒေ၊ စီမံခန့်ခွဲမှုဆိုင်ရာဥပဒေနှင့် ပြစ်မှုဆိုင်ရာဥပဒေများအောက်တွင် အဓိကထား၍ ကိုင်တွယ်သည်။ တရုတ်နိုင်ငံရှိ မြေယာအားလုံးကို နိုင်ငံတော် (မြို့ပြမြေ) သို့မဟုတ် ကျေးလက်သမဝါယမအဖွဲ့အစည်းများ (စိုက်ပျိုးရေး/ကျေးရွာမြေ) က အများပိုင်အဖြစ် ပိုင်ဆိုင်သည်ဟု ဆိုထားသော်လည်း တစ်ဦးချင်းစီနှင့် အဖွဲ့အစည်းများသည် မြေယာအသုံးပြုခွင့် (Land Use Rights - LURs) အား ပိုင်ဆိုင်မှုအဖြစ် နောက်ပိုင်းတွင် ပြောင်းလဲထားလိုက်သည်။
မြေယာများကို တရားမဝင် သိမ်းယူခံရသည့်အခါ သို့မဟုတ် လုံလောက်သော လျော်ကြေးမပေးဘဲ ဥပဒေကြောင်းအရ သိမ်းယူခြင်း ခံရသည့်အခါ လျော်ကြေးရပိုင်ခွင့်၊ ပြန်လည်ရရှိခွင့်နှင့် ပြစ်ဒဏ်များကို သတ်မှတ်ပေးထားသည့် အဓိကဥပဒေများမှာ အောက်ပါအတိုင်း ဖြစ်သည်။
၂၀၁၉ ခုနှစ်တွင် ပြင်ဆင်ထားသော မြေယာစီမံခန့်ခွဲမှုဥပဒေ
မြေယာစီမံခန့်ခွဲမှုဥပဒေ (Land Administration Law - LAL) သည် မြေယာသိမ်းယူခြင်းနှင့် လျော်ကြေးပေးခြင်းကို စည်းကမ်းသတ်မှတ်သည့် အဓိကဥပဒေဖြစ်သည်။ ၂၀၁၉ ခုနှစ် ပြင်ဆင်ချက်တွင် မြေယာသိမ်းယူပြီးနောက် လယ်သမားများ၏ လူနေမှုစံနှုန်း မကျဆင်းစေရဟူသော ပြဋ္ဌာန်းချက်ဖြင့် အဓမ္မ "မြေသိမ်းယူခြင်း" ဘေးမှ လယ်သမားများ၏ ရပိုင်ခွင့်များကို သိသိသာသာ တိုးမြှင့်ကာကွယ်ပေးခဲ့သည်။
ထိုဥပဒေ ပုဒ်မ ၄၈ မှာ (အဓိက လျော်ကြေးပေးရေးဆိုင်ရာ ပြဋ္ဌာန်းချက်) ဖြစ်သည်။ ထိခိုက်နစ်နာရသော လယ်သမားများ၏ မူလလူနေမှုစံနှုန်းများ ကျဆင်းမသွားစေရန်နှင့် ၎င်းတို့၏ ရေရှည်အသက္မွေးဝမ်းကျောင်းမှုကို အာမခံချက်ရှိစေရန်အတွက် မြေယာသိမ်းယူမှုတွင် မျှတပြီး သင့်လျော်သော လျော်ကြေးပေးမှုများ ပါဝင်ရမည်။ လျော်ကြေးတွင် အောက်ပါ တန်ဖိုးများကို သတ်မှတ်တွက်ချက် ရန် ပြဌာန်းထားသည်။
မြေယာလျော်ကြေးကြေးနှင့် ပြန်လည်နေရာချထားရေး ထောက်ပံ့ကြေးငွေ တန်ဖိုး နှင့် ဘက်စုံ မြေစျေးနှုန်း တန်ဖိုး
ထိုတန်ဖိုးအား ယခင်က အသုံးပြုခဲ့သော အထွက်နှုန်းနည်းပါးသည့် မြှောက်ဖော်ကိန်းစနစ်ဖြင် တွက်ခ့ဲသော်လည်း ယခုအခါ ဒေသ၏ (ဘက်စုံမြေစျေးနှုန်းများ) အပေါ် အခြေခံ၍ တွက်ချက်လာတော့သည်။
