မလွတ်မြောက်သေးသော ရခိုင်ဒေသ၏ မြေသိမ်းကျိမ်စာ- ၇

 မလွတ်မြောက်သေးသော ရခိုင်ဒေသ၏ မြေသိမ်းကျိမ်စာ- ၇


နိုင်ငံတကာ မြေ ယာဆိုင်ရာစံနှုန်းများ ပြောင်းလဲမှု


နိုင်ငံတကာမြေယာဆိုင်ရာ စံနှုန်းများ ပြောင်းလဲမှုမှာ နိုင်ငံတကာ ဖွံ့ဖြိုးရေးနှင့် လူမှုတည်ငြိမ်ရေးဆိုင်ရာ ပြဿနာများကို ဖြေရှင်းရန် ကြိုးစားမှုလည်းဖြစ်သည်။ ဤတွင် နိုင်ငံတကာဟု ပြောလိုက်သည်နှင့် ရခိုင်ဒေသ၏ အချို့သူများတွင် နားလည်မှုလွဲနေသော အမြင်တစ်ခုက ကပ်ပါလာသည်။ လက်ရှိ ရခိုင်ဒေသ၏ အချို့သူများ၏ အတွေးအမြင်မှာ နိုင်ငံတကာဟူသည် မိမိတို့နှင့် မသက်ဆိုင် အခြားသော အပြင်ဘက်တနေရာတွင်ရှိနေသည့် ကိစ္စဟု ယူဆနေသလို ပင်ဖြစ်နေသည်။ နိုင်ငံတကာကိစ္စရပ်ဆိုသည်မှာ ကမ္ဘာကြီးရှိ လူ့အဖွဲ့အစည်းတစ်ခုချင်းစီ၏ ကိုယ်ပိုင်ပြဿနာများ  လာစုကာ အဖြေရှာကြသည့်ကိစ္စဟု မြင်သောအမြင်မှာ ရခိုင်ဒေသ၌  အားနည်းနေပုံလည်းရသည်။


လူအဖွဲ့အစည်းတစ်ခုချင်းစီ၏ တိုးတက်ဖွံ့ဖြိုးရေးနှင့် ငြိမ်းချမ်းရေး 


၁၉၈၀ ပြည့်လွန်နှစ်များမတိုင်မီအချိန်  ၁၉၆၀ နှင့် ၁၉၇၀ ပြည့်လွန်နှစ်များတွင် ကုလသမဂ္ဂ၊ ကမ္ဘာဘဏ်နှင့် အခြားနိုင်ငံတကာ ဖွံ့ဖြိုးရေး အဖွဲ့အစည်းများ၏ ချဉ်းကပ်ပုံမှာ (Developmentism) အယူအဆဘက်ကို အလေးသာသော  "ဖွံ့ဖြိုးရေးရန်အတွက် အခြေခံအဆောက်အအုံ (Infrastructure) တည်ဆောက်ရမည်" ဟူသော  ရှုမြင်ချက်သာ ဖြစ်ခ့ဲသည္။ ဤသို့ဖြင့် တည်ဆောက်ရေးဆိုင်ရာ အင်ဂျင်နီယာဗဟိုပြု ချဉ်းကပ်မှု (Engineering-Driven Approach) ကိုသာ ဦးစားပေးနေ ခ့ဲသည္။ လူ့အဖွဲ့အစည်းတစ်ခု ဖွံ့ဖြိုးတိုးတက်ရန် ရေကာတာများ၊ လမ်းများ၊ တံတားများ၊ လျှပ်စစ်ဓာတ်အားပေးစက်ရုံများ၊ ဆေးရုံ ဆေးခန်းများ၊ ကျောင်းများ၊  တည်ဆောက်ခြင်းကိုသာ အဓိကထားခဲ့ကြသည်။ အဓိက ရည်မှန်းချက္မှာ နိုင်ငံ၏ GDP တိုးတက်ရေးဖြစ်ပြီး၊ စီမံကိန်း၏ "နည်းပညာပိုင်းဆိုင်ရာ အောင်မြင်မှု" ကိုသာ ကြည့်ခဲ့သည်။ ဤသို့ဖြင့် နိုင်ငံတကာ အင်စတီကျူးရှင်းများသည် လူ့အဖွဲ့အစည်းတစ်ခုချင်းစီအတွက် လိုအပ်သော ငွေကြေး၊ နည်းပညာကိုသာ ပံပိုးနိုင်ရန်သာ အားစိုက္ ခ့ဲကြသည္။ အခြေခံအဆောက်အအုံများပြည့်စုံမှ ထိုလူ့အဖွဲ့အစည်းမှာ ကုန်ထုတ်လုပ်မှု တိုးတက္မည်။ ကုန်ထုတ်လုပ်နိုင်မှ လူများ ဝင်ငွေကောင်းကာ သာယာဝပြောမည် စသည့် ရှူဒေါင့်ကိုသာ ချဉ်းကပ်နေ ခ့ဲသည္။


