မလွတ်မြောက်သေးသော ရခိုင်ဒေသ၏ မြေသိမ်းကျိမ်စာ- ၅
မလွတ်မြောက်သေးသော ရခိုင်ဒေသ၏ မြေသိမ်းကျိမ်စာ- ၅
၁၈၉၄ ခုနှစ် မြေသိမ်းဥပဒေ ပေါ်လာမှု နှင့် အိန္ဒိယ ၊ ဘင်္ဂလားဒေရှ့် တို့၏ မြေသိမ်းဥပဒေများ
၁၈၉၄ ခုနှစ် မြေသိမ်းဥပဒေ (The Land Acquisition Act, 1894) မှာ ဗြိတိသျှများ၏ အကျိုးစီးပွားကို အကောင်အထည်ဖော်ရန်အတွက်ဖြစ်သည်။ ၁၈၉၄ ခုနှစ်မြေသိမ်းဥပဒေက ထိုအကျိုးစီးပွားအား ဖော်ဆောင်ရန် ဗြိတိသျှကိုလိုနီအစိုးရ၏ အုပ်ချုပ်ရေး၊ စီးပွားရေး နယ်ချဲ့မှုဗျူဟာ ထဲမှ တစ်ခုလည်း ဖြစ်သည်။
၁၈၂၄ ခုနှစ်မှ ၁၈၇၀ ခုနှစ်ကျော်အထိ ဗြိတိသျှ အိန္ဒိယ နယ်မြေတစ်လျှောက္ မြေယာကိစ္စအပေါ် ကိုင်တွယ်မှုတွင် ဗြိတိသျှတို့အနေဖြင့် ဥပဒေ တစ်ပြေးညီမှုအပိုင်းတွင် အားနည်းချက္များ ရှိခ့ဲသည္။ ကိုလိုနီနယ်မြေအပေါ် အကျိုးစီးပွားအရ အမြတ်ထုတ်နိုင်ရန် အုပ်ချုပ်ရေးယန္တရား ခိုင်မာရန် လိုအပ်သည်။ စီးပွားရေးအရ ခေါင်းပုံဖြတ်ရန်လည်း လမ်း၊ တံတား၊ မီးရထားလမ်း များရှိရန္လိုအပ္လာခ့ဲသည္။ ထိုအကျိုးစီးပွားအား ကာကွယ်ရန် စစ်တပ်စခန်း (Cantonments) များ တည်ဆောက်ရန် လိုအပ္လာခ့ဲသည္။ ထိုလုပ်ငန်းစဉ်များအတွက် မြေနေရာလိုအပ်လာသည်။ အစောပိုင်းကာလ ၁၈၂၄ ခုနှစ်၊ ၁၈၅၀ ပြည့်နှစ်၊ ၁၈၇၀ ပြည့်နှစ်များတွင် မြေသိမ်းဥပဒေအဟောင်းများကို တောက်လျှောက် ပြဋ္ဌာန်းခဲ့သည်။ ထိုဥပဒေဟောင်းများမှာလျော်ကြေးတွက်ချက်ပုံက ရှုပ်ထွေးလွန်းပြီး ဒေသအလိုက် မညီမညာပေ။ ထိုပြင် မြေသိမ်းရသော လုပ်ငန်းစဉ်က အလွန်ကြန့်ကြာပြီး စီမံကိန်းများ အချိန်မီ မပြီးစီးပေ။ မြေပိုင်ရှင်များနှင့် အငြင်းပွားမှုများကို ဖြေရှင်းရာတွင်လည်း ခက်ခဲနေ ခ့ဲသည်။
ထိုသို့ စီမံခန့်ခွဲမှု အခက်အခဲ အပေါ် ဗြိတိသျှများ ကိုလိုနီအစိုးရဖြစ်၍ လူထု၏ တရားမျှတမှုအပေါ် မျက်ကွယ်ပြုကာ ဖြေရှင္းးခ့ဲသည္။ ၁၈၈၀ ခုနှစ် မှ ၁၈၉၀ ခုနှစ်အကျော်အထိ ဗြိတိသျှတို့၏ လိုဘမှာ တောင်အာရှနှစ် အရှေ့တောင်အာရှ တစ်လျှောက် "အင်ပါယာ ချဲ့ထွင်ရေး" သာဖြစ်သည်။ ၁၈၈၅ ခုနှစ် အထက္မြန်မာနိုင်ငံကို သိမ်းကာ တနိုင်ငံလုံးကို အပြည့်အဝ ထိန်းချုပ်ပြီးနောက် မီးရထားလမ်း၊ ဆိပ်ကမ်း၊ တူးမြောင်း၊ သစ်တောနှင့်သတ္တုတွင်းလုပ်ငန်း က့ဲသို့ အခြေခံအဆောက်အအုံ များကို အရှိန်အဟုန်ဖြင့် လုပ်ကိုင်ရန် လိုအပ္လာခ့ဲသည္။