ကျေးလက်နေအိမ်များ၊ မြေပေါ်ရှိ အခြားတွဲဖက်ပစ္စည်းများနှင့် သီးနှံနုများအတွက် အပြည့်အဝ လျော်ကြေးတန်ဖိုး
မြေယာမဲ့ဖြစ်သွားသော လယ်သမားများ၏ ရေရှည်အသက်မွေးဝမ်းကျောင်းမှုကို အာမခံချက်ပေးနိုင်ရန် လူမှုဖူလုံရေးပရီမီယံကြေးများ အဖြစ် ပေးရသော လျှော်ကြေးငွေ ဖြစ်သည်။
ထိုဥပဒေ ပုဒ်မ ၇၇ နှင့် ၇၈ (တရားမဝင် သိမ်းပိုက်ခြင်း) နှင့် ပတ်သက်၍ ပြဌာန်းချက္များပါရှိသည်။ အကယ်၍ အဖွဲ့အစည်းများ သို့မဟုတ် တစ်ဦးချင်းစီက ခွင့်ပြုချက်မရှိဘဲ ဖြစ်စေ၊ လိမ်လည်လှည့်ဖြားကာ ဖြစ်စေ "ရယူထားသော ခွင့်ပြုချက်ဖြင့်" မြေယာများကို တရားမဝင် သိမ်းပိုက်ပါက ၎င်းတို့ကို တရားမဝင် သိမ်းပိုက်ထားသော မြေယာများကို ပြန်လည်လွှဲပြောင်းပေးရန် အမိန့်ချမှတ်ခံရမည်။ အကယ်၍ ၎င်းတို့သည် စိုက်ပျိုးရေးမြေကို ဆောက်လုပ်ရေးမြေအဖြစ် တရားမဝင် ပြောင်းလဲခဲ့ပါက အဆောက်အအုံများကို ဖျက်သိမ်းပြီး မြေယာကို မူလအခြေအနေအတိုင်း ပြန်လည်ပြုပြင်ရမည်ဖြစ်သည်။ ထိုသို့ မူလအနေအထားအတိုင်း ပြန်လည် မပြုပြင်ပါက ဒဏ်ငွေများ ချမှတ်ခံရမည်။
ထို ဥပဒေ ပုဒ်မ ၇၉အရ (လျော်ကြေးငွေများကို အလွဲသုံးစားလုပ်ပါက) အရေးယူခံရမည့် ပြစ်ဒဏ်များကို ပြဌာန်းထားသည်။ မြေယာသိမ်းယူမှုအတွက် ပေးအပ်သော လျော်ကြေးငွေများနှင့် ပြန်လည်နေရာချထားရေး ထောက်ပံ့ကြေးများကို အလွဲသုံးစားလုပ်ခြင်း ၊ မတရားရယူခြင်း၊ ဖြတ်စားခြင်း တို့ကို တင်းကျပ်စွာ တားမြစ်ထားပြီး ၎င်းသည် ပြစ်မှုဆိုင်ရာ ပြစ်မှုကို မြောက်စေသည်။
၂၀၂၁ ခုနှစ် တရုတ်ပြည်သူ့သမ္မတနိုင်ငံ တရားမဥပဒေ (Civil Code) အရ မည်သည့်အဖွဲ့အစည်း သို့မဟုတ် တစ်ဦးချင်းစီ၏ တရားမဝင် ကျူးကျော်ဝင်ရောက္မှုမျိုးမှမဆို နိုင်ငံသားများ၏ ပိုင်ဆိုင်ခွင့်နှင့် အကျိုးခံစားခွင့် (မြေယာအသုံးပြုခွင့်) များကို ကာကွယ်ပေးထားသည်။ တရုတ် တရားမ ဥပဒေ ပုဒ်မ ၂၄၃အရ (မြေသိမ်းယူခြင်းနှင့် လျော်ကြေးပေးမှု အကာအကွယ်)များ ရှိသည်။ ထိုပုဒ်မအရ အများပြည်သူအကျိုးစီးပွားအတွက် သမဝါယမပိုင်မြေများနှင့် နေအိမ်များကို သိမ်းယူနိုင်သော်လည်း ဥပဒေအရ ပြဋ္ဌာန်းထားသော အာဏာပိုင်နှင့် လုပ်ထုံးလုပ်နည်းများကို လိုက်နာရမည်ဖြစ်သည်။ ထို ပုဒ္မတွင် အတိအလင်း ဖော်ပြထားသည်မှာ -