ဘေးထွက်အကျိုးများ


ထိုက့ဲသို့ အခြေခံအဆောက်အအုံဆိုင်ရာ ဖွံ့ဖြိုးမှုကိုသာ တဖက္သပ္ရှုမြင်ခ့ဲမှုက လူ့အဖွဲ့အစည်းများအတွက် ထင်မှတ်သလောက် ဖွံ့ဖြိုးမှုနှင့် တည်ငြိမ်မှုကို ပေးစွမ္း နိုင္ခြင်းမရှိခ့ဲပေ။ အခြေခံအဆောက်အအုံများ ရှိလာခ့ဲသည္၊ အလုပ်အကိုင် အခွင့်အလန်းများ ရှိလာခ့ဲသည္မှာ မှန်သော်လည်း ထိုအသီးအပွင့်များကို မခံစားရသော ထိခိုက်နစ်နာသူများ ပေါ်ထွက္လာခ့ဲပြီး ထိုသူများ၏ ဘဝမှာ နဂိုရှိရင်းစွဲ အခြေအနေထက် ကျဆင်းသွားကာ လူ့အဖွဲ့အစည္းတစ်ခုအတွင္း ဆင်းရဲမွဲတေမှုနှင့် ပဋိပက္ခများက ရှိနေ ခ့ဲသည္။ 


ထိုသို့ အ ခွေခံ အဆောက်အအုံ စီမံကိန်းများတွင် လူမှုရေးဆိုင်ရာ လျစ်လျူရှုမှု ကြောင့် ရလဒ်များက ဒဏ်ရာဒဏ်ချက္များကိုသာ ဆက္ရှိလာခ့ဲသည္။  မြေသိမ်းဆည်းရသည့်အခါ ဒေသခံများ၏ ရေရှည်အသက္မွေးဝမ်းကျောင်း ထိခိုက္မှု၊ လူမှုအသိုင်းအဝိုင်း ပြိုကွဲမှုများကို စီမံကိန်း၏ "ကုန်ကျစရိတ်" (Cost) အဖြစ် အသိအမှတ်မပြုခဲ့သော ကြောင့် ပြည်သူ့ရေးရာ စီမံခန့်ခွဲမှုများတွင် ပြန်လည်၍ ကျဆုံးရပြန်သည်။ 

လူထုကို "စီမံကိန်းအကျိုးခံစားခွင့်ရှိသူများ" အဖြစ်သာ မြင်ပြီး၊ "စီမံကိန်းကြောင့် ထိခိုက်နစ်နာရသူများ" (Project-Affected Persons) ဟူ၍ သီးသန့် အကာအကွယ်ပေးရမည့် အုပ်စုအဖြစ် သတ်မှတ်ထားခြင်း မရှိခဲ့ပေ။ 

ဤသို့ဖြင့် စီမံကိန်းများ၏ ဘေးထွက်အကျိုးများနှင့် ကျရှုံးမှုများ ကို ပြန်လည်၍ ဆန်းစစ်လာရတော့သည်။ ၁၉၆၀ နှင့် ၁၉၇၀ ပြည့်လွန်နှစ်များတွင် အကောင်အထည်ဖော်ခဲ့သော ကြီးမားသည့် ရေကာတာနှင့် စိုက်ပျိုးရေးစီမံကိန်းများစွာသည် လူမှုရေးနှင့် ပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာများကြောင့် နှောင့်နှေးခြင်း၊ ရပ်တန့်ခြင်း သို့မဟုတ် ဒေသခံများအတွက် ဆင်းရဲမွဲတေမှု ပိုမိုဆိုးရွားစေခြင်းတို့ကို ဖြစ်ပေါ်စေခဲ့သည်။ ထိုသို့ဆိုးကျိုးများက စီမံကိန်း၏ စီးပွားရေးအရ အကျိုးအမြတ်ကိုပါ ထိခိုက်စေခဲ့သည်။