ထိုအတွက် ပုဂ္ဂလိကပိုင်မြေများအား အမြန်ဆုံး၊ အလွယ်ကူဆုံး စနစ်တကျ သိမ်းယူနိုင်ရန် ဥပဒေတစ်ရပ် အရေးတကြီး လိုအပ္လာသည္။ ထိုလိုအပ်ကြောင့် ၁၈၉၄ ခုနှစ်တွင် မြေသိမ်းဥပဒေတရပ်အား အိန္ဒိယဘုရင်ခံချုပ်ကောင်စီ (Imperial Legislative Council) ကနေ ပြဋ္ဌာန်းခဲ့ခြင်းဖြစ်သည်။
ထို ၁၈၉၄ ခုနှစ် ဥပဒေ၏ အဓိက ဒဿနမှာ "Eminent Domain" အယူအဆအပေါ် အခြေခံထားခြင်းဖြစ်သည်။ အဓိပ္ပာယ်က နိုင်ငံတော်/အစိုးရသည် အများပြည်သူအကျိုးစီးပွားအတွက် လိုအပ်ပါက နိုင်ငံအတွင်းရှိ မည်သည့်ပုဂ္ဂလိကပိုင်မြေကိုမဆို လျော်ကြေးပေး၍ သိမ်းယူပိုင်ခွင့် အချုပ်အခြာအာဏာ ရှိစေရမည် ဆိုသော အချက် ကို တဖက်လှည့် အသုံးချသွားခြင်း ဖြစ်သည်။ ဗြိတိသျှများက မြေပိုင်ရှင်အပေါ် လျော်ကြေးဆိုင်ရာ ကန့်ကွက်ခွင့်အတွက် အကာအကွယ် ပေးထားသည်ဟု ဆိုသော်လည်း အစိုးရက စီမံကိန်းလုပ်ရန် မြေလိုသောအခါ မြေပိုင်ရှင်က ငြင်းဆန်ခွင့် မရှိစေရ ဆိုသော အချက်ကို အတည်ပြုရန် ၁၈၉၄ ခုနှစ် မြေသိမ်း ဥပဒေကို ပြဋ္ဌာန်းခဲ့ခြင်း ဖြစ်သည်။
၁၉၄၈ ခုနှစ် မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီးနောက်ပိုင်း ဖဆပလခေတ်၊ တော်လှန်ရေးကောင်စီခေတ်၊ လမ်းစဉ်ပါတီခေတ်ကနေ စစ်အစိုးရခေတ်အထိ ခေတ်အဆက်ဆက် အစိုးရများအနေဖြင့် မြေသိမ်းရာတွင် ကိုလိုနီခေတ်လက်ကျန် ၁၈၉၄ ဥပဒေကိုသာ ပင်မဥပဒေအဖြစ် ဆက်လက် အသုံးပြုခဲ့ကြသည်။
ဤသို့ဆိုပါလျှင် ၁၈၉၄ ခုနှစ် မြေသိမ်းဥပဒေ အောက်တွင် အတူတူရှိနေ ခ့ဲသော ဘင်္ဂလားဒေရှ့်နှင့် အိန္ဒိယတို့တွင် မြေသိမ်းရာ၌ အခြေအနေမည်သို့ ရှိသနည်းဟု ပြန်လည် ဆန်းစစ်စရာရှိလာသည်။
ဘင်္ဂလားဒေရှ့် မြေသိမ်း ဥပဒေ
