ရခိုင်လူမှုစီးပွားဘဝ အကြပ်အတည်းနှင့် ထောက်ခံစာ

 ရခိုင်လူမှုစီးပွားဘဝ အကြပ်အတည်းနှင့် ထောက်ခံစာ


***ရခိုင်ပြည်နယ်ရှိ မိသားစုများစွာသည် ဘေးကင်းလုံခြုံမှုနှင့် အကာအကွယ်ရရှိနိုင်မှုအတွက် မသေချာမရေရာမှုများနှင့် ရင်ဆိုင်နေရဆဲဖြစ်သည်။ ***

(UNHCR ၏ facebook တွင် ဇွန်လ (၆) ရက်နေ့ ဖော်ပြချက်)


***ပဋိပက္ခကြောင့် နေရပ်စွန့်ခွာနေရသော မိသားစုများ၏ နေ့စဉ်ဘဝများမှာ မသေချာမှုများရှိပြီး အခြေခံဝန်ဆောင်မှုများအား လက်လှမ်းမမီသည့် အခက်အခဲများကို ရင်ဆိုင်နေရသည်။ ထိုနေရပ်စွန့်ခွာသူများမှာ အခြေခံလိုအပ်ချက္များ ဖြည့်ဆည်းရာတွင် စိန်ခေါ်မှုများကို ဆက်လက်ရင်ဆိုင်နေရဆဲ ဖြစ်သည်။***

(UNHCR ၏ facebook တွင် မေလ (၁) ရက်နေ့ ဖော်ပြချက်)


အထက်တွင်ဖော်ပြထားသော အချက္များမှာ UNHCR မှ လက်ရှိ ၂၀၂၆ ခုနှစ်လယ်ပိုင်း ကြေ ငြာချက္များတွင် ဖော်ပြထားသော အချက္များဖြစ်သည်။ မေလ (၁) ရက်နေ့ ဖော်ပြချက်တွင်ပင် "နေရပ်စွန့်ခွာရသော အခြေအနေများ ဆက်လက်ဖြစ်ပွားနေသောကြောင့် လိုအပ်ချက္များ ဆက်လက္မြင့်မားနေဆဲဖြစ်ပြီး အထိခိုက်ဆုံးသူများအား အကူအညီများ မျှတစွာ အချိန်မီရောက်ရှိနိုင်ရေး နှင့် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများ ပုံမှန်ဆက်လက်ပေးအပ်နိုင်ရေးက အလွန်အရေးကြီးနေသည်" ဟု UNHCR မှ ဆိုထားသည်။


ရခိုင်ဒေသတွင် အခြေခံစားဝတ်နေရေးလိုအပ်ချက္မှာ ဆက်လက္မြင့်မားနေပြီး လူသားချင်စာနာမှုဆိုင်ရာ အကြပ်အတည်းက ရှိနေပါသည်။ ထိုသို့ရိုက်ခတ်မှုမှာ နေရပ်ရွေ့ပြောင်းရသူ (IDPs) များ၊ အမျိုးသမီး၊ သက်ကြီးရွယ်အိုနှင့် ကလေးသူငယ်များအပေါ် ဆိုးဝါးစွာ သက်ရောက်လာနေသည်။