ကမ္ဘာတစ်ဝန်းတွင် လူ့အခွင့်အရေးလှုပ်ရှားမှုများ အားကောင်းလာပြီး၊ စီမံကိန်းကြောင့် နေရပ်စွန့်ခွာရသူများ၏ ဒုက္ခများကို မီဒီယာများ၊ NGO၊ လူ့အခွင့်အရေးနှင့် အရပ်ဘက်အဖွဲ့အစည်းများက အသံထွက္လာခ့ဲသည္။  ဥပမာ -  အိန္ဒိယရှိ နာရ်မာဒါ (Narmada) ရေကာတာစီမံကိန်း က့ဲသို့  ကမ္ဘာ့ဘဏ်၏ အငြင်းပွားဖွယ်ရာ စီမံကိန်းအချို့ သည် နိုင်ငံတကာ၏ ပြင်းထန်သော ဝေဖန်မှုများကို ခံခဲ့ရသည်။

ဤသို့ဖြင့် ကုလသမဂ္ဂ၊ ကမ္ဘာဘဏ်နှင့် အခြားနိုင်ငံတကာ ဖွံ့ဖြိုးရေး အဖွဲ့အစည်းများ က ပြဿနာများကို သုတေသနပြုကာ  အထောက်အထားများကို ပြန်လည်ရှာဖွေလာရသည်။ မိုက်ကယ် ဆာနီးယား (Michael Cernea) ကဲ့သို့သော လူမှုဗေဒ ပညာရှင်များကို  ကမ္ဘာ့ဘဏ်မှ ချဥ်းကပ်ကာ သီးခြားလွတ်လပ်သော ကွင်းဆင်းလေ့လာ သုံးသပ် အဖြေရှာမှုများကို ပြုလုပ်လာရတော့သည်။  ပညာရှင်များ က "အတင်းအဓမ္မ ရွှေ့ပြောင်းခံရသူများ၏ အသက္မွေးဝမ်းကျောင်း ဆုံးရှုံးရမှုပုံစံများ" (Impoverishment Risks and Reconstruction) ကို သိပ္ပံနည်းကျ လေ့လာဖော်ထုတ်ပြသနိုင်ခဲ့ကာ စီမံကိန်းတစ်ခုသည် လူမှုရေးအရ ပြင်ဆင်မှုမရှိပါက ရေရှည်တွင် အောင်မြင်နိုင်မည် မဟုတ်ကြောင်းကို ရှူဒေါင့်အမျိုးမျိုးမှ အဖြေထုတ်ပေးခ့ဲပြီး ကမ္ဘာ့ ဘဏ်တာဝန်ရှိသူများက ထိုအဖြေကို လက်ခံလာရတော့သည်။


သို့ဖြစ်၍ ကမ္ဘာဘဏ်သည် "လူမှုရေးဆိုင်ရာ အကာအကွယ်" (Social Safeguards) ကို မူဝါဒ၏ တစ်စိတ်တစ်ပိုင်းအဖြစ် သတ္မှတ္လာခ့ဲတော့သည္။ ၁၉၈၀ ခုနှစ်တွင် ကမ္ဘာ့ဘဏ်သည် ၎င်း၏ ပထမဆုံးသော Involuntary Resettlement ဆိုင်ရာ မူဝါဒကို ထုတ်ပြန်ခဲ့သည်။ ထိုမူဝါဒအရ ကမ္ဘာဘဏ်၏ ဖွံ့ဖြိုးရေးဆိုင်ရာ စံနှုန်းတန်ဖိုးများပါ တိုးတက် ပြောင်းလဲခြင်းများ ဖြစ်လာခ့ဲသည္။ စီမံကိန်းတစ်ခု၏ အောင်မြင်မှုကို "နည်းပညာပိုင်းဆိုင်ရာ ပြီးမြောက္မှု" တစ်ခုတည်းဖြင့် မတိုင်းတာတော့ဘဲ၊ "ထိခိုက်နစ်နာရသူများ၏ ဘဝကို မူလအခြေအနေထက် ပိုမိုကောင်းမွန်အောင် ပြန်လည်တည်ဆောက်ပေးနိုင်ခြင်း" ကိုပါ ထည့်သွင်းတိုင်းတာလာခြင်း ဖြစ်သည်။

