NEDP နှင့် ချိန်မည့်ချိန်ခွင်အား လွင့်ပစ်ထားခြင်း

 NEDP နှင့် ချိန်မည့်ချိန်ခွင်အား လွင့်ပစ်ထားခြင်း


အစိုးရပင်ဖြစ်စေ၊ တော်လှန်ရေးအဖွဲ့ပင် ဖြစ်စေ နိုင်ငံရေး အာဂျင်တာ တစ်ရပ်အဖြစ် အမိန့်အာဏာ ကို အကောင်အထည်ဖော်ပါက ထိုအမိန့်အာဏာတွင် 

(၁)- Legal Exception ဆိုသည့် တရားမျှတမှုအတွက် ချွင်းချက်သည်ပါရသည်။ 

(၂)-  အများပြည်သူဆိုင်ရာ အကျိုးစီးပွားကို ဦးတည်မှု ရှိရသည်။

(၃)- အများပြည်သူ၏ ဆန္ဒဆုံးဖြတ်ချက် ကိုတန်ဖိုးမြှင့်ပေးရသည်။


အမိန်အာဏာတစ်ခု ကိုအကောင်အထည်ဖော်လျှင် ထိုအမိန်အာဏာနှင့်အတူ အဆိုပါ အချက်သုံးချက်ကိုလည်း အကောင်အထည်ဖော်ရသည်။ မည်သူက အကောင်အထည်ဖော်ရမည်နည်းဆိုသော ထိုအမိန့်အာဏာကို အကောင်အထည်ဖော်မည့် အဖွဲ့အစည်း၏ အောက်ဆုံးအလွှာကပင် ထိပ်ဆုံးအလွာ ထိ ရှိသူများက အကောင်အထည်ဖော်ရန် တာဝန်ရှိသည်။


ULA/AA ထုတ်ပြန်ထားသော NEDP တွင် Legal Exception အရ 

လုံးဝ ကင်းလွတ်ခွင့်ရသူ (၅)မျိုး၊ 

ရွှေ့ဆိုင်းခွင့်ရသူ (၅) မျိုး၊ 

လျော့ပေါ့ခွင့်ရသူ (၁) မျိုး၊ 

ယာယီရွေ့ဆိုင်းခွင့်ရသူ (၇) မျိုး စသဖြင့်ပါသည်။ ဤအချက္များသည် ULA/AA ကိုယ်တိုင် ထုတ်ပြန်ထားသော အချက္များဖြစ်သည်။


လုံးဝ ကင်းလွတ်ခွင့်ရသူ (၅) မျိုးကိုကြည့်ပါက ထိုအုပ်စုထဲတွင်

- ဘာသာရေးဆိုင်ရာ ပုဂ္ဂိုလ်များပါဝင်သည်။ 

- ULA/AA ဆေးအဖွဲ့က အရူး၊ စိတ်မနှံ့သူ၊ စိတ်ပိုင်းဆိုင်ရာပြဿနာရှိသူ ဟုသတ်မှတ်ခံထားရသူများပါဝင်သည်။ 

- ULA/AA က ကင်းလွတ်ခွင့်ပြုထားသူ များပါသည္။ 

- ဒုက္ခိတ များပါဝင်သည်။ 

ကင်းလွတ်သူ ငါးမျိုးထဲတွင် အမှန်တကယ်၌ အထက်တွင် ဖော်ပြထားသော ( ၄ မျိုးသာ)  စစ်မှုထမ်း ခံရခြင်းမှ လွတ်ကင်းနိုင်သည်။ 


