အဖွဲ့အစည်းတစ်ခု၏ အလေ့အထ (Organizational Behavior)

 အဖွဲ့အစည်းတစ်ခု၏ အလေ့အထ (Organizational Behavior) နှင့် လူနည်းစု


အချိန်ကာလကား...သံတွဲမြို့အား သိမ်းပြီးနောက် တောင်ကုတ်မြို့နယ်ဘက်တွင် မြို့သိမ်းတိုက်ပွဲ အစပြုလာချိန်က ဖြစ်သည်။ အရပ်သားပြည်သူများမှာ အဆင်ပြေရာနေရာများသို့ စစ်ရှောင် ကြရသည်။ 


"ရပ်"

သုံးဘီးတစ်စီးအား ULA/AA ဂိတ်မှ တားမြစ်သံ။ သုံးဘီးပေါ်တွင် အမျိုးသမီး သုံးလေးငါးဦးခန့်ပါကြသည်။ ဂိတ်မှ တစ်ဦးထွက်လာကာ ထိုအမျိုးသမီးများအား မေးလိုက်သည်။


"အဇာကလာလေး၊ အဇာကို လားဖို့လေး"

"ကျွန်မတို့....... ရွာကို သွားဖို့ဘီ အကိုရေ့"

"ကျွန်မ လို့ မပြောဂေ့၊ အကျွန်လို့ ပြော၊ ဒေနီရာကလူတိ ခွီးစကားလီသံစီ ပြောကတ်တေ"


စစ်ဆေးမှုပြီးသွားပုံရသည်။ သုံးဘီးက ထွက်ခွာသွားသည်။ သုံးဘီးပေါ်ရှိ အမျိုးသမီးသုံးလေးယောက္မှာ နုတ်ဆိတ်လျှက်၊ မျက်နှာပျက်လျှက်........။ ဤသည်က ဖြစ်ရပ်တစ်ခု။ နေရာအတိအကျကိုတော့ ဇတ်ရှုပ်မည်ဖြစ်၍ မပြောလိုတော့ပြီ။


ယင်းတုန်းက ထိုဖြစ်ရပ်ကို ကြည့်၍ တွေးထင္ခ့ဲမိသည္။ ULA/AA အနေဖြင့် ဤသို့ အောက်ခြေတွင် လူထုအား လေယူလေသိမ်း အပေါ် ခွဲခြားဆက်ဆံသည့် အဖြစ်အပျက္များကို တစ်စုံတစ်ရာ ထိန်းသိမ်းလာလိမ့်မည်ဟု။ သို့သော် ထိုက့ဲသို့ အဖြစ်အပျက္များကား အချိန်တစ်ခုကြာလာသည့်တိုင်အောင် ရှိနေမြဲ....။


လူထုဆက်ဆံရေးနှင့် ပတ်သက်၍ အရပ်သားများနှင့် နိစ္စဒူဝထိတွေ့နေရသော နယ်ပါယ်တွင် ဆောင်ရွက်နေသော အောက်ခြေအဆင့် အဖွဲ့ဝင်များအား ULA/AA ထိပ်ပိုင်းက လူထုနှင့် ပြေပြေလည်လည်ဆက်ဆံရန် လမ်းညွှန်ထားနိုင်ကောင်းသည်။ သို့သော် အောက်ခြေတွင် အထက်တွင် ဖော္ပ​ြခ့ဲသော ဖြစ်ရပ်မျိုးက တချက် တချက် ရှိနေအုံးမည့် သဘောလည်းဖြစ်နေသည်။


ထို တချက်တချက် ရှိနေမှုက "ဒေသိယ လေယူလေသိမ်း မတူသော လူထုမှာ တခါမဟုတ် တခါတော့ ထိုသို့ အစော်ကားခံရနိုင်သည်" ဆိုသည်ကို ပြနေသည့် သဘောပင်။ အကယ်၍ ထိုက့ဲသို့ ဖြစ်ရပ်အား ဟိုးလေးတကျော်ကျော် ဖြစ်သွားပါက အောက်ခြေအဖွဲ့ဝင်အပေါ် ULA/AA ဘက်က  ဒဏ်ပေး ပြ အရေးယူပြလာနိုင်သည်။ ထိုသို့မဟုတ်ဘဲ ထို ဖြစ်စဉ်မျိုးမရှိဟု ငြင်းဆန်ပါယ်ချ သွားနိုင်သည်။ 


ဒဏ်ပေး အရေးယူပြမှု သို့မဟုတ် ငြင်းဆန်မှု နှစ်မျိုးစလုံးထက် အရေးကြီးသောအရာက  "ထိုက့ဲသို့ ဖြစ်စဉ်များ နောက်ထပ်မပေါ်ပေါက်လာစေရန် မည်သို့ ပြင်ဆင်မည်နည်း" ဆိုသော မေးခွန်းမျိုးဘက်က စဉ်းစားရမည့် အပိုင်းဖြစ်သည်။ ပြစ်ဒဏ်ပေးမှုထက် စနစ်ဖြင့် အာမခံမှုက ပိုကောင်းသည်။ သို့သော် ငြင်းဆန်ပါက စနစ်ကိုလည်း ဘာမှ ထပ်မျှော်လင့်စရာ မရှိတော့ပေ။

