NDEP နှင့် စစ်ရေးလိုအပ်ချက်ဟုဆိုသော်လည်
NDEP နှင့် စစ်ရေးလိုအပ်ချက်ဟုဆိုသော်လည်း
Even Wars Have Limits.
စစ်ပွဲမှာပင်လျှင် ကန့်သတ်ချက်ရှိသည်။ (ICRC ၏ ဆောင်ပုဒ်)
စစ်ရေးအရ လိုအပ်ချက် နှင့် လူသားဆန်မှု (Military Necessity & Humanity)
ဤအချက်က နိုင်ငံတကာလူသားချင်းစာနာမှု IHL ဥပဒေတစ်ခုလုံး၏ နောက်ခံအခြေခံ အနှစ်သာရ ဖြစ်ပြီး ဂျီနီဗာကွန်ဗင်းရှင်း၏ နိဒါန်းပိုင်းများနှင့် "ဘုံအပိုဒ် ၃" (Common Article 3) ၏ အခြေခံ ဖြစ်သည်။
စစ်ရေးဆိုင်ရာ ဆောင်ရွက်ချက် တစ်ခုတွင် စစ်ရေးအရရမည့် အကျိုးအမြတ် အားသာချက်နှင့် အရပ်သားများအပေါ် ထိခိုက္မှုများကို အမြဲတန်း ချင့်ချိန်ရမည် ဖြစ်သည်။ ထိုသို့ ချင့်ချိန်မှုအား ဂျီနီဗာကွန်ဗင့်ရှင်းအရ (Principle of Proportionality) ဟုခေါ်သည်။ ဖြစ်နိုင်သမျှ စစ်ရေးဆိုင်ရာ ဆောင်ရွက်ချက်တွင် အရပ်သားများအပေါ် အထိအခိုက် မဖြစ်စေသင့်ဟူသော အချက်သည် " နိုင်ငံတကာ၏ ဓလေ့ထုံးတမ်းဥပဒေ" (Customary International Law) အဖြစ် ရှိနေသည်။ ထိုအချက်အပေါ် ဂျီနီဗာစာချုပ်အား လက္မှတ်ထိုးထားသည်ဖြစ်စေ၊ မထိုးထားသည်ဖြစ်စေ စစ်ပွဲဆင္နွှဲနေသော လက်နက်ကိုင်တပ်ဖွဲ့အားလုံး အစိုးရစစ်တပ်သာမက တော်လှန်ရေးအဖွဲ့များပါ မဖြစ်မနေ လိုက်နာရမည့် ဥပဒေ လည်းဖြစ်သည်။
စစ်ပွဲဟု ပြောလိုက္သည်နှင့် မိမိစစ်တပ်၊ ရန်သူစစ်တပ် ၊ သာမန်ပြည်သူ ဟူသော အုပ်စုသုံးခု မှာရှိလာသည်။ မိမိတပ်နှင့် ရန်သူတပ် အချင်းချင်း တွေ့၍ ရင်ဆိုင်ကြရသည်က လက်နက်ကိုင်ထားသူအချင်းချင်းတွေ့ကြခြင်းဖြစ်သည်။ သာမန်ပြည်သူဟူသည်မှာကား လက္နက္မ့ဲ ဖြစ်သည်။ လက္နက္မ့ဲ ဟူသော သဘောတွင် မိမိတို့အား ရင်ဆိုင်နိုင်စွမ်းမရှိသူ၊ ရင်ဆိုင်ပါကလည်း ရှုံးနေမည့်သူ၊ မည်သို့မှ တုန့်ပြန်နိုင်စွမ်းမရှိသူ ဟူသော သဘောလည်း သက်ရောက်သည်။ ထိုပြင် ပြည်သူဟူသည် လက်နက်ကိုင်၍ တိုက်နေသူများက့ဲသို့ပင္ ဗုံးဒဏ်၊ သေနတ်ဒဏ်၊ မိုင်းဗုံးဒဏ် ကိုလည်း ခံရသူများဖြစ်သည်။