ကူးလူးသွားလာခွင့်နှင့် အခြေခံစားဝတ်နေရေးလိုအပ်ချက်


လက်ရှိတွင် ရခိုင်ဒေသ၌ ကူးလူးသွားလာခွင့်မှာ များစွာ ထိန်းချုပ်ကန့်သတ်မှုအောက်တွင်ရှိနေသည်။ မြန်မာစစ်တပ် ထိန်းချုပ်ထားသောနယ်မြေနှင့် ULA/AA ထိန်းချုပ်ထားသောနယ်မြေ နှစ်ခုကြားတွင် တစ်ခုနှင့်တစ်ခု အပြန်အလှန် ကူးလူးသွားလာရန်မှာ လက်ရှိတွင် မဖြစ်နိုင်တော့ပေ။ ဤသို့ဆိုပါက စစ်တပ် သို့မဟုတ် ULA/AA တို့က ထိန်းချုပ်ထားသော နေရာ အဝိုင်းအဝန်း တစ်ခုထဲတွင်ကော သာမန်လူထုအတွက် သွားရလာရ လွယ်ကူပါသလားဆိုပါက မလွယ်ကူပါဟုသာ ဖြေရမည် ။ စစ်ရေးနှင့် လုံခြုံရေးဆိုင်ရာ ရှူဒေါင့်များဘက္မှ ချဉ်းကပ်ကာ လူထု၏ ကူးလူးသွားလာမှုများကို ဘက်အသီးသီးက ကိုယ်စီအထိုင်များဖြင့် ကန့်သတ်ပိတ်ပင်ထားကြသည်။ လူ၏ သဘာဝအရ စားဝတ်နေရေးအတွက် ကူးလူးသွားလာရန်လိုအပ်သည်။ ကူးလူးသွားလာခွင့်အား ကန့်သတ်လိုက်ပါက စားဝတ်နေရေး မှာ အကြပ်ဆိုက်လာတော့သည်။


ရခိုင်ပြည်၏ ပြင်ပသို့ သွားလာခွင့္


လက်ရှိတွင် ရခိုင်ဒေသ၏ နယ်မြေအများစုအား ULA/AA ဘက်မှ ထိန်းချုပ်ထားပြီ ဖြစ်သည်။ ULA/AA ဘက္မှ NDEP မူဝါဒနှင့် ကိုက်ညီသော သူများအား ရခိုင်ပြည်တွင်းမှ ရခိုင်ပြည်ပြင်ပအား ထွက်ခွာခွင့်ကို ULA/AA မှ ပိတ်ပင်ထားသည်။ ဤတွင် NDEP မူဝါဒနှင့် ကိုက်ညီသူများကိုသာ ရခိုင်ပြည် ပြင်ပသို့ ထွက်ခွာခွင့်ပိတ်ထားပြီး ထိုမူဝါဒနှင့် မသက်ဆိုင်သော သူများမှာ ရခိုင်ပြည်ပသို့ ထွက်ခွာခွင့်ရှိသလားဟု ဆိုပြန်လျှင်လည်း ထိုသို့မဟုတ်ပြန်ပေ။


ULA/AA ထိန်းချုပ်ဧရိယာအတွင်း သွားလာခွင့်


ရခိုင်ပြည်၏ ပြင်ပသို့ ထွက်ခွာခွင့်အား ပိတ်ပင်ထားပါက ULA/AA ထိန်းချုပ်ဧရိယာအတွင်းတွင်ကော တမြို့နယ်နှင့် တမြို့နယ်၊ တနေရာနှင့် တနေရာ လွတ်လွတ်လပ်လပ်သွားလာ၍ ရပါသလား ဆိုပါကလည်း ထိုသို့မဟုတ်ပြန်ပေ။ ULA/AA ထိန်းချုပ်ဧရိယာအတွင်းတွင်ပင် ကူးလူသွားလာခွင့်မှာ လုံခြုံရေးနှင့် ကာကွယ်ရေးဆိုင်ရာအမြင်အရ  ဘယ်သူမဆိုကန့်သတ်ခံနေရသည်။ သွားလာမည် ဆိုပါက ထောက်ခံစာ ယူရသည်။ ထိုထောက်ခံစာတွင် "ခရီးသွားမည့်ရက်ကာလ အပိုင်းအခြား "ကို ကန့်သတ်ထားသည်။ 



ရခိုင်လူထုရင်ဆိုင်နေရသော ကူးလူးသွားလာမှုဆိုင်ရာ အကြပ်အတည်းများ


ရခိုင်ဒေသ၏ လူသားချင်းစာနာမှုအကြပ်အတည်းမှာ ရေရှည်ဖြစ်နေအုံးမည့်သဘောရှိသည်။ ထိုအကြပ်အတည်း၏ ထွက်ပေါက္မှာ နိုင်ငံရေးဆိုင်ရာ ပြဿနာများကို ဖြေရှင်းနိုင်မှသာ လမ်းစက ရှိလာမည်ဖြစ်သည်။ 