လက်ရှိတွင်တော့ ဗြိတိသျှကိုလိုနီခေတ်ကတည်းက ကျင့်သုံးခဲ့သော ၁၈၉၄ ခုနှစ် မြေသိမ်းဥပဒေဟောင်းအား အကြီးအကျယ် ပြင်ဆင်ကာ ၂၀၁၇ ခုနှစ်တွင် "အိမ်ခြံမြေသိမ်းယူခြင်းနှင့် ဒေသပြောင်းရွှေ့နေရာချထားခြင်းဆိုင်ရာ ဥပဒေ" (The Acquisition and Requisition of Immovable Property Act, 2017) အား ပြဌာန်းထားသည္။ ဤ ဥပဒေသစ်ကြောင့် ဘင်္ဂလားဒေ့ရှ်တွင် မြေသိမ်းခံရပါက လျှော်ကြေးနှုန်းထားမှာ အရင်ကထက် သိသိသာသာ မြင့်တက်လာခဲ့သည်။
ဥပဒေသစ်အရ ဘင်္ဂလားဒေရှ့်တွင် မြေယာတန်ဖိုး တွက်ချက်သောအခါ မြေသိမ်းဒေသ၏ လွန်ခဲ့သော ၁၂ လအတွင်း အရောင်းအဝယ်ဖြစ် ကာလပေါက်ဈေး (Market Value) ကို အခြေခံပြီး တွက်ချက်လာသည်။ အစိုးရ သိမ်းသော ကိစ္စရပ်များတွင် ပိုင်ရှင်နစ်နာမှုမရှိစေရန် "အပိုဆောင်း နစ်နာကြေး (Premium/Premium Compensation)" သတ်မှတ်မှုက ပိုမို အဆင့် မြင့်လာခ့ဲသည္။
ဘင်္ဂလားဒေရှ့်၏ အပိုဆောင်း နစ်နာကြေး (Premium/Premium Compensation)" သတ်မှတ်မှု
အစိုးရ စီမံကိန်းများအတွက် ဖြစ်ပါက မြေ ဈေးကွက်ပေါက်ဈေးအပြင် နောက်ထပ် ၂၀၀ ရာခိုင်နှုန်း (၃ ဆ) အထိ တိုးမြှင့်ပေးရသည်။ (ဥပမာ- မြေတန်ဖိုး သိန်း ၁၀၀ ဆိုပါက လျှော်ကြေး သိန်း ၃၀၀ ဖြစ်သွားမည် ဖြစ်သည်။) ပုဂ္ဂလိက စီမံကိန်းများအတွက် အစိုးရက မြေသိမ်းပါက ဈေးကွက်ပေါက်ဈေးအပြင် နောက်ထပ် ၃၀၀ ရာခိုင်နှုန်း (၄ ဆ) အထိ တိုးမြှင့်ပေးရသည်။ မြေပေါ်ရှိ ပိုင်ဆိုင်မှုများ၊ အဆောက်အအုံနှင့် သစ်ပင်များ၊ မြေပေါ် အိမ်၊ အဆောက်အအုံ၊ အုတ်တံတိုင်း၊ စိုက်ပျိုးထားသော အပင်ကြီးများ၏ ကာလပေါက်ဈေးအပြင် နောက်ထပ် ၁၀၀ ရာခိုင်နှုန်း (၂ ဆ) ကို ပေါင်းပေးရသည်။ မြေသိမ်းခံရ၍ ပိုင်ရှင်၏ အသက်မွေးဝမ်းကျောင်း သို့မဟုတ် စီးပွားရေးလုပ်ငန်း ထိခိုက်ရပ်ဆိုင်းသွားပါက ထိုအတွက် နစ်နာကြေးကိုပါ တွက်ချက်ပေးရသည်။
လုပ်ထုံးလုပ်နည်းနှင့် ကန့်ကွက်နိုင်ခွင့်