အမျိုးသမီးများနှင့် ပတ်သက်၍ 


အမျိုးသမီး တစ်ယောက်သည် ကိုယ်ဝန်ရှိနေသည့် အချိန်အတွင်း ကင်းလွတ်သည်။  ကလေးမွေးဖွားပြီးစအခြေအနေတွင် ကင်းလွတ်သည်။ ကလေးငယ်အား အသက် (၂) နှစ်သားအထိ စောင့်ရှောက် နေရချိန်တွင် ကင်းလွတ်သည် ဟု ဆိုထားသည်။ မည်သို့ပင် ထိုသို့ ဆိုထားစေကာမူ  ULA/AA ၏ NEDP မူဝါဒအရ ကလေးငယ် အသက် (၂) နှစ်ထက် (၁) ရက်ပိုစွန်းသွားလျှင် ထိုအမျိုးသမီးအား စစ်မှုထမ်းရန် ဆင့်ခေါ်နိုင်သည် ဆိုသော သဘောမျိုး သက်ရောက်နေပြီးဖြစ်သည်။ ဤသည်က အသက် (၂) နှစ်ထက် (၁) ရက်ပို စွန်းသော ကလေးငယ်တစ်ဦးသည် သူ့၏ မိခင်နှင့် ဝေးကွာရမည့် အခြေအနေ တစ်ရပ်ကို အချိန်မရွေးကြုံတွေ့လာရနိုင်သည့် အနေအထားတစ်ခုကို ညွှန်ပြနေသည်။ ဤ အနေအထားက အိမ်ထောင်ကွဲနေသော၊ Single Mother အဖြစ်ရပ်တည်နေရသော အမျိုးသမီးများကို ပို၍ ရိုက်ခတ်အထိနာ ဖွယ်ရာရှိနေသည်။ 

အဘယ်ကြောင့်ဆိုသော် ယာယီ ရွေ့ဆိုင်းခွင့်ရသူ (၇) မျိုးတွင် "အိမ်ထောင်ရှိ အမျိုးသမီးများ" ကိုသာ ထည့်သွင်းထားပြီး အိမ်ထောင်ကွဲနေသူ၊ Single Mother ပုံစံ ရပ်တည်နေရသူ အမျိုးသမီး/ မိခင်များ ဟူ၍ NEDP တွင် အတိအကျလည်း မရေးထားချေ။ 


ဤ အိမ်ထောင်ကွဲနေသူ၊ Single Mother ပုံစံ ရပ်တည်နေရသူ အမျိုးသမီး/ မိခင်များ နှင့်ပတ်သက်၍ ရွေ့ဆိုင်းခွင့်ရသူ (၅) မျိုးထဲ၌ " ကလေးငယ်များကို ပြုစုမည့် သူမရှိပါက မိခင် ၊ ဖခင် များအား ရွေ့ဆိုင်းခွင့်ပေးပြီး ချက်ချင်းမခေါ်" ဟူ၍ တာဝန်ရှိသူများဘက္မှ  အကြောင်းပြချက် ပေး၍ ရသည်။ ထိုပြင် ယာယီ ရွေ့ဆိုင်းခွင့်ရသူ (၇) မျိုးထဲမှ "မိသားစုရပ်တည်ရေးအတွက် တစ်ဉီးတည်း ဝင်ငွေ ရှာပေးနေရသူများ" ကိုလည်း ချက်ချင်းမခေါ် ရွေ့ဆိုင်း၍ရသည်ဟု အကြောင်းပြချက် ပေး၍ရသည်။


ရွေ့ဆိုင်းခွင့်ရသူ (၅) မျိုးထဲတွင် မိအို ဖအိုများကို လုပ် ကျွေးနေသူ များကိုလည်း ချက်ချင်း မခေါ် ရွေ့ဆိုင်းပေးသည်ဟုဆိုထားသည်။ မူးယစ်ဆေးဝါး ဖြတ်ထားသူ၊ ULA ထဲတွင် တာဝန်ထမ်းဆောင်နေသူ၊ လောလောဆယ် စစ်သင်တန်းတက်နိုင်လောက်သည်အထိ ကျန်းမာရေးမကောင်းဟု ULA/AA ဆေးအဖွဲ့က သတ်မှတ်ထားသူ များကိုလည်း ချက်ချင်းမခေါ် ရွေ့ဆိုင်းပေးမည်ဟု ဆိုထားသည်။ 