ဤသို့ဖြင့် ကမ္ဘာကြီးရှိ လူ့အဖွဲ့အစည်းများတော်တော်များများသည် ၁၉၈၀ ပြည့်လွန်နှစ်များတွင် ဖွံ့ဖြိုးရေးဖြစ်စဉ်များ၌ "စီမံကိန်းဗဟိုပြု (Project-Centered)" မှ "လူသားဗဟိုပြု (People-Centered)" သို့ ကူးပြောင်းလာကြသည်။


ဤသို့ဖြင့် ကုလသမဂ္ဂ၊ ကမ္ဘာဘဏ်နှင့် အခြားနိုင်ငံတကာ ဖွံ့ဖြိုးရေး အဖွဲ့အစည်းများ၏ ချဉ်းကပ်ပုံမှာ  "ဖွံ့ဖြိုးရေးရန်အတွက် အခြေခံအဆောက်အအုံ (Infrastructure) တည်ဆောက်ရမည်" ဆိုသည့်သဘောမှ  "ဖွံ့ဖြိုးရေးဆိုသည်မှာ လူသားတို့၏ ဘဝအရည်အသွေး တိုးတက်စေခြင်းလည်း ဖြစ်ရမည်" ဟူသော လမ်းကြောင်းဘက်ကို ရောက်ရှိလာခြင်း ဖြစ်သည်။


နိုင်ငံတကာစံတန်ဖိုးများ တိုးတက်ဖြစ်ထွန်းမှုမှာ "အလုပ်မရှိ ကြောင်ရေချိုး" နေကြခြင်းမဟုတ်ပေ။ လူ့အဖွဲ့အစည်း အသီးသီးမှ ကိုယ်စားပြုသူများ စားပွဲဝိုင်းပေါ် ခေါင်းရှုပ်ခံ၍ ဆွေးနွေးနေကြခြင်းမှာ လူ့အဖွဲ့အစည်းတစ်ခုချင်းစီ၏ ပြဿနာများအား ပြန်သုံးသပ်ဆန်းစစ်၍ သင်ခန်းစာယူကာ ပိုကောင်းမွန်သော နည်းလမ်းကိုရှာကြံနေကြခြင်းဖြစ်သည်။ ထိုကောင်းမွန်သော နည်းလမ်းများကို ကမ္ဘာပေါ်ရှိ အားလုံးသော လူ့အဖွဲ့အစည်းတိုင်းမှာ သိမြင်သုံးသပ်ပိုင်ခွင့်ရှိကာ အခြားသူမှားခ့ဲသော အမှားမျိုး မိမိတို့ မမှားအောင်၊ မိမိတို့မှားခ့ဲသော အမှားမျိုး အခြားသူများလည်း ထပ်မမှားအောင်အတွက် ကြိုးစားနေကြခြင်းဖြစ်သည်။


၁၉၈၀ ပြည့်လွန်နှစ်များ မတိုင်မှီ ကာလများ၌ ကမ္ဘာ့ဘဏ္က့ဲသို့ နိုင်ငံတကာအဖွဲ့အစည်းများ သို့မဟုတ် အခြားနိုင်ငံတစ်ခုခုမှ ချေးငွေများဖြင့် ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းများ ဆောင်ရွက်ရာတွင် လူ့အဖွဲ့အစည်း အသီးသီးတွင် မြေယာသိမ်းဆည်းခံရမှု ပြဿနာများ ရှိခ့ဲသည္။ ထိုပြဿနာများထဲမှာ ကိစ္စရပ်အချို့အား အောက်တွင် အနည်းငယ် ဖော်ပြအပ်ပါသည်။