ဒေသန္တရအုပ်ချုပ်ရေးမှူး (Deputy Commissioner - DC) မှ မြေသိမ်းမည် ဖြစ်ကြောင်း ပိုင်ရှင်ထံ တရားဝင်အကြောင်းကြားစာ ပို့ရသည်။မြေပိုင်ရှင်ဘက်က မြေသိမ်းမှုအား မကျေနပ် သို့မဟုတ် အများပြည်သူအကျိုးစီးပွားအတွက် မဟုတ်ဘူးဟု ယူဆပါက အကြောင်းကြားစာရပြီး ၁၅ ရက်အတွင်း ဒေသအာဏာပိုင် (DC) ထံ ကန့်ကွက်လွှာ တင်သွင်းခွင့်ရှိသည်။ DC က ကန့်ကွက်လွှာကို စိစစ်ပြီး အစိုးရထံ တင်ပြရသည်။ မြေဧရိယာ အတိုင်းအတာပေါ်မူတည်ပြီး အစိုးရအဖွဲ့ သို့မဟုတ် သက်ဆိုင်ရာ ဝန်ကြီးဌာနက အတည်ပြုချက်ပေးမှသာ မြေသိမ်းခြင်းလုပ်ငန်းကို ဆက်လုပ်နိုင်သည်။
အိန္ဒိယ မြေသိမ်း ဥပဒေ
အိန္ဒိယတွင် ၁၈၉၄ ခုနှစ် မြေသိမ်းဥပဒေဟောင်းကို ရုပ်သိမ်းပြီး၊ ၂၀၁၃ ခုနှစ်တွင် အကြီးအကျယ် ပြုပြင်ပြောင်းလဲထားသောဥပဒေသစ်အား ပြဋ္ဌာန်းခဲ့သည်။ ထိုဥပဒေ အမည်မှာ "မြေယာသိမ်းယူခြင်း၊ တရားမျှတသော လျှော်ကြေးပေးခြင်းနှင့် ပွင့်လင်းမြင်သာမှုရှိခွင့်၊ ပြန်လည်နေရာချထားရေးနှင့် ပြန်လည်ထူထောင်ရေးဥပဒေ" (LARR Act - Right to Fair Compensation and Transparency in Land Acquisition, Rehabilitation and Resettlement Act, 2013) ဖြစ်သည်။
ထိုဥပဒေတွင် လျှော်ကြေး အား ဈေးကွက်ပေါက်ဈေးထက် ပိုပေးထားသည်။ ထိုဥပဒေအရ အိန္ဒိယတွင် မြေယာတန်ဖိုး (Market Value) ကို တွက်ချက်သောအခါ မြို့ပြနှင့် ကျေးလက်အပေါ် မူတည်၍ ခွဲခြားထားသည်။ အိန္ဒိယ မြို့ပြဒေသ (Urban Areas)များတွင် လျှော်ကြေးအား မြေ ကာလပေါက်ဈေး၏ အနည်းဆုံး ၂ ဆ သတ်မှတ်ထားသည်။ ကျေးလက်ဒေသ (Rural Areas) တွင် မြေ ကာလပေါက်ဈေး၏ အနည်းဆုံး ၄ ဆ အထိ သတ်မှတ်ထားသည်။ ထိုသို့သတ်မှတ်ရာတွင် တန်ဖိုးအမြင့်ဆုံးနေရာမှ အကွာအဝေးပေါ် မူတည်ပြီး ဒေသန္တရအစိုးရက သတ်မှတ်တဲ့ မြှောက်ဖော်ကိန်း သုံး၍ တွက်ချက်သည်။ ဥပဒေအရ မြေသိမ်းခံရ၍ စိတ်မသက်မသာ ဖြစ်ရမှု၊ လူမှုဘဝထိခိုက္မှုအတွက် မြေတန်ဖိုးစုစုပေါင်း၏ ၁၀၀ ရာခိုင်နှုန်း (တစ်ဆ) ကို အပိုဆောင်း နစ်နာကြေး Solatium အဖြစ် ထပ်ပေါင်းပေးရသည်။