- ပြည်မ ဘက္မှ ကုန်စည်များကို စစ်တပ်မှ ပိတ်ပင်ထားမှု

- ULA/AA အခွန်အတုတ် ဝန်ထုတ်ဝန်ပိုး ဖြစ်မှု

- စစ်တပ်ရော ULA/AA ပါ ကူးလူးသွားလာမှုအပေါ် ပိတ်ပင်ထားမှု

- သာမန်လူတန်းစားများ လက်လှမ်းမှီသော ကုန်သွယ်ရေး မရှိမှု

- ကုန်စျေးနှုန်းကြီးမြင့်မှု

- ရှိရင်းစွဲ အိမ်တွင်း စီးပွားရေးလုပ်ငန်းများ၊ စိုက်ပျိုးရေး၊မွေးမြူရေး၊ ငါးလုပ်ငန်းများကို လည်ပတ်နိုင်ရန် ခက်ခဲမှု စသည့်အချက္များက လက်ရှိတွင် ရခိုင်လူထုရင်ဆိုင်နေရသော လူသားချင်းစာနာမှုအကြပ်အတည်းများကို ဖြစ်စေသည်။


ထိုအကြပ်အတည်းများက နေရပ်ရွေ့ပြောင်းရသူ (IDPs) များ၊ အမျိုးသမီး၊ သက်ကြီးရွယ်အိုနှင့် ကလေးသူငယ်များအပေါ် ဆိုးဝါးစွာ ရိုက်ခတ်လာကာ အဟာရမလုံလောက္မှု၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး စသည့်အချက္များကိုပါ ထိခိုက်လာသည်။ 


ULA/AA နယ်မြေထဲတွင် NDEP မူဝါဒအရ ခြွင်းချက်အခွင့်အရေးကိုရသူများ၊ NDEP မူဝါဒထဲမှ လွတ်ကင်းသူများ၊ နေရပ်ရွေ့ပြောင်းရသူ (IDPs) များ၊ အမျိုးသမီး၊ သက်ကြီးရွယ်အိုနှင့် ကလေးသူငယ်များ နှင့်ပတ်သက်၍ ULA/AA ၏ ထိန်းချုပ်နယ်မြေများထဲတွင် တနေရာမှ တနေရာသို့ စားဝတ်နေရေးအတွက် ကူးလူးသွားလာမှုအပေါ် ဖြေလျော့ပေးရန်လိုအပ်သည်။ မိမိ၏ ထိန်းချုပ်နယ်မြေထဲတွင် ထိုသူများ ဝမ်းရေးကို ဖြေရှင်းရန် သွားလာမှုအပေါ် ဖြေလျော့ခြင်းမှာ စစ်ရေးနှင့် လုံခြုံရေးဆိုင်ရာလိုအပ်ချက္များကိုလည်း မထိခိုက်ပေ။ 


တောင်းရမ်းစားသောက်နေရသူများပင် ထောက်ခံစာယူနေရ


IDPs စခန်းများတွင် စားဝတ်နေရေး ခက်ခဲကာ လူသားချင်းစာနာမှု အကြပ်အတည်းဆိုက်နေသော သူများထဲတွင် "တောင်းရမ်းစားသောက်နေရသည့် ဘဝ" မျိုးက ရှိလာသည်။ ထိုသူများ တနေရာမှ တနေရာသို့ သူတပါး၏ ပေးစာ ကမ်းစာကို ရှာရန် သွားလာမှုတွင်ပင် ထောက်ခံစာ ဖြင့် တင်းကြပ်မှုက ရှိနေသည်။



ကျန်းမာရေးကိစ္စဖြင့် သွားလာမှုတွင်ပင် ထောက်ခံစာတင်းကြပ်မှုကြောင့် အသက်ဆုံးရှုံးမှုရှိ