အီဂျစ် - အဆွမ်ရေကာတာ (Aswan High Dam) စီမံကိန်း

၁၉၆၀ ပြည့်နှစ်တွင် စတင်တည်ဆောက်ခဲ့ပြီး ၁၉၇၀ ပြည့်နှစ် ဇူလိုင်လတွင် တည်ဆောက်ရေးလုပ်ငန်းများ ပြီးစီးခဲ့သည်။ ၁၉၇၁ ခုနှစ် ဇန်နဝါရီလတွင် တရားဝင် ဖွင့်လှစ်ခဲ့သည်။ကနဦးတွင် အမေရိကန်နှင့် ဗြိတိန်တို့က ကူညီရန် ကတိပြုခဲ့သော်လည်း နောက်ပိုင်းတွင် ငြင်းပယ်ခဲ့သဖြင့် ဆိုဗီယက်ယူနီယံ (USSR) ထံမှ ငွေကြေးချေးငွေ၊ နည်းပညာနှင့် စက်ပစ္စည်းအကူအညီများဖြင့် တည်ဆောက်ခဲ့သည်။ ထိုခေတ်ကာလ ငွေကြေးတန်ဖိုးအရ စုစုပေါင်း အမေရိကန်ဒေါ်လာ ၁ ဘီလီယံ ဝန်းကျင် ကုန်ကျခဲ့သည်။ ထိုစီမံကိန်းကြောင့် နူဘီယန် လူမျိုးစုများ၏ လူမှုစီးပွားအပေါ် အက​ြီးအကျယ္ထိခိုက္ခ့ဲကာ နူဘီယန် ရွေ့ပြောင်းနေရာချထားမှု (Nubian Displacement) ပြဿနာကို ဖြစ်လာစေ ခ့ဲသည္။ ရေကာတာကြောင့် နိုင်းမြစ်ဝှမ်းရှိ နူဘီယန် (Nubian) လူမျိုးစုများ၏ ရွာပေါင်းများစွာ ရေအောက်ရောက်သွားခဲ့သည်။ ၎င်းတို့၏ ဘိုးဘွားပိုင်မြေများနှင့် ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်များ ဆုံးရှုံးခဲ့ရပြီး လူပေါင်း ၁၀၀,၀၀၀ ကျော်ကို အတင်းအဓမ္မ ရွှေ့ပြောင်းပေးခဲ့ရသည်။ထိုစဉ်က အီဂျစ် အစိုးရအနေဖြင့် နူဘီယန်လူမျိုးများ၏ ယဉ်ကျေးမှုနှင့် လူမှုဘဝ ပြန်လည်ထူထောင်ရေးအတွက် စနစ်တကျ ပြင်ဆင်မှု အားနည်းခဲ့သည်။ သို့ဖြစ်၍ ယနေ့တိုင် နူဘီယန်လူမျိုးများသည် ၎င်းတို့၏ မြေယာအခွင့်အရေးနှင့် ပတ်သက်၍ တောင်းဆိုမှုများ ရှိနေဆဲဖြစ်သည်။


ဘင်္ဂလားဒေရှ့်- ကပ်တိုင်းဆည် (သို့မဟုတ်) ကာနာဖူလီ ရေအားလျှပ်စစ်စီမံကိန်း (Karnafuli Hydroelectric Project) 