အိန္ဒိယဥပဒေရဲ့ အထူးခြားဆုံးအချက်ကတော့ စီမံကိန်းအမျိုးအစားအလိုက် မြေပိုင်ရှင်တွေဆီက ကြိုတင်သဘောတူညီချက် (Consent Requirement) အား ရယူရခြင်းဖြစ်သည်။ ပုဂ္ဂလိက စီမံကိန်းများအတွက် မြေသိမ်းခံရသော မိသားစု/ပိုင်ရှင် မိသားစု၏ ၈၀ ရာခိုင်နှုန်း က သဘောတူမှ သိမ်းခွင့်ရသည်။ အစိုးရ-ပုဂ္ဂလိကဖက်စပ် စီမံကိန်းများ (PPP) အတှက် မြေပိုင်ရှင်များ၏ ၇၀ ရာခိုင်နှုန်း က သဘောတူညီချက် လိုသည်။(မှတ်ချက်- အစိုးရကိုယ်တိုင် လုပ်ဆောင်သော ကာကွယ်ရေး၊ လမ်းတံတား စသော ပြည်သူ့အကျိုးပြု လုပ်ငန်းများတွင် ဒီ သဘောတူညီချက် ကန့်သတ်ချက် အား ကင်းလွတ်ခွင့် ရရှိနိုင်သည်)။
ဥပဒေသစ်အရ မြေမသိမ်းခင် အိန္ဒိယ အစိုးရမှာ မဖြစ်မနေ လူမှုဝန်းကျင်ထိခိုက္မှု ဆန်းစစ်ခြင်း (Social Impact Assessment- SIA) ကို သီးခြားလွတ်လပ်သော အဖွဲ့အစည်းတစ်ခုဖြင့် ပြုလုပ်ရသည်။ မြေသိမ်းလိုက်၍ ဒေသခံမိသားစု ဘယ်နှစ်စု၏ အသက္မွေးဝမ်းကျောင်း ထိခိုက်သွားမည်။ ထိခိုက်မှု အနည်းဆုံးဖြစ်အောင် တခြားအစားထိုးနိုင်သော မြေနေရာ ဘယ်လိုရှိနိုင်မည် စသည့်အချက္များကို စစ်ဆေးပြီး အများပြည်သူ ကြားနာပွဲ (Public Hearing) လုပ်ရသည်။
ပြန်လည်နေရာချထားရေးနှင့် ပြန်လည်ထူထောင်ရေး (R&R) အတွက် အိန္ဒိယဥပဒေ အသစ်တွင် မြေပိုင်ရှင်တွေတင်မကဘဲ အဆိုပါမြေပေါ် မှီခိုပြီး အလုပ်လုပ်နေသော လယ်လုပ်သားများ၊ အငှားသမားများ (Landless Laborers) ကိုပါ ကာကွယ်ပေးထားသည်။ ထိုသူများ အိမ်ရာမဲ့ဖြစ်သွားပါက အခမဲ့ အိမ်ရာ (သို့မဟုတ်) အိမ်ဆောက်ဖို့ ငွေကြေး ထောက်ပံ့ရသည်။ အလုပ်အကိုင်အရ မိသားစုတစ်စုလျှင် အနည်းဆုံး တစ်ဦးကို စီမံကိန်းတွင် အလုပ်အကိုင် ပြန်ပေးရသည် (သို့မဟုတ်) တစ်လုံးတစ်ခဲတည်း ငွေကြေး ထောက်ပံ့ရသည်။ ပြောင်းရွှေ့စရိတ်နှင့် လုပ်ငန်းအခြေကျချိန်အထိ လစဉ် ထောက်ပံ့ကြေး ( အချိုးကျ) ကို ကာလအပိုင်းအခြားတစ်ခုအထိ ပေးရသည်။
အိန္ဒိယ၊ ဘင်္ဂလားဒေရှ့်တို့၏ လက်ရှိ အခက်အခဲ
ဘင်္ဂလားဒေရှ့်၏ အားသာချက်၊ အားနည်းချက်