"သိမ်းယူခြင်းခံရသူများ၏ တရားဝင် ရပိုင်ခွင့်များနှင့် အကျိုးစီးပွားများကို ကာကွယ်စောင့်ရှောက်ရန်အတွက် မြေယာလျော်ကြေးကြေးများ၊ ပြန်လည်နေရာချထားရေး ထောက်ပံ့ကြေးများနှင့် မြေပေါ်တွဲဖက်ပစ္စည်းများနှင့် သီးနှံနုများအတွက် လျော်ကြေးများကို အပြည့်အဝ ပေးချေရမည်။" ဟု ဖော်ပြထားသည်။
မည်သည့်အဖွဲ့အစည်း သို့မဟုတ် တစ်ဦးချင်းစီကိုမျှ လျော်ကြေးငွေများကို အလွဲသုံးစားလုပ်ခြင်း၊ ကိုယ်ကျိုးရှာခြင်း၊ မတရားရယူခြင်း သို့မဟုတ် လျော်ကြေးပေးချေမှုကို ကြန့်ကြာအောင်ပြုလုပ်ခြင်းတို့ကို ပြတ်ပြတ်သားသား တားမြစ်ထားသည်။
တရုတ် တရားမ ဥပဒေ ပုဒ်မ ၂၃၃ မှ ၂၃၈ အထိတွင် (ဥပေ ဒချိုးဖောက်ခံရမှုများအတွက် ကုစားခွင့်များ) ကို ဖော်ပြထားသည်။ အကယ်၍ မြေယာရပိုင်ခွင့်များ အဓမ္မသိမ်းယူခံရလျှင်၊ ချိုးဖောက်ခံရလျှင် မြေယာအသုံးပြုခွင့်ရရှိထားသူဘက္မှ
- ရပိုင်ခွင့်များကို အတည်ပြုပေးရန် တောင်းဆိုခြင်း။
- ပိုင်ဆိုင်မှုကို ပြန်လည်ပေးအပ်ရန် (ပြန်လည်သိမ်းပိုက်ခွင့်) တောင်းဆိုခြင်း။
- မူလအခြေအနေအတိုင်း ပြန်လည်ပြုပြင်ပေးရန် တောင်းဆိုခြင်း။
- နစ်နာဆုံးရှုံးမှုများအတွက် လျော်ကြေး တောင်းဆိုခြင်း။ တို့ကို ပြုလုပ်နိုင်သည်။
တရုတ်ပြည်သူ့သမ္မတနိုင်ငံ ပြစ်မှုဆိုင်ရာဥပဒေ အရ "မြေသိမ်းယူခြင်း" တွင် တရားမဝင် လွှဲပြောင်းမှုများ၊ ပြင်းထန်သော အကြမ်းဖက်မှုများ၊ ခြိမ်းခြောက်မှုများ၊ စိုက်ပျိုးမြေများကို အကြီးအကျယ် ဖျက်ဆီးမှုများ ပါဝင်လာပါက ထိုလုပ်ရပ်သည် တရားမအငြင်းပွားမှုအဆင့်မှ ပြစ်မှုဆိုင်ရာ ပြစ်မှုအဆင့်သို့ ရောက်ရှိသွားသည်။