ဤစီမံကိန်းအား ၁၉၅၇ ခုနှစ်တွင် စတင်တည်ဆောက်ခဲ့ပြီး ၁၉၆၂ ခုနှစ်တွင် ပြီးစီးခဲ့သည်။ ထိုအချိန်က ဘင်္ဂလားဒေ့ရှ်သည် ပါကစ္စတန်နိုင်ငံ၏ တစ်စိတ်တစ်ပိုင်း (အရှေ့ပါကစ္စတန်) ဖြစ်နေချိန်ဖြစ်ပြီး၊ အဆိုပါစီမံကိန်းသည် ထိုဒေသ၏ အဓိက အခြေခံအဆောက်အအုံ စီမံကိန်းတစ်ခု ဖြစ်ခဲ့သည်။ ကပ်တိုင်းဆည်စီမံကိန်းအတွက် ကမ္ဘာ့ဘဏ်သည် အဓိက ငွေကြေးထောက်ပံ့သူ ဖြစ်သည်။ အမေရိကန်ပြည်ထောင်စုမှလည်း ၎င်း၏ နိုင်ငံခြားရေးအကူအညီအစီအစဉ်မှတစ်ဆင့်  နည်းပညာနှင့် ငွေကြေးဆိုင်ရာ ပံ့ပိုးမှုများ ပြုလုပ်ခဲ့သည်။ စီမံကိန်းကြောင့် ဂျူမား (Jumma) တိုင်းရင်းသားလူမျိုးများ၏ ဘိုးဘွားပိုင်မြေဧကများစွာ ရေအောက်ရောက်ခဲ့ရပြီး၊ လူပေါင်း (၁) သိန်းကျော်မှာ နေရပ်စွန့်ခွာရကာ ဒုက္ခသည်များ ဖြစ်ခဲ့ရသည်။ ထိုဖြစ်ရပ်ကြောင့် ကြီးမားသော လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းတစ်ခု ဖြစ်ပေါ်စေခဲ့ကာ ဂျူမား တိုင်းရင်းသားများအတွက် ထိခိုက္နာကြင်မှုများခ့ဲသည္။ ထိုနာကြည်းချက္များက ရှန်တိဘာဟာနိ လက်နက်ကိုင် ပဋိပက္ခများကို ပိုမိုအရှိန်မြင့်လာပြီး ဘင်္ဂလားဒေရှ့်တွင် ပြည်တွင်းစစ် ဖြစ်ခ့ဲရသည္။ 


မြန်မာ- လောပိတ ရေအားလျှပ်စစ်စီမံကိန်း ( ဘီလူးချောင်း ရေအားလျှပ်စစ်စီမံကိန်း) 

မြန်မာနိုင်ငံ၏ သမိုင်းဝင် အကြီးဆုံး စီမံကိန်းတစ်ခုဖြစ်ပြီး လောပိတစီမံကိန်းကို ၁၉၅၀ ပြည့်လွန်နှစ်များတွင် စတင်ခဲ့ခြင်းဖြစ်သည်။ ပထမအဆင့် (ဘီလူးချောင်း-၂) ကို ၁၉၆၀ ပြည့်နှစ်တွင် စတင် လည်ပတ်နိုင်ခဲ့သည်။ ဒုတိယကမ္ဘာစစ်ပြီးနောက် ဂျပန်နိုင်ငံ၏ စစ်လျော်ကြေးငွေ (Reparations) နှင့် နည်းပညာအကူအညီဖြင့် တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။ ဂျပန်အစိုးရနှင့် ကုမ္ပဏီများက စက်ပစ္စည်းကိရိယာများ ပံ့ပိုးပေးပြီး တည်ဆောက်ရေးလုပ်ငန်းများကို လုပ်ဆောင်ပေးခဲ့သည်။စီမံကိန်းအတွက် ရေလှောင်ကန်များနှင့် ရေသွယ်မြောင်းများ တည်ဆောက်ရာတွင် ကယားပြည်နယ်အတွင်းရှိ လယ်ယာမြေဧကများစွာ ရေအောက်ရောက်ရှိခဲ့ပြီး ဒေသခံများ၏ အသက္မွေးဝမ်းကျောင်း လုပ်ငန်းများ ထိခိုက်ခဲ့သည်။ ရှမ်းပြည်နယ်တောင်ပိုင်းနှင့် ကယားပြည်နယ်တို့ရှိ မြစ်ချောင်းများ၏ သဘာဝအတိုင်း စီးဆင်းမှု ပြောင်းလဲသွားခြင်းကြောင့် ငါးဖမ်းလုပ်ငန်းနှင့် သဘာဝပတ်ဝန်းကျင်ကို မှီခိုနေရသည့် ဒေသခံများအတွက် အခက်အခဲများစွာ ဖြစ်ပေါ်စေခဲ့သည်။ လောပိတစီမံကိန်းသည် ကယားပြည်နယ်အတွင်း လက်နက်ကိုင်ပဋိပက္ခများဖြစ်ပွားရာတွင် အဓိကအချက်အချာကျသော နေရာတစ်ခုဖြစ်ခဲ့သည်။ စီမံကိန်းကို ကာကွယ်ရန်အတွက် စစ်ရေးအရ တင်းကျပ်မှုများ ရှိခဲ့သဖြင့် ဒေသခံများမှာ အတင်းအဓမ္မ ရွှေ့ပြောင်းခံရခြင်း၊ လုံခြုံရေးအရ ကန့်သတ်ခံရခြင်းတို့ ကြုံတွေ့ခဲ့ရသည်။