ဒေသတွင်း နိုင်ငံများနှင့် ယှဉ်ပါက ဘင်္ဂလားဒေ့ရှ်၏ ၂၀၁၇ ဥပဒေက မြေပိုင်ရှင်တွေဘက်က ကြည့်ရင် လျှော်ကြေးငွေပမာဏ ပိုမိုရရှိအောင် ပြဋ္ဌာန်းပေးထားသည်။ အားနည်းချက္မှာ ဥပဒေအရ လျှော်ကြေး ၃ ဆ၊ ၄ ဆ ပေးတယ်ဆိုသော်လည်း လက်တွေ့မြေပြင်တွင်တော့ အခက်အခဲအချို့ ရှိနေဆဲဖြစ်သည်။ ဘင်္ဂလားဒေ့ရှ်တွင် မြေယာပိုင်ဆိုင်မှု မှတ်တမ်း (Land Records) တွေ ရှုပ်ထွေးတာ၊ ဂရန်အမည်ပေါက် မမှန် ခြင်း စသော စာရွက်စာတမ်း ပြဿနာ များရှိနေဆဲ ဖြစ်သည်။ ထိုအားနည်းချက်ကြောင့် မြေပိုင်ရှင်အစစ်အမှန်များမှာ လျှော်ကြေးငွေ ထုတ်ယူရန်ခက်ခဲနေမှုရှိသည်။လျှော်ကြေးငွေထုတ်ယူရန် အစိုးရရုံးဌာနနှင့် ဆက်သွယ်ရ သောအခါ ကြန့်ကြာမှု၊ ပွဲစားခ၊ လာဘ်ပေးလာဘ်ယူ၊ အကျင့်ပျက်ခြစားမှု များရှိနေသည်။ ဌာနေတိုင်းရင်းသားများအပေါ်တွင် အနိုင်ကျင့်မှုများက ရှိနေသည်။
ထိုသို့ အားနည်းချက္များ ရှိနေသည့်တိုင် ဘင်္ဂလားဒေရှ့်တွင် အဓိက စီမံကိန်းကြီးများ (Megaprojects) ၌ နိုင်ငံတကာစံနှုန်း အရ အကောင်းဘက်ကို ညွှန်ပြနေသော အခြေအနေများလည်း ရှိနေသည်။ ကမ္ဘာ့ဘဏ် (World Bank)၊ အာရှဖွံ့ဖြိုးရေးဘဏ် (ADB) က့ဲသို့ နိုင်ငံတကာအဖွဲ့အစည်းများက ငွေကြေးစိုက်ထုတ်သော စီမံကိန်းကြီးများ (ဥပမာ- Padma တံတားစီမံကိန်း) တွင် နိုင်ငံတကာစံနှုန်းအတိုင်း ပြန်လည်နေရာချထားရေး (Resettlement) နှင့် လျှော်ကြေးပေးရေးကို အစိုးရက အထူးကြပ်မတ်ပြီး အသေအချာ လုပ်ဆောင်ပေးသော မှတ်တမ်းများရှိထားသည်။
အိန္ဒိယ ၏ အားသာချက်၊ အားနည်းချက်
၂၀၁၃ ခုနှစ်တွင် အသစ္ပြဌာန္းခ့ဲသော ဥပဒေသစ်မှာ အိန္ဒိယ မြေပိုင်ရှင်များအတွက် လူသားဂုဏ်သိက္ခာကိုပါ ထည့်သွင်းထား၍ အရမ်းကောင်းလှသည်။ လူတစ်ဦးချင်း၏ အခွင့်အရေးနှင့် လွတ်လပ်မှုကို အခြေခံထား၍ စီမံကိန်းလုပ်မည့် ကုမ္ပဏီများနှင့် အစိုးရအတွက် မြေသိမ်းရာတွင် အလွန်ကြန့်ကြာကာ အပို ကုန်ကျစရိတ် များရှိနေ ခ့ဲသည္။ သို့ဖြစ်၍ နောက်ပိုင်းတွင် အိန္ဒိယဗဟိုအစိုးရနှင့် ဂူဂျာရတ်၊ ရာဂျာစသန် စသော ပြည်နယ်အစိုးရများကြားတွင် အခြေခံအဆောက်အအုံ စီမံကိန်းကြီးများ မြန်မြန်ဆန်ဆန် လုပ်နိုင်ရန် SIA ကိစ္စနှင့် သဘောတူညီချက် ရယူရသော စည်းမျဉ်းအချို့ကို