တရုတ် ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၂၂၈ အရ (တရားမဝင် မြေယာလွှဲပြောင်းခြင်း) နှင့်ပတ်သက်သော တားမြစ်ချက်များကို ဖော်ပြထားသည်။ မြေယာစီမံခန့်ခွဲမှုဥပဒေများကို ချိုးဖောက်ပြီး အကျိုးအမြတ်အတွက် မြေယာအသုံးပြုခွင့်များကို ရောင်းချခြင်း၊ တရားမဝင် လွှဲပြောင်းခြင်း ပြုလုပ်သူ မည်သူမဆို မည်သည့်အာဏာပိုင်မဆို ထောင်ဒဏ် ၃ နှစ်မှ ၇ နှစ်အထိ ကျခံရနိုင်ပြီး ၎င်းအပြင် ငွေဒဏ်အမြောက်အမြားလည်း ချမှတ်ခံရနိုင်သည်။
တရုတ်ပြစ်မှု ဆိုင်ရာ ဥပဒေ ပုဒ်မ ၃၄၂ အရ (စိုက်ပျိုးမြေကို တရားမဝင် သိမ်းပိုက်ခြင်း) ကို တားမြစ်ထားသည်။ မြေယာစီမံခန့်ခွဲမှုဥပဒေများကို ချိုးဖောက်၍ စိုက်ပျိုးမြေ၊ သစ်တောမြေ သို့မဟုတ် အခြားလယ်ယာမြေများကို တရားမဝင် သိမ်းပိုက်ပြီး ၎င်း၏အသုံးချမှုကို အကြီးအကျယ်ပြောင်းလဲကာ မြေယာသယံဇာတများကို ပျက်စီးစေပါက ထောင်ဒဏ် ၅ နှစ်အထိဖြစ်စေ၊ ချုပ်ရက်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ (သို့မဟုတ်) ပြစ်ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်သည်။
တရုတ်ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၄၁၀အရ (မြေယာသိမ်းယူမှုကို တရားမဝင် ခွင့်ပြုပေးခြင်း) ကို တားမြစ်ထားသည်။ မိမိတို့၏ အာဏာကို အလွဲသုံးစားလုပ်ခြင်း၊ မျက်နှာလိုက်ခြင်း သို့မဟုတ် မြေယာသိမ်းယူမှုနှင့် သိမ်းပိုက်မှုများကို တရားမဝင် ခွင့်ပြုပေးခဲ့သော အစိုးရအရာရှိများသည် ပြစ်မှုဆိုင်ရာ ပြစ်ဒဏ်စီရင်ခြင်းကို ရင်ဆိုင်ရမည်။
တရုတ်မြေယာစီမံခန့်ခွဲမှုဥပဒေသည် ကျေးလက်/သမဝါယမပိုင်မြေများကို ကိုင်တွယ်ဖြေရှင်းသည်။
တရုတ်နိုင်ငံပိုင်မြေပေါ်ရှိ နေအိမ်များကို သိမ်းယူခြင်းနှင့် လျော်ကြေးပေးခြင်းဆိုင်ရာ စည်းမျဉ်းဥပဒေ (၂၀၁၁ ခုနှစ်) က ပြန်လည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံပိုင်မြေကို ပြန်လည်သိမ်းယူသည့် မြို့ပြဒေသများကို လွမ်းခြုံသည်။ (ထို ဥပဒေကို တရုတ်လို ချိုင်ချန့် - Chaiqian သို့မဟုတ် အဆောက်အအုံဖျက်သိမ်းခြင်း ဥပဒေဟု အလွယ်ခေါ်လေ့ရှိသည်)။