ဘရာဇီး- ဆိုဘရာဒင်ဟို ဆည်စီမံကိန်း (Sobradinho Dam Project)

စီမံကိန်းအား ၁၉၇၃ ခုနှစ် တွင် စတင်ပြီး ၁၉၇၉ ခုနှစ် တွင် ပြီးစီးခ့ဲသည္။ ကမ္ဘာ့ဘဏ် (World Bank) မှ အဓိကချေးငွေ ပံ့ပိုးခဲ့သည်။ ဆောင်ဖရန်စစ္စကိုမြစ် (So Francisco River) ပေါ်တွင် တည်ဆောက်ခဲ့သည့် ဤရေအားလျှပ်စစ်ဆည်ကြောင့် ဧရိယာအကျယ်အဝန်း အမြောက်အမြား ရေလွှမ်းခဲ့ပြီး ဒေသခံ လူဦးရေ ၆၅,၀၀၀ ကျော် မြေယာ ဆုံးရှုံးကာ အဓမ္မရွှေ့ပြောင်းခဲ့ရသည်။ နေရာချထားပေးမှု အလွန်ညံ့ဖျင်းခဲ့သဖြင့် လယ်သမားများနှင့် တိုင်းရင်းသားမျိုးနွယ်စုများ ဘဝပျက်ခဲ့ရသည့် သမိုင်းဝင်စီမံကိန်း ဖြစ်သည်။


ဖိလစ်ပိုင် - ချီကိုမြစ်ဝှမ်း ဆည်စီမံကိန်း (Chico River Basin Development Project)

စီမံကိန်းအား ၁၉၇၃ ခုနှစ်မှ ၁၉၈၀ ပြည့်လွန်နှစ်များအထိ တည္ဆောက္ ခ့ဲရသည္။  အာဏာရှင် လက်ထက် ကော်ဒီလဲရား (Cordillera) ဒေသတွင် ဆည် ၄ ခု တည်ဆောက်ရန် ကြိုးပမ်းခဲ့ရာ ကမ္ဘာ့ဘဏ်က ရန်ပုံငွေ ပေးခဲ့သည်။ ထိုဒေသရှိ ကာလင်ဂါ (Kalinga) နှင့် ဘွန်တိုခ် (Bontoc) တိုင်းရင်းသားများ၏ ဘိုးဘွားပိုင်မြေများနှင့် လှေကားထစ်လယ်ယာမြေများကို အကြီးအကျယ် သိမ်းဆည်းရန် ပြင်ဆင်ခဲ့သဖြင့် လူဦးရေ ၁၀၀,၀၀၀ ခန့် ဒုက္ခရောက္ ခ့ဲသည္။ ဒေသခံများက လက်နက်ကိုင်တော်လှန်သည်အထိ ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့ကြသောကြောင့် နောက်ပိုင်းတွင် ကမ္ဘာ့ဘဏ်က စီမံကိန်းကို ဆုတ်ခွာခဲ့ရသည်။


အိန္ဒိယ - စင်ဂရောလီ ကျောက္မီးသွေးနှင့် လျှပ်စစ်စီမံကိန်း (Singrauli Power & Mining Project)

၁၉၇၀ ပြည့်လွန်နှစ်များနှောင်းပိုင်းတွင် တည်ဆောက်သော စီမံကိန်းဖြစ်ပြီး ၁၉၇၇ ခုနှစ် တွင် ကမ္ဘာ့ဘဏ်က ပထမဆုံးချေးငွေ ပေးအပ်ခဲ့သည်။ အိန္ဒိယအလယ်ပိုင်းရှိ ဤစွမ်းအင်ဇုန်ကြီး တည်ဆောက္မှုကြောင့် ဒေသခံ လယ်သမားများနှင့် တောတောင်ကိုမှီခိုနေရသောလူမျိုးစုများ၏ မြေယာများကို သိမ်းဆည်းခဲ့သည်။ အဆင့်ဆင့်တိုးချဲ့မှုများကြောင့် လူဦးရေ ၃၀၀,၀၀၀ ကျော် မြေယာမဲ့ဖြစ်ခဲ့ရပြီး လျော်ကြေးနှင့် ပြန်လည်နေရာချထားမှု မရှိသလောက် အားနည်းခဲ့ခြင်းကြောင့် နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့များ၏ ပြင်းထန်စွာ ဝေဖန်ခြင်းကို ခံခဲ့ရသည်။