ထိုက့ဲသို့ စစ်ပွဲဒဏ်အောက်တွင် လိမ့်ခံနေယုံမှလွဲ၍ မည်သို့မှ တုန့်ပြန်နိုင်စွမ်းမရှိသော ပြည်သူကိုပင် " အချောင်သမား၊ အနစ်နာမခံလိုသူ၊ တာဝန်မယူလိုသူ" စသဖြင့် တံဆိပ်တုံး များက ထုကြ သေးသည်။ ဤသို့ဖြင့် ဗုံးဒဏ်၊ သေနတ်ဒဏ်၊ မိုင်းဗုံးဒဏ် ခံနေရသည် မှာ အတူတူဖြစ်သော်လည်း လက်နက်ရှိသူက လက်နက္မရှိသူအပေါ် ထိုသို့ အချောင်သမား၊ အနစ်နာမခံလိုသူ စသဖြင့် တံဆိပ်တုံး ထုကာ ပြဌာန်းခံဘဝ ကို ဇတ်သွင်းလိုက်ကြပြန်သည်။ ပို၍ အန္တရာယ်များသည်က "သစ္စာဖောက်၊ ရန်သူအားပေ၊ ဒလန်" ဟူသော တံဆိပ်တုံးများကလည်း အချိန်မရွေး အထုခံရနိုင်ကာ အသက်နှင့် ခန္ဓာ အိုးစားကွဲသွားနိုင်သော အခြေအနေမျိုးကိုလည်း လက်နက္မရှိသော ပြည်သူမှှာ ခံရနိုင်သေးသည်။
ပြည်သူ့အတွက် တိုက်ရသည်ဆိုသော လက်နက်သူများက ပြည်သူကို ထိုသို့ တံဆိပ်တုံးများဖြင့် ထုပြီး ပြဌာန်းခံ အဖြစ် သတ်မှတ်လိုက်သောအခါ ပြည်သူ့မှာ ဖွတ်ဖွတ်ကြေတော့သည်။ ဤသို့ ပြည်သူကို " အချောင်သမား၊ အနစ်နာမခံလိုသူ၊ တာဝန်မယူလိုသူ" သို့မဟုတ် သစ္စာဖောက်၊ ရန်သူအားပေး၊ ဒလန်"စသဖြင့် ရှူမြင်ထားသော အခါ (Principle of Proportionality) သဘောမှာ ပျောက်ကွယ်သွားတော့သည်။ စစ်ရေး အကျိုးအမြတ်ကသာ အဓိက ဖြစ်ပြီး အရပ်သားများအပေါ် အထိအခိုက်ရှိခြင်း၊ မရှိခြင်းကိုလည်း ထည့်သွင်း မစဉ်းစားတော့ချေ။
ရခိုင်ဒေသတွင် ULA/AA က စစ်ရေးလိုအပ်ချက်အရ စစ်မှုထမ်းသက်ကာလနှင့် အကြုံးဝင်သူများကို ရခိုင်ပြည်မှ ပြည်ပသို့ ထွက်ခွာခွင့်အား ပိတ်ပင်ထားသည်။ သို့သော် ရခိုင်ပြည်၏ ပြင်ပ သို့ထွက်ခွာခြင်းလည်းမဟုတ် ULA/AA ၏ ထိမ်းချုပ်ထားသော နယ်မြေများတွင် တမြို့နယ်မှ တမြို့နယ်၊ တနေရာမှ နေရာသို့ သွားလာမည့် ကိစ္စတွင်ပင် ကန့်သတ်ချက္များက ရှိနေသည်။ မြို့များကို တမြို့ပြီးတမြို့ ထိန်းချုပ်လာသော ကနဦးကာလများတွင် လုံခြုံရေးအခြေအနေအရ ကန့်သတ်ချက္များ ထားသည်က အခြေအနေလိုအပ်ချက်ကြောင့် ဖြစ်သည်။ သို့သော် ထိန်းချုပ်ထားသော နေရာများတွင်လည်း အုပ်ချုပ်ရေးယန္တရားများ ထူထောင်လာပြီးပြီ။ အခြားသော ဌာနဆိုင်ရာ ယန္တယားများကလည်း ရှိလာပြီ။ ရခိုင်ပြည်က အပြင်ကို မထွက်ရဟုလည်း အမိန့်ထုတ်ထားပြီ။ တနေရာနှင့် တနေရာ အဝင်အထွက္များတွင်လည်း စောင့်ကြပ်သည့် ဂိတ်များလည်း ရှိနေပြီးပြီ။ အဘယ်ကြောင့် သက်ကြီးရွယ်အိုများ၊ NEDP နှင့် မသက်ဆိုင်သူများ၊ ကလေးငယ်များကိုပါ တမြို့နှင့်တမြို့၊ တနေရာနှင့် တနေရာ သွားလာမှုတွင် ထောက်ခံစာ ယူခိုင်းကာ ကန့်သတ်နေရပါသနည်း။ သက်ကြီးရွယ်အိုများ၊ ကလေးသူငယ်များက တမြို့နယ်နှင့် တမြို့နယ်၊ တနေရာနှင့် တနေရာ သွားလာနေမှုက ဘယ်သူ့ကို အန္တရာယ်ဖြစ်စေကာ မည်သို့ လုံခြုံရေးကို ထိခိုက်ပါမည်နည်း။