တရုတ်နိုင်ငံပိုင်မြေပေါ်ရှိ နေအိမ်များကို သိမ်းယူခြင်းနှင့် လျော်ကြေးပေးခြင်းဆိုင်ရာ စည်းမျဉ်းဥပဒေ ပုဒ်မ ၁၇ နှင့် ၁၉ အရ လျော်ကြေးငွေတွင် သိမ်းယူခံရသောအိမ်၏ တန်ဖိုး (၎င်းတန်ဖိုးသည် မြေသိမ်းယူကြောင်း အကြောင်းကြားစာ ထုတ်ပြန်သည့်နေ့ရှိ အလားတူအိမ်ခြံမြေ၏ စျေးကွက်ပေါက်စျေးထက် မနိမ့်စေရသောတန်ဖိုး)၊ ပြောင်းရွှေ့စရိတ်များနှင့် စီးပွားရေးလုပ်ငန်း ထုတ်လုပ်မှု ရပ်ဆိုင်းသွားခြင်းကြောင့် ဖြစ်ပေါ်လာသော နစ်နာဆုံးရှုံးမှုများအတွက် လျော်ကြေးများ ပါဝင်ရသည်။
ထို ဥပဒေ ပုဒ်မ ၂၇ အရ (အကြမ်းဖက်မှု တားမြစ်ထားသည်)။ ထိုပုဒ်မသည် နေထိုင်သူများကို ဖယ်ရှားရန် တွန်းအားပေးသည့်အနေဖြင့် အကြမ်းဖက္မှု၊ ခြိမ်းခြောက်မှု၊ ဖိအားပေးမှု၊ တရားမဝင်နည်းလမ်းများ (ဥပမာ- ရေ၊ မီး သို့မဟုတ် အပူပေးစနစ်များကို ဖြတ်တောက်ခြင်း)ကို အသုံးပြု၍ အဓမ္မ ရွှေ့ပြောင်းခိုင်းခြင်းကို တားမြစ်ထားသည်။ အဘယ်ကြောင့်ဆိုသော် ထိုနည်းလမ်းများက ယခင်က မြို့ပြမြေသိမ်းယူမှု ဖြစ်စဉ်များတွင် အာဏာပိုင်များ အသုံးများသော နည်းဗျူဟာများ ဖြစ်ခဲ့သည်။ ယခုအခါတော့ တရုတ်တို့ ထိုသို့ လူမဆန်သော နည်းလမ်းများ၏ ဆိုးကျိုးများကို မြင်လာ၍ စွန့်လွတ်ကာ လူလိုသူလို တွေးတော လုပ်ကိုင်လာပြီ ဖြစ်သည်။
ရခိုင်ဒေသတွင် တရုတ်၏ တပါတီစနစ်ကို အားကျနေသူများရှိသည်။ ထိုသို့ အားကျလျှင် တရုတ်တို့၏ မြေယာ မူဝါဒများကိုလည်း အတုယူသင့်သည်။
ထိုသို့ ပြောလာလျှင် ရုရှားတို့ တရုတ်တို့ ကော Common law စနစ်မဟုတ် Civil Law စနစ် ဖြစ်နေ၍ ဘာဖြစ်သည်၊ ညာဖြစ်သည်ဟု အကြောင်းပြနေလျှင် ဗြိတိသျှတို့ လုပ္ပေးခ့ဲသော Common law အခြေပြု ၁၈၉၄ ခုနှစ် မြေသိမ်းဥပဒေ အကြောင်း ဆက်လက် ဖော်ပြပါမည်။
ဆက်ရန်
ကိုးကား
https://www.researchgate.net/publication/5129602_Land_Acquisition_Compensation_in_China_-Problems_Answers?hl=en-GB
https://www.mdpi.com/2071-1050/16/16/6791?hl=en-GB
http://english.moa.gov.cn/policies/201910/t20191009_297826.html?hl=en-GB
http://english.moa.gov.cn/policies/201910/t20191009_297826.html?hl=en-GB#:~:text=No%20units%20or%20individuals%20may,land%20and%20give%20compensation%20accordingly.
Comments
Post a Comment