ယာယီရွေ့ဆိုင်းခွင့်ရသူ (၇) မျိုး တွင် အိမ်ထောင်ရှိ အမျိုးသမီး၊ ကျောင်းသား/သူ များ၊ တက္ကသိုလ် တက်နေသူများ၊ ULA ၏ ပညာရေး၊ ကျန်းမာရေး ဝန်ထမ်းများ၊ AA တပ်ဖွဲ့ဝင် မိသားစု ဖြစ်သူများ ပါဝင်သည်ဟု ဆိုထားသည်။ ထို (၇) မျိုးထဲတွင် AA တပ်ဖွဲ့ဝင် မိသားစု ဖြစ်ပါက လျော့ပေါ့ခွင့် ပေးထားသည်။ 


ULA/AA ၏ NEDP ဆိုင်ရာ ယာယီရွေ့ဆိုင်းခွင့်ရသူ (၇) မျိုး အရ အသက် (၁၈) နှစ် ပြည့်ပြီး ကျောင်းသား/ သူများ၊ မည်သည့် တက္ကသိုလ် တက်နေသူများကို ရွေ့ဆိုင်းခွင့် ပေးထားသည်။ ခက်သည်က လက်ရှိတွင် ရခိုင်တွင် တက္ကသိုလ် ပညာရေးမှာ ရပ်တန့်နေသည်။ ပြည်မဘက်သို့လည်း ULA/AA မှ သွားခွင့်မပြုပေ။ ဆိုလိုသည်မှာ မြေပြင်တွင် လက်ရှိ တက္ကသိုလ်တက်နေသူ ဘယ်သူမှ မရှိ ဆိုသော အနေအထားမျိုး ဖြစ်နေသည်။ သို့ဖြစ်၍ တက္ကသိုလ် တက်နေသူများကို ရွေ့ဆိုင်းခွင့် ဆိုသည်မှာက စာတွင်သာ ရေးထားပြီး လက်တွေ့ မဖြစ်လာသော အခြေအနေ သာ ဖြစ်နေသည်။


နည်းနာပိုင်းဆိုင်ရာ လျစ်လျူရှူမှု ("Tactical Oversight")


သို့ဖြစ်၍ ULA/AA ၏ NEDP တွင် Legal Exception အတွက် လုံးဝ လျစ်လျူရှူထားသလို ဖြစ်နေသော အခြေအနေနှစ်ရပ်ရှိသည်။ ပထမ အခြေအနေမှာ "အိမ်ထောင်ကွဲနေသော၊ Single Mother အဖြစ်ရပ်တည်နေရသော အမျိုးသမီးများနှင့် ၎င်းတို့၏ ကလေးငယ်များ" အပေါ် စဉ်းစားချက် မရှိပေ။ ဒုတိယ အခြေအနေမှာ NEDP ထဲတွင် စာဖြင့် ဖော်ပြထားသော်လည်း မြေပြင်တွင် မရှိဖြစ်နေသော " တက္ကသိုလ် တစ်ခုခုတွင် တက်ရောက်နေသူ" ဆိုသော အနေအထား ဖြစ်သည်။ လက်ရှိတွင် ရခိုင်၌ တက္ကသိုလ် မဖွင့်သေးချေ။ အကယ်၍ တက္ကသိုလ်အဆင့်၊ ကောလိပ်အဆင့် ပညာရေး ဖွင့္လာခ့ဲလျှင္ လက်ရှိတွင် မိမိဆန္ဒအရ မဟုတ်ဘဲ NEDP ကြောင့် စစ်မှုထမ်းနေရသော တက္ကသိုလ် တက်ခွင့်ရှိသော၊ တပိုင်းတစ ရပ္တန့္ သွားခ့ဲရသော လူငယ်များအတွက် Legal Exception မပါရှိပေ။