ရခိုင်ဒေသတွင် လက်ရှိ အခြေအနေ၌ လူသားချင်းစာနာမှု အကြပ်အတည်းက ရှိနေသည်။ ရခိုင်ဒေသ၏ လူမှုစီးပွားဘဝနှင့် စားဝတ်နေရေး ဖြစ်စဉ်မှာ များစွာ အကြပ်ဆိုက်နေသည်။ လူမှုစီးပွားဘဝနှင့် စားဝတ်နေရေးဖြစ်စဉ် အကြပ်ဆိုက်နေမှု၏ အဓိပ္ပါယ္မှာ ဝမ်းရေးအတွက် လုပ်ကိုင်ရှာဖွေစားသောက်ရန် အခက်အခဲ ရှိနေသည် ဟူသော သဘောဖြစ်သည်။ IDPs စခန်းများတွင် လူသားချင်းစာနာမှု အကြပ်အတည်းနှင့် စားဝတ်နေရေး ဖြစ်စဉ် ကြပ်တည်းမှုများမှာ ပို၍ရိုက်ခတ်နေသည်။ လူမှုစီးပွားဘဝ၏ အနှိမ့်ဆုံး အခြေအနေဖြစ်သည့် တောင်းရမ်းစားသောက်နေရသူများ ရှိနေသည်။ တပါးသူ၏ ပေးကမ်းမှု စေတနာကိုသာ မျှော်ကိုး၍ ဝမ်းရေးကို ဖြေရှင်းနေရသူများကိုပင် ထောက်ခံစာ ကြိုးနီ စနစ်ဖြင့် ကိုင်တွယ်နေမှုက ဝမ်းနည်းစရာကောင်းလှသည်။ ULA/AA ထိမ်းချုပ်ရာ တမြို့နယ်မှ တမြို့နယ်၊ တနေရာမှ တနေရာ သို့ ထိုသို့ ဝမ်းရေးအတွက် ရှာဖွေမှုပြုရန် သွားလာနေရသော ကိစ္စမှာ ရခိုင်ပြည်ပြင်ပကို ထွက်ခွာနေခြင်းလည်းမဟုတ်ပေ။
ထိုသို့ ULA/AA ထိမ်းချုပ်ရာ တမြို့နယ်မှ တမြို့နယ်၊ တနေရာမှ တနေရာ သို့ ထိုသို့ ဝမ်းရေးအတွက် ရှာဖွေမှုပြုရန် သွားလာနေရသော ကိစ္စအတွက် ထောက်ခံစာ ကိစ္စအား ဖြေလျော့ပေးသင့်သည်။ အနည်းဆုံး သွားလာခွင့် အချိန်အကန့်အသတ်အား ကာလ တိုးပေးသင့်သည်။ လူထုအားဆက်ဆံရာတွင် ပိုမို ပျော့ပြောင်းညင်သာသင့်သည်။
ထောက်ခံစာဖြင့် ကြိုးနီတားရသော ကိစ္စသည် စစ်ရေးအခြေအနေအောက်တွင် လုံခြုံရေးအရ ဆောင်ရွက်ရသော ကိစ္စဖြစ်ပါက ဂျီနီဗာကွန်ဗင့်ရှင်း၏ (Principle of Proportionality) အခြေခံမူကို မျက်ကွယ် မပြုသင့်ချေ။ ဖြစ်နိုင်သမျှ စစ်ရေးဆိုင်ရာ၊ လုံခြုံရေးဆိုင်ရာ ဆောင်ရွက်ချက်တွင် အရပ်သားများအပေါ် အထိအခိုက် သို့မဟုတ် အကြပ်အတည်း မဖြစ်စေသင့်ပေ။ စစ်ရေးအရ လိုအပ်ချက်တွင်ပင် လူသားဆန်မှု က မပျောက်ဆုံးသင့်သေးချေ။ စစ်ရေး အခြေအနေမှာပင်လျှင် လိုက်နာ စောင့်ထိန်းရမည့် ကန့်သတ်ချက်ကရှိသည်။
Comments
Post a Comment