ဖြေလျှော့ပေးထားသော ပြင်ဆင်ချက် ဥပဒေခွဲ (Amendments) များကို ပြည်နယ်အဆင့်တွင် သီးသန့်ပြဋ္ဌာန်းပြီး ကျင့်သုံးပေးထားရပြန်သည်။ ထိုသို့ ကျင့်သုံးခွင့်ပေးထားသော်လည် လူထု၏ အခွင့်အရေးများအား ပိတ်ပင်ထားသည်မျိုးတော့ မဟုတ်ပေ။ သို့ဖြစ်၍ အိန္ဒိယ၏ မြေယာကိုကြည့်ပါက မြေယာ အနိုင်ကျင့်မှု၊ အငြင်းပွားမှု၊ တရားရင်ဆိုင်မှု၊ လူ့အခွင့်အရေး စသည့်ကိစ္စများဖြင့် ပြည့်နှက်လျှက် တရားမျှတမှု ကို ဦးတည်ရန် ကြိုးစားနေသည်ကို့ မြင်ရမည် ဖြစ်သည်။
ရခိုင်ဒေသ လက်ရှိ နယ်မြေထိန်းချုပ်ထားသူအချို့၏ အမြင်
ဒေသတွင်းနိုင်ငံများနှင့် နိုင်ငံတကာတွင် ဘာကြောင့် မြေယာဥပဒေများတွင် လူ့အခွင့်အရေးနှင့် လူ့ဂုဏ်သိက္ခာများအတွက် အကာအကွယ်များကို ထည့်သွင်းလာရသနည်း။ ထိုသို့ ထည့်သွင်းထားမှုက အုပ်ချုပ်သူအစိုးရကို အလုပ်ရှုပ်စေကာ စီမံကိန်းများ ကြန့်ကြာသည်မဟုတ်လော၊ လျော်ကြေးငွေ ပိုပေးနေရပါက အစိုးရတွင် ပိုက်ဆံကုန်သည် မဟုတ်လားဟု တွေးစရာ ဖြစ်ကောင်း ဖြစ်ပါလိမ့်မည်။
အိန္ဒိယ၊ ဘင်္ဂလားဒေရှ့် စသည့် ဒေသတွင်းနိုင်ငံများနှင့် တရုတ်၊ ရုရှား စသော နိုင်ငံတကာတွင် မြေယာဥပဒေများကို ပြောင်းလဲ၍ လူ့အခွင့်အရေးနှင့် လူ့ဂုဏ်သိက္ခာဆိုင်ရာ တရားမျှတမှု အခင်းအကျင်းများကို ထည့်သွင်းလာရမှုက ၂၀၁၀ ခုနှစ်နောက်ပိုင်းတွင် အရှိန်အဟုန် မြင့္လာခ့ဲသည္။
မြေယာဆိုင်ရာ စီမံခန့်ခွဲမှုတွင် လူ့အခွင့်အရေးနှင့် လူ့ဂုဏ်သိက္ခာဆိုင်ရာ တရားမျှတမှုကို မျက်ကွယ်ပြု၍ ဖော်ဆောင်မှုကြောင့် ရရှိသော ဖွံ့ဖြိုးတိုးတက်မှုမှာ ပြဿနာများကို ဆက်တိုက် ဖြစ်ပေါ်စေပြီး နောက်ဆက်တွဲ ဆုံးရှုံးမှုများမှာ ပိုများကာ ရင်းနှီးမြုပ်နှံမှုစီမံကိန်းများကို ရိုက်ခတ်လာတော့သည်။ ကနဦးပိုင်းတွင်တော့ ထိုသို့ လူ့အခွင့်အရေးနှင့် လူ့ဂုဏ်သိက္ခာဆိုင်ရာ တရားမျှတမှုကို မျက်ကွယ်ပြုထား၍ စီမံကိန်းအား မြန်မြန်အကောင်အထည်ဖော်နိုင်မည်ဟု ထင်စရာရှိသည်။ လက်တွေ့တွင်ကား ထိုသို့မဟုတ် ရေရှည် မတည်ငြိမ်မှုနှင့် ဖိနှိပ်မှုကိုသာ ဖြစ်လာစေပြီး လူထုဘက္မှ ပေါက်ကွဲမှုကိုသာ ဦးတည်လာတော့သည်။