ထိုသို့ ဖြစ်နေပါက အနီးအနား နီးစပ်ရာ မည်သူကို တိုင်ကြားနိုင်သည်ဆိုသော ယန္တယားစနစ်မျိုးက လူထုအတွက် လိုလာသည်။ သို့ရာတွင် လူထုအတွက် ထိုသို့ ယန္တယားစနစ်မျိုးက မရှိပေ။ တိုင်ကြားစရာက လက်လှမ်းတမှီတွင် ရှိသည်ဆိုအုံးတော့။ ခံရသူလူထုဘက်က အကြောက်တရားကြောင့် အသံထွက်နိုင်မည်မဟုတ်ပါက လည်း ဘာမှ မထူးတော့ပေ။


ဤတွင် စိုးရိမ်စရာကောင်းသော အချက်တစ်ခုက ရှိသေးသည်။ တိုက်ပွဲကာလ တော်လှန်ရေးကာလ ဖြစ်၍ အောက်ခြေက မသိနားမလည်သော သူများ နည်းနည်းပါးပါး အမှားအယွင်း ဖြစ်နေခြင်းကို ပြောစရာလား ဆိုသော အမြင်ဖြစ်သည်။ ဤအမြင်က တစ်ဦးတစ်ယောက်၏ အမူအကျင့်မှာ အဖွဲ့အစည်းတစ်ခုအနေဖြင့် ပဲဲ့ပြင် ထိန်းကျောင်းစရာ မလိုသော အစိတ်အပိုင်း အဖြစ် လျော့ချထားလိုက်ခြင်းလည်းဖြစ်သည်။ ဤသည်က ကျင့်ဝတ်၊ တန်ဖိုးဆိုသော ဘယ်အချိန်၌မဆို မပစ်ပယ်အပ်သော အရာများကို လွယ်လွယ်ကူကူ ပစ်ပယ်လိုက်သော အလေ့အထ ထွန်းကားရန်  လမ်းပွင့်စေတော့သည်။ ဤသို့ဖြင့် ထို ပစ်ပယ်တတ်သောအလေ့အထမှာ အဖွဲ့အစည်းတစ်ခု၏ အလေ့အထ ပုံစံဘက်ကို ရောက်လာတော့သည်။ ကျင့်ဝတ်၊ တန်ဖိုးအပေါ် ဂရုမစိုက်သော အလေ့အထမျိုးနှင့် အကြောက်တရားဖြင့် အသံမထွက်နိုင်မှုမှာ ဒင်္ဂါးပြား၏ ခေါင်းနှင့်ပန်းလို အခြေအနေမျိုး ဖြစ်သည်။ ထိုအခြေအနေမျိုးတွင် "အတင်းအဓမ္မ ဝန်ခံခိုင်းခြင်း" (Coerced Confession) နှင့် "ခိုင်လုံမှုမရှိသော သက်သေ" (Inadmissible Evidence) ဖြစ်စဉ်များ၏ သားကောင်ဘဝ ကို လူထုသည် သက်ဆင်းရတတ်ပြန်သည်။


ဤအနေအထားမျိုးက  ဒေသန္တရ လေယူလေသိမ်း ကွဲသော အုပ်စု များအပေါ်တွင်သာ ကွက်၍ သက်ရောက်သည်မဟုတ် အခြားမတူညီသော လူနည်းစု (Minorities) များအပေါ်တွင်ပါ သက်ရောက်နေမည့် ကိစ္စလည်းဖြစ်သည်။ ကမ္ဘာပေါ်ရှိ ပဋိပက္ခဖြစ်နေသော နေရာများတွင် လူနည်းစုများ (Minorities) က ပိုပြီး ထိခိုက်ခံစားရလေ့ရှိသည်။ လက်ရှိ ရခိုင်ပြည်၏ အခြေအနေသည်လည်း ပဋိပက္ခ အောက်တွင် ရှိနေသည်။ သဘောက ရောဂါတစ်ခုဖြစ်လာလျှင် ကိုယ်ခံအားနည်းသူမှာ ကိုယ်ခံအားကောင်းသူလောက် ရောဂါဒဏ်ကို မခံနိုင်သည့် သဘောမျိုးဖြစ်သည်။ ဤအနေအထားမျိုးတွင် ကိုယ်ခံအားကောင်းသူဘက္မှ ငါတို့လည်း ဒီရောဂါဒဏ်ကို ခံရတာပဲ မင်းတို့လည်း ငါတို့လို တောင့်ခံရန် တာဝန်ရှိသည်ဟု တန်းညှိ့နေလျှင်လည်း ထိုတန်းမှ ဘယ်အခါမှ ညီမည်မဟုတ်သော တန်းဖြစ်နေသည်။