ဥပက္ခာပြုမှု (Negligence)


NEDP တွင် ထိခိုက်လွယ်သော လူနည်းစုများအပေါ် သီးသန့် ထည့်သွင်း စဉ်းစားချက္များ မပါရှိပေ။


ကတိကဝတ် အားနည်းမှု

ULA/AA ဘက္မှ စစ်မှုထမ်း သင်တန်းတက်သူများမှာ ရှေ့တန်းသို့ ထွက်တိုက်ရမည်ဆိုခြင်းထက် မိမိရပ်ရွာ ကာကွယ်ရေးကို အင်အားဖြည့်ရန်အတွက်ဟု ပြောဆိုချက္ရှိသည်။ ထိုပြောဆိုချက္အား ရခိုင်လူထုဘက္မှ သေချာသော ကတိကဝတ်ဟု  ယူဆပုံမရတော့​ေပ။ ထိုပြောဆိုချက္အား မြေပြင်တွင် ULA/AA ဘက္မှ  အတိအကျ အာမခံချက်ပေးရန်လိုအပ်သည်။



အမဲလိုက်ပွဲတော်


မြန်မာနိုင်ငံတွင် စစ်မှုထမ်း ကိစ္စဖြင့် လူထုအား အမဲလိုက်သလို ပြန်ပေးဆွဲသလိုမျိုးဖြင့် ကြမ်းကြုတ်မှုအား မြန်မာစစ်တပ်သည် ဆောင်ရွက်နေသည်။ မြန်မာစစ်တပ်သည် ၎င်းပြဌာန်းထားသော စစ်မှုထမ်း ဥပဒေထဲမှ Legal Exception များကို ဂရုမစိုက်ပေ။ အောက်ခြေအဆင့်တွင် အာဏာပြမှုများ၊ ငွေညစ်မှုများ၊ ကိုယ္ချင်းစာနာမှုကင္းမ့ဲခြင်းများ ရှိနေသည်။ ထိုအနေအထားအပေါ် မြန်မာစစ်တပ်သည် မသိမဟုတ် သိသည်။ တမင်တကာ လွတ်ပေးထားခြင်းဖြစ်သည်။ အဓိက အချက္မှာ ကိုယ်ထုတ်ထားသော စည်းကမ်းနှင့် မညီညွှတ်သော်လည်း အင်အားရလျှင် ပြီးပြီ ဟူသော အမြင်ဖြစ်သည်။ ဤအချိန်ကား အောက္ ခြေ၏ အဂတိတရားများကို ဖော်ထုတ်နေမည့်အချိန်မဟုတ်၊ ဘယ်သူထိခိုက်သည်ဖြစ်စေ လုပ်မည်။ ထိုသို့ လုပ်နိုင်ရန်လည်း အောက်ခြေအား အခွင့်အရေး၊ အာဏာကို အသုံးချချင်သလို ချခွင့္ ပေးထားသည်။ 


ဤကား မြန်မာစစ်တပ်၏ လုပ်ရပ်ဖြစ်သည်။ ဤသို့ဆိုပါလျှင်  ULA/AA ၏ NEDP သည်ကား လားရာ အဘယ်သို့ရှိသနည်း။ ဝမ်းနည်းစရာကောင်းသည်က "ကိုယ်ထုတ်ထားသော စည်းကမ်းနှင့် မညီညွှတ်သော်လည်း အင်အားရလျှင် ပြီးပြီ ဟူသော အမြင်မျိုး၊ ဤအချိန်ကား အောက္ခြေ အဂတိတရားများကို ဖော်ထုတ်နေမည့်အချိန်မဟုတ်၊ ဘယ်သူထိခိုက်သည်ဖြစ်စေ လုပ်မည်ဟူသော အမြင်မျိုး၊ ထိုသို့ လုပ်နိုင်ရန်လည်း အောက်ခြေအား အခွင့်အရေး၊ အာဏာကို အသုံးချချင်သလို ချခွင့် ရနေသော ​အခြေအနေမျိုးက  ULA/AA တွင်လည်း ရှိနေသည်။ 