ဂါနာ - အာကိုဆွန်ဘို ဆည်စီမံကိန်း (Akosombo Dam / Volta River Project)

၁၉၆၁ ခုနှစ် မှ ၁၉၆၅ ခုနှစ်အတွင်း တည်ဆောက်ခဲ့သော်လည်း  ၁၉၆၀-၇၀ ပြည့်လွန် ကာလများအထိ သက်ရောက္မှုများ ဆက်ဖြစ်ခဲ့သည်။ စီမံကိန်းအတွက် ကမ္ဘာ့ဘဏ်၊ အမေရိကန်အစိုးရနှင့် ဗြိတိန်အစိုးရတို့ ပူးပေါင်းချေးငွေ ပေးခဲ့သည်။ ဗိုလတာမြစ်ပေါ်တွင် ဆည်တည်ဆောက်ခဲ့မှုကြောင့် ကမ္ဘာ့အကြီးဆုံး လူလုပ်ကန်ကြီး (Lake Volta) ဖြစ်ပေါ်လာပြီး ဂါနာနိုင်ငံမြေမျက်နှာပြင်၏ ၃.၆ ရာခိုင်နှုန်းခန့် ရေအောက်ရောက်သွားခဲ့သည်။ ၎င်းကြောင့် ကျေးရွာပေါင်း ၇၀၀ ကျော်မှ ဒေသခံ လူဦးရေ ၈၀,၀၀၀ ကျော် မြေယာနှင့် အိုးအိမ်များ စွန့်လွှတ်ကာ အရေးပေါ် ရွှေ့ပြောင်းခဲ့ရသည်။


ဤ ဖြစ်ရပ်များက နိုင်ငံတကာစံနှုန်း တန်ဖိုးဟူသည် ကမ္ဘာကြီး၏ နေရာဒေသ အသီးသီးမှလူ့အဖွဲ့အစည်း အသီးသီး ပြဿနာတစ်ခုချင်းစီအတွက် အဖြေရှာရင်း ထွက်ပေါ်လာသော အရာများဖြစ်သည်။ နိုင်ငံတကာ စံနှုန်း တန်ဖိုးဟူသည် မိမိတို့ရင်ဆိုင်နေသော အကြပ်အတည်းများ၊ အခက်အခဲများမှ ဝေးကွာနေသော အရာများမဟုတ်ဘဲ မိမိတို့မျက္မှောက်ရှိ လက္ရှိအခက်အခဲ၊ အကြပ်အတည်းများကို သင်္ခန်းစာယူစရာအပြည့်ဖြင့် ဖြေရှင်းရန် ထွက်ပေါ်လာသော အရာသာဖြစ်သည်။


ဖွံ့ဖြိုးရေးစီမံကိန်းများ၊ မြို့ပြစီမံကိန်းများအတွက် ကမ္ဘာဘဏ် အပါအဝင် နိုင်ငံတကာ အဖွဲ့အစည်းများမှ ချမှတ်ထားသော မြေယာ ဆိုင်ရာစံနှုန်းများအား ဆက်လက် ဖော်ပြပါမည်။


ဆက်ရန်


ကိုးကား

https://www.landequity.com.au/news/our-land-thoughts-land-acquisition/?hl=en-GB


https://mcrg.ac.in/dana.htm?hl=en-GB


https://brill.com/edcollchap-oa/book/9789004729735/BP000025.xml?hl=en-GB


https://oralhistory.worldbank.org/en/archive/oralhistory/persondetail/cernea-michael


Comments

Popular posts from this blog

အီရန်၏ "Vahdat" (ဝါးဒတ်) မှသည် "Mostebed" (မိုစတီးဘဒ်) သို့ (၂)

ကိုယ့်ဖာသာကိုယ် အခွန်စစ်ပွဲဆင်နွဲနေသော လခြမ်းမြေ

စင်ကာပူနိုင်ငံ၏ နိုင်ငံတည်ဆောက်ရေးဖြစ်စဉ်