သဘာဝ ဖြစ်ပေါ်မှုအရပင် လူနည်းစု ဖြစ်နေ၍ လူနည်းစုများမှာ များသောအားဖြင့် နိုင်ငံရေး၊ စစ်ရေးနှင့် စီးပွားရေး အင်အားစုများတွင် ပါဝင်မှု နည်းပါးတတ်သည်။ လူများစုက ထိုသို့မဟုတ်ဘဲ ပါဝင်မှုများတတ်သည်။ နိုင်ငံရေး၊ စစ်ရေးနှင့် စီးပွားရေး အင်အားစုများတွင် ပါဝင်မှု နည်းပါးမှုကပင် လူနည်းစုများအတွက်အပြစ်တင်ခံရမှု (Scapegoating) ကို ဖြစ်စေတော့သည်။ လူများစုဘက်က "ငါတို့လောက်ပါဝင်မှုမရှိ"၊ " ရန်သူ"၊ "ဒလန်"၊ "သစ္စာဖောက်"၊ "မယုံကြည်ရသူ" စသဖြင့် လူနည်းစုများကို တံဆိပ်ကပ်ခံရနိုင်သည်။ စစ်ပွဲ က့ဲသို့ ပဋိပက္ခများတွင်  လူများ၏  စိတ်ထဲ၌  "ငါတို့ဘက်၊ သူတို့ဘက် ဆိုသည့် ဘက်အစွန်း" ကို နှိုးဆွပေးတတ်ကြသည်။ ထိုအခါ မိမိတို့နှင့် လေယူလေသိမ်း မတူသူ၊ ကိုးကွယ်မှု မတူသူ ၊ ရိုးရာဓလေ့မတူသူ များအပေါ်  "ငါတို့နှင့် မဆိုင်သူ၊ ငါတို့လိုမျိုး မဟုတ်သူ (The Others)" အဖြစ်သတ်မှတ်လိုက်တတ်သည်။ ထိုက့ဲသို့  သတ်မှတ်မှုက လူနည်းစုများ အပေါ် ကြမ်းတမ်းစွာ ပြုမူပြောဆိုမှုနှင့်  စာနာစိတ် နည်းစွာ ဆက်ဆံမှုကို ဖြစ်လာစေသည်။ ပဋိပက္ခဒေသများတွင် အပြန်အလှန် နိုင်ငံရေးထိုးနှက်တိုက်ခိုက္မှုများအရ လူနည်းစုများမှာ ကစားပွဲ၏ သားကောင် ဖြစ်တတ်ပြန်သည်။ လက်နက်ကိုင်အဖွဲ့အစည်းများအနေဖြင့် ဒေသတစ်ခုကို ထိန်းချုပ်ရန် ကြိုးစားသောအခါ  "လူနည်းစု" များကို ပြတ်ပြတ်သားသား နှိပ်ကွပ်ပြခြင်းအားဖြင့် ကျန်သော လူထုကို ကြောက်ရွံ့သွားရန် လုပ်ဆောင်သော နည်းဗျူဟာ (Terror Tactics) နှင့် ကြောက်ရွံ့မှုကို အခြေခံသော ထိန်းချုပ်မှု (Rule by Fear)ကို အသုံးပြုတတ်ကြသည်။ ဤက့ဲသို့ အခြေအနေမျိုးတွင် မတူကွဲပြားသော အုပ်စုများအတွက် အကာအကွယ်မဲ့ခြင်း (Lack of Power and Protection) က ဖြစ်လာတတ်သည်။


ဤသည်ကား ပဋိပက္ခ အကြပ်အတည်းကာလ အတွင်း မတူကွဲပြားသော အုပ်စုများအပေါ် ဖြစ်ပေါ်တတ်သော လူမှုဆိုင်ရာ စိတ်ခံစားချက္များ ဖြစ်သည်။ ထိုစိတ်ခံစားချက်များသည် အဖွဲ့အစည်း၏ အမူအကျင့် (Organizational Behavior) မျိုး မဖြစ်သွားရန်လိုသည်။


Comments

Popular posts from this blog

အီရန်၏ "Vahdat" (ဝါးဒတ်) မှသည် "Mostebed" (မိုစတီးဘဒ်) သို့ (၂)

ဆိုဗီယက်ပြည်ထောင်စုပြိုကွဲပြီးနောက် ရုရှားနိုင်ငံ၏ အပြောင်းအလဲ အပေါ်လေ့လာခြင်း

တောင်ကိုးရီးယား၏ (1961)ခုႏွစ္မှ (1988)ခုနှစ် အထိ 27 နှစ်ကာလအကြား စီးပွားရေးတိုးတက်မှုကိုလေ့လာခြင်း