မြန်မာစစ်တပ်သည်ကား ကျင့်ဝတ်ပိုင်း ဖောက်ဖျက္မှုနှင့် ရက်စက်ကြမ်းကြုတ်မှုတွင် နှိုင္းရမ့ဲ ဖြစ်ကာ အာဏာရှင်ကို ဖြစ်ပေါ်စေသော အခင်းအကျင်းလည်းဖြစ်သည်။ အာဏာရှင်ကို ဆန့်ကျင်နေသော ULA/AA တွင်ပင်လျှင် အောက်ခြေပိုင်းတွင် အာဏာပြမှုများ၊ ဆုံးဖြတ်ချက်ချရာတွင် အများပါဝင်မှုကို ပိတ်ပင်မှုများ နှင့် Legal Exception များကို မျက်ကွယ်ပြုမှုများက ရှိနေသည်။


မြန်မာစစ်တပ်၏ စစ်မှုမထမ်း မနေရ ကိစ္စတွင် Legal Exception များကို မျက်ကွယ်ပြုမှုမှာ တပ်သားသစ်လိုအပ်ချက္များပြားမှုနှင့္ လူထုအား ဖိနှိပ်ငြိမ်ဝပ်စေလို၍ ဖြစ်သည်။ ULA/AA ၏ စစ်မှုထမ်းကိစ္စမှာ မြန်မာစစ်တပ်ကိုရင်ဆိုင်ရန်နှင့် အာဏာရှိကြောင်း ပြရန်ဖြစ်သည်။ ULA/AA ဘက္မှ စစ်မှုထမ်း သင်တန်းတက်သူများမှာ ရှေ့တန်းသို့ ထွက်တိုက်ခြင်းထက် မိမိရပ်ရွာ ကာကွယ်ရေးကို အင်အားဖြည့်ရန်အတွက်ဟု ပြောနေသော်လည်း ထိုအချက္မှာ ရခိုင်လူထုအတွက် သေချာသော ကတိကဝတ် အဖြစ် ရှိနေပုံမရချေ။ 

ဤသို့ဖြင့္  နှစ်ဖက်စလုံးကား မိမိထုတ်ပြန်ထားသော Legal Exception များကို ဂရုစိုက်ဟန်မရှိပေ။


သို့သော္ မျှော်လင့်ချက် ဝေဝါးနေချိန်တွင္  ULA/AA သည် မြန်မာစစ်တပ်ထက်တော့ ပြော၍ဆို၍ ရတန်နိုင်ကောင်းသည်။ သို့သော် ULA/AA အနေဖြင့် မြန်မာစစ်တပ်၏ ကြမ်းကြုတ်မှုများကို အကြောင်းပြချက်ပြကာ ရခိုင်ဒေသ၏ လူ့ဂုဏ်သိက္ခာနှင့် တရားမျှတမှုအား ပစ်ပယ်မှုဖြင့် လက်ရှိ လူသားချင်းစာနာမှုအကြပ်အတည်းအား ကျော်ဖြတ်ရန် မဖြစ်နိုင်ပေ။ 



Comments

Popular posts from this blog

အီရန်၏ "Vahdat" (ဝါးဒတ်) မှသည် "Mostebed" (မိုစတီးဘဒ်) သို့ (၂)

ဆိုဗီယက်ပြည်ထောင်စုပြိုကွဲပြီးနောက် ရုရှားနိုင်ငံ၏ အပြောင်းအလဲ အပေါ်လေ့လာခြင်း

တောင်ကိုးရီးယား၏ (1961)ခုႏွစ္မှ (1988)ခုနှစ် အထိ 27 နှစ်ကာလအကြား စီးပွားရေးတိုးတက်မှုကိုလေ့လာခြင်း