ကျန်းမာရေးပြဿနာများကြောင့် ရခိုင်ပြည်ပြင်ပ သို့ သွားရောက်ဆေးကုသခွင့်မှာ NEDP နှင့်ဆက်စပ်သော ခြွင်းချက်ဖြစ်သည်။ သို့ရာတွင် ထောက်ခံစာ ကန့်သတ်ချက္များကြောင့် ရခိုင်ပြည် ပြင်ပ သို့သွားလာခွင့်မရလိုက်ဘဲ ဆေးဝါးကုသခွင့် ဆုံးရှုံးကာ အသက္သေဆုံးခ့ဲရသည့် ဖြစ်စဉ်များလည်း မြေပြင်တွင် ရှိနေသည်။ နေထိုင်မကောင်းသူများ၊သက်ကြီးရွယ်အိုများ၊ ကလေးသူငယ်များနှင့် မိသားစုပြဿနာကို တကိုယ်တည်းဖြေရှင်းနေရသည့် အမျိုးသမီးများ အပေါ် သွားလာမှု ဖြေလျော့ခြင်းက စစ်ရေးနှင့် လုံခြုံရေးဆိုင်ရာအစီအမံများကို ထိခိုက္မည်လည်းမဟုတ်ပေ။ 


ထောက်ခံစာ တင်းကြပ်မှုများအား ဖြေလျော့ပေးလျှင်တောင်မှ ULA/AA ထိန်းချုပ်နေရာတွင် လူထု၏ စားဝတ်နေရေးအခက်အခဲနှင့် လူသားချင်းစာနာမှုအကြပ်အတည်းက ပျောက်သွားမည် မဟုတ်ပေ။ သို့ရာတွင် လူထုမှာ မိမိတို့ ဝမ်းရေးအတွက် ကူးလူးသွားလာခွင့် က ရှိလာမည် ဖြစ်သည်။ ULA/AA အနေဖြင့္ ကိုယ်တိုင် ထိန်းချုပ်ထားသောနေရာအတွက္ လိုအပ်သော စစ်ရေးနှင့် လုံခြုံရေးဆိုင်ရာ အကောင်အထည်ဖော်မှုများရှိနေလျှင္ပင္ လူထုအပေါ် ထိခိုက်နိုင်မှုနည်းအောင် စီမံခန့်ခွဲရမည်ဖြစ်သည်။ သွားလာခွင့်အပေါ် ထောက်ခံစာဖြင့် တင်းကျပ်နေခြင်းသည် စစ်ရေးနှင့် လုံခြုံရေးဆိုင်ရာ အကောင်အထည်မှုကြောင့် ဖြစ်သည်။ ထိုအကောင်အထည် ဖော်မှုကြောင့် လူထုအပေါ် ထိခိုက္မှုရှိလာလျှင် အုပ်ချုပ်သူသည် ပြန်လည်သုံးသပ်ရမည် ဖြစ်သည်။ ထိုသို့ သုံးသပ်လိုစိတ်မရှိဘဲ အာဏာဖြင့် အကောင်အထည်ဖော်မှုတွင်သာ လူထုအတွက် ဖိအား သဘောဆောင်နေပါက လူထုအတွက် ဘူးလေးရာ ဖရုံဆင့်ခံရယုံမှလွဲ၍ အသက်ရှုပေါက်လည်း ရှိတော့မည် မဟုတ်တော့ပေ။



ကိုးကား

https://www.facebook.com/share/p/18gRbyRkgh/


https://www.facebook.com/share/p/18xTvQFJ9h/


Comments

Popular posts from this blog

အီရန်၏ "Vahdat" (ဝါးဒတ်) မှသည် "Mostebed" (မိုစတီးဘဒ်) သို့ (၂)

ကိုယ့်ဖာသာကိုယ် အခွန်စစ်ပွဲဆင်နွဲနေသော လခြမ်းမြေ

စင်ကာပူနိုင်ငံ၏ နိုင်ငံတည်ဆောက်ရေးဖြစ်စဉ်