သို့ဖြစ်၍ မြေယာဆိုင်ရာ ကိစ္စရပ်များတွင် လူ့အခွင့်အရေးနှင့် လူ့ဂုဏ်သိက္ခာဆိုင်ရာ တရားမျှတမှုကို ထည့်သွင်းကာ အကောင်အထည်ဖော်လာကြခြင်းဖြစ်သည်။ အကယ်၍ နိုင်ငံတစ်ခုသည် စီမံကိန်းတစ်ခုအတွက် ကမ္ဘာ့ဘဏ်၊ IMF တို့ထံမှ ငွေချေးယူလိုပါက အဆိုပါ မြေယာဆိုင်ရာ ကိစ္စရပ်များတွင် လူ့အခွင့်အရေးနှင့် လူ့ဂုဏ်သိက္ခာဆိုင်ရာ တရားမျှတမှုကို ထည့်သွင်းကာ အကောင်အထည် ဖော်ပြလာမှသာ ငွေကြေးနှင့် အခြားအရင်းအမြစ်အကူအညီများကို ရရှိလာမည် ဖြစ်သည်။ ဤအခြေအနေမျိုးအတွက် ဘင်္ဂလားဒေရှ် နိုင်ငံမှာ အကောင်းဆုံး နမူနာ ဖြစ်သည်။
လူမှုစီးပွားဘဝ ထိခိုက္မှုရှိနေသော၊ ကပ်ဘေးတစ်ခုကို ရင်ဆိုင်နေရသော လူ့အဖွဲ့အစည်းတစ်ခုသည် နိုင်ငံတကာ၏ ဖေးမမှုနှင့် အကူအညီကို တည်ငြိမ်သော လူ့အဖွဲ့အစည်းများထက် ပိုမိုလိုအပ်သည်။
သို့သော် ရခိုင်ဒေသ လက်ရှိ နယ်မြေထိန်းချုပ်ထားသူအချို့၏ အမြင်တွင်တော့ ထိုသို့ ရှိပုံမရပေ။ လက်ရှိတွင် စစ်ရေးနှင့် မသက်ဆိုင်သော နယ်ပါယ်တွင်ရှိသော မြေယာကိစ္စရပ်အချို့တွင် လူ့အခွင့်အရေးနှင့် လူ့ဂုဏ်သိက္ခာဆိုင်ရာ တရားမျှတမှု ကို တောင်းဆိုလာသည်နှင့်ပင် တူးတူးခါးခါး ဖြစ်နေကြသူများ ရှိနေသည်။ နိုင်ငံတကာ၏ ဖေးမမှုနှင့် အကူအညီကို လိုအပ်နေ၍ နိုင်ငံတကာ စံနှုန်းများကို တပ်နိုင်သလောက်လိုက်နာရန် တောင်းဆိုတိုက်တွန်းမှုကိုပင်လျှင် ဖိအားဟု မြင်နေကြသည့် ထူးဆန်းလှသော အတွေးအခေါ်များကိုလည်း မြင်နေရသည်။
ဆက်ရန်
ကိုးကား
https://housing.com/news/land-grabbing/?hl=en-GB
https://www.godrejproperties.com/blog/how-to-protect-your-property-against-land-grabbing?hl=en-GB
https://www.landcoalition.org/en/latest/indigenous-youth-at-the-forefront-of-land-grabbing/?hl=en-GB
https://landportal.org/news/2021/11/land-grabbing-prevention-and-recovery-bangladesh?hl=en-GB
Comments